နှစ်ခုနစ်ရာ၊ မဟာညီညွှတ်မှု အကောင်းစား ရတနာ
Vol. 10 Ch. 143
အခန်း (၁၄၃) နှစ်ခုနစ်ရာ၊ မဟာညီညွှတ်မှု အကောင်းစား ရတနာ
တောင်အောက်ဆင်းတဲ့လမ်းမှာ ရွှင်ချန်းအန်းရဲ့ ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်းကြီး ဖြစ်နေပါတယ်။ ခြေလှမ်းတွေကလည်း မူမမှန်ပါဘူး။ ရွှင်ချန်အန်းက သူ့ပခုံးပေါ်က ရွှေကျီးကန်းနှစ်ကောင်ကို တကယ်ကြောက်တာပါ။
ရွှေကျီးကန်းနှစ်ကောင်သာ နေမီးလျှံစစ်ကို မတော်တဆ ထုတ်လွှတ်လိုက်ရင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ရုတ်ခြည်း ပျောက်ကွယ်သွားမှာပါ။ အရိုးမပြောနဲ့ ပြာတောင် ကျန်ရစ်ခဲ့မှာ မဟုတ်ပါဘူး။
ရွှင်ချန်အန်း တောင်တစ်ဝက်အရောက်မှာ ကျင့်ကြံအားထုတ်နေတဲ့ ရန်ထျန်တုန်းက စပ်စုလိုက်ပါတယ် “ဂျူနီယာ... ဘယ်သွားမလို့လဲ”
“တောင်ခြေက အရည်အချင်းရှိတဲ့ တပည့်တစ်ယောက်ကို ဆရာသခင်က သွားခေါ်ခိုင်းလို့” ရွှင်ချန်အန်းဟာ အမှန်အတိုင်း ပြန်ဖြေလိုက်ပါတယ်။ ရွှင်ချန်အန်းစကားကြောင့် ရန်ထျန်တုန်းဟာ မျက်မှောင်နည်းနည်း ကြုတ်သွားပါတယ် ‘နော်ကထပ် တပည့်တစ်ယောက်လား’
‘မဖြစ်ဘူး... ဒီတစ်ခါ ငါ တပည့်ရအောင် ယူရမယ်’
ရန်ထျန်တုန်းဟာ မုရုံချီနဲ့ ဖန်းလျန်ရဲ့ အရည်အချင်းကို ငမ်းငမ်းတက်နေတာပါ။ သူလည်းပဲ ဒီလိုအရည်အချင်းရှိတဲ့ တပည့်မျိုးကို လိုချင်ပါတယ်။
“ငါလည်း မင်းနဲ့ လိုက်ခဲ့မယ်”
“ရတယ်လေ”
ရွှင်ချန်အန်းဟာ ငတုံးမဟုတ်တဲ့အတွက် ရန်ထျန်တုန်းရဲ့ အတွေးကို မှန်းဆမိပေမဲ့လည်း ဂရုမစိုက်ပါဘူး။ ရိုးရိုးသားသား ပြောရရင် ရွှင်ချန်အန်းဟာ နောက်ထပ်တပည့်တစ်ယောက် လက်မခံချင်တော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယ် အသုံးမကျဘူးလို့ ခံစားနေရလို့ပါ။ နောက်ပြီး သူ့တပည်တွေကို သူ့ဆရာသခင်ကပဲ ပညာသင်ပေးတာဆိုတော့ ဘာမှထူးမသွားပါဘူး။ ဒါ့အပြင် သူ့တပည့်တွေက သူ့ဆရာသခင်ကို သူ့ထက် ပိုပြီးတော့ လေးစားကြပါတယ်။
တစ်နေ့ကျလို့ ဟန်ကျွယ်က မုရုံချီနဲ့ ဖန်းလျန်ကို သူ့ကို သတ်ခိုင်းမယ်ဆိုရင် ဒီကောင်လေးနှစ်ယောက်က တစ်စက္ကန့်တောင် မတုံ့ဆိုင်းပဲ သူ့ကို ချက်ချင်းထသတ်မှာပါ။
အတွေးကိုယ်စီနဲ့ လျှောက်လာတဲ့ ရွှင်ချန်အန်းနဲ့ ရန်ထျန်တုန်းဟာ မကြာခင်မှာပဲ တောင်ခြေကို ရောက်ရှိသွားပါတယ်။ ရွှင်ချန်အန်းဟာ တောင်ကာအစီအရင်ကို ဖွင့်လိုက်ပြီး ခေါင်းလုံးမြွေနဂါးဘုရင်ကို အထဲ ခေါ်သွင်းလိုက်ပါတယ်။ တစ်ခြားတပည့်တွေက ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို မနာလိုဝန်တိုတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကြပါတယ်။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ရွှင်ချန်အန်း ပခုံးပေါ်က မီးကျီးကန်းနှစ်ကောင်ကို တွေ့လိုက်ရတဲ့အခါမှာ တဒုတ်ဒုတ်နဲ့ နှလုံးခုန်သံ ပြင်းလာပါတယ်။
ရွှေကျီကန်းလေးနှစ်ကောင်ကလည်း ခေါင်းသုံးလုံးမြွေနဂါးဘုရင်ကို ရန်လိုတဲ့အကြည့်နဲ့ စိုက်ကြည့်ပါတယ်။
‘ဒါက ဘာငှက်လဲမို့လို့လဲ၊ ဘာလို့ ငါကို ကြောက်ရွံ့စေတာလဲ...’ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ရဲ့ နှလုံးသားဟာ အတော်လေး ရိုက်ခတ်သွားပါတယ်။ ဒီသေမျိုးလောကမှာ သူ့ကို သွေးစည်းထဲကနေ ကြောက်ရွံ့စေတဲ့ သတ္တဝါကို ပထမဆုံးအကြိမ် ခေါင်းသုံးလုံး မြွေနဂါးဘုရင် တွေ့ကြုံရတာပါ။ ဒီထက်ပိုပြီး အရေးကြီးတာက ရန်ထျန်တုန်းနဲ့ ရွှင်ချန်အန်းရဲ့ ကျင့်ကြံမှုက အရမ်းအားနည်းလွန်းပါတယ်။
‘ဒီကောင်နှစ်ကောင်က ဒီလောက်လျှို့ဝှက်ဆန်းကြယ်တဲ့ မီးကျီးကန်းနှစ်ကောင်ကို ဘယ်ကနေ ရထားတာလဲ’
“နတ်သတ်အကြီးအကဲက ဘယ်သူလဲဆိုတာ သိခွင့်ရမလား” ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဂရုတစိုက် မေးလိုက်ပါတယ်။ ဒီအခါမှာ ရွှင်ချန်အန်းက မျက်နှာသေနဲ့ ပြန်ဖြေပါတယ် “နတ်သတ်အကြီးအကဲက ငါတို့ရဲ့ ဆရာသခင်ပဲ၊ မင်းမှာ သူ့ကိုတွေ့ဖို့ အရည်အချင်းမရှိသေးဘူး”
ရန်ထျန်တုန်းက ပြုံးပြီး ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့ ဂျူနီယာ၊ မင်းကိုခေါ်ဖို့ ဆရာသခင်က ငါတို့ကို လွှတ်လိုက်တာ၊ ကြည့်ရတာ ဆရာသခင်က မင်းကို တော်တော်လေး တွေးထားပုံပဲ”
လူနှစ်ယောက်ရဲ့ သဘောထားက လုံးဝကွဲပြားခြားနားနေတဲ့အတွက် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ တော်တော်ကို ခေါင်းရှုပ်သွားပါတယ်။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ သံသယတွေကို ရင်ထဲမှာ ဖိနှိပ်ပြီး ရန်ထျန်တုန်းတို့နောက်ကနေ တောင်ပေါ်တက်သွားပါတယ်။
ရွှေကျီးကန်းလေးနှစ်ကောင်က ခေါင်းသုံးလုံးမြွေနဂါးဘုရင်ကို ဆက်တိုက် စိုက်ကြည့်နေတာကြောင့် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို တော်တော်လေး နေရခက်သွားစေပါတယ်။
မကြာမီမှာပဲ...
သူတို့သုံးဦးဟာ တောင်ပေါ် ရောက်ရှိသွားပါတယ်။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဖူစန်းသစ်ပင်ကို မြင်လိုက်ရတဲ့အခါ ချက်ချင်းဆိုသလို ကြက်သေသေသွားပါတယ်။
‘ဒါက ငါရှာနေတဲ့ ရတနာပဲ’ ခေါင်းသုံးလုံးမြွေနဂါးဘုရင်ဟာ စိတ်လှုပ်ရှားမှုကို မျက်နှာမှာမပေါ်အောင် ထိန်းချုပ်လိုက်ပါတယ်။ အဲဒီနောက် ဖူစန်းသစ်ပင်ပေါ်က ကြက်နက်တစ်ကောင်နဲ့ သစ်ပင်အောက်က ခွေးဖြူတစ်ကောင်ကို သတိပြုမိသွားပါတယ် ‘ဒါက နတ်သတ်အကြီးအကဲရဲ့ အိမ်မွေးသားရဲတွေလား’
“ဒီနေ့ကစပြီး ဒီသစ်ပင်အောက်မှာ မင်းကျင့်ကြံအားထုတ်ရမယ်၊ မင်း ငါ့တပည့် ဖြစ်လာနိုင် မနိုင်ကတော့ မင်းရဲ့စွမ်းဆောင်မှုပေါ်မှာပဲ မူတည်တယ်”
ပြောဆိုပြီးတာနဲ့ ရွှင်ချန်အန်းဟာ ချောက်ကမ်းပါးစွန်းကို လျှောက်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်။ သူ့ကျောပြင်ဟာ အရိုက်နှက်ခံလိုက်ရတဲ့ ခွေးတစ်ကောင်လို ဝမ်းနည်းညှိုးငယ်နေပါတယ်။ ဒီနှစ်တွေမှာ ရွှင်ချန်အန်းက ချန်အာအကြောင်းကို အမြဲတမ်းတွေးမိပြီး ကျင့်ကြံခြင်းကို အာရုံမစိုက်နိုင် ဖြစ်နေပါတယ်။
ဗုဒ္ဓတွေ ပေးအပ်လိုက်တဲ့ စမ်းသပ်မှုက သေမျိုးနှလုံးသားနဲ့ တောင့်ခံနိုင်တဲ့အရာတစ်ခု မဟုတ်ပါဘူး။
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပြီး ထိုင်ချလိုက်ပါတယ်။ ရွှေကျီးကန်းလေးနှစ်ကောင်ဟာ ဖူစန်းသစ်ပင်ပေါ် တက်သွားပြီး ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို ဆက်ပြီးတော့ စိုက်ကြည့်နေပါတယ်။
ရန်ထျန်တုန်းကတော့ ခေါင်းသုံးမြွေနဂါးဘုရင်ရဲ့ ဘေးနားမှာထိုင်ပြီး စကားစမြည်ပြောဆိုပါတယ်။ စီနီယာတစ်ယောက်အနေနဲ့ ရန်ထျန်တုန်းဟာ သူ့အတွေအကြုံတွေကို ခေါင်းသုံးလုံး မြွေနဂါးဆီ ဖောက်သည်ချပါတယ်။ ရန်ထျန်တုန်းရဲ့ ရည်ရွယ်ချက်တော့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်က သူ့ကို ယုံကြည်လေးစားလာစေချင်တာပါ။
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ရန်ထျန်တုန်းရဲ့ အပြုအမူကို မနှစ်သက်ပေမဲ့ ကြိတ်မှိတ်သည်းခံပြီး နားထောင်ပါတယ်။ ဒါပေမဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ပိုနားထောင်လေလေ ပိုမနှစ်မြို့လေလေ ဖြစ်လာပါတယ်။
‘နတ်ဆိုးဘုရင်တျန်စုလား... ရန်ဒေသ မြောက်ပိုင်းက ငကြောက်ကို ပြောနေတာလား’
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဂနာမငြိမ် ဖြစ်လာပါတယ်။ သူဟာ ဖူစန်းသစ်ပင်ကို လုယူချင်ပေမဲ့လည်း နတ်သတ်အကြီးအကဲရဲ့ ကျင့်ကြံမှုအဆင့်ကို မသိတာကြောင့် ချီတုံချတုံ ဖြစ်နေပါတယ်။ ကျိုးကြောင်းသင့်စဉ်းစားမယ်ဆိုရင် နတ်သတ်အကြီးအကဲက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မီးကျီးကန်းနှစ်ကောင်ကို မွေးထားနိုင်တဲ့အတွက် ကျိန်းသေပေါက် စွမ်းအားအရမ်းကြီးမားမှာပါ။
‘ငါ ထပ်စောင့်ကြည့်အုန်းမယ်’ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။
ဒီလိုနဲ့ နှစ်တွေ ကုန်ဆုံးသွားပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း အားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင်သည် အသက် ၇၀၀ ပြည့်ပြီဖြစ်သည့်အတွက် ကျင့်ကြံမှုလမ်းစဉ်၌ နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှထွက်၍ ကျင့်ကြံခြင်းလောက၏ နံပါတစ်လုပ်ပါ။ စိတ်ဝိညာဉ်ရတနာတစ်ပါးကို ဆုလာဘ်အဖြစ် ရရှိမည်။]
[၂။ ဆက်လက်ကျင့်ကြံအားထုတ်၍ ကောင်းကင်ဘုံဝင်အဆင့်ကို အမြန်ဆုံး ကျော်တက်ပါ။ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ဆုလာဘ်အဖြစ် ရရှိမည်။]
ဟန်ကျွယ်ဟာ တစ်ချက်ကလေးတောင် မတုံ့ဆိုင်းပဲ ဆက်လက်ကျင့်ကြံအားထုတ်မည်ကို ရွေးချယ်လိုက်ပါတယ်။ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကလည်း မဆိုးပါဘူး။ ရတနာတွေကို အဆင့်မြှင့်တင်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြမ္မာဆိုးစာအုပ်ဟာ အထက်ဘုံက ရန်သူတွေကို အဝေးကနေ ဒုက္ခပေးနိုင်တဲ့ ဟန်ကျွယ်ရဲ့ တစ်ခုတည်းသော ရတနာပါ။ ဒီရတနာကို အဆင့်မြှင့်တင်တာက တစ်ခြားရတနာတွေကို အဆင့်မြှင့်တာထက် ပိုတန်ပါတယ်။
လေးငါးခြောက်ရက် ကြာတဲ့အခါမှာတော့ ကြမ္မာဆိုးစာအုပ်နဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးဟာ အောင်မြင်စွာ ပေါင်းစပ်သွားပါတယ်။
[သင့်ကြမ္မာဆိုးစာအုပ်သည် မဟာညီညွှတ်မှု အကောင်းစား စိတ်ဝိညာဉ်ရတနာအဆင့်မှ မဟာညီညွှတ်မှု အကောင်းစားရတနာအဆင့်သို့ တိုးမြှင့်သွားပါပြီ။]
[ကြမ္မာဆိုးစာအုပ်သည် ကံရတနာ ဖြစ်သောကြောင့် သတိကြီးကြီးထား၍ အသုံးပြုပါ။]
‘မဟာညီညွှတ်မှု အကောင်းစားရတနာလား’
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး သူ့ရွေးချယ်မှုကို ရုတ်တရက် နောင်တရသွားပါတယ် ‘ဒီကြမ္မာဆိုးစာအုပ်က ငါ့ကို ပြန်ထိခိုက်စေနိုင်တာလား’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သတိကြီးကြီးထားသုံးပြီး တာအိုသခင်ကျွယ်ရန်ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ရဲ့ အစွမ်းကို စမ်းသပ်လိုတာကြောင့် စိတ်ဝိညာဉ်စွမ်းအား အများကြီး အသုံးမပြုပါဘူး။
ခုနစ်ရက်အကြာ။
ဟန်ကျွယ်ဟာ သူ့သက်တမ်းက ဆယ်နှစ်ကျော် လျော့ကျသွားတာကို သတိထားမိတာကြောင့် ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပါတယ်။ ကြည့်ရတာ ကြမ္မာဆိုးစာအုပ်ကို တစ်ခါတည်းနဲ့ ခုနစ်ရက်ထက်ပိုပြီး အသုံးပြုလို့မရပုံပါပဲ။ မဟုတ်ရင် ဟန်ကျွယ်ရဲ့ သက်တမ်းက တဖြည်းဖြည်း လျော့ကျသွားမှာပါ။
ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးဖို့ လူမှုဆက်ဆံရေးကို ဖွင့်လိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၇၈၈၄
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၇၀၂၁၀
[သင့်မြေးတပည့် မုရုံချီသည် နတ်ဆိုးအသူရာချောက်ထဲသို့ တိုးဝင်မိသွားသောကြောင့် ကံတရားအား တွက်ချက်မရတော့ပေ။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် နတ်သရဲ၏ ဝိညာဉ်ကို စုပ်ယူပြီး ကံတရားအထောက်အပံ့ ပြောင်းလဲသွားသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် ဂိုဏ်းဆယ်ဂိုဏ်း၏ လိုက်လံသတ်ဖြတ်မှုကြောင့် သတ်ဖြတ်ငွေ့ကို ခဲနိုင်သွား၏။]
[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် ရှေးဟောင်း အသက်ရှူပညာရပ်ကို နားလည်သိမြင်သွား၏။]
[သင့်မိတ်ဆွေ ချန်ယွီအာသည် ရှေးဟောင်း အသက်ရှူပညာရပ်ကို နားလည်သိမြင်သွား၏။]
[သင့်ရန်သူ တာအိုသခင်ကျွယ်ရန်သည် သင့်ကျိန်စာကြောင့် သက်တမ်း ၁၀,၀၀၀ လျော့ကျသွားပြီး အတွင်းနတ်ဆိုး မွေးဖွားသွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်အမတစံအိမ်၏ တားမြစ်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိပြီး နှစ်တစ်သောင်း နတ်သစ်သီးကို စားသုံးမိသွားသောကြောင့် ကျင့်ကြံမှုစွမ်းရည် တဟုန်ထိုး ထိုးတက်သွားပါပြီ။]
ဟန်ကျွယ်ဟာ တာအိုသခင်ကျွယ်ရန်ရဲ့ အဖြစ်ကို တွေ့လိုက်ရတဲ့အခါ ပြုံးမိသွားပါတယ်။ တစ်ဆက်တည်းမှာပဲ တာအိုသခင်ကျွယ်ရန်ကို သေတဲ့အထိ ကျိန်စာတိုက်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ ဆယ်နှစ်ကျော်သက်တမ်း ဆုံးရှုံးရုံလေးနဲ့ တာအိုသခင်ကျွယ်ရန်ကို သက်တမ်းတစ်သောင်း ဆုံးရှုံးအောင် လုပ်နိုင်လိုက်လို့ပါ။
ဒီရလဒ်က ဘယ်လိုမှ ယုံနိုင်ဖွယ်ရာ မရှိပါဘူး။
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ သူ့ခန်းမှန်းချက်ကို စမ်းသပ်ဖို့အတွက် အရဲမစွန့်ရဲပါဘူး။ ဟန်ကျွယ်မှာ သက်တမ်း ၁၀၀,၀၀၀ ကျော် ရှိတယ်ဆိုပေမဲ့ ဒီလိုက်ဆက်လုပ်နေမယ်ဆိုရင် သူ့ကိုယ်သူ ထိခိုက်အောင် လုပ်မိမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။
ဟန်ကျွယ်ဟာ နောက်တစ်ခါ ကျိန်စာတိုက်ရင် အများဆုံး ခြောက်ရက်ပဲ ကျိန်စာတိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုသခင်ကျွယ်ရန်နဲ့ ပြဒါးငှက်ကို တဖြည်းဖြည်းချင်း ညင်းသတ်မှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်ကို အာရုံစိုက်လိုက်ပါတယ်။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်က ရန်ထျန်တုန်းနဲ့ ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံအားထုတ်နေတုန်းပါပဲ။ ဒီနှစ်တွေမှာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်က တော်တော်လေး အချိုးပြေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို အမှန်ပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“အပြင်ထွက်ပြီး လူသစ်လေးကို အထဲဝင်လာခိုင်းလိုက်၊ သူ ပြန်ထွက်လာမှ မင်း ပြန်ဝင်လာခဲ့” ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ညွှန်ကြားလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ချက်ချင်းပဲ မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။
ဝူတောက်ကျန့်ဆီကနေ သတင်းစကား ကြားလိုက်ရတဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ရှင်းပြလို့မရအောင် ရင်ထိတ်သွားပါတယ်။
ရန်ထျန်တုန်းဟာ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ရဲ့ ပုခုံးကိုပုတ်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းအတွက် အခွင့်အရေး ရောက်လာပြီ၊ ဆရာသခင်က မင်းကို ဆန်းကြယ်စွမ်းအား သင်ပေးမလို့နဲ့ တူတယ်”
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ရန်ထျန်တုန်းကို မနှစ်မြို့ပေမဲ့ အပေါ်ယံမှာတော့ အလိုက်သင့် ပြန်ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်ပါတယ်။ အဲဒီနောက် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဂရုတစိုက် ဝင်သွားပါတယ်။
“ဝုန်း...”
ကျင့်ကြံခြင်းလိုဏ်ဂူတံခါး ပိတ်သွားတဲ့အတွက် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ပိုပြီးတော့ ရင်ထိတ်သွားပါတယ်။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ ခေါင်းသုံးလုံးမြွေနဂါးဘုရင်ဟာ ဟန်ကျွယ်ကို မြင်လိုက်ရတဲ့အခါ အံဩမှင်သက်သွားပါတယ်။
‘ဘယ်လိုတောင် ချောမောလိုက်တဲ့ ယောက်ျားပါလား’
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဒီလောက်ချောတဲ့ ယောက်ျားကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ။
‘ဟိုက်... ငါ ဘာတွေ တွေးနေတာလဲ’
ခေါင်းသုံးလုံးမြွေနဂါးဘုရင်ဟာ ရန်ထျန်တုန်းဆီက အကျင့်တွေ ကူးစက်ပြီး သူ့စိတ်က ပုံမှန်မဟုတ်တော့ဘူးလို့ ခံစားလိုက်ရပါတယ်။ ဒါကြောင့် ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ရန်ထျန်တုန်းကို ပိုပြီးတော့ မုန်းတီးသွားပါတယ်။
ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ကောင်းကင်ဘုံဝင် ဆဋ္ဌမအဆင့်ရှိတဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်၊ ငါ မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်”
“ပထမတစ်ခုက ဟောဒီဝီရိယတောင်ရဲ့ တောင်စောင့်ဖြစ်လာဖို့ပဲ၊ ဒါဆိုရင် နတ်သစ်ပင်အောက်မှာ ဆက်ကျင့်ကြံနိုင်မယ်”
“ဒုတိယကတော့ သေဖို့ပဲ”
ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ရုတ်တရက် ခေါင်းမော့ပြီး ဟန်ကျွယ်ကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။
#hanjue #lightnovel #thawhtetzin #ဟန်ကျွယ် #သော်ထက်ဇင်