ရှေးဟောင်း မဟာမှော်ဆရာ၊ ကောင်းကင်အမတစံအိမ်၏ ကပ်ဘေး
Vol. 10 Ch. 150
အခန်း (၁၅၀) ရှေးဟောင်း မဟာမှော်ဆရာ၊ ကောင်းကင်အမတစံအိမ်၏ ကပ်ဘေး
[ထူလင်းအာ: ဟင်းလင်းပြင်ပေါင်းစပ် နဝမအဆင့်၊ ရှေးဟောင်း မဟာမှော်ဆရာ ပြန်လည်ဝင်စားခြင်း ဖြစ်သည်။ အရိုင်းခေတ်၌ မှော်ဆရာမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုသည် ကောင်းကင်တာအို အာဏာအတွက် တိုက်ခိုက်ခဲ့ကြရာ မျိုးနွယ်စုနှစ်စုလုံး ပျက်သုဉ်းပြီး မဟာကံတရား အထောက်အပံ့အား ဆုံးရှုံးသွားခဲ့သည်။ မှော်မျိုးနွယ်စု ပျက်သုဉ်းပြီးနောက် မဟာမှော်ဆရာ အချို့သည် ပြန်လည်မွေးဖွာရာ လမ်းခြောက်သွယ်ထဲ၌ ပုန်းအောင်းနေခဲ့ကြသည်။ ထူလင်းအာသည် အကြိမ်ပေါင်းတစ်သောင်းကျော် ပြန်လည်ဝင်စားခဲ့ပြီး နောက်ဆုံး၌ မှော်ဆရာမျိုးနွယ်စု၏ ကြမ္မာဆိုးကို ဆေးကြောနိုင်ခဲ့သည်။ သို့သော်လည်း သူ့ဝိညာဉ်သည် မဟာမှော်ဆရာတစ်ဦး၏ ဝိညာဉ်ဖြစ်နေတုန်းပင်။ ထို့ကြောင့် အမတဧကရာဇ် ဖြစ်လာလျှင် မဟာမှော်ဆရာအဖြစ်သို့ ပြောင်းလဲနိုင်ပြီး အလွန်ကြီးမားသော စွမ်းအားကို ရရှိလိမ့်မည်။ ထူလင်းအာသည် ကောင်းကင်အမတစံအိမ်၏ ကြီးကြပ်သူတစ်ဦးဖြစ်ပြီး သူ့ဆရာသခင်၏ အမိန့်အရ ဖန်းလျန်ကို လာရှာခြင်းဖြစ်သည်။]
‘ရှေးဟောင်း မဟာမှော်ဆရာလား’
‘အမတဧကရာဇ်အဆင့်ကို ရောက်မှ မဟာမှော်ဆရာအဖြစ်ကို ပြောင်းလဲနိုင်မယ်’
‘သူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘ဒီမိန်းမက မရိုးရှင်းဘူးပဲ’
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ထူလင်းအာက ကောင်းကင်အမတစံအိမ်ရဲ့ အမိန်နဲ့ လာတာမှန်း သတိပြုမိသွားတာကြောင့် လာရင်းမကောင်းဘူးဆိုတာကို တန်းသိလိုက်ပါတယ်။ သတိကြီးလွန်းတဲ့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲလုပ်ပြီး ထူလင်းအာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပါတယ်။
တစ်စက္ကန့်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ရယ်မောလိုက်ပါတယ်။
ထူလင်းအာက မဟာမှော်ဆရာ နောက်ခံပဲ ရှိတာပါ။ တကယ် မဟာမှော်ဆရာ မဟုတ်သေးပါဘူး။ ဒါကြောင့် သူ့အစွမ်းကလည်း ခန္ဓာကိုယ်ပေါင်းစပ်အဆင့်သာ ရှိနေပါတယ်။ ဒီအဆင့်လောက်ကတော့ ဟန်ကျွယ်ဟာ အတွေးတစ်ချက်နဲ့ သတ်ပစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ထူလင်းအာက ဝီရိယတောင်ခြေကို ရောက်နေပြီဆိုတာ စစ်ဆေးမိသွားပါတယ်။
ဖန်းလျန်ဟာ ထူလင်းအားရဲ့ ရောင်ဝါကို အာရုံခံမိသွားတာကြောင့် ကိုယ်တိုင် တောင်အောက်ဆင်းပြီး သွားတွေ့ပါတယ်။
“စီနီယာ... ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ” ဖန်းလျန်ဟာ လက်သီးဆုပ် အရိုအသေပြုပြီး ကသိကအောက် မျက်နှာနဲ့ မေးလိုက်ပါတယ်။ ဖန်းလျန်ဟာ ကောင်းကင်အမတစံအိမ်ရဲ့ တပည့်ဖြစ်ခဲ့တယ်ဆိုတာကို မေ့ပျောက်လုနီး ဖြစ်နေပါပြီ။
ထူလင်းအာဟာ အဝါနဲ့အစိမ်း ရောယှက်ထားတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံနွယ်စတွေကို ကျောက်စမ်းဆံထိုးနဲ့ ချည်နှောင်ထားပါတယ်။ ထူလင်းအာဟာ ပြိုင်ဘက်ကင်းတဲ့ အလှမျိုး မရှိပေမဲ့ မြင်သူငေးလောက်အောင်တော့ လှပပါတယ်။
ထူလင်းအာဟာ ဝီရိယတောင်ကိုကြည့်ပြီး မေးလိုက်ပါတယ် “ဖန်းလျန်၊ ဒီတောင်ရဲ့ ဇစ်မြစ်ကိုသိလား၊ စိတ်ဝိညာဉ်ချီက ဘာလို့ ဒီလောက်တောင် သိပ်သည်းနေရတာလဲ”
ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုဟာ ကျင့်ကြံသူတွေအတွက် မြင့်မြတ်နယ်မြေဖြစ်တဲ့ ကောင်းကင်အမတစံအိမ်နဲ့ ယှဉ်လို့ရနေပါပြီ။ ရန်ဒေသလို နေရာငယ်လေးမှာ ဒီလိုမျိုးရတနာရှိနေတာက ယုတ္တိလုံးဝမရှိပါဘူး။
ဖန်းလျန်က ကသိကအောက် မျက်နှာနဲ့ ပြောလိုက်ပါတယ် “ဒါက ကျွန်တော်ရဲ့ ပထမဆုံးဂိုဏ်းလေ၊ ဒါနဲ့ ကျွန်တော့်ကို ဘာလို့ရှာတာလဲ၊ ကောင်းကင်အမတစံအိမ် ကပ်ဘေးမတွေ့ရင် ကျွန်တော် ပြန်မလာဘူးလို့ ပြောခဲ့ပြီးပြီလေ”
ကောင်းကင်အမတစံအိမ်က ရိုးရိုးဂိုဏ်းတစ်ခု မဟုတ်ပါဘူး။ ကောင်းကင်အမတစံအိမ်ဟာ ကိုယ်တိုင် ပြုစုပြိုးထောင်ထားတဲ့ တပည့်တွေအပြင် တစ်ခြားဂိုဏ်းက တပည့်တွေကိုလည်း ပညာသင်ပေးပြီး ဆက်ဆံရေးကောင်း တည်ဆောက်ထားပါတယ်။
“မင်းအရည်အချင်းက ဂျိရှင်းရှန်နဲ့တောင် ယှဉ်နိုင်တာ၊ ကောင်းကင်အမတစံအိမ်က မင်းကို ဒီအတိုင်း လက်လွှတ်ခံပါ့မလား၊ ငါ ဒီတစ်ခေါက် မင်းကို လာရှာတာက ကောင်းကင်အမတစံအိမ် ကပ်ဘေးဆိုက်တော့မှာမို့လို့ပဲ၊ မိစ္ဆာစစ်ဒါဇင်ကျော်က ကောင်းကင်အမတစံအိမ်ကို ဝိုင်းတိုက်လို့ တိုက်ပွဲကြီး ဖြစ်နေပြီ၊ ငါ့ဆရာသခင်က မင်းပြောတဲ့ မြေနတ်သားဆီက အကူအညီတောင်းခိုင်းလိုက်တယ်၊ သူလည်း ဒီတောင်မှာပဲလား” ထူလင်းအား အလေးအနက် မေးလိုက်ပါတယ်။
ထူလင်းအာရဲ့အကြည့်ဟာ ဝီရိယတောင်ပေါ်က ဖူစန်းသစ်ပင်ဆီပဲ ရောက်နေပါတယ် ‘ဒီသစ်ပင်က မရိုးရှင်းဘူး၊ ဘယ်ကနေ ရောက်လာတာလဲ’
ဖန်းလျန်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ကျွန်တော်တွေ့ခဲ့တဲ့ မြေနတ်သားက ကျွန်တော်နဲ့ မရင်းနှီးဘူး၊ သူ ထွက်သွားတာ ကြာပြီ၊ ယွီဂျင်ဂိုဏ်းတော်ကြီးမှာ ကောင်းကင်အမတစံအိမ်ကို ကူညီနိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ် မရှိဘူး”
ထူလင်းအာက အပြုံးနဲ့ မေးလိုက်ပါတယ် “ယွီဂျင်ဂိုဏ်းတော်ကြီးက အကြီးအကဲတွေ လိုသေးလာ၊ ငါ ဒီတောင်ပေါ်မှာ ကျင့်ကြံချင်လို့၊ ငါ့အတွက် ကူပြီး မေးပေးစမ်းပါ”
“ဟမ်...”
“ဘာဖြစ်တာလဲ”
“ကောင်းကင်အမတစံအိမ်က ပြဿနာတက်နေတယ်ဆို၊ စီနီယာက အလျင်စလို ဖြစ်နေတာ မဟုတ်ဘူးလား”
“ပြဿနာတက်နေလို့ကို ပြန်သွားလို့ မရတာ... မင်းလည်း ကောင်းကင်အမတစံအိမ် ပြဿနာတက်ရင် ပြန်သွားမယ်လို့ မပြောခဲ့ဖူးလား၊ အခု မင်းပြန်သွားမှာလား”
ဖန်းလျန်ဟာ ပြောစရာစကား မရှိတော့ပါဘူး။ ဖန်းလျန်ဟာ တစ်ခဏတွေးတောပြီး ပြောလိုက်ပါတယ် “ဒီမှာစောင့်နေအုန်း၊ ကျွန်တော် ဆရာဘိုးဘိုးကို သွားမေးလိုက်အုန်းမယ်” ထူလင်းအာဟာ ခေါင်းညိတ်လိုက်ပြီး တောင်ခြေမှာရှိတဲ့ ကျောက်ပြားရှေ့မှာ ထိုင်လိုက်ပါတယ်။
ဖန်းလျန်ဟာ တောင်ပေါ်ကို အမြန်တက်သွားပြီး ဟန်ကျွယ်ကို သွားတွေ့ပါတယ်။
ဟန်ကျွယ်ဟာ လိုဏ်ဂူတံတားကိုဖွင့်ပြီး ဖန်းလျန်ကို အထဲဝင်ခွင့် ပြုလိုက်ပါတယ်။
ဖန်းလျန်ဟာ ဟန်ကျွယ်ရှေ့ရောက်လာပြီး ဒူးထောက်ထိုင်ကာ ထူလင်းအာ ရောက်လာတဲ့အကြောင်းကို ရှင်းပြပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ကို တရိုတသေ ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး... ဒီထူလင်းအာက ကောင်းကင်အမတစံအိမ်ရဲ့ ပါရမီရှင်ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်တယ်၊ ဒါပေမဲ့ သူက ဉာဏ်နီဉာဏ်နက် အရမ်းများတယ်၊ အခု သူက တာဝန်ကို အကြောင်းပြပြီး ကောင်းကင်အမတစံအိမ်ကနေ ထွက်လာတာ၊ သူက လူကောင်းမဟုတ်ဘူး”
ကြည့်ရတာ ဖန်းလျန်ကလည်း ထူလင်းအာကို မကြိုက်ပုံပါပဲ။ ဒါပေမဲ့ ကောင်းကင်အမတစံအိမ်မှာ သူ့ထက် ဝါကြီးတာကြောင့် မျက်နှာပေးနေရတာပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “သူ့မှာ သွေးကြွေးရှိလို့လား”
ဖန်းလျန်က တစ်ခဏတွေးတောပြီး ပြန်ဖြေပါတယ် “မရှိပါဘူး၊ သူက ကောင်းကင်အမတစံအိမ်မှာ ကြီးပြင်းလာတာ၊ ဒါပေမဲ့ တစ်ချိန်လုံး ကြိုးကြိုးစားစား ကျင့်ကြံနေလို့ မိတ်ဆွေတောင် သိပ်မရှိဘူး”
“ငြင်းလိုက်”
“ဟုတ်ကဲ့ပါ”
ဖန်းလျန်ဟာ ပျော်ရွှင်စွာ ထွက်ခွာသွားပါတယ်။
ထူလင်းအာရဲ့ နောက်ခံက အထင်ကြီးဖို့ကောင်းတယ်ဆိုပေမဲ့ သူက အရွယ်ရောက်ပြီးပါပြီ။ ဒါကြောင့် ဦးနှောက်ဆေးဖို့ သိပ်အဆင်မပြေတော့ပါဘူး။ ဒါ့အပြင် သူက ကောင်းကင်အမတစံအိမ်ရဲ့ တပည့်လည်း ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ပြဿနာတွေ ရောက်လာမှာကို မလိုချင်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးပါတယ်။
ဒီလောက်နှစ်တွေ ကြာတာတောင် မိစ္ဆာစစ်တွေက သေမျိုးကမ္ဘာမှာ ပြဿနာကြီးကြီးမားမား မရှာနိုင်ခဲ့ပါဘူး။ လုန်ယွိရွှင်ရဲ့ ဦးဆောင်မှုမရှိတာနဲ့ ဒီမိစ္ဆာစစ်တွေက ကောင်းကင်အမတစံအိမ်ကို မတိုက်ခိုက်နိုင်တော့ပါဘူး။ ဒါက ဟန်ကျွယ်ကို အံအားသင့်စေပြီး ကောင်းကင်အမတစံအိမ်ကို တော်တော်လေး အထင်ကြီးသွားစေပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိစ္ဆာစစ်တစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၅
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သေလုမျောပါး ဒဏ်ရာရသွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိစ္ဆာစစ်တစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄
[သင့်မိတ်ဆွေ ကျိုးဖန်သည် အခွင့်အရေးတစ်ခုရပြီး ခန္ဓာကိုယ် ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် မိစ္ဆာတစ်ဦး တိုက်ခိုက်ခြင်းကို ခံရပြီး အပြင်းအထန် ဒဏ်ရာရသွား၏။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် မဟာတာအို အဓိပ္ပာယ်စစ်ကို သိမြင်သွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် မိစ္ဆာမျိုးနွယ်စု၏ လှည့်ဖြားမှုကြောင့် အတွင်းနတ်ဆိုး ဖြစ်ပေါ်လာသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မဟာပညာရပ်တစ်မျိုးအား သိမြင်နားလည်ပြီး ပဓာနဝိညာဉ် ပြောင်းလဲသွား၏။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။
‘ဂျိရှင်းရှန်တောင် သေလုမျောပါး ဒဏ်ရာရသွားတာဆိုတော့ ကောင်းကင်အမတစံအိမ်က တကယ်ဘေးတွေ့နေတာပဲ’
ဟန်ကျွယ်ဟာ ကူညီရကောင်းမလား စဉ်းစားလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ခေါင်းခါလိုက်ပါတယ်။
ဟန်ကျွယ်က မိစ္ဆာစစ်တွေရဲ့ အုပ်ချုပ်သူကို ရှင်းပစ်ပြီးပါပြီ။ ကောင်းကင်အမတစံအိမ်က ကျန်တဲ့မိစ္ဆာစစ်တွေကိုတောင် မဖြေရှင်းနိုင်ရင် အနာဂတ်မှာ ကျူးကျော်လာမဲ့ မိစ္ဆာမျိုးနွယ်စုကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သူ ထွက်သွားတဲ့အခါ ယွီဂျင်ဂိုဏ်းတော်ကြီး တစ်ခုခုဖြစ်မှာကိုလည်း မလိုချင်ပါဘူး။ ဒါ့အပြင် ဂျိရှင်းရှန်တစ်ယောက် မဟာပညာရပ်ကို သိမြင်နားလည်သွားတာက ဇာတ်လိုက်တစ်ယောက်ရဲ့ လမ်းစဉ်ပါပဲ။ ဖြစ်နိုင်တာက ဒီတိုက်ပွဲဟာ ဂျိရှင်းရှန်ကို နာမည်ကျော်ဖို့ ဖြစ်လာတဲ့ တိုက်ပွဲတစ်ခုလိုပါပဲ။
ဟန်ကျွယ် တွေးတောနေတုန်းမှာပဲ ဖန်းလျန် ပြန်ရောက်လာပါတယ်။
“ဆရာဘိုးဘိုး သူက ထွက်မသွားဘူး၊ သူက ဆရာဘိုးဘိုးကို ဆရာသခင်အဖြစ် အသိအမှတ်ပြုချင်တယ်ဆိုပြီး ပြောနေတယ်” ဖန်းလျန်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ်။ သူက ထူလင်းအာရဲ့ ပြိုင်ဘက် မဟုတ်တဲ့အတွက် ထူလင်းအာကို အားသုံးပြီး မနှင်ထုတ်နိုင်ပါဘူး။
ဟန်ကျွယ်က ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုချင်တာလား လွယ်ပါတယ်၊ အရင်ဆုံးဆယ်နှစ်ဆယ်မိုး ရှိခိုးခိုင်းလိုက်”
ဖန်းလျန်ဟာ ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့အခါမှာ တုံ့ဆိုင်းသွားပါတယ်။ ဒါပေမဲ့လည်း တောင်အောက်ဆင်းပြီး ထူလင်းအားကို ဒီသတင်း သွားပြောပါတယ်။
ဝူတောက်ကျန့်က ဟန်ကျွယ်ကို စပ်စုပါတယ် “သခင် သူ့ကို တကယ်ပဲ လက်ခံမှာလား” ဟန်ကျွယ်က အပြုံးနဲ့ ပြန်ဖြေပါတယ် “သူ ခေါင်းငုံ့မလား အရင်ဆုံး ကြည့်ကြတာပေါ့”
တောင်ခြေမှာတော့ ဖန်းလျန်ဆီက စကားကို ကြားလိုက်ရတဲ့ ထူလင်းအာဟာ ကျောက်ပြားရှေ့ ချက်ချင်းပဲ ဒူးထောက်ပြီး စရှိခိုးပါတော့တယ်။
ဖန်းလျန်ဟာ ထူလင်းအာရဲ့ လုပ်ရပ်ကြောင့် မျက်မှောင်ကြုတ်သွားပြီး မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဘာလို့ ဒီလိုလုပ်တာလဲ၊ ကောင်းကင်အမတစံအိမ်ရဲ့ ကပ်ဘေးကို ရှောင်ချင်တယ်ဆိုရင်တောင် ဒီလိုလုပ်စရာ မလိုပါဘူး”
ထူလင်းအာက ရှိခိုးရင် အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းကို ကောင်းကင်အမတစံအိမ်ရဲ့ အထူးအရေးပေးခံရတာကို စွန့်လွှတ်နိုင်စေပြီး ဒီလိုရတနာတောင်ကို ပြိုးထောင်နိုင်တယ်၊ ဒီတောင်သခင်က မင်းပြောတဲ့ မြေနတ်သားပဲ ဖြစ်ရမယ်”
ဖန်းလျန်ဟာ တိတ်ဆိတ်သွားပါတယ်။
ထူလင်းအာ မပြောလိုက်တဲ့ အကြောင်းအရင်းတစ်ချက် ရှိပါသေးတယ်။ တကယ်တော့ ကောင်းကင်အမတစံအိမ်က ဖန်းလျန်ပြန်လာဖို့ မမျှော်လင့်ထားပါဘူး။ ဖန်းလျန်ပြန်လာလို့လည်း ကောင်းကင်အမတစံအိမ် ရင်ဆိုင်နေရတဲ့ ကပ်ဘေးက ဘာမှ မထူးခြားသွားပါဘူး။
ထူလင်းအာက ဖန်းလျန်ကို ရှာဖွေဖို့အတွက် စံအိမ်အပြင်ဘက်က အင်အားစုတွေကို စုစည်းမယ်ဆိုပြီး ကောင်းကင်အမတစံအိမ်ကနေ ထွက်လာခဲ့တာပါ။
လွန်ခဲ့တဲ့ဆယ်နှစ်ကာ ထူလင်းအာဟာ ကျင့်ကြံအားထုတ်ရင်း အလွယ်တကူ အိပ်ပျော်သွားပြီး အိပ်မက်မက်လေ့ရှိပါတယ်။ အဲဒီအိပ်မက်ကတော့ တောင်တစ်တောင်နဲ့ တောင်ပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ပါ။
ပထမတော့ အိပ်မက်က မှုန်ဝါးလွန်းပေမဲ့ နောက်ပိုင်းကျတော့ တဖြည်းဖြည်း ကြည်လင်လာပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့လူရှေ့မှာ ဒူးထောက်နေတဲ့လူက သူနဲ့ အရင်တုန်းက တွေ့ဆုံဖူးတဲ့ ဖန်းလျန် ဖြစ်နေမှန်း ထူလင်းအာ သိလိုက်ရပါတယ်။ ဒါကြောင့် ထူလင်းအာဟာ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက ဖန်းလျန်နဲ့ ဆက်စပ်နေလိမ့်မယ်ဆိုပြီး ကောက်ချက်ချလိုက်ပါတယ်။
ထူလင်းအာဟာ သူ့အိပ်မက်ကို အမြဲတမ်း ယုံကြည်ပါတယ်။ ထူလင်းအာ ငယ်ငယ်ကတည်းက ဆန်းကြယ်စွမ်းအားတွေကို အိပ်မက်ထဲမှာ သိမြင်နားလည်ခဲ့ပါတယ်။ ဒါကြောင့်လည်း ထူလင်းအာဟာ ကောင်းကင်အမတစံအိမ်ရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့တာပါ။
ဟန်ကျွယ်က သူ့ကို ဆယ်နှစ်ရှိခိုးခိုင်းတဲ့အခါမှာ ထူလင်းအာရဲ့ ပထမဆုံး တုံ့ပြန်မှုက ဒေါသထွက်တာ မဟုတ်ပါဘူး၊ စိတ်သက်သာရာ ရသွားတာပါ။ တစ်ဖက်လူက ဒီလောက်မာနကြီးမှတော့ ကျိန်းသေပေါက် စွမ်းအားကြီးပုဂ္ဂိုလ်ပဲ ဖြစ်မှာပါ။ အိပ်မက်က သူ့ကို အခွင့်အရေးဆီ နောက်တစ်ခါ လမ်းညွှန်ပေးလိုက်မှန်း ထူလင်းအာ သိလိုက်ပါတယ်။
ဖန်းလျန်လည်း ထူလင်းအာရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို မြင်ရတဲ့အခါ ထပ်ပြီး မဖျောင်းဖျတော့ပါဘူး။ တောင်ခြေကနေ ချက်ချင်းလှည့်ထွက်ပြီး သူ့နေရာကိုပြန်ကာ ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။