သေမျိုးကမ္ဘာ၏ ထိပ်ဆုံး
Vol. 11 Ch. 151
အခန်း (၁၅၁) သေမျိုးကမ္ဘာ၏ ထိပ်ဆုံး
ထူလင်းအာ ရောက်လာတာက ဟန်ကျွယ်ကို သိပ်ပြီးတော့ မဆွဲဆောင်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင် နဝမအဆင့်ကို အမြန်ဆုံးရောက်ဖို့ပဲ ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။
အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ အပြင်လောကကြီးက ပြောင်းလဲနေပေမဲ့ ခြိုးခြုံကျင့်ကြံသူတွေ အတွက်တော့ အချိန်က ရပ်တန့်သွားပုံပါပဲ။
ရှင်းဟုန်ရွှမ်၊ ချန်ယွီအာနဲ့ နတ်မိမယ်ရှီရွှမ်လည်း ပြန်ရောက်လာပါပြီ။ ဟန်ကျွယ်က ဂူအောင်းကျင့်ကြံနေတယ်လို့ ကြားတဲ့အတွက် သူတို့သုံးယောက်လည်း ဟန်ကျွယ်ကို မနှောင့်ယှက်တော့ပါဘူး။
ဒီလိုနဲ့ အချိန် ၇ နှစ်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်လည်း ကောင်းကင်ဘုံဝင် နဝမအဆင့်ကို ထိုးဖောက်နိုင်သွားပါတယ်။ ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားပါပြီ။
အဆင့်တက်ပြီးနောက် ဟန်ကျွယ် ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားဟာ တဟုန်ထိုး ထိုးတက်သွားပါတယ်။ ဟန်ကျွယ်ဟာ ရပ်တန့်ခြင်းမပြုဘဲ သူ့စိတ်ဝိညာဉ်စွမ်းအားကို ဆက်မြှင့်တင်လို့မရတဲ့အထိ ဆက်လက်ကျင့်ကြံပါတယ်။
သုံးနှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ထူလင်းအာကို သွားခေါ်ဖို့ ဝူတောက်ကျန့်ကို စေခိုင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ထူလင်းအာကို ဖူစန်းသစ်ပင်အောက်မှာ အရင်ဆုံး ကျင့်ကြံခိုင်းမှာပါ။ ဆရာတပည့်ဆက်ဆံရေးကတော့ နောက်ကျမှ ဆုံးဖြတ်ဖို့ စဉ်းစားထားပါတယ်။
ထူလင်းအာဟာ ဝီရိယတောင်ထဲ ဝင်လာပြီးနောက် ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက တောင်ခြေမှာ သူ ခံစားမိတာထက် အများကြီးပိုသိပ်သည်းနေတာကို တွေ့လိုက်ရပါတယ်။
‘ဒီတောင်ပတ်လည်မှာ စွမ်းအားကြီးပြီး မမြင်နိုင်တဲ့ အရံအတား ရှိနေတာလား’ ထူလင်းအာဟာ စိတ်ထဲမှာ အံဩတကြီး ဖြစ်သွားပြီး ဟန်ကျွယ်အကြောင်းကို ပိုပြီးတော့ သိချင်သွားပါတယ်။
ဖူစန်းသစ်ပင်အောက်ကို ထူလင်းအာ ရောက်သွားတဲ့အခါမှာ ရန်ထျန်တုန်း၊ ရွှင်ချန်းအန်း၊ မုရုံချီ၊ ပဋိပက္ခကောင်းကင်ခွေး၊ ငရဲကြက်နက်၊ ရွှေကျီးကန်းလေးနှစ်ကောင်နဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်တို့ဟာ ထူလင်းအာကို လှမ်းကြည့်လိုက်ကြပါတယ်။
ထူလင်းအာရဲ့ အကြည့်ဟာ ဖူစန်းသစ်ပင်ပေါ်ကို ကျရောက်သွားပါတယ် “ဒါက...”
ထူလင်းအာဟာ ငေးကြောင်သွားပါတယ်။ ဖူစန်းသစ်ပင်ကို မြင်လိုက်ရတဲ့အချိန်မှာပဲ ထူလင်းအာ ရင်ထဲမှာ ဖော်ပြလို့မရတဲ့ ခံစားမှုတစ်မျိုးကို ခံစားလိုက်ရပါတယ်။
ဝူတောက်ကျန့်က ပြောလိုက်ပါတယ် “အရင်ဆုံး ဒီနေရာမှာ ကျင့်ကြံအုန်း၊ ဆူဆူညံညံ မလုပ်နဲ့”
ဝူတောက်ကျန့်ရဲ့ စကားသံကြောင့် ထူလင်းအာဟာ သတိပြန်ဝင်လာပြီး အမြန်ခေါင်းညိတ်လိုက်ပါတယ်။ တစ်ခြားသူတွေကလည်း ထူလင်းအာကို ဘာမှမပြောဘဲ သူတို့ကျင့်ကြံခြင်းကိုသာ ပြန်အာရုံစိုက်ကြပါတယ်။
ထူလင်းအာဟာ စိတ်ထဲမှာ သံသယအများကြီး ရှိပေမဲ့ ရင်ထဲမှာပဲ ဖိနှိပ်ပြီး အခြားသူတွေလို တရားထိုင်ပြီး ကျင့်ကြံအားထုတ်ပါတယ်။အကြောင်းအရင်းတစ်ချို့ကြောင့် သူ့ရှေ့က လူတွေဟာ မရိုးရှင်းဘူးလို့ ထူလင်းအာ ခံစားလိုက်ရပါတယ်။ ထူလင်းအာဟာ ရုတ်တရက်ဆိုသလို ကောင်းကင်အမတစံအိမ်ရဲ့ ပါရမီရှင်တွေကို တွေးမိသွားပါတယ်။
နှစ်ဝက်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံဝင် နဝမအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ရှိသွားပါတယ်။
[သင့်ကျင့်ကြံမှုသည် သေမျိုးကမ္ဘာ၏ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ချက်ချင်း ဘုံပျံတက်ပြီး အမတတစ်ဦး ဖြစ်လာနိုင်သည်။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအားတစ်ပါးနှင့် စိတ်ဝိညာဉ်ရတနာတစ်ပါးကို ရရှိမည်။]
[၂။ ဘုံပျံမတက်ဘဲ သေမျိုးကမ္ဘာမှာ ဆက်နေထိုင်ပါ။ ဆုလာဘ်အဖြစ် အကောင်းစား ရတနာကို ရရှိမည်။]
ဟန်ကျွယ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[သင်သည် သေမျိုးကမ္ဘာ၌ ဆက်နေထိုင်မည်ကို ရွေးချယ်ခဲ့သောကြောင့် ဆုလာဘ်အဖြစ် အကောင်းစား ရတနာအား ရရှိပါသည်။]
[မဟာညီညွှတ်မှု အကောင်းစား ရတနာ ဧကရာဇ်ဝတ်ရုံအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဧကရာဇ်ဝတ်ရုံ: မဟာညီညွှတ်မှု အကောင်းဆုံး ခံစစ်ရတနာ ဖြစ်ပြီး ဧကရာဇ်ကံတရား အထောက်အပံ့မှ စီရင်ဖန်တီးထားခြင်း ဖြစ်သည်။ အလွန်တရာ စွမ်းအားကြီးပဲ ဤဝတ်ရုံအား ဝတ်ဆင်ထားပါက ဧကရာဇ်တစ်ဦး၏ ရောင်ဝါကို ရရှိလိမ့်မည်။]
‘မဟာညီညွှတ်မှု အကောင်းစား ခံစစ်ရတနာလား’
‘ခံစစ်ရတနာကြီးပဲ’
ခံစစ်ရတနာကို အမြဲလိုချင်နေတဲ့ ဟန်ကျွယ်ဟာ ရေငတ်တုန်း ရေတွင်းထဲ ကျသလို ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဧကရာဇ်ဝတ်ရုံကို ထုတ်ယူကြည့်လိုက်တဲ့အခါ ရွှေရောင်ဝတ်ရုံပေါ်မှာ ဩဇာအာဏာ ကြီးမားလွန်းတဲ့ နဂါးရုပ်လွှာ ရေးထိုးထားတာကို တွေ့ရှိလိုက်ရပါတယ်။ ရွှေရောင်တွေဟာ ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံးကို လင်းလက်သွားစေပါတယ်။ ဝူတောက်ကျန့်လည်း မျက်လုံးဖွင့်ပြီး ကြည့်လိုက်တဲ့အခါမှာ အံဩတကြီး ဖြစ်သွားပါတယ်။
‘ဒီအတိုင်းဆို အထင်းသား ဖြစ်နေလိမ့်မယ်’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒါပေမဲ့ သူက ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ အမြဲတမ်းနေထိုင်တာကို သတိရသွားပြီး ပေါ်လွှင်ထင်ရှားမှာကို မကြောက်တော့ပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဧကရာဇ်ဝတ်ရုံကို ကိုယ်ပိုင်ပစ္စည်းပြုပါတယ်။ နှစ်ရက်ကြာတဲ့အခါမှာတော့ မဟာညီညွှတ်မှု အကောင်းစားရတနာဟာ ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ် ပြုသွားပါတယ်။ ဒီဝတ်ရုံက တကယ့်ကို ရတနာတစ်ပါးပါပဲ။
ဟန်ကျွယ်ဟာ ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်လိုက်တဲ့အခါမှာ ပိုပြီးတော့ လုံခြုံသွားသလို ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ရွှေရောင်ဆန်းကြယ်နတ်ဝတ်ရုံပေါ်မှာ ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်လိုက်ပေမဲ့ ဝတ်ရ အဆင်မပြေတာကြောင့် ရွှေရောင်ဆန်းကြယ် နတ်ဝတ်ရုံကို ချွတ်လိုက်ပါတယ်။
“သခင်... ကျွန်မကို ဒီဝတ်ရုံပေးပါလား” ဝူတောက်ကျန့်ဟာ ရွှေရောင်ဆန်းကြယ် နတ်ဝတ်ရုံကို လက်ညိုးထိုးပြီး ဆန္ဒမီးလျှံ တောက်လောင်နေတဲ့ မျက်လုံးတွေနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းက အပြင်မှမထွက်ရတာ၊ ဒီလို စိတ်ဝိညာဉ်ရတနာ ဝတ်ရုံမျိုး မလိုပါဘူး”
“ဒါပေမဲ့ သခင်လည်း အပြင်ထွက်တာ မဟုတ်ဘဲနဲ့”
“ငါ သေသွားရင် နင်လည်း သေမှာပဲ၊ အဲဒါကြောင့် ငါ ဝတ်ထားရတာ”
ဝူတောက်ကျန့်ဟာ လိုတာမရတဲ့ ကလေးငယ်လို စိတ်ကောက်သွားတာကြောင့် နှုတ်ခမ်းမဲ့လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရွှေရောင်ဆန်းကြယ် နတ်ဝတ်ရုံကို ရှင်းဟုန်ရွှမ်ဆီ ပေးချင်တာပါ။ ဒါပေမဲ့လည်း ရွှေရောင်ဆန်းကြယ် နတ်ဝတ်ရုံက ရှားပါးတဲ့ ရတနာတစ်ပါး ဖြစ်တာကြောင့် ရှင်းဟုန်ရွှမ် ဝတ်ထားရင် ပြဿာနာကို လက်ယပ်ခေါ်သလို ဖြစ်နေမှာပါ။
“ကောင်းပြီ၊ ငါ မင်းကို ပေးမယ်၊ မင်း ဒီဟာကို ဝတ်ပြီးရင် အပြင်ထွက်နေ၊ ငါ အဆင့်တက်မလို့” ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ဟန်ကျွယ်ကို ကျေးဇူးတင်စကားဆိုကာ ရွှေရောင်ဆန်းကြယ် နတ်ဝတ်ရုံကို ဝတ်ဆင်ပါတယ်။
ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝူတောက်ကျန့်က သူ့ရှေ့ အဝတ်အစား လဲလိုက်လို့ပါ။ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ရဲ့ ခန္ဓာကိုယ်ကို အရင်ကမြင်ဖူးထားပေမဲ့ ဝူတောက်ကျန့်ရဲ့ မရှက်တက်မှုကြောင့် ဘာပြောရမှန်း မသိတော့ပါဘူး။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “မင်း သူများတွေရှေ့မှာ အဝတ်အစား မချွတ်ရဘူး ကြားလား”
ဝူတောက်ကျန့်ဟာ ရွှေရောင်ဆန်းကြယ် နတ်ဝတ်ရုံကို ပျော်ရွှင်စွာ ဝတ်ဆင်ရင်း ပြန်ဖြေပါတယ် “ယောက်ကျားနဲ့ မိန်းမကြားက ကွာပြားခြားနားချက်ကို ကျွန်မ နားလည်ပါတယ်၊ ကျွန်မက သခင်ရှေ့မှာပဲ အဝတ်အစားလဲမှာပါ”
စကားလည်းဆုံး ဝတ်ဆင်လို့လည်း ပြီးသွားတဲ့ ဝူတောက်ကျန့်ဟာ ရန်ထျန်တုန်း၊ ရွှင်ချန်းအန်းနဲ့ တစ်ခြားသူတွေကို ဝတ်ရုံအကြောင်းကြွားဖို့ လိုဏ်ဂူထဲကနေ အလျင်စလို ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အဆင့်တက်ဖို့ ပြင်ဆင်ပါတယ်။
ဟန်ကျွယ်ဟာ လက်မြှောက်လိုက်ပြီး ကောင်းကင်လွှဲကျောက်တုံးကို သူ့လက်ဖဝါးဆီ စုပ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်လွှဲကျောက်တုံးကို ခြေထောက်ပေါ်တင်ပြီး ရေရွတ်လိုက်ပါတယ် “အခုအချိန်ကစပြီး မင်းကိုပဲ အားကိုးရတော့မယ်”
ဟန်ကျွယ်အတွက်တော့ ကျင့်ကြံမှု ကန့်သတ်ခြင်းကို ကျော်တက်ပြီး သေမျိုးကမ္ဘာမှာ ဆက်နေနိုင်မယ်ဆိုရင် အကောင်းဆုံးရလဒ်ပါပဲ။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်ပါတယ်။ သေမျိုးကမ္ဘာအခန်းကို သိမြင်နားလည်ပြီးနောက် ဟန်ကျွယ်ဟာ ဒီထက်ပိုမြင့်တဲ့ ကျင့်စဉ်ကို သိမြင်နားလည်နိုင်မှာပါ။
ဖူစန်းသစ်ပင်အောက်။
ဝူတောက်ကျန့် ပေါ်လာတယ်ဆိုရင်ပဲ ဖူစန်းသစ်ပင်အောက်မှာ စည်စည်ကားကား ဖြစ်သွားပါတယ်။
တရားထိုင်နေတဲ့ ဖန်းလျန်ဟာ မျက်လုံးဖွင့်လိုက်ပြီး ထူလင်းအာကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် မေးခွန်းထုတ်လိုက်ပါတယ် “စီနီယာ ကောင်းကင်အမတစံအိမ်ကို နောက်ကျရင် ပြန်သွားအုန်းမှာလား”
ထူလင်းအာက မျက်လုံးတောင်မဖွင့်ဘဲ ပြန်ဖြေပါတယ် “ဘာလို့ ပြန်သွားရမှာလဲ၊ ဒီနေရာလည်း ကောင်းပါတယ်၊ အပြင်လောကနဲ့ အဆက်အသွယ် မရှိတော့ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်နိုင်တယ်၊ ငါ ကောင်းကင်အမတစံအိမ်ကို ပြန်ပြီးတော့ ဒုက္ခမခံချင်တော့ဘူး”
ဖန်းလျန်ဟာ ပြောစရာစကား မရှိတော့ပါဘူး ‘ကောင်းကင်အမတစံအိမ်က ဒီလို ကျေးဇူးကန်းတက်တဲ့သူကို ပြိုးထောင်ထားတာလား’
ဖန်းလျန်က တော်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကောင်းကင်အမတစံအိမ်ရဲ့ တပည့်မဟုတ်လို့ပါ။ နောက်ပြီး ကောင်းကင်အမတစံအိမ်အတွက် တာဝန်တွေလည်း ထမ်းဆောင်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ထူလင်းအာကတော့ ကောင်းကင်အမတစံအိမ် ကိုယ်တိုင် အထူးတလည် ပြုစုပြိုးထောင်ထားတဲ့ ပါရမီရှင်တစ်ယောက်ပါ။ ထူလင်းအာဟာ ငယ်စဉ်ကတည်းက ကျင့်ကြံနေခဲ့တာ ဖြစ်ပြီး အပြင်ထွက်စရာ မလိုပါဘူး။ ရှင်းရှင်းပြောရရင် ထူလင်းအာက ကောင်းကင်အမတစံအိမ်အတွက် ဘာအကျိုးမှ မဆောင်ရသေးပါဘူး။
“စီနီယာက ကျင့်ကြ့မှုမြင့်မားလာရင် ကျွန်တော်ရဲ့ ဆရာဘိုးဘိုးကိုလည်း သစ္စာဖောက်မှာလား...”
တစ်ခြားတပည့်တွေလည်း ထူလင်းအာကို ဝိုင်းကြည့်ကြပါတယ်။
နောက်ဆုံးမှာတော့ ထူလင်းအာဟာ မျက်လုံးဖွင့်လိုက်ပြီး ဒေါသတကြီး ပြန်ပက်ပါတယ် “သစ္စာဖောက်တယ်လို့ ဘာလို့ပြောရတာလဲ၊ ငါက ကောင်းကင်အမတစံအိမ်က ထွက်လာခဲ့ပေမဲ့ သူတို့ရဲ့ ရန်သူလည်း မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး သစ္စာဖောက်တယ်လို့ ပြောနိုင်မှာလဲ၊ နောက်ပြီး ဒီဝီရိယတောင်က ကျင့်ကြံသူတွေ ကျင့်ကြံအားထုတ်ရမဲ့ နေရာ မဟုတ်ဘူးလား၊ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်တာက ဆရာသခင်ကို အကောင်းဆုံး ကျေးဇူးဆပ်တာ မဟုတ်ဘူးလား”
အခုအချိန်မှာ ကောင်းကင်အမတစံအိမ်ရဲ့ အကြီးအကဲတွေက ကိုယ်တိုင်လာပြီး ဖိအားပေးရင်တောင် ထူလင်းအာက ပြန်သွားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖူစန်းသစ်ပင်အောက်က စိတ်ဝိညာဉ်ချီဟာ အရမ်းကို ထူထပ်သိပ်သည်းလွန်းလို့ပါ။ ထူလင်းအာဟာ ဒီနေရာကနေ ထွက်သွားဖို့ မပြောနဲ့ ခြေတစ်ဖဝါးတောင် မခွာချင်ပါဘူး။
“ဝုန်း... ခြိမ်း...”
ကောင်းကင်ယံမှာ မိုးခြိမ်းသံ ညံသွားတဲ့အတွင် လူတိုင်း ခေါင်းမော့ကြည့်လိုက်တဲ့အခါ တလိမ့်လိမ့်တက်လာတဲ့ တိမ်မည်းတွေကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဒီတိမ်မည်းတွေမှာ နတ်ဆိုးရောင်ဝါရော နတ်ဆိုးချီရော မရှိတဲ့အတွက် ကြီးမားတဲ့မုန်တိုင်းတစ်ခု ဖြစ်ဟန်ရှိပါတယ်။
ထူလင်းအာဟာ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်ပါတယ် “နောက်ဆုံးတော့ သူ အောင်မြင်သွားပြီပဲ”
ဖန်းလျန်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘယ်သူ အောင်မြင်တာလဲ”
“ဂျိရှင်းရှန်၊ ကောင်းကင်အမတစံအိမ်ရဲ့ နံပါတ်တစ်ပါရမီရှင်၊ မင်း သူ့ကို အရင်က မမြင်ဖူးဘူးလား၊ သူ့အရည်အချင်းက ဒီကမ္ဘာမှာ နံပါတ်တစ်ပဲ”
ထူလင်းအာရဲ့ မျက်လုံးထဲမှာ ရှုပ်ထွေးတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာပါတယ်။ ဂျိရှင်းရှန်နဲ့ မျိုးဆက်တစ်ဆက်တည်းမှာ ပါရမီရှင်လာဖြစ်ရတာက အဲဒီပါရမီရှင်တွေရဲ့ ကြေကွဲဝမ်းနည်းစရာတစ်ခုပါပဲ။
ဖန်းလျန်ရဲ့ မျက်လုံးထဲမှာတော့ တိုက်ခိုက်လိုစိတ်တွေ လျှံတက်သွားပါတယ်။ ဖန်းလျန်ဟာ ဂျိရှင်းရှန်နာမည်ကို ကြားဖူးပါတယ်။ တစ်နေ့မှာ ဂျိရှင်းရှန်ကို ကျော်တက်ပြီး ဒီကမ္ဘာမှာ နံပါတ်တစ်ပါရမီရှင် ဖြစ်ရမယ်လို့ ဖန်းလျန်က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ဖန်းလျန်ဟာ သူ့ဆရာဘိုးဘိုးကို ဂုဏ်တက်စေချင်တာပါ။ မုရုံချီ၊ ရွှင်ချန်အန်းနဲ့ တစ်ခြားသူတွေကလည်း ဂျိရှင်းရှန်ကို ကြားဖူးပါတယ်။ သူတို့ဟာ ဖန်းလျန်နဲ့ ထူလင်းအားရဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါ ဂျိရှင်းရှန်ကို ပိုပြီးတော့ စိတ်ဝင်စားသွားပါတယ်။
“ကောင်းကင်အမတစံအိမ်အတွက် စိုးရိမ်စရာ မလိုတော့ဘူး၊ ဒီကပ်ဘေးကို သူတို့တွေ ကျိန်းသေပေါက် ဖြေရှင်းနိုင်လိမ့်မယ်” ထူလင်းအာဟာ မျက်လုံးမှိတ်ပြီး ပြုံးလိုက်ပါတယ်။
ဖန်းလျန်က တအံတဩ မေးလိုက်ပါတယ် “ဂျိရှင်းရှန် တစ်ယောက်တည်းနဲ့လား၊ သူတစ်ယောက်တည်းနဲ့ ကောင်းကင်အမတစံအိမ်ရဲ့ ကပ်ဘေးကို ဖြေရှင်းနိုင်မှာလား”
“ဟုတ်တယ်၊ ဘယ်သေမျိုးမှ သူ့ပြိုင်ဘက် မဟုတ်ဘူး”
“သူက ကျွန်တော်ရဲ့ ဆရာဘိုးဘိုးကို မယှဉ်နိုင်ဘူး”
“မင်းရဲ့ ဆရာဘိုးဘိုးက မြေနတ်သား မဟုတ်ဘူးလား၊ သူက သေမျိုးမှ မဟုတ်တာ”
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။