အခန်း ၁၃၃၇
Vol. 90 Ch. 1337
အခန်း (၁၃၃၇) မင်းတို့တွေက... တော်တော်လေး ကောင်းကြတာပဲ။
ယိုးချန်ကက လျှို့ဝှက်စွာ သက်ပြင်းချလိုက်ပြီးနောက် ဖားယားမြှောက်ပင့်သော လေသံဖြင့် ရယ်မောသည်။
"သခင်ကြီး..."
သို့သော် သူမ စကားမဆုံးခင်မှာပင် ရွှယ်အန်းသည် သူ့လက်သီးကို ရုတ်တရက် ဆုပ်လိုက်လေသည်။
ဝုန်း
ယိုးချန်သည် ချက်ချင်းပင် အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ပြီး အငြိုးတကြီးနှင့် မကျေမနပ်ဖြစ်နေသော စူးစူးဝါးဝါး အော်ဟစ်သံကြီးတစ်ခုသည် အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားလေသည်။
"ရွှယ်အန်း၊ နင်က သိပ်ရက်စက်တာပဲ..."
ထိုစကားများ မဆုံးခင်မှာပင် အသံသည် ပျောက်ကွယ်သွားခဲ့သည်။ ရွှယ်အန်းသည် လက်မှ ဖုန်များကို ခါလိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောသည်။
"ရက်စက်တယ် ဟုတ်လား၊ အထိန်းအကွပ်မဲ့နေတဲ့ မင်းတို့ နတ်ဆိုးတစ္ဆေတွေနဲ့ ယှဉ်ရင် ငါက ဘာမှမဟုတ်သေးပါဘူး၊ ပြီးတော့ ငါက တစ်ခုခုကို သိချင်တယ်ဆိုရင်တောင် မင်းရဲ့ ဝိညာဉ်ကို တိုက်ရိုက် ရှာဖွေလိုက်လို့ ရနေတာပဲလေ၊ ဘာလို့ မင်းကို မေးနေစရာ လိုတော့မှာလဲ"
ယိုးချန်သည် ဆက်၍ မဖြေကြားနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ နောက်ဆုံးကျန်ရစ်သော ဝိညာဉ်အစအနလေးသည်လည်း ကြေမွသွားသော အမှောင်ထုနှင့်အတူ လွင့်စင်သွားကာ ဟင်းလင်းပြင်ထဲသို့ ပြန်လည် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ရွှယ်အန်းသည် အမှတ်တမဲ့ဖြင့် လက်များကို ထပ်မံခါလိုက်ပြီး အံ့အားသင့် မှင်သက်နေကြသော လူအုပ်ကြီးကို ပြုံးယောင်သန်းလျက် ကြည့်လိုက်လေသည်။
"တောင်းပန်ပါတယ်ကွာ... ကြည့်ရတာ မင်းတို့အတွက် နတ်ဆိုးတစ္ဆေ တစ်ကောင်မှတောင် ချန်မထားခဲ့မိဘူး ဖြစ်သွားတယ်"
အိပ်မက်မှ နိုးထလာသကဲ့သို့ လူအုပ်ကြီးသည် အလောတကြီး လက်ဝှေ့ယမ်းကာ ပြောလိုက်ကြသည်။
"သခင်ကြီးက အရမ်း ယဉ်ကျေးလွန်းနေပါပြီ"
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ၊ နတ်ဆိုးတစ္ဆေတစ်ကောင် ချန်ထားခဲ့ရမယ်တဲ့လား၊ အခုဖြစ်နေတဲ့ အခြေအနေက လုံလောက်အောင် မရှုပ်ထွေးသေးဘူးလို့ သူတို့ကများ ထင်နေလို့လား...
တစ်ချိန်တည်းမှာပင်။
ကျန်းပြည်နယ် တစ်ခွင်လုံးတွင် အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
လက်ဖက်ရည်ဆိုင်တွင်မူ လက်ဖက်ရည်ရောင်းသည့် သားအဖနှစ်ယောက်သည် ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာခဲ့ကြသည်။ အထူးသဖြင့် လက်ဖက်ရည်ရောင်းသည့် ဖခင်ဖြစ်သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရွှယ်အန်း ရှိနေသည့် မြင့်မားသော ကောင်းကင်ယံဆီသို့ မရပ်မနား ဦးညွှတ် ကန်တော့နေလေသည်။
သူ့လုပ်ရပ်သည် ကျန်းပြည်နယ်ရှိ သာမန် ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုနေလေသည်။ အဘယ်ကြောင့်ဆိုသော် ဤလူများအားလုံးသည် ဤတစ်ကြိမ်တွင် သူတို့ သေချာပေါက် ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ နတ်ဆိုးတစ္ဆေများ၏ အစားအစာ ဖြစ်ရတော့မည်ဟု ထင်မှတ်ထားခဲ့ကြသောကြောင့်ဖြစ်သည်။
သို့တိုင်အောင် ကောင်းကင်ယံမှ ဆင်းသက်လာသော ဤအဖြူရောင်ဝတ် လူငယ်လေး၏ ကယ်တင်ခြင်းကို ခံလိုက်ရသောကြောင့် သူတို့သည် သဘာဝကျကျပင် ရွှယ်အန်းအပေါ် အဆုံးအစမရှိသော ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်သွားခဲ့ကြလေသည်။
ဤအချိန်၌ တပည့်များ၏ တွဲကူမှုကို ခံထားရသော ဓားကိုင်အကြီးအကဲသည် တုန်ရီနေသော ခြေလှမ်းများဖြင့် ရှေ့သို့ လှမ်းလာကာ ရိုသေလေးစားစွာဖြင့် ပြောသည်။
"ကျန်းပြည်နယ်က လူတွေကို ကိုယ်စားပြုပြီးတော့ ကယ်တင်ပေးခဲ့တဲ့အတွက် မင်ရှင်းနန်းတော်က သခင်ကြီးကို ကျေးဇူးတင်ပါတယ်"
သူ၏နောက်တွင် မင်ရှင်းနန်းတော်မှ တပည့်သုံးထောင်နှင့် ကျန်းပြည်နယ်မှ လွတ်လပ်သော ကျင့်ကြံသူများ အားလုံးသည်လည်း တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြလေသည်။
"ကယ်တင်ပေးခဲ့တဲ့အတွက် သခင်ကြီးကို ကျေးဇူးတင်ပါတယ်"
သူတို့ အသံများသည် အရပ်မျက်နှာ အနှံ့အပြားသို့ တုန်ခါပျံ့နှံ့သွားလေသည်။ ဤအချိန်လေး၌ ကောင်းကင်အောက်ရှိ ဘုန်းကျက်သရေ အားလုံးသည် ရွှယ်အန်း တစ်ဦးတည်းအပေါ်သို့ စုစည်းကျရောက်နေသကဲ့သို့ ဖြစ်နေပြီး သူ့ကို တိုက်ရိုက်ကြည့်ရှုရန်ပင် မဖြစ်နိုင်လောက်အောင် တောက်ပလွန်းနေလေသည်။
ရွှယ်အန်းသည် သူရဲကောင်းများကို အပေါ်မှ စီးမိုးကြည့်ရှုရင်း လေထဲတွင် မားမားမတ်မတ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေခဲ့ပြီး အချိန်အတော်ကြာပြီးနောက်တွင် အပြုံးလေးတစ်ခုဖြင့် ပြောသည်။
"မင်းတို့တွေ... တော်တော်လေး ကောင်းကြတာပဲ"
အကယ်၍ ဤစကားများကို အခြားသူတစ်ယောက်ယောက်က ပြောခဲ့မည်ဆိုလျှင် ထိုသူသည် အလွန်တရာ မာနထောင်လွှားလွန်းသူအဖြစ် သေချာပေါက် သတ်မှတ်ခံရမည် ဖြစ်သည်။ သို့သော် ရွှယ်အန်း ပြောလိုက်သောအခါတွင်မူ လုံးဝ သဘာဝကျနေသည့်အလား ရှိနေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှလည်း မငြင်းဆန်ဝံ့ကြပေ။
"လိုဏ်ဂူနတ်ဘုရားဘုံကြီး ခြောက်ခုက တာအိုကျင့်စဉ်တွေကို ဆက်ခံထားကြပေမယ့် ငါ မြင်တွေ့ကြားသိရသလောက်တော့ အများစုက သူတို့ရဲ့ မူလဇာစ်မြစ်ကို ဆုံးရှုံးနေကြပြီး အသေးအဖွဲ ရန်ပွဲလေးတွေ လုပ်တဲ့ အခြေအနေအထိကို ကျဆင်းနေကြပြီပဲ"
ရွှယ်အန်း၏ စကားများကို ကြားသောအခါ ဝိညာဉ်ပျော်ဝင်ခြင်းစံအိမ်၊ အချစ်ရူးအိမ်တော်၊ ကောင်းကင်ဘုံသိုင်းဂိုဏ်း၊ သဲဝါခန်းမ စသည့် ဂိုဏ်းကြီးများမှ လူများအားလုံးသည် ရှက်ရွံ့စွာဖြင့် ခေါင်းများကို ငုံ့ကာ တိတ်ဆိတ်သွားကြသည်။ ရွှယ်အန်းက ဆက်ပြောလေသည်။
"ဒါပေမဲ့ မင်းတို့ ဓားကျင့်ကြံသူတွေကတော့ မူလ ရည်ရွယ်ချက်ကို မမေ့ကြသေးဘူးပဲ၊ အစွမ်းထက်တဲ့ ရန်သူနဲ့ ရင်ဆိုင်ရရင်တောင် မင်းတို့မှာရှိသမျှ အရာအားလုံးနဲ့ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ကြတာ တကယ်ကို ချီးကျူးစရာပဲ"
ဓားကိုင်အကြီးအကဲနှင့် အခြား အကြီးအကဲ သုံးဦးတို့သည် ဆက်တိုက် တိုက်ပွဲဝင်ခဲ့ရမှုကြောင့် ခွန်အား ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သော်လည်း ရွှယ်အန်း၏ စကားကို ကြားသောအခါ သူတို့ အားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား ဝမ်းသာသည့် အမူအရာများ ပေါ်လွင်လာလေသည်။ သူတို့သည် တပည့်များ၏ တွဲကူထားမှုမှ ရုန်းထွက်ကာ နက်ရှိုင်းစွာ ဦးညွှတ်လိုက်ကြလေသည်။
"ကျေးဇူးတင်ပါတယ် သခင်ကြီး"
သူတို့အသံများမှာ တုန်ရီနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အရူးများ မဟုတ်ကြဘဲ ရွှယ်အန်း၏ စကားများ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်ထားသောကြောင့် ဖြစ်သည်။
သူသည် အခြားသော အဓိက လိုဏ်ဂူနတ်ဘုရားဘုံကြီးများ၏ တာအိုဆက်ခံမှုများအပေါ် စိတ်ပျက်နေခဲ့သည်။ ယင်းက အဓိပ္ပာယ်တစ်ခုတည်းကိုသာ ညွှန်းဆိုနေလေသည်။ ထိုအရာမှာ သူသည် ဂိုဏ်းများကို စတင်တည်ထောင်ခဲ့သော ရှေးဟောင်း ပုဂ္ဂိုလ်ကြီးများနှင့် တူညီသော ဇာစ်မြစ်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်ဟူ၍ပင်။
ဤအချိန်၌ မင်ရှင်းနန်းတော်သာမက အခြားသော လိုဏ်ဂူနတ်ဘုရားဘုံကြီး ခြောက်ခုမှ လူများသည်လည်း အမှန်တရားကို ရုတ်တရက် သဘောပေါက်သွားကြလေသည်။
သူ ဒီလောက် အစွမ်းထက်နေတာ အံ့သြစရာ မရှိတော့ဘူးပဲ၊ သူက အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုရဲ့ မူလဇာစ်မြစ်နေရာကနေ လာခဲ့တာကိုး...
ဤအချက်ကို နားလည်သွားသောအခါ လူတိုင်းသည် အလျင်အမြန်ပင် ရိုသေစွာ ဦးညွှတ်လိုက်ကြလေသည်။
ခဏတာမျှ လိုဏ်ဂူနတ်ဘုရားဘုံကြီး ခုနစ်ခုမှ အင်အားကြီး ပုဂ္ဂိုလ်များ အားလုံး ခေါင်းငုံ့နေခဲ့ကြပြီး နှင်းထက် ဖြူစင်သော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရွှယ်အန်း တစ်ဦးတည်းသာလျှင် လူ့ပြည်ဆင်းလာသော အင်မော်တယ်တစ်ပါးကဲ့သို့ မားမားမတ်မတ်နှင့် ဝင့်ကြွားစွာ ရပ်နေခဲ့လေသည်။
ဤကဲ့သို့သော မြင်ကွင်းက ခိုးကြည့်နေသော နျဲ့ရွှယ်ရှင်းကိုပင် မသိမသာ လှုပ်ရှားတုန်လှုပ်သွားစေခဲ့လေသည်။
ဒါက... စစ်မှန်တဲ့ စွမ်းအားရဲ့ အနှစ်သာရပဲလား။
ထိုအချိန်၌ ရွှယ်အန်းသည် ပြုံးယောင်သန်းလျက် ပြောသည်။
"မင်းတို့က တော်တော် ပါးနပ်ကြတာပဲ"
မည်သူတစ်ဦးတစ်ယောက်ကမျှ စကားမဟဝံ့ကြချေ။ ရွှယ်အန်းက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောသည်။
"မင်းတို့က ဓားကျင့်ကြံသူတွေဆိုတော့ ငါ မင်းတို့ကို အကူအညီနည်းနည်း ပေးလိုက်မယ်"
အကူအညီ ပေးမယ်၊ ဘာကို ဆိုလိုတာလဲ။
လူအုပ်ကြီးမှာ ဝေခွဲမရ ဖြစ်သွားကြလေသည်။ သို့သော် ရွှယ်အန်းက ခြေကို ရုတ်တရက် ဆောင့်နင်းလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရပြီး တုန်ခါနေသော ဟင်းလင်းပြင်ကြီးထဲမှ မရေမတွက်နိုင်သော ဓားအလင်းတန်းများ ရုတ်ချည်း ထွက်ပေါ်လာလေသည်။
ထို့အပြင် ပြင်းထန်အားကောင်းလှသော ဓားဆန္ဒတစ်ခုသည် ကောင်းကင်တစ်ခွင်လုံးကိုပင် ဖုံးလွှမ်းသွားပြီး ကျန်းပြည်နယ်သို့ ဆင်းသက်လာလေသည်။
ဓားကျင့်ကြံသူများ အားလုံးသည် ကောင်းကင်ယံသို့ ကြောင်အမ်းအမ်းဖြင့် မော့ကြည့်နေမိကြပြီး အချို့မှာ တစ်ကိုယ်လုံးပင် တုန်ရီနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤဓားဆန္ဒ၏ စွမ်းအားသည် သူတို့၏ စိတ်ကူးဉာဏ်ဖြင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် အစွမ်းထက်နေသောကြောင့်ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် ရွှယ်အန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ပေါင်းစည်းလိုက်စမ်း..."
သူ၏ အမိန့်အောက်တွင်...
ကောင်းကင်ယံရှိ လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ဓားအလင်းတန်းများသည် အလွန်ပြင်းထန်စွာ စုစည်းသွားကာ မျက်စိကျိန်းမတတ် တောက်ပလှသော ဓားအလင်းရောင် အစုအဝေးကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သို့သော် ဤအရာက အဓိကအချက် မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ပြင်းထန်အားကောင်းသော ဓားဆန္ဒကြီးသည် အလွန်အမင်း မြန်ဆန်လှသော နှုန်းထားဖြင့် မြင့်တက်လာနေခြင်းပင် ဖြစ်သည်။
လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် ဤဓားဆန္ဒ၏ ကြီးထွားလာမှုနှုန်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လွန်းနေပြီး အဆုံးအစမရှိသကဲ့သို့ ဖြစ်နေကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ၎င်းသည် ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးသို့ ပျံ့နှံ့ ဖုံးလွှမ်းသွားခဲ့သောကြောင့် ဖြစ်သည်။
တိမ်ပင်လယ်ကြီးတစ်ခုကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး အကြွင်းမဲ့ အစွမ်းထက်လွန်းလှသော ဤဓားဆန္ဒကြီးကို ရင်ဆိုင်လိုက်ရသောအခါ များစွာသော ဓားကျင့်ကြံသူများသည် မနေနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြလေသည်။
ဤသည်မှာ အရှုံးပေးလိုက်ခြင်း မဟုတ်ဘဲ အမှန်တကယ် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးအပေါ် ရိုသေလေးစားမှုကြောင့် ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။
ထိုအချိန်မှာပင် ရွှယ်အန်းသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး တစ်စုံတစ်ခုကို ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်ကာ ပြုံးစစဖြင့် ပြောသည်။
"ကဲ... ငါ့ရဲ့ဓားကို ကြည့်လိုက်ကြစမ်း"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်း၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားပြီး ကောင်းကင်တစ်ခွင် အပြည့် ဖြန့်ကျက်ထားသော ဧရာမ ဓားကြီးသည် မိုးကြိုးပစ်ချလိုက်သည့် အဟုန်ဖြင့် အောက်သို့ ခုတ်ချလိုက်လေသည်။
ဤအချိန်၌ အရာအားလုံးသည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင်ပင် ဖြစ်သွားရသည်။ လောကကြီးထဲရှိ အရာအားလုံး ဖယ်ရှားခံလိုက်ရပြီး ဤဓားအလင်းတန်း တစ်ခုတည်းသာ ကျန်ရှိနေသကဲ့သို့ထင်ရသည်။
မည်သူကမျှ ရှောင်တိမ်းရန် မကြိုးစားခဲ့ကြပေ။ အမှန်တွင် လူများသည် ခုခံလိုစိတ်များပင် ပျောက်ဆုံးနေခဲ့ကြပြီဖြစ်သည်။
လူများစွာသည် မျက်စိကို မှိတ်ထားလိုက်ကြပြီး နောက်ဆုံး စီရင်ချက်ချမည့်အချိန်ကို စောင့်ဆိုင်းနေကြသကဲ့သို့ ရှိနေလေသည်။
ဝုန်း
ဓားအလင်းတန်း ခုတ်ချလိုက်သည်နှင့် မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး ဖုန်မှုန့်များ ထောင်းထောင်းထလွင့်စင်လာကာ ဓားကျင့်ကြံသူများ အားလုံးကို ဖုံးကွယ်သွားစေလေသည်။
အချိန်အတော်ကြာပြီးနောက်တွင် လူများစွာသည် သူတို့၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ကြသည်။
သေ... သေကုန်ကြပြီလား...
သို့သော် ထိုအချိန်မှာပင် ဖုန်မှုန့်များကြားမှ မရေမတွက်နိုင်သော ဓားဆန္ဒများသည် ကောင်းကင်ယံသို့ ထိုးတက်လာပြီး သူတို့ကို ဖုံးကွယ်ထားသော အရာအားလုံးကို ချက်ချင်းပင် အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်လေသည်။
ထိုဓားကျင့်ကြံသူများ လူတိုင်းရှေ့တွင် ပြန်လည် ထွက်ပေါ်လာသောအခါ သူတို့သည် ယခင်နှင့် လုံးဝ မတူညီတော့ချေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ဓားနှလုံးသားများသည် လုံးဝ ပျက်စီးကြေမွသွားခဲ့ပြီ ဖြစ်သောကြောင့် ဤဓားကျင့်ကြံသူများသည် ဓားတာအို လမ်းစဉ်တွင် ဆက်လက် လျှောက်လှမ်းရန် အရည်အချင်းများ အမှန်တကယ် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ကာ အသက်ရှင်နိုင်ဦးမည်လား ဆိုသည်ကပင် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သောကြောင့်ဖြစ်သည်။
ဓားကိုင်အကြီးအကဲကဲ့သို့သော သူများမှာလည်း သူတို့၏ ကျင့်ကြံခြင်း အဆင့်များ လောင်ကျွမ်းသွားခဲ့သောကြောင့် ပို၍ပင် အားနည်းသွားခဲ့ကြလေသည်။
မထင်မှတ်ထားသော အရာများသာ မဖြစ်ပေါ်လာခဲ့လျှင် မင်ရှင်းနန်းတော်သည် မည်သည့်အခါမျှ ပြန်လည် နာလန်ထနိုင်တော့မည် မဟုတ်ဘဲ အပြီးတိုင် ပျောက်ကွယ်သွားနိုင်သည်ဟုပင် ပြော၍ရပေမည်။ သို့သော် ရွှယ်အန်း၏ ထိုဓားအောက်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
ဓားအလင်းတန်းက သူတို့ထံသို့ ရောက်ရှိလာသည်နှင့် ဓားကျင့်ကြံသူများ အားလုံးသည် စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြွယ်ဝလှသော ဓားဆန္ဒကြီး တစ်ခု သူတို့၏ ခန္ဓာကိုယ်များထဲသို့ ပေါက်ကွဲဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူတို့၏ ကြေမွပျက်စီးနေသော ဓားနှလုံးသားများကို ချက်ချင်း ပြန်လည် ပြုပြင်ပေးလိုက်ရုံသာမက သူတို့၏ အဆင့်များကိုပါ အဆင့်တစ်ဆင့်ထက်ပို၍ မြှင့်တင်ပေးသည်။
ဓားကိုင်အကြီးအကဲကဲ့သို့သော သူများအတွက်မူကား အကျိုးကျေးဇူးများက ပို၍ပင် ကြီးမားလှပေသည်။ မူလက သူတို့၏ ကျင့်ကြံခြင်း အဆင့်များသည် အဆုံးစွန်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သော်လည်း သူတို့၏ ပါရမီ ကန့်သတ်ချက်များကြောင့် သူတို့၏ တစ်သက်တာတွင် အဆင့်ချိုးဖောက် ကျော်လွန်နိုင်ရန် မျှော်လင့်နိုင်တော့မည် မဟုတ်ပေ။
သို့တိုင်အောင် ရွှယ်အန်းထံမှ ကြီးမားကျယ်ပြန့်သော ဓားဆန္ဒကြီး သူတို့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ သူတို့သည် ထိုကန့်သတ်ချက် တံခါးပေါက်ကို အလွယ်တကူပင် ကျော်ဖြတ်သွားနိုင်ခဲ့ပြီး ပိုမိုကျယ်ပြန့်သော လောကသစ်တစ်ခုဆီသို့ ရောက်ရှိသွားကြလေတော့သည်။
ယခုအခါ ဓားကိုင်အကြီးအကဲ ဦးဆောင်သော ဓားကျင့်ကြံသူ အားလုံးသည် သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်ကြပြီး သူတို့၏ နဖူးပြင်များရှေ့တွင် ဓားအလင်းတန်းများ လင်းလက်သွားကာ မြေပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်ကြသည်။
"ဓားကျင့်ကြံသူ တပည့်များဖြစ်ကြတဲ့ ကျွန်တော်တို့အားလုံး... အရှင်မြတ်ရဲ့ ရက်ရောတဲ့ ကူညီစောင်မမှုအတွက် ကျေးဇူးတင်ပါတယ်”
--