အခန်း ၁၃၃၈
Vol. 90 Ch. 1338
အခန်း (၁၃၃၈) ဓားတစ်သောင်း သန့်စင်ခြင်း၊ ရှောင်ရွေ့၏ အကူအညီတောင်းခံမှု
အသံကြီးက ကောင်းကင်ယံကို တုန်လှုပ်သွားစေပြီး ကျန်းပြည်နယ် တစ်ခုလုံးလည်း အနည်းငယ် တုန်ခါသွားလေသည်။ထိုကဲ့သို့သော အရှိန်အဟုန်က အခြားသော လိုဏ်ဂူနတ်ဘုရားဘုံကြီး ခြောက်ခုမှ လူများကိုလည်း ရင်တထိတ်ထိတ်ဖြစ်ကာ စိတ်ဝိညာဉ်များ တုန်လှုပ်သွားစေပြီး လေထဲတွင် လက်နောက်ပစ်ကာ ရပ်နေသော အဖြူရောင်ဝတ် လူငယ်လေးထံသို့ သူတို့အားလုံး မနေနိုင်ဘဲ ခေါင်းမော့ကြည့်လိုက်မိကြရာ သူတို့၏ မျက်လုံးများထဲတွင် ရိုသေလေးစားမှုများ ပြည့်နှက်နေလေသည်။
တစ်ချိန်က ရွှယ်အန်းသည် တာအိုဓားပြိုင်ပွဲတွင် ပထမနေရာကို လုယူမည်ဟု ကြေညာခဲ့စဉ်က မည်သူကမျှ သူ့ကို မယုံကြည်ခဲ့ကြဘဲ အိပ်မက်မက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေသည်ဟု ထင်မှတ်ကာ ဝိုင်းဝန်း လှောင်ပြောင် ရယ်မောခဲ့ကြလေသည်။
သို့သော် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရွှယ်အန်းက နတ်ဆိုးဧကရီကို တစ်ကိုယ်တော် အမြစ်ပြတ် ချေမှုန်းပစ်ခဲ့ပြီး ဓားတစ်ချက်တည်းဖြင့် ကျင့်ကြံသူအုပ်ကြီးကို ခေါင်းငုံ့သွားစေခဲ့သောအခါ လူများစွာသည် ထိုပထမနေရာ ဆိုသည်မှာ အရေးမကြီးတော့ကြောင်း ရုတ်တရက် ခံစားလိုက်ကြရသည်။
အဘယ်ကြောင့်ဆိုသော် ဤလူငယ်လေးသည် သာမန်လူများ၏ စိတ်ကူးဉာဏ် နယ်ပယ်ကို အလွယ်တကူ ကျော်လွန်သွားခဲ့ပြီဖြစ်ရာ သူ၏ စွမ်းအားကို သာမန် အဆင့်သတ်မှတ်ချက်များဖြင့် ဖော်ပြ၍ မရနိုင်တော့သောကြောင့်ပင် ဖြစ်သည်။
ဤအချိန်၌ ရွှယ်အန်းသည် လက်ကို မြှောက်လိုက်ပြီး သူ၏ လက်ဝါးကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။
သူ၏ လက်ဖဝါးဗဟိုတွင် သေးငယ်သော်လည်း မပြည့်စုံသော ဓားလေးတစ်လက် ရှိနေသည်။ ထိုဓားကို မြင်သောအခါ မင်ရှင်းနန်းတော်မှ လူတိုင်းသည် အံ့အားသင့်ကာ အသက်ရှူမှားသွားကြလေသည်။
"ဒါ အကြီးအကဲ ရှီကျန်းရဲ့ ဓားဆန္ဒပဲ"
"အကြီးအကဲ ရှီကျန်း မသေသေးဘူး"
အံ့သြတကြီး အော်ဟစ်သံများနှင့်အတူ ထင်ကျန်းနှင့် အခြား အကြီးအကဲများသည်လည်း စိတ်လှုပ်ရှားမှုများကြောင့် လွှမ်းမိုးသွားခြင်း ခံလိုက်ရလေသည်။ ရွှယ်အန်းက ပြုံးယောင်သန်းလျက် ပြောသည်။
"ခုနက ငါ ဒီဓားကွက်ကို ထုတ်သုံးလိုက်တဲ့အချိန်မှာ ကောင်းကင်ယံမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ဒီဓားဆန္ဒကို ရုတ်တရက် အာရုံခံမိလိုက်လို့ ဖမ်းယူထားလိုက်တာ၊ ကြည့်ရတာ ဒါကလည်း မင်းတို့ မင်ရှင်းနန်းတော်က လူတစ်ယောက်ယောက်ရဲ့အရာ ဖြစ်ရမယ်"
ထင်းကျန်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်၊ ဒါက ကျွန်တော့်ရဲ့ ပဉ္စမညီတော် အကြီးအကဲရဲ့ ဓားဆန္ဒပါ၊ အရင်က နတ်ဆိုးတစ္ဆေကို ချေမှုန်းဖို့ သူကိုယ်သူ အလိုအလျောက် ပေါက်ကွဲပြီး အသေခံသွားခဲ့တာပါ"
"အိုး... တော်တော်လေးကို သစ္စာရှိတဲ့ စတေးမှုပဲ"
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောသည်။
"သခင်ကြီး... သူ့ကို အသက်ပြန်ရှင်လာအောင် လုပ်ပေးလို့ရမယ့် နည်းလမ်းများ ရှိနိုင်မလား"
ထင်ကျန်းက မျှော်လင့်ချက် အပြည့်ပါသော အမူအရာဖြင့် ရွှယ်အန်းကို ကြည့်သည်။ ကြည့်ရှုနေကြသော အခြားသူများ၏ ရင်ထဲတွင်လည်း မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာကြလေသည်။
မည်သို့ပင်ဆိုစေကာမူ ရွှယ်အန်းသည် လူတိုင်းကို အံ့အားသင့်စရာများစွာ ပေးစွမ်းခဲ့ပြီးဖြစ်သည် မဟုတ်ပါလား။ ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"မျှော်လင့်ချက် မရှိတော့ဘူး၊ သူ့ရဲ့ ရုပ်ခန္ဓာက လုံးဝ ကြေမွသွားခဲ့ပြီ၊ ဒီကျန်ရစ်နေတဲ့ ဓားဆန္ဒကတောင် မပြည့်စုံတော့တဲ့အတွက် သူ့ကို အသက်ပြန်ရှင်လာအောင် လုပ်ဖို့ နည်းလမ်းမရှိတော့ဘူး"
ရွှယ်အန်း ဤသို့ပြောသည်ကို ကြားသောအခါ မျှော်လင့်ချက် အပြည့်ရှိနေခဲ့သော ထင်းကျန်းနှင့် အခြားသူများသည် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ပေါ်လွင်လာလေသည်။
"ဒါပေမဲ့..."
ရွှယ်အန်းသည် မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်သည်။
"သူ့ရဲ့ ရုပ်ခန္ဓာကို ပြန်လည်မရရှိနိုင်တော့ပေမယ့် သူ့ကို ဓားတစ်လက်အနေနဲ့ ပြန်လည် သွန်းလုပ်ပေးလို့တော့ ရတယ်၊ ဒီနည်းနဲ့ဆိုရင် သူက သွယ်ဝိုက်တဲ့နည်းနဲ့ အသက်ပြန်ရှင်လာတယ်လို့ ပြောလို့ရတာပေါ့၊ မင်းတို့ ဘယ်လိုထင်လဲ"
ထင်းကျန်းနှင့် အခြားသူများသည် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် မဆိုင်းမတွပင် ခေါင်းညိတ်လိုက်ကြသည်။
"သခင်ကြီး... ကျွန်တော့်ရဲ့ ပဉ္စမညီတော်က သူ့အသက်ထက် ဓားတွေကို အမြဲပိုပြီး တန်ဖိုးထားခဲ့တာပါ၊ သူသာ ဓားတစ်လက်နဲ့ တစ်သားတည်း ဖြစ်သွားနိုင်မယ်ဆိုရင် သူ သေချာပေါက် ကျေနပ်မှာပါ"
ထင်ကျန်းက ပြောသည်။ ရွှယ်အန်းလည်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် မပြည့်စုံသော ဓားငယ်လေးသည် မင်ရှင်းနန်းတော်၏ ကောင်းကင်ယံအထက်တွင် ဝဲပျံကာ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းကို ငါ အခွင့်အရေး တစ်ခုပေးမယ်၊ အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာကတော့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တော့တယ်"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် သူ၏ လက်ကို မြှောက်ကာ မျက်ခုံးအနည်းငယ် ပင့်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ဓားတစ်သောင်း သန့်စင်ခြင်း... အရိုးမှတစ်ဖန် ပြန်လည်မွေးဖွားခြင်း"
ရွှယ်အန်း အမိန့်ပေးလိုက်သည်နှင့် မင်ရှင်းနန်းတော် တစ်ခုလုံးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် မင်ရှင်းနန်းတော် အတွင်းမှ မရေမတွက်နိုင်သော ဓားများသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်အထိ များပြားလှသော အရေအတွက်ဖြင့် ပျံတက်လာကြလေသည်။ လူတိုင်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြလေသည်။
"ဒါတွေ အားလုံးက ဓားဝှက်ဆောင်နဲ့ ဓားသင်္ချိုင်းထဲက ဓားတွေပဲ"
ဓားထိန်းအကြီးအကဲက စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေကာ အံ့အားသင့်စွာ အော်ဟစ်လိုက်လေသည်။ မင်ရှင်းနန်းတော်သည် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ဓားကျင့်ကြံသူ ဂိုဏ်းတစ်ခု ဖြစ်သည့်အလျောက် မရေမတွက်နိုင်သော အဖိုးတန် ဓားများကို သဘာဝကျကျပင် စုဆောင်းထားခဲ့ကြောင်း သိထားရပေမည်။ ထို့အပြင် ဓားများစွာသည် ၎င်းတို့၏ ပိုင်ရှင်များ သေဆုံးသွားမှုကြောင့် ဝိညာဉ် ဆုံးရှုံးသွားခဲ့ပြီး ဓားသင်္ချိုင်းအတွင်းတွင် မြှုပ်နှံထားခြင်း ခံခဲ့ရသည်။
ထို့ကြောင့် ဤဓားများကို မြင်တွေ့လိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့်ခြင်းကို မထိန်းချုပ်နိုင်ခဲ့ကြပေ။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ဓားများသည် သံမဏိ ရေစီးကြောင်းကြီး တစ်ခုအဖြစ် ပေါင်းစည်းသွားကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဟင်းလင်းပြင်အထက်ရှိ အထီးကျန် ဓားငယ်လေးထံသို့ တဟုန်ထိုး ပြေးဝင်သွားကြလေသည်။
ဒိုင်း!
၎င်းတို့နှစ်ခု ဆုံတွေ့သွားသောအခါ တုံးတိတိ အသံကြီး ထွက်ပေါ်လာပြီးနောက် ဓားငယ်လေးသည် အဆုံးအစမရှိသော ဓားအစုအဝေးကြီး အောက်တွင် လျင်မြန်စွာ နစ်မြုပ်သွားလေတော့သည်။
လောကကြီးမှာ အလွန် တိတ်ဆိတ်သွားပြီး ဓားများအတွင်းမှ သတ္တုချင်း ထိခိုက်သံများကိုသာ ကြားနေရသည်။
ထင်းကျန်းနှင့် အခြားသူများမှာ လက်ဖဝါးများတွင် ချွေးများပြန်လျက် မျက်လုံးများ ပြူးကျယ်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
အချိန်များသည် စက္ကန့်နှင့်အမျှ ကုန်လွန်သွားခဲ့သည်။ ဓားများဖြင့် ဖွဲ့စည်းထားသော သံမဏိ ရေစီးကြောင်းကြီးသည် အရူးအမူး လူးလွန့်နေသော်လည်း အထီးကျန် ဓားငယ်လေး၏ အရိပ်အယောင်ကိုမူ မည်သည့်နေရာတွင်မျှ မတွေ့ရချေ။
ရွှယ်အန်းသည် စကားမပြောဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
အဘယ်ကြောင့်ဆိုသော် သူက အခွင့်အရေး တစ်ခုသာ ဖန်တီးပေးနိုင်ပြီး အောင်မြင်သည် မအောင်မြင်သည်မှာ အကြီးအကဲ ရှီကျန်း၏ ကံကြမ္မာပေါ်တွင်သာ မူတည်သည်ဟု သူ ပြောခဲ့ပြီးဖြစ်သောကြောင့်ပင်။
ထိုအချိန်မှာပင် ထင်းကျန်းနှင့် အခြားသူများ၏ မျက်နှာများ ရုတ်တရက် ဖြူလျော့သွားကြပြီး မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် အော်ဟစ်ကြသည်။
"ပဉ္စမလေး"
အဘယ်ကြောင့်ဆိုသော် သူတို့၏ အာရုံခံစားမှုထဲတွင် အကြီးအကဲ ရှီကျန်းနှင့် သက်ဆိုင်သော ဓားဆန္ဒသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သောကြောင့် ဖြစ်သည်။ ဤအရာက ဘာကိုဆိုလိုသနည်း ဆိုသည်မှာ သဘာဝကျကျပင် ရှင်းလင်းနေလေသည်။
မင်ရှင်းနန်းတော်မှ လူတိုင်း၏ မျက်နှာအမူအရာများ ညှိုးနွမ်းသွားကြသည်။
နျဲ့ရွှယ်ရှင်းဆိုလျှင် သူမပါးစပ်ကို အုပ်ကာ တိတ်တဆိတ် ရှိုက်ငိုနေသည်။
သို့သော် ထိုအချိန်လေးမှာပင် ရွှယ်အန်း၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး ကောင်းကင်ယံသို့ ထိုးတက်နေသော သံမဏိ ရေစီးကြောင်းကြီးကို မော့ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
"ပျက်စီးသွားပြီးမှ ပြန်လည် အသက်ဝင်လာတာပဲ၊ မင်းရဲ့ ပါရမီက တကယ်ကို အထင်ကြီးစရာပဲ၊ ဒီလိုဆိုမှတော့ မင်းကို နောက်တစ်ကြိမ် ထပ်ကူညီပေးလိုက်ပါဦးမယ်"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ သံမဏိ ရေစီးကြောင်းကြီးပေါ်သို့ တိုက်ရိုက် ဖိချသည်။
ချောက်!
ပေါ့ပါးသော အသံလေးတစ်ခုနှင့်အတူ သံမဏိ ရေစီးကြောင်းကြီးသည် ရပ်တန့်သွားသကဲ့သို့ ရုတ်တရက် ငြိမ်သက်သွားလေသည်။ ထို့နောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ၎င်းသည် မျက်တောင်တစ်ခတ်အတွင်း ပြိုကွဲသွားပြီး ပါဝင်သော ဓားများအားလုံးသည်လည်း မလွတ်မြောက်နိုင်ဘဲ အမှုန့်များအဖြစ် ပြောင်းလဲသွားကြလေတော့သည်။
ထောင်းထောင်းထနေသော ဖုန်မှုန့်များကြားတွင် အလွန် အစွမ်းထက်သော ဓားဆန္ဒတစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဓားအမှုန့်အမွှား အားလုံးကို လျင်မြန်စွာ ဖယ်ရှားပစ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အဆုံးအစမရှိသော ဓားအမှုန့်များသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော နှုန်းထားဖြင့် ပြိုကျလာကာ စတင် စုစည်းသွားကြသည်။
တစ်ခဏအတွင်းမှာပင်။
တောက်ပသော ဓားဆန္ဒများ ဖြာထွက်နေသည့် အထီးကျန် ဓားငယ်လေး တစ်လက်သည် ဓားအမှုန့်များ၏ အလယ်ဗဟိုတွင် ထွက်ပေါ်လာသည်။ ဤဓားကို မြင်သောအခါ ဓားကျင့်ကြံသူများနှင့် အခြားသူများ အားလုံးသည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြလေသည်။
သူတို့သည် ထိုရင်းနှီးနေသော ဓားဆန္ဒကို သဘာဝကျကျ အာရုံခံမိလိုက်ကြသော်လည်း သူတို့ကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ ဤဓားဆန္ဒသည် ယခင်ကထက် နှစ်ဆကျော် ပိုမို အစွမ်းထက်နေခြင်းပင် ဖြစ်သည်။ ၎င်းသည် လုံးဝ အသွင်ပြောင်းသွားသည့်အလား ရှိနေသည်။
ထိုအချိန်မှာပင် အထီးကျန် ဓားငယ်လေးသည် ရွှယ်အန်းထံသို့ ချက်ချင်း တဟုန်ထိုး ပြေးဝင်သွားလေသည်။ မည်သူကမျှ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ၎င်းသည် ရပ်တန့်သွားခဲ့ပြီးနောက် လူတစ်ယောက်၏ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူသညါတော့ ကိုယ်တိုင် အလိုအလျောက် ပေါက်ကွဲကာ သေဆုံးသွားခဲ့သော အကြီးအကဲ ရှီကျန်းပင်ဖြစ်သည်။
သူက စိတ်လှုပ်ရှားနေပုံရပြီး သူ၏ ကျေးဇူးတင်မှုကို ဖော်ပြရန် ရွှယ်အန်း၏ရှေ့တွင် ရိုသေလေးစားစွာ ဒူးထောက်လိုက်လေသည်။
"ကျွန်တော့်ကို အသက်ပြန်ရှင်လာအောင် ကျေးဇူးပြုပေးခဲ့တဲ့ သခင်ကြီးကို ကျေးဇူးတင်ပါတယ်"
ရွှယ်အန်းက တည်ငြိမ်စွာ လက်ခံလိုက်သည်။
"ထပါ၊ ဒါက မင်းရဲ့ ကိုယ်ပိုင် ကံကြမ္မာလည်း ဖြစ်တယ်၊ အခု မင်းက ဓားတစ်သောင်းတည်ရှိမှု တစ်ခုဖြစ်သွားပြီဆိုတော့ အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် မင်း ကိုယ်ပိုင်လမ်းစဉ်တစ်ခုကို ဖန်တီးနိုင်မှာပါ"
ရွှယ်အန်း စကားကို ကြားသောအခါ ရှီကျန်း၏ မျက်လုံးများသည် ပြင်းထန်သော စိတ်အားထက်သန်မှုများဖြင့် ရုတ်တရက် တောက်ပသွားသည်။
ဓားများအပေါ်တွင် ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိသော စိတ်အားထက်သန်မှု ရှိသူ သူ့အတွက်မူကား သူ့ရုပ်ခန္ဓာ ပျက်စီးသွားခြင်းသည် အမှန်တကယ်တွင် အရေးပါသော အရာတစ်ခု မဟုတ်ချေ။ အမှန်တကယ်ပြောရလျှင် သူ့ ပါရမီ ကန့်သတ်ချက်များကြောင့် သူသာ ရုပ်ခန္ဓာအဖြစ် ဆက်လက် တည်ရှိနေပါက နောက်ထပ် တိုးတက်ရန် နေရာများစွာ ကျန်ရှိတော့မည် မဟုတ်ပေ။
သို့သော် ယခုအခါ သူသည် ဓားတစ်သောင်းတည်ရှိမှု တစ်ခုဖြစ်လာပြီဖြစ်ရာ ကြီးထွားလာရန် လမ်းစဉ်သည် မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများဖြင့် ရုတ်တရက် ပွင့်အန်လာခဲ့ပြီဖြစ်၍ သူ မည်သို့များ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
"ဟုတ်ကဲ့ပါ သခင်ကြီး... အနာဂတ်မှာ သခင်ကြီး အမိန့်တစ်ခုခု ရှိမယ်ဆိုရင် ရှီကျန်းက အသက်ကို ပေးဆပ်ပြီး အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်"
ရှီကျန်းက လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ ရွှယ်အန်းက ပြုံးလိုက်ပြီး စကားပြောရန်ပြင်ချိန် ရုတ်တရက် သူ၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းတစ်ချက် လင်းလက်သွားပြီးနောက် ခေါင်းကို လျင်မြန်စွာ လှည့်ကာ နေရာတစ်နေရာဆီသို့ စိုက်ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ် ပတ်လည်မှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာလေသည်။
"ရှောင်ရွေ့လား"
"သခင်ကြီး... ဘာဖြစ်လို့လဲ"
ရှီကျန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အလျင်အမြန် မေးလိုက်လေသည်။
ရွှယ်အန်းသည် ပွက်ပွက်ဆူနေသော သတ်ဖြတ်လိုစိတ်များဖြင့် ဝန်းရံခံထားရပြီး သူ၏ မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်အေးစက်နေလေသည်။
"ငါ့ သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်နေတယ်"
ယခုလေးတင် ရွှယ်အန်းသည် ဝိညာဉ်အဆင့်မှ အကူအညီတောင်းခံသည့် အော်ဟစ်သံ တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ခြင်း ဖြစ်သည်။ ဤအကူအညီတောင်းခံမှုက အလွန် ရိုးရှင်းပြီး စကားလုံး အနည်းငယ်သာ ဖြစ်သည်။
အစ်ကိုကြီး... သမီးကို ကယ်ပါဦး...
သို့သော် ၎င်းတွင် ကပ်ပါလာသော အရှိန်အဝါက အလွန် ရင်းနှီးနေပြီး ရွှယ်အန်းက ချက်ချင်းပင် မှတ်မိသွားသည်။ ၎င်းမှာ နတ်ဆိုးချိတ်ပိတ်မြို့မှ ကောင်မလေး ချန်းရှီရွေ့ပင် ဖြစ်လေသည်။
အမှန်တတော့ ရွှယ်အန်း နတ်ဘုရားအာရုံသာ အလွန် အစွမ်းမထက်ခဲ့ပါက ဤမျှ မှေးမှိန်သော ဝိညာဉ် တုန်ခါမှုကို သူ သတိပြုမိနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော တုန်ခါမှုမျိုးသည် မျှော်လင့်ချက် ကင်းမဲ့လုနီးပါး ဖြစ်နေသော သာမန်လူ တစ်ယောက်ထံမှသာ ထွက်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။
ထိုစကားလုံး အနည်းငယ်ထဲတွင် ပါဝင်နေသော အကြောက်တရားသည် အလွန် သိသာထင်ရှားနေလေသည်။
ကောင်မလေး ဘာတွေနဲ့ ရင်ဆိုင်နေရသနည်းဆိုသည်ကို မှန်းဆဖို့ မခက်ခဲပေ။ သို့သော် ထူးဆန်းသည်မှာ နတ်ဆိုးချိတ်ပိတ်မြို့တွင် ရွှယ်အန်း အထူးတလည် ချန်ထားခဲ့သော အဆောင်မန္တန်မှာ အနည်းငယ်မျှပင် ပွင့်အန်လာခြင်း မရှိခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် မည်သို့ပင်ဖြစ်စေ နတ်ဆိုးချိတ်ပိတ်မြို့တွင် တစ်စုံတစ်ခု အမှန်တကယ် မှားယွင်းနေပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ရွှယ်အန်း စကားကို ကြားသောအခါ ရှီကျန်း၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာပြီး အံ့ကြိတ်ကာ ပြောလိုက်လေသည်။
"သခင်ကြီး... အဲ့ဒီလူက ဘယ်သူလဲဆိုတာကိုသာ ပြောပြပါ၊ ကျွန်တော် အခုချက်ချင်း သွားပြီး အဲ့ဒီလူယုတ်မာရဲ့ ခေါင်းကို ဖြတ်ယူလာခဲ့ပါ့မယ်"
မင်ရှင်းနန်းတော်မှ အကြီးအကဲများ အပါအဝင် ဓားကျင့်ကြံသူများနှင့် လိုဏ်ဂူနတ်ဘုရားဘုံကြီး အသီးသီးမှ လူများသည်လည်း မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြပြီး အားလုံးသည် ကောင်းကင်ယံသို့ ပျံတက်လာကြလေသည်။
"ဟုတ်ပါတယ် သခင်ကြီး... ကျွန်တော်တို့ကိုသာ အမိန့်ပေးပါ၊ ရန်သူက ဘယ်သူပဲဖြစ်ဖြစ် အားလုံးကို သုတ်သင်ပစ်ပါ့မယ်"
ဓားကျင့်ကြံသူများက ဝင်ရောက်အော်ဟစ်ကြသည်။
"ဟုတ်ပါတယ်... ကျွန်တော်တို့ကို အမိန့်ပေးပါ သခင်ကြီး"
အဓိက လိုဏ်ဂူနတ်ဘုရားဘုံကြီးများမှ လူများအားလုံးသည် သူတို့၏ ရပ်တည်ချက်ကို ဖော်ပြလိုက်ကြလေသည်။ ရွှယ်အန်းက အခြေအနေကို အကဲခတ်ကြည့်လိုက်ပြီးနောက် မျက်လုံးကို ကျဉ်းကာ ဩရှရှ အသံဖြင့် ပြောသည်။
"ကောင်းပြီ... ဒါဆိုရင်လည်း ငါ့နောက်ကို လိုက်ခဲ့ကြ"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားလေသည်။
သူ၏နောက်တွင်ကား မရေမတွက်နိုင်သော တောက်ပသည့် အလင်းတန်းများသည် ကောင်းကင်သို့ ထိုးတက်လာကြပြီး ကြောက်မက်ဖွယ်ကောင်းသော ရေစီးကြောင်းကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ နောက်မှ ကပ်လျက်လိုက်ပါရင်း ကောင်းကင်ကို ဖြတ်သန်းသွားကြလေတော့သည်။
--