အခန်း ၁၃၄၃
Vol. 90 Ch. 1343
အခန်း (၁၃၄၃) တရားစီရင်မည့်နေ့
ဤမေးခွန်းများကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားရသည်။ လူများစွာ၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာပြီး သူတို့၏ ရင်ခုန်သံများပင် ရပ်တန့်လုမတတ် ဖြစ်သွားကြလေသည်။
သာမန်မြို့ငယ်လေး တစ်မြို့အတွက်နဲ့ ဒီလောက်တောင် ခမ်းနားကြီးကျယ်တဲ့ ပြကွက်ကြီးကို လုပ်ပြနေတာလား...
ဤအရာက သာမန်ပြည်သူများကို တန်ဖိုးမရှိသူများအဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့ကြသော ကျင်းနိုင်ငံမှ အထက်တန်းလွှာများကို လုံးဝ ဆွံ့အမင်သက်သွားစေခဲ့လေသည်။
ချင်းမို့သည် တစ္ဆေဘုရင်အပေါ် ရွှယ်အန်း၏ မလေးမစားပြုမှုကို လျစ်လျူရှုလိုက်ပြီး အကြောက်တရားဖြင့် တံတွေးကို မျိုချကာ ပြောသည်။
"ဟုတ်... ဟုတ်ပါတယ်၊ တစ္ဆေဘုရင်ရဲ့ အမိန့်ကြောင့်သာ ကျွန်တော်တို့ ဒီလို လုပ်ခဲ့ရတာပါ၊ ပြီးတော့ မင်းက..."
သူက ရွှယ်အန်းသည် မည်သူမည်ဝါဖြစ်ပြီး မည်သည့်အရာကို အတိအကျ လုပ်ဆောင်ရန် ရည်ရွယ်ထားသနည်း ဆိုသည်ကို မေးမြန်းရန် ပြင်လိုက်ခြင်း ဖြစ်သည်။ သို့သော် ရွှယ်အန်းက သူ့ကို ဆက်ပြောရန် အခွင့်အရေးမပေးပဲ တည်ငြိမ်စွာပင် ပြောလာသည်။
"ကောင်းပြီလေ... ဒါဆိုရင် မင်းတို့ ဖမ်းသွားတဲ့ ကောင်မလေးက အခု ဘယ်မှာလဲ ဆိုတာကို ပြောစမ်းပါဦး"
"ကောင်မလေးလား"
ချင်းမို့၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်သွားပြီး သူ့မျက်နှာသည် တဖြည်းဖြည်း ဖြူလျော့သွားရသည်။
"ဟမ်"
ရွှယ်အန်းသည် သူ့လက်ချောင်းများကို ကစားနေပြီး ခေါင်းပင် မမော့ဘဲ ထပ်ပြောသည်။
"ငါ့ကို ကျေနပ်စရာကောင်းတဲ့ အဖြေတစ်ခုပေးဖို့ မင်းကို အသက်သုံးခါရှူချိန် အခွင့်အရေး ပေးမယ်"
ချင်းမို့ နဖူးပေါ်တွင် ချွေးပေါက်ကြီးများ ထွက်ပေါ်လာပြီး သူ၏ရှေ့ရှိ လူငယ်လေးကို အကြောက်တရားဖြင့် စိုက်ကြည့်နေလေသည်။ ရုတ်တရက် အံ့ကိုကြိတ်လိုက်ပြီးနောက် ကျင့်ကြံခြင်း အဆင့်ကို တိတ်တဆိတ် အသက်သွင်းကာ ထွက်ပြေးရန်အတွက် အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲရန် ကြိုးစားလိုက်လေသည်။
သို့သော် ဤအတွေး သူ၏ စိတ်ထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖိနှိပ်လွှမ်းမိုးနိုင်သော စွမ်းအားကြီး တစ်ခုသည် တိုင်တောင်တန်းကြီး တစ်ခုကဲ့သို့ သူ၏အပေါ်သို့ ကျရောက်လာပြီး သူ၏ ပခုံးများကို ဖိချကာ မြေပြင်ပေါ်သို့ အတင်းအဓမ္မ ဒူးထောက်သွားစေခဲ့သည်။
ချောက်...
ထိုကြီးမားလှသော ဖိအားအောက်တွင် သူ့ ဒူးနှစ်ဖက်စလုံးသည် အမှုန့်များအဖြစ် ကြေမွပျက်စီးသွားလေတော့သည်။
"အား..."
ချင်းမို့သည် ပြင်းထန်သော နာကျင်မှုကြောင့် အော်ဟစ်မိသည်။ ရွှယ်အန်းသည် မော့ကာ သူ့ကို ကြည့်လိုက်သည်။ အော်ဟစ်သံများသည် ချက်ချင်းပင် ရပ်တန့်သွားသည်။ ချင်းမို့၏ မျက်နှာအသွင်အပြင်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူလျော့သွားပြီး သူ၏ လက်များကို ပါးစပ်ပေါ်သို့ တင်းကျပ်စွာ အုပ်ထားလိုက်ကာ နောက်ထပ် အသံတစ်သံမျှ မထွက်ရဲတော့ချေ။
"ငါ တတိယအကြိမ် ထပ်မမေးတော့ဘူး၊ အခုပြောစမ်း... ရှောင်ရွေ့ ဘယ်မှာလဲ"
"သ... သူမ... သူမကို တစ္ဆေဘုရင်ဆီ ပူဇော်ပြီးတော့ သန့်စင်နယ်ပယ်ကြီးထဲကို... အာ မဟုတ်ဘူး၊ တစ္ဆေနယ်ပယ်ကြီးထဲကို ပို့လိုက်ပါပြီ၊ အား..."
ထိုစကားများ သူ့ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ လက်များသည် အမှုန့်များအဖြစ် ကြေမွသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံစံများဖြင့် ရင်ဘတ်တွင် လှောင်ပြောင်သရော်နေသည့်အလား တွဲလောင်းကျနေတော့သည်။
ရွှယ်အန်း၏ အေးစက်သော အကြည့်များသည် ချင်းမို့အပေါ်တွင်သာ စူးစိုက်ကျရောက်နေဆဲဖြစ်သည်။ အကြိမ်အနည်းငယ် အော်ဟစ်ပြီးနောက် ချင်းမို့သည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့သည်။ သို့တိုင်အောင် သူသည် ခေါင်းကို မမော့ဝံ့ဘဲ ရင်ဘတ်တွင်သာ နက်ရှိုင်းစွာ ငုံ့ထားလိုက်လေသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အနည်းငယ် တုန်ရီနေသည်။
ဤမြင်ကွင်းက ခန်းမတစ်ခုလုံးကို လုံးဝ တိတ်ဆိတ်သွားစေခဲ့လေသည်။ ပုံမှန်အားဖြင့် အထိန်းအကွပ်မဲ့စွာ မောက်မာထောင်လွှားလေ့ရှိသော ဤကျင်းနိုင်ငံမှ အထက်တန်းလွှာများသည် ယခုအခါ အဖြူရောင်ဝတ် လူငယ်လေးကို ကြည့်ရင်း အသက်ကိုပင် ကျယ်ကျယ် မရှူရဲကြတော့ချေ။ သူတို့ကို အလျင်အမြန် လွတ်မြောက်ခွင့်ပေးရန် ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် နတ်ဆိုးများ အားလုံးထံသို့ တိတ်တဆိတ် ဆုတောင်းနေကြသည်။
သို့သော် သူတို့၏ ဆုတောင်းမှုများကို အာရုံခံမိသွားသည့်အလား ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် နတ်ဆိုးများသည် စုပေါင်း၍ ထွက်ပြေးသွားကြသည်။
ရွှယ်အန်းက ဖြည်းညင်းစွာ ပြောသည်။
"အခု ပြောစမ်း၊ အဲ့ဒီ မြို့ငယ်လေးက ပြည်သူတွေကို ဘယ်သူတွေ သတ်ဖြတ်ခဲ့တာလဲ"
သူ၏အသံမှာ တည်ငြိမ်နေသော်လည်း ရှိနေသူအားလုံးအတွက် ယင်းက အရိုးထဲထိအောင် အေးစိမ့်သွားစေသော ကလဲ့စားချေမည့် တစ္ဆေတစ်ကောင်၏ သေမင်းခေါင်းလောင်းသံ တစ်ခုကဲ့သို့ ထင်မှတ်ရလေသည်။
သက်ရှိဝိညာဉ် တစ်ခုကမျှ ပြန်လည် မဖြေကြားဝံ့ကြချေ။ ရွှယ်အန်းသည် မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်လေသည်။
"ဟမ်... ပြောရမှာ ကြောက်နေကြတယ်ပေါ့လေ၊ ခုခံကာကွယ်နိုင်စွမ်းမရှိတဲ့ မြို့သူမြို့သားတွေကို ကိုင်တွယ်တုန်းကကျတော့ ဘာလို့ ဒီလောက်တောင် ရဲတင်းနေခဲ့ကြတာလဲ"
ဤအချိန်၌ တစ်ကိုယ်လုံး တုန်ရီနေသော ကျင်းနိုင်ငံ၏ အရှင်သခင် ကျင်းဟန်ဟိုင်သည် မတ်တပ်ရပ်လာပြီး ရွှယ်အန်းကို ဖားယားမြှောက်ပင့်သောဟန်ဖြင့် နက်ရှိုင်းစွာ ဦးညွှတ်လိုက်လေသည်။
"သခင်ကြီး... ဒေါသကို လျှော့ပါဦး၊ နတ်ဆိုးချိတ်ပိတ်မြို့နဲ့ သခင်ကြီး ဆက်စပ်နေတယ်ဆိုတာကို ကျွန်တော်တို့ မသိခဲ့ပါဘူး၊ အားလုံးက ကျွန်တော်တို့ရဲ့ အမှားတွေပါ၊ သခင်ကြီးသာ စကားတစ်ခွန်း ပြောလိုက်ပါ၊ သခင်ကြီးအတွက် လျော်ကြေးပေးဖို့ ကျွန်တော်တို့ရဲ့ အစွမ်းကုန် စေတနာကို ပြသပါ့မယ်"
ထိုသို့ပြောနေစဉ် သူ၏ မျက်နှာတွင် မျှော်လင့်ချက် ပြည့်ဝနေသော အမူအရာများဖြင့် ရွှယ်အန်းကို ကြည့်နေသည်။
ဤသည်ကို ကြားသောအခါ ရွှယ်အန်းသည် သူ၏ အကြည့်များကို ကျင်းဟန်ဟိုင်ထံသို့ ဖြည်းညင်းစွာ လှည့်လိုက်လေသည်။ ခဏအကြာမှသာ သူက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"လျော်ကြေးပေးမယ် ဟုတ်လား"
"ဟုတ်ပါတယ်... လျော်ကြေးပေးပါ့မယ်၊ သခင်ကြီးကသာ ဒီအမှားကို ခွင့်လွှတ်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့..."
ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးကို အကျိုးအမြတ်များနှင့် ဆုလာဘ်များဖြင့် သွေးဆောင်ရန် ကြိုးစားနေစဉ် ကျင်းဟန်ဟိုင်၏ အပြုံးသည် ပို၍ပင် ဖားယားမြှောက်ပင့်သော ပုံစံပေါက်လာလေသည်။
သို့သော် သူ၏ စကားမဆုံးခင်မှာပင် ရွှယ်အန်းက သူ့ကို တိုက်ရိုက် ဖြတ်ပြောလိုက်လေသည်။
"နေပါဦး... မင်းက ဘယ်သူလဲ"
"သခင်ကြီး... ကျွန်တော်က ကျင်းနိုင်ငံရဲ့ အရှင်သခင်ပါ၊ ကျွန်တော့် နာမည်က ကျင်းဟန်ဟိုင်လေ"
ကျင်းဟန်ဟိုင်သည် ယုံကြည်မှုရှိသော အပြုံးတစ်ခုဖြင့် ပြုံးပြသည်။
ထိုအပြုံးသည် သူ၏ ဘဝတွင် နောက်ဆုံးအကြိမ် ဖြစ်လိမ့်မည်ကို သူ မသိခဲ့ချေ။
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ လည်ပင်းတွင် စိမ့်ချမ်းသွားသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားကို သဘောပေါက်သွားကာ အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ ကိုယ်ပိုင် ခြေဖနောင့်များကို ယခုအခါ မြင်တွေ့နေရပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ထိုနောက်တွင် ခေါင်းမူးမိုက်မတတ် ချာချာလည်သွားပြီးနောက် ပြတ်ကျသွားသော သူ့ခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ သို့သော် သူ၏ ခေါင်းပြတ်နေသော ရုပ်အလောင်းမှာမူ မတ်မတ် ရပ်နေဆဲ ဖြစ်လေသည်။
ပွင့်နေသော အပေါက်အတွင်းမှ အနက်ရောင် မြူခိုး ရေစီးကြောင်းကြီး တစ်ခုသည် အပြင်သို့ ပေါက်ကွဲထွက်လာပြီးနောက် ကျင်းဟန်ဟိုင်၏ ပုံစံအဖြစ်သို့ မလိုလားစွာဖြင့် ပြန်လည် ပေါင်းစည်းသွားလေသည်။
သို့သော် ယခုအခါ ကျင်းနိုင်ငံ၏ အရှင်သခင်သည် ယခင် တည်ငြိမ်မှုများ အားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုအစား လူငယ်လေးက အဘယ်ကြောင့် ရုတ်တရက် တိုက်ခိုက်ခဲ့သနည်း ဆိုသည်ကို နားမလည်နိုင်ဘဲ ရွှယ်အန်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေစဉ် သူ၏ မျက်နှာသည် အကြောက်တရားများဖြင့် ပြည့်နှက်နေလေသည်။
ရွှယ်အန်းက သူ့ကို တစ်ချက်ကလေးမျှပင် အဖက်မလုပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျင်းဟန်ဟိုင်၏ လည်ပင်းရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားခဲ့သော ဓားအလင်းတန်းသည် ပြန်လည် လင်းလက်လာပြီး နောက်တစ်ကြိမ် ညင်သာစွာ ခုတ်ပိုင်းသွားသောကြောင့် ဖြစ်သည်။
ဖွပ်...
ကျင်းဟန်ဟိုင်သည် အော်ဟစ်ရန် အချိန်ပင် မရလိုက်ဘဲ ရှင်းလင်း သုတ်သင်ခံလိုက်ရကာ ဘာမျှမကျန်သည်အထိ ပြောင်းလဲသွားလေတော့သည်။ သူ၏ ရုပ်အလောင်းသည် မြေပြင်ပေါ်သို့ ကျသွားပြီး အပေါက်ထဲမှ သွေးများ ပန်းထွက်လာကာ ပြောင်လက်နေသော ကြမ်းပြင်ကို အနီရောင်အဖြစ် စွန်းထင်းသွားစေသည်။
တစ်နိုင်ငံလုံးကို အုပ်စိုးသော အရှင်သခင် တစ်ပါးသည် ရုပ်ခန္ဓာရော ဝိညာဉ်ပါမကျန် လုံးဝ အမြစ်ပြတ် ချေမှုန်းခံလိုက်ရသည်။ အထက်တန်းလွှာများ အားလုံး၏ မျက်နှာများသည် သေလူများကဲ့သို့ ဖြူလျော့သွားကြပြီး သူတို့ ခန္ဓာကိုယ် တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ တုန်ရီနေကြလေသည်။
သို့သော် ရွှယ်အန်းက ယင်ကောင်တစ်ကောင်ကို ရိုက်ချလိုက်သကဲ့သို့ တုံ့ပြန်ခဲ့သည်။ သူသည် လူအုပ်ကြီးကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
"နောက်တစ်ကြိမ် ထပ်မေးမယ်... အဲ့ဒီ မြို့ငယ်လေးက ပြည်သူတွေကို ဘယ်သူတွေ သတ်ဖြတ်ခဲ့တာလဲ"
ယခုအချိန်ထိ မည်သူကမျှ ပြန်လည် မဖြေကြားဝံ့ကြသေးချေ။ ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်လေသည်။
"ကောင်းပြီလေ... ဘယ်သူမှ မပြောဘူးဆိုရင် ငါတို့ ဒီကနေ စလိုက်ကြတာပေါ့..."
သူသည် လူအုပ်ထဲမှ တစ်စုံတစ်ယောက်ကို ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးလာသည်။
"မင်း..."
သူ့ စကားဆုံးသည်နှင့် ထိုအထက်တန်းလွှာသည် အသံတစ်သံမျှပင် မထွက်နိုင်ခင်မှာပဲ ခေါင်းသည် အမှုန့်များအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။ မကြာမီမှာပင် ထိုပေါက်ကွဲ ဖျက်ဆီးမှုများသည် ပတ်ဝန်းကျင် တစ်လျှောက်လုံးသို့ အရိုင်းဆန်စွာ ပျံ့နှံ့သွားတော့သည်။
တစ်ချိန်က အစွမ်းထက်ပြီး မောက်မာထောင်လွှားခဲ့ကြသော၊ အသက်နှင့် သေခြင်းတရားကို ပိုင်စိုးသူများဟု ခေါ်ဆိုခဲ့ကြသော ထိုပုဂ္ဂိုလ်များသည် ယခုအခါ ခုခံကာကွယ်နိုင်စွမ်းမရှိသော သိုးပေါက်လေးများကဲ့သို့ သတ်ဖြတ်ခံရခြင်း၏ မျှော်လင့်ချက် ကင်းမဲ့မှုကို တစ်ယောက်ပြီးတစ်ယောက် ခံစားနေကြရသည်။ အရေးမပါသော ဖုန်မှုန့်လေးများအဖြစ် လျှော့ချခံလိုက်ရကာ သူတို့သည် သနားညှာတာပါရန် တောင်းပန်ဖို့ပင် အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ်ကောင်းသော သွေးနှင့် အသားစများ အဖြစ်သို့ ပေါက်ကွဲထွက်သွားကြတော့သည်။
ခန်းမကြီးသည် သွေးရောင် မြူခိုးများဖြင့် လွှမ်းခြုံခံလိုက်ရပြီး အမှန်တရားကို သဘောပေါက်သွားကြသောအခါ အပူတပြင်း သနားခံ တောင်းပန်သံများသည် ရေကြီးသကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာကြလေသည်။
"ချမ်းသာပေးပါ သခင်ကြီး... ကျွန်တော် နတ်ဆိုးချိတ်ပိတ်မြို့ကို ခြေတစ်လှမ်းတောင် မချခဲ့ဖူးပါဘူး"
"ဟုတ်ပါတယ် သခင်ကြီး၊ ကျွန်တော်လည်း မသွားခဲ့ပါဘူး၊ ဒါပေမဲ့ သူ... သူက အဲ့ဒီမှာ လူအများကြီးကို သူ့လက်နဲ့ကိုယ်တိုင် အရှင်လတ်လတ် အရေခွံခွာခဲ့တယ်ဆိုပြီး ကြွားလုံးထုတ်နေခဲ့တာ"
အသက်ရှင်သန်ရေးအတွက် အပြင်းအထန် ရုန်းကန်ရမှုနှင့် ရင်ဆိုင်ရသောအခါ လူများသည် မည်သည့်အရာကိုမဆို လုပ်ဆောင်တတ်ကြသည်။ အထူးသဖြင့် ဤအဖြူရောင်ဝတ် လူငယ်လေးသည် အကြောင်းပြချက်များကို လုံးဝ ဂရုမစိုက်ကြောင်း၊ သူ၏ လူသတ်ရာတွင် ပြတ်သားမှုက အလွန် ကြောက်မက်ဖွယ်ကောင်းကြောင်း အထက်တန်းလွှာများ သဘောပေါက်သွားသောအခါ သူတို့သည် လွှမ်းမိုးနေသော အကြောက်တရားကြီးတစ်ခုကို ခံစားလိုက်ကြရသည်။
သူတို့ကဲ့သို့ လူများအတွက် အစွမ်းထက်သော ပုဂ္ဂိုလ်များသည် မွေးရာပါ ကြောက်စရာကောင်းသူများ မဟုတ်ကြပေ။ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်သရွေ့ အစွမ်းအထက်ဆုံး သူများကိုပင် ဝယ်ယူနိုင်ပေသည်၊ ယင်းက ဈေးနှုန်း အနည်းအများ ပြဿနာသာ ဖြစ်လေသည်။
သို့သော် ရွှယ်အန်းကဲ့သို့ မည်သည့်စကားမျှ မပြောဘဲ သေခြင်းတရားကိုသာ ရှာဖွေနေသူ တစ်ယောက်မှာမူ အတိုင်းအတာတစ်ခုထက် ကျော်လွန်နေသော အိပ်မက်ဆိုးကြီးတစ်ခုပင်ဖြစ်သည်။
ထို့ကြောင့် ဂုဏ်သိက္ခာ၊ သစ္စာစောင့်သိမှုနှင့် မဟာမိတ်ဖွဲ့ခြင်းစသည့် အယူအဆ အားလုံးကို စွန့်လွှတ်ကာ သူတို့အထဲမှ တရားခံ တစ်ဒါဇင်ကျော်ကို အလျင်အမြန် လက်ညှိုးထိုး ပြသကြသည်။
သူတို့ကို ဦးဆောင်နေသူမှာ အဖြူရောင် ပန်းပွင့်ကို ပန်ဆင်ထားပြီး မျက်နှာတွင် သနပ်ခါးမိတ်ကပ် လိမ်းကျံထားသော လူလတ်ပိုင်းအရွယ် အမျိုးသားပင် ဖြစ်သည်။
သို့သော် ဤအချိန်၌ သူ၏ ယခင် ကြော့ရှင်းမှုနှင့် တည်ငြိမ်မှုများ အားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ချွေးများသည် မိတ်ကပ်လိမ်းထားသော မျက်နှာပေါ်တွင် အရုပ်ဆိုးသော မျဉ်းကြောင်းများအဖြစ် စီးကျနေပြီး ရွှယ်အန်းကို တင်းမာသော အပြုံးတစ်ခုဖြင့် အတင်းအဓမ္မ ပြုံးပြလိုက်သည်။
"သ... သခင်ကြီး၊ ကျွန်... ကျွန်တော်..."
သူ စကားတစ်ခွန်းမျှပင် အဆုံးသတ်မပြောနိုင်ခင်မှာပဲ ရွှယ်အန်းသည် သူ၏ လက်ကို ညင်သာစွာ မြှောက်လိုက်ရာ တရားခံ တစ်ဒါဇင်ကျော်သည် ချက်ချင်း ချည်နှောင်ခံလိုက်ရပြီး လေထဲသို့ မြှောက်တက်သွားကြလေသည်။
"သနားပါ သခင်ကြီး... ကျွန်တော်..."
သူတို့သည် ဝက်များကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ ရွှယ်အန်းက လက်ကို ခါလိုက်ပြီး သူတို့ စကားပြောနိုင်စွမ်းကို ချိတ်ပိတ်လိုက်ကာ တိုးညင်းစွာ ပြောသည်။
"ငရဲဘုံကနေ ကြိုဆိုပါတယ်၊ စတင်တော့မယ့် ပြကွက်ကို မင်းတို့ သဘောကျမယ်လို့ မျှော်လင့်ပါတယ်”
--