အခန်း ၁၃၄၅
Vol. 90 Ch. 1345
အခန်း (၁၃၄၅) မင်းရဲ့ နတ်ဘုရားက ငါ့ရှေ့မှာ ဒူးထောက်ပြီး သနားခံရုံပဲ တတ်နိုင်လိမ့်မယ်
ဝဋ်လည်ခြင်းနှင့် ပတ်သက်၍မူ အကယ်၍ သူသာ ထိုအရာကို အမှန်တကယ် ယုံကြည်ခဲ့လျှင် တစ္ဆေဂိုဏ်းသို့ ဝင်ရောက်ကာ တစ်နိုင်ငံလုံး၏ နိုင်ငံတော် ဆရာသခင်ကြီး တစ်ပါး ဖြစ်လာခဲ့မည် မဟုတ်ချေ။
ယခုအချိန်တွင်မူ အမိုးနိမ့်အောက်၌ ခေါင်းငုံ့ဝင်ရသကဲ့သို့ အခြေအနေအရ အလျှော့ပေးလိုက်ရခြင်းသာ ဖြစ်လေသည်။
ချင်းမို့က သူ၏ ရင်ထဲတွင် တိတ်တဆိတ် တွက်ချက်နေသည်။ ရုတ်တရက် ရွှယ်အန်းက ပြုံးလာသည်။
"ဒါဆိုရင်လည်း မင်းရဲ့ တစ္ဆေ ဘုရင်ကိုပါ တစ်ခါတည်း စစ်မေးဖို့အတွက် ဆင့်ခေါ်လိုက်ရတာပေါ့"
ချင်းမို့ အေးခဲသွားလေသည်။ ရှိနေသူ အားလုံးမှာလည်း ဆွံ့အမင်သက် သွားကြလေသည်။
ဘာ... တစ္ဆေဘုရင်ကို ဆင့်ခေါ်မယ် ဟုတ်လား။
ရွှယ်အန်း၏ အံတု၍မရနိုင်သော စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် လွှမ်းမိုးနေသော အကြောက်တရားသာ မရှိခဲ့လျှင် ချင်းမို့သည် သုံးကြိမ်တိုင်တိုင် လှောင်ပြောင် ရယ်မောလိုက်မိမည် ဖြစ်သည်။
သို့သော် အပြင်ပန်းတွင်မူ သူသည် ရွှယ်အန်းအပေါ် ရိုသေလေးစားသော ဟန်ပန်ကို ထိန်းသိမ်းထားဆဲဖြစ်ပြီး လေးလံသော လေသံဖြင့်ပြောသည်။
"သခင်ကြီး... အဲ့ဒီ တစ္ဆေဘုရင်က သန့်စင်... အာ တစ္ဆေနယ်ပယ်ကြီးထဲမှာ နေထိုင်တာပါ၊ ဒီနယ်ပယ်ထဲမှာ လုံးဝ မရှိပါဘူး"
ရွှယ်အန်းက ခေါင်းညိတ်သည်။
"အဲ့ဒါကို ငါ သိတယ်"
"ဒါဆိုရင်..."
ချင်းမို့သည် စကားကို အဆုံးမသတ်လိုက်သော်လည်း သူ၏ မျက်နှာပေါ်ရှိ အဓိပ္ပာယ်မှာ ရှင်းလင်းနေသည်။ သူက ဒီနယ်ပယ်ထဲမှာ မရှိဘူးဆိုရင် သူ့ကို ဘယ်လိုလုပ် ဆင့်ခေါ်လို့ရမှာလဲ...
ရွှယ်အန်းက ဤသံသယများကို ဖြေရှင်းမပေးဘဲ ရုတ်တရက် မေးလိုက်သည်။
"ဒီ တစ္ဆေဘုရင်က မင်းနဲ့ ပုံမှန်ဆို ဘယ်လို ဆက်သွယ်လေ့ရှိလဲ"
"သူက ကျွန်တော့်ကို နတ်ဘုရားအာရုံကတစ်ဆင့်ပဲ တိုက်ရိုက် ဆက်သွယ်လေ့..."
ချင်းမို့သည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီး သူ့ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားကာအသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သို့သော် သူ တုံ့ပြန်ရန် အချိန်ပင်မရလိုက်မီမှာပင် ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောသည်။
"အော်... အဲ့ဒီလိုကိုး၊ ဒါဆိုရင်တော့ ကိစ္စက ရိုးရှင်းသွားပြီပေါ့"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းက သူ၏ လက်ကို မြှောက်ကာ လက်ညှိုးထိုးလိုက်လေသည်။ ဓားအလင်းတန်း တစ်စသည် ချင်းမို့၏ ခေါင်းကို တိုက်ရိုက် ကြေမွသွားစေပြီးနောက် ဆုပ်ကိုင်လိုက်ကာ ချင်းမို့ဝိညာဉ်ကို သူ့ အသိစိတ် ပင်လယ်ထဲမှ ဆွဲထုတ်လိုက်သည်။
လုပ်ငန်းစဉ် တစ်ခုလုံးသည် ပြတ်သားပြီး တိကျလှကာ အနည်းငယ်မျှသော တွေဝေမှု အရိပ်အယောင်မျှ မရှိဘဲ အသက်ရှူရသကဲ့သို့ ရိုးရှင်းပြီး သဘာဝကျလွန်းလှကာ သွေးစွန်းမှု အရိပ်အယောင်ပင် တစ်စက်မျှ မကျန်ရစ်ခဲ့ချေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဤသရဲတစ္ဆေ ဂိုဏ်း၏ နိုင်ငံတော် ဆရာသခင်ကြီး ချင်းမို့သည် သူ၏ ကျင့်ကြံခြင်း အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး ရွှယ်အန်း၏ လက်ဖဝါးထဲတွင် လူးလွန့်ရုန်းကန်နေသော အနက်ရောင် အရိပ်လေး တစ်ခုသာ ကျန်ရစ်တော့လေသည်။
"သခင်ကြီး... ကျေးဇူးပြုပြီး... မလုပ်ပါနဲ့"
မျှော်လင့်ချက် ကင်းမဲ့နေသော ငိုကြွေးသံတစ်ခုသည် အနက်ရောင် အရိပ်လေးထဲမှ ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။ သို့သော် ရွှယ်အန်းက သူ့ကို ဆက်လက် တောင်းပန်ရန် အခွင့်အရေး မပေးခဲ့ချေ။ သူ၏ ကြီးမားကျယ်ပြန့်သော နတ်ဘုရားအာရုံသည် ချင်းမို့၏ ဝိညာဉ်ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားပြီး သူနှင့် နတ်ဘုရားအာရုံ ဆက်သွယ်မှု တည်ဆောက်ထားသော သရဲတစ္ဆေ ဘုရင်၏ အရိပ်အယောင်များကို စတင် ရှာဖွေလေတော့သည်။
လုပ်ငန်းစဉ် တစ်ခုလုံးသည် တစ်မိနစ်ပင် မကြာလိုက်ချေ။ အဆုံးတွင် ရွှယ်အန်းသည် သူ၏ နတ်ဘုရားအာရုံကို ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်ပြီး သူ့မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေလေသည်။
ချင်းမို့၏ ဝိညာဉ်နှင့် ပတ်သက်၍ ဆိုရလျှင် ၎င်းသည် သူ့အနက်ရောင် တောက်ပမှုများကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ကာ မည်သည့်အချိန်တွင်မဆို ပြိုကွဲပျက်စီးသွားနိုင်လောက်အောင် အားနည်း ချည့်နဲ့နေသည်။
ဤအချိန်၌ သူ အသက်ရှင်သန်နိုင်ရန် အခွင့်အရေး မရှိတော့ကြောင်း ကောင်းစွာ သိရှိသွားသော ချင်းမို့သည် ရွှယ်အန်းအပေါ် စိတ်ပျက်အားငယ်မှုနှင့် အမုန်းတရားများဖြင့် အဆိပ်ပြင်းစွာ ဟိန်းဟောက်သည်။
"မင်းက သရဲတစ္ဆေ ဘုရင်ရဲ့ တည်ရှိမှုကို ရှာတွေ့သွားရင်တောင် ဘာလုပ်နိုင်မှာလဲ၊ သူက သန့်စင်နယ်ပယ်ကြီးမှာ နေထိုင်တာ၊ မင်း လုံးဝကို လှမ်းမမီနိုင်တဲ့ ပုဂ္ဂိုလ်ကြီးကွ၊ ပြီးတော့ ငါ သေသွားပြီးရင် တစ္ဆေဘုရင်က ငါ့အတွက် သေချာပေါက် ကလဲ့စားချေပေးလိမ့်မယ်"
ချင်းမို့၏ ဝိညာဉ်ကို ကြေမွအောင် လုပ်တော့မည့် ရွှယ်အန်းသည် ထိုစကားများကို ကြားသောအခါ သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီးနောက် ရယ်မောလိုက်လေသည်။
"မင်း မယုံဘူးပေါ့လေ"
"သေချာပေါက် မယုံဘူးပေါ့၊ ဟား... မင်းက ဘယ်လောက်ပဲ အစွမ်းထက်ထက် ဘာများ ထူးခြားသွားမှာလဲ၊ တစ္ဆေဘုရင်ကို ဒီနေရာကို တိုက်ရိုက် ဆင့်ခေါ်နိုင်မယ်လို့ မင်းကများ ထင်နေတာလား"
ချင်းမို့က လှောင်ပြောင်လိုက်လေသည်။ ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏ လေသံမှာ တည်ငြိမ်နေလေသည်။
"မင်းက မယုံဘူးဆိုမှတော့ မင်း ကိုးကွယ်တဲ့ နတ်ဘုရားက ငါ့ရှေ့မှာ ဒူးထောက်ပြီး ဘယ်လို သနားခံမလဲ ဆိုတာကို မင်း မျက်စိနဲ့တပ်အပ် မြင်တွေ့စေရမယ်"
ချင်းမို့သည် အသံထွက်၍ပင် ရယ်မောလုနီးပါး ဖြစ်သွားသည်။
"ဒီလောက်တောင် အဓိပ္ပာယ်မရှိ ကြွားလုံးထုတ်နေတာပဲ၊ ငါက..."
သူ စကားမဆုံးခင်မှာပင် ရွှယ်အန်းက သူ့ကို ဘေးဘက်သို့ ပေါ့ပေါ့ပါးပါးပင် ချိတ်ပိတ် ဖယ်ရှားသည်။ ရွှယ်အန်းသည် ထိုင်ခုံမှ မထဘဲ လက်ကို ဆန့်ထုတ်ကာ လေထဲတွင် စတင် ရေးဆွဲတော့သည်။
သူ၏ လက်ချောင်းများ လှုပ်ရှားသွားသည်နှင့်အမျှ တောက်ပသော အလင်းတန်းများသည် ဟင်းလင်းပြင်ထဲတွင် ထွက်ပေါ်လာပြီး ခိုင်မာကာ မပျက်စီးနိုင်သည့်အလား ထိုနေရာတွင်ပင် တည်ရှိနေသည်။
လူတိုင်း၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာပြီး ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေကြသည်။ ရွှယ်အန်း၏ လှုပ်ရှားမှုများသည် အလွန် မြန်ဆန်လှသည်။ အသက်အနည်းငယ် ရှူချိန်အတွင်းမှာပင် အလွန် ရှုပ်ထွေးနက်နဲပြီး စိမ့်ချမ်းဖွယ်ကောင်းသော အဆောင်မန္တန် တစ်ခုသည် လေထဲတွင် ပုံပေါ်လာလေသည်။
အဆောင်ပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်ထားသော အစွမ်းထက် ကျင့်ကြံသူ မြောက်မြားစွာသည် သူတို့၏ ပါးစပ်များကို အုပ်ထားလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။
ဤအဆောင်အတွင်းရှိ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူတို့ ရှင်းလင်းစွာ အာရုံခံမိလိုက်ကြပြီး ၎င်းသည် အမည်မသိ မရဏကမ္ဘာဆီသို့ တံခါးတစ်ချပ် ဖွင့်လိုက်သကဲ့သို့ ဖြစ်နေကာ သူတို့၏ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားစေလေသည်။
အဆုံးတွင် ရွှယ်အန်းသည် အဆောင်၏ နောက်ဆုံး မျဉ်းကြောင်းကို ရေးဆွဲ ပြီးစီးသွားလေသည်။ အဆောင် ရေးဆွဲပြီးစီးသွားသည့် ခဏလေးမှာပင် ကြီးမားကျယ်ပြန့်ပြီး လွှမ်းမိုးနိုင်သော အနက်ရောင် အရှိန်အဝါကြီး တစ်ခုသည် ၎င်းထံမှ ဖြာထွက်လာပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးကို တုန်လှုပ်သွားစေသည်။
ဤရင်းနှီးနေသော အနက်ရောင် အရှိန်အဝါကို အာရုံခံမိသောအခါ ချင်းမို့သည် ထိတ်လန့်တကြား အသက်ရှူမှားသွားရသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မဖြစ်နိုင်ဘူး"
သို့သော် သူ၏ ဝိညာဉ်မှာ ယခုအခါ အလွန် အားနည်းနေပြီဖြစ်ရာ သူ၏ အော်ဟစ်သံများပင်လျှင် ချည့်နဲ့နေသည်။
ဝုန်း...
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ အဆောင်၏ လွှမ်းမိုးမှုအောက်တွင် ကျဉ်းမြောင်းသော အက်ကြောင်းတစ်ခုသည် ဟင်းလင်းပြင်ထဲတွင် တဖြည်းဖြည်း စုတ်ပြဲ ပွင့်အန်လာလေသည်။
မကြာမီမှာပင် ဧရာမ သရဲလက်ကြီး တစ်ဖက်သည် ဟင်းလင်းပြင် အက်ကြောင်း၏ အစွန်းကို ဆုပ်ကိုင်လိုက်ပြီး အားနှင့် အတင်းအဓမ္မ ဆွဲဖြဲလိုက်လေသည်။
ဧရာမ အပေါက်ကြီး တစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီးနောက် ကြီးမားလှသော အရိုးခေါင်းကြီး တစ်ခုသည် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ဤအရိုးခေါင်းကြီးသည် ဘောလုံးကွင်း တစ်ကွင်း၏ အရွယ်အစားနှင့် နှိုင်းယှဉ်နိုင်လောက်အောင် စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှပြီး အရိုးများသည် မရေမတွက်နိုင်သော နှစ်ကာလများကို ဖြတ်သန်းခဲ့ရသဖြင့် စိမ့်ချမ်းဖွယ် အစိမ်းရောင် အလင်းများ တောက်ပနေသည်။
မကြာမီ အရိုးခေါင်းကြီး၏ အသံသည် ခမ်းနားကြီးကျယ်စွာ ဟိန်းဟောက် ထွက်ပေါ်လာသည်။
"ငါ့ရဲ့ နတ်ဘုရားအာရုံ အရှိန်အဝါကို ရယူပြီးတော့ ငါ့ရဲ့ မူလပုံစံကို ဒီနေရာအထိ ဆင့်ခေါ်ရဲတာ ဘယ်သူလဲ"
ချင်းမို့၏ဝိညာဉ်သည် အလွန် မှေးမှိန်နေပြီဖြစ်ရာ ခွဲခြားသိမြင်ရန်ပင် ခက်ခဲနေသဖြင့် ဤကံဆိုးသော တစ္ဆေဘုရင်သည် သဘာဝကျကျပင် သတိမပြုမိခဲ့ချေ။
ထို့အပြင် ဤအချိန်၌ သူသည် အလွန်တရာ ဒေါသထွက်နေခဲ့သည်။
တစ္ဆေဘုရင်တစ်ပါးအနေဖြင့် သူသည် တစ္ဆေ နယ်ပယ်ကြီးထဲတွင် အတော်အသင့် ဩဇာတိက္ကမ ကြီးမားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားသည်။
အထူးသဖြင့် မကြာသေးမီက အမည်နာမ ဖော်ပြ၍ မရနိုင်သော အစွမ်းထက် တည်ရှိမှုတစ်ခုနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီးနောက် သူ၏ ယုံကြည်မှုများသည် ကောင်းကင်အထိ ထိုးတက်နေခဲ့သည်။
လွန်ခဲ့သော အချိန်လေးကမှ သူသည် လက်အောက်ငယ်သားများနှင့် အစီအစဉ်များကို ဆွေးနွေးနေခဲ့ပြီး ဤကဲ့သို့သော အစွမ်းထက် ရွှေလမ်းကြောင်းကြီးကို ဆုပ်ကိုင်ထားနိုင်သည့် ထွန်းတောက်သော အနာဂတ်အကြောင်း စိတ်ကူးယဉ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် မထင်မှတ်ထားဘဲ နက်နဲသော ဆင့်ခေါ်ခြင်း စွမ်းအားကြီး တစ်ခု၏ ဆွဲငင်မှုကို သူ ရုတ်တရက် ခံစားလိုက်ရလေသည်။ ဤဆင့်ခေါ်မှုသည် အင်မော်တယ်တစ်ပါးက ဝိညာဉ်များကို အတင်းအဓမ္မ ဆင့်ခေါ်သည့်အလား ငြင်းပယ်၍ မရနိုင်သော အာဏာစက် ပါဝင်နေပြီး တစ္ဆေ ဘုရင်ကိုခုခံရန် အချိန်ပင်မပေးဘဲ လုံးလုံးလျားလျား ဆွဲယူသွားခဲ့သည်။
ထို့ကြောင့် သူသည် ဤမျှ အစွမ်းထက်သော ဝိညာဉ် ဆင့်ခေါ်ခြင်း အဆောင်ကို မည်သူက အသုံးပြုနိုင်သနည်း ဆိုသည်ကို ရှာဖွေရန် ရည်ရွယ်ကာ ဒေါသများ ပြည့်နှက်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။
သို့သော် သူ၏ ခေါင်းထွက်ပေါ်လာသည်နှင့် ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ကောင်းကင်တစ်ခွင် အပြည့်ရှိနေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများ ဖြစ်ကာ သူတို့၏ လွှမ်းမိုးနိုင်သော အရှိန်အဝါများဖြင့် ကျင်းနိုင်ငံ မြို့တော် တစ်ခုလုံးကို ချိတ်ပိတ်ထားခြင်းပင် ဖြစ်လေသည်။
ကြယ်များကဲ့သို့ တောက်ပနေသော ဤအလင်းတန်း အစုအဝေးကြီးနှင့် ရင်ဆိုင်လိုက်ရသောအခါ သရဲတစ္ဆေ ဘုရင်သည် အေးခဲသွားပြီးနောက် ဒေါသတကြီး ပေါက်ကွဲသွားသည်။
"မင်းက လူအများကြီးနဲ့ ငါ့ကို ဝိုင်းရိုက်ဖို့အတွက် ဝိညာဉ် ဆင့်ခေါ်ခြင်း အဆောင်ကနေတဆင့် ငါ့ကို ဆင့်ခေါ်လိုက်တာလား၊ မိုက်မဲလိုက်တာ၊ ဒီလို အသေးအဖွဲ လှည့်ကွက်လေးတွေကို ငါက ကြောက်မယ်လို့ မင်းထင်နေတာလား"
တစ္ဆေဘုရင်က လုံးဝ အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူ၏ နားအနီးတွင် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အထင်အမြင်သေးတာလား၊ ဟား... ငါပါ ဝင်ပါမယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ"
တစ္ဆေဘုရင်သည် အံ့အားသင့်သွားပြီး အသံလာရာဆီသို့ လှည့်ရှာလိုက်သည်။ မနီးမဝေး နေရာရှိ ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေသော အဖြူရောင်ဝတ် လူငယ်လေး တစ်ယောက်က ပြုံးယောင်သန်းလျက် သူ့ကို စိုက်ကြည့်နေသည်ကိုသာ မြင်တွေ့လိုက်ရသည်။
အစပိုင်းတွင် တစ္ဆေဘုရင်သည် သူ့ကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ချေ။ သို့သော် ရွှယ်အန်းထံမှ ဖြာထွက်နေသော အရှိန်အဝါကို သူ အာရုံခံမိလိုက်သည့် ခဏလေးမှာပင် သူ၏ မြစိမ်းရောင် မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာပြီးနောက် အလွန်အမင်း ထိတ်လန့်သွားသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာလေသည်။
"မင်း... မင်းလား"
ထိုစကားများနှင့်အတူ သူသည် တစ်ခဏလေးမျှပင် မတွေဝေဝံ့တော့ဘဲ ဟင်းလင်းပြင် အက်ကြောင်းဆီသို့ လျင်မြန်စွာ နောက်ဆုတ်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။
သို့သော် ရွှယ်အန်းသည် သူ့ကို လွတ်မြောက်သွားရန် မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ပေ။ ရွှယ်အန်း၏ လက်ချောင်းထိပ်ဖျားတွင် ဖြူစင်သော မီးတောက်တစ်ခု ပေါ်ထွက်လာပြီး တည်ငြိမ်စွာ ပြောသည်။
"ငါ့ရှေ့ကို ပြန်လာပြီး ဒူးထောက်ဖို့ မင်းမှာ အသက်တစ်ခါရှူချိန် အခွင့်အရေး ရှိတယ်”
--