အခန်း ၁၃၄၆
Vol. 90 Ch. 1346
အခန်း (၁၃၄၆) ငါ သေဖို့ အမိန့်ပေးတာကိုတောင် မင်းက ဆန့်ကျင်ရဲသေးတယ်ပေါ့လေ
ဖြူစင်သော မီးတောက်လေးသည် သွယ်လျသော လက်ချောင်းထိပ်ဖျားများပေါ်တွင် ကခုန်နေပြီး အလွန် နုနယ်ကာ အားနည်းနေပုံရသော်လည်း ၎င်းသည် အဆုံးအစမရှိသော မှော်ပညာစွမ်းအင်များကို ပိုင်ဆိုင်ထားသည့်အလား ရှိနေလေသည်။
အနည်းဆုံးတော့ ဤတစ္ဆေဘုရင်သည် မီးတောက်ကို မြင်လိုက်ရသောအခါ သူ၏ ပုံရိပ်က ချက်ချင်း ရပ်တန့်သွားပြီးနောက် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော နှုန်းထားဖြင့် ဟင်းလင်းပြင်ထဲမှ ခုန်ထွက်လာကာ လေထဲတွင်ပင် သူ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျုံ့ဝင်သွားတော့သည်။
ထို့နောက် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကြားတွင် သူသည် ရွှယ်အန်း၏ရှေ့၌ ဒူးထောက်ကျသွားပြီး နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
"တွေ့... တွေ့ရတာ ဝမ်းသာပါတယ် အရှင်"
ထိုအသံတွင် တုန်ရီမှုများ ပြည့်နှက်နေလေသည်။ ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသူတိုင်းမှာ ဆွံ့အမင်သက် သွားကြလေသည်။
တစ္ဆေနယ်ပယ်ထဲမှ တစ္ဆေဘုရင်တစ်ပါးကို အတင်းအဓမ္မ ဆင့်ခေါ်နိုင်ပြီး အကြောက်တရားဖြင့် ဒူးထောက်သွားစေနိုင်သည်ဖြစ်ရာ ရွှယ်အန်းဖြစ်တည်မှုက လူတိုင်း စိတ်ကူးထားသည်ထက် များစွာ ပိုမို လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်နေကြောင်း သိသာထင်ရှားလှပေသည်။
ချင်းမို့နှင့် ပတ်သက်၍ ဆိုရလျှင် သူ၏ ဝိညာဉ်သည် ဟင်းလင်းပြင်ထဲတွင် ရွှယ်အန်း၏ ချိတ်ပိတ်ထားခြင်းကို ခံထားရသဖြင့် မလှုပ်ရှားနိုင်သော်လည်း စကားပြောနိုင်သေးသည်။
ထို့ကြောင့် သူက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
"တစ္ဆေဘုရင်... ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ဒီ... ဒီလူ့ရှေ့မှာ ဒူးထောက်နေရတာလဲ"
သူ စကားမဆုံးခင်မှာပင် အံ့အားသင့်မှုနှင့် ဒေါသများ ရောယှက်နေသော တစ္ဆေ ဘုရင်သည် မျက်လုံးများထဲတွင် အစိမ်းရောင် အလင်းတစ်ချက် လက်သွားပြီးနောက် ချင်းမို့၏ ဝိညာဉ်ကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်သည်။
ထိုသို့ဖြင့် အသေးစိတ် ကြံစည် တွက်ချက်ကာ တစ္ဆေဘုရင်ကို နေရာတကာတွင် ဖားယားမြှောက်ပင့်ခဲ့ပြီး နတ်ဆိုးတစ္ဆေ တစ်ကောင် ဖြစ်လာရန် ရည်ရွယ်ချက်ဖြင့် သူ၏ ခန္ဓာကိုယ်ကိုပင် အသွင်ပြောင်းလဲခဲ့သော ချင်းမို့၏ နိဂုံးသည် သူ ကိုးကွယ်ခဲ့သော နတ်ဘုရား၏ လက်ချက်ဖြင့်သာ အမြစ်ပြတ် သုတ်သင်ခံလိုက်ရလေတော့သည်။
မသေဆုံးမီ သူ၏ တစ်ခုတည်းသော အတွေးမှာ ထိုစဉ်က နတ်ဆိုးချိတ်ပိတ်မြို့ကို သူ လုံးဝ မနှောင့်ယှက်ခဲ့သင့်ဘူး ဆိုသည်ပင်ဖြစ်သည်။
ချင်းမို့ကို သတ်ဖြတ်ပြီးနောက် သရဲတစ္ဆေ ဘုရင်သည် ဖားယားမြှောက်ပင့်သော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"အ... အရှင်က ကျွန်တော့်ကို ဆင့်ခေါ်တာ... တစ်ခုခု လိုအပ်လို့များလား"
ရွှယ်အန်းက မည်သည့်စကားမျှ မပြောဘဲ ထိုင်ခုံတွင် နောက်သို့ မှီချလိုက်ကာ သူ့ကို အေးအေးလူလူ အကဲခတ် ကြည့်ရှုနေလေသည်။ မြင်ကွင်း တစ်ခုလုံး တိတ်ဆိတ်သွားသည်။
သေမင်းတမန် တိတ်ဆိတ်မှုကြီးထဲတွင် တစ္ဆေဘုရင်သည် ပို၍ပို၍ ထိတ်လန့် ပြာယာခတ်လာပြီး အကယ်၍ သူ၏ အရိုးခန္ဓာကိုယ်ကသာ ချွေးထွက်နိုင်မည် ဆိုပါက ယခုအချိန်တွင် ချွေးများဖြင့် ရွှဲနစ်နေလောက်ပြီ ဖြစ်သည်။
တစ္ဆေနယ်ပယ်ထဲတွင် သူသည် အတော်အသင့် ရပ်တည်မှုရှိသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်သော်လည်း ဤအချိန်၌ သူသည် ရွှယ်အန်း၏ရှေ့တွင် ကျိုးနွံစွာ ဒူးထောက်နေရုံသာ တတ်နိုင်ပြီး အနည်းငယ်မျှပင် မလှုပ်ရှားရဲချေ။
အဆုံးတွင် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ငါ့ရဲ့ တည်ရှိမှုကို မင်း သိနေတာကို ကြည့်ရရင် မင်းက တစ္ဆေ နယ်ပယ်ထဲမှာ အတော်လေး အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်"
"မ... မဟုတ်ပါဘူး၊ ကျုပ် မဝံ့ရဲပါဘူး"
တစ္ဆေဘုရင်က ထစ်အစွာ ပြန်ဖြေသည်။
"အခု ပြောစမ်း... နတ်ဆိုးချိတ်ပိတ်မြို့ကို မင်း ဘာလို့ ပစ်မှတ်ထားနေရတာလဲ၊ ပြီးတော့ မင်းဆီ ပူဇော်ခံလိုက်ရတဲ့ ကောင်မလေးက ဘယ်မှာလဲ"
ရွှယ်အန်း၏ မေးခွန်းကို ကြားသောအခါ တစ္ဆေဘုရင်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ၏ မျက်လုံးများထဲရှိ အစိမ်းရောင် သရဲမီးတောက်များ အဆက်မပြတ် တုန်ခါသွားရာ အလွန်အမင်း ကြောက်ရွံ့နေကြောင်း သိသာထင်ရှားလှပေသည်။
"ကျ... ကျွန်တော်... ကျွန်တော်..."
တစ္ဆေဘုရင်သည် တွေဝေသွားသော်လည်း ရွှယ်အန်း၏ မျက်မှောင် တဖြည်းဖြည်း ကြုတ်လာသည်နှင့် မီးတောက်လေး လျင်မြန်စွာ ကြီးထွားလာသည်ကို မြင်သောအခါ သူသည် ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
"အရှင်... ဒါ ကျွန်တော့်ရဲ့ အကြံ မဟုတ်ပါဘူး၊ တစ်ယောက်ယောက်က ကျွန်တော့်ကို ခိုင်းစေခဲ့တာပါ၊ ကောင်မလေးနဲ့ ပတ်သက်ပြီးပြောရရင် သူမ တစ္ဆေ နယ်ပယ်ထဲကို ပူဇော်ခံရပြီးတာနဲ့ ချက်ချင်း ခေါ်ဆောင်သွားခံလိုက်ရပါတယ်"
"တစ်ယောက်ယောက်က ခိုင်းစေတာလား၊ အဲ့ဒါ ဘယ်သူလဲ"
ရွှယ်အန်းက စဉ်းစားဟန်ဖြင့် မေးလိုက်သည်။
"သူ ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ သူ့ရဲ့ စွမ်းအားက အလွန်တရာ အစွမ်းထက်ပါတယ်၊ အရှင် သိတဲ့အတိုင်း ကျွန်တော့်ရဲ့ စွမ်းအားနဲ့ဆိုရင် တစ္ဆေ နယ်ပယ်ထဲမှာ အရေးမပါတဲ့ ပုဂ္ဂိုလ်လေး တစ်ယောက် သက်သက်ပါပဲ၊ ဒါကြောင့် ကျွန်တော်က ဒီ သရဲတစ္ဆေ ဂိုဏ်းဆိုတာကြီးထဲဝင်ဖို့နဲ့ သူ့ရဲ့ အမိန့်တွေကို နာခံဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတာပါ"
တစ္ဆေဘုရင်က ထစ်အစွာ ရှင်းပြလိုက်ပြီးနောက် ရွှယ်အန်းကို အကြောက်တရားများဖြင့် ကြည့်လိုက်လေသည်။ သူတို့၏ အပြန်အလှန် စကားပြောဆိုမှု တစ်ခုလုံးကို နတ်ဘုရားအာရုံမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ အပြင်လူများ မသိရှိနိုင်ချေ။
ထိုအရာကို နားထောင်ပြီးနောက် ရွှယ်အန်းသည် ရှေ့သို့ ဖြည်းညင်းစွာ ကိုင်းညွတ်သွားပြီး တုန်ရီနေသော တစ္ဆေ ဘုရင်ကို စိုက်ကြည့်ကာ မေးသည်။
"ဒါနဲ့... သူ အခု ဘယ်လိုနေသေးလဲ"
"သူလား"
တစ္ဆေဘုရင်သည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ရွှယ်အန်း ရည်ညွှန်းနေသည်မှာ မည်သူနည်းဆိုတာကို နားလည်သွားကာ အလွန်အမင်း ထိတ်လန့်စွာဖြင့် ပြောလိုက်လေသည်။
"အ... အရှင်... သူ ပေါ်မလာတာ အတော်ကြာပါပြီ၊ အဲ့ဒါကြောင့်လည်း တစ္ဆေနယ်ပယ်က အခုလို ကမောက်ကမ ဖြစ်နေရတာပါ"
သူ မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း တစ္ဆေဘုရင်၏ ပါးစပ်မှ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ ရွှယ်အန်းကို တိတ်ဆိတ်သွားစေခဲ့သည်။
ထိုစဉ်က အရှင်သခင် လီဟန်ကို ချေမှုန်းစဉ်အတွင်း သူ၏ နတ်ဘုရားအာရုံမှတစ်ဆင့် ဖျတ်ခနဲ မြင်တွေ့ခဲ့ရသော မြင်ကွင်းများ၊ နတ်ဘုရားနယ်ပယ် တိုက်ပွဲအတွင်း ရုတ်တရက် ဆင်းသက်လာခဲ့သော ထူးဆန်းသည့် ယင်စွမ်းအင်များ...
ထို့အပြင် ယခု သူ၏ ပျောက်ဆုံးမှု၊ ဤအရာအားလုံးသည် ကြိုးတစ်ချောင်းတည်းဖြင့် ဆက်သွယ်ထားသည့်အလား ရှိနေသည်။
ရွှယ်အန်း အတွေးများ နစ်မျောနေစဉ် တစ္ဆေဘုရင်သည် အကြောက်တရားဖြင့် စောင့်ဆိုင်းနေလေသည်။ သူ ထွက်မပြေးဝံ့ချေ။ အဘယ်ကြောင့်ဆိုသော် မီးတောက်လေးက သူ့ကို ထွက်ပြေးရန် သတ္တိ လုံးဝ မပေးခဲ့သောကြောင့်ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ့ နှလုံးသားထဲတွင် အော်ဟစ်နေမိသည်။
ဘာဖြစ်လို့လဲ၊ သူ ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ...
အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ဒီ နတ်ဘုရား သတ်ဖြတ်သူကြီးနဲ့ ဒီနေရာမှာမှ လာဆုံတွေ့ရတယ်လို့...
သူနှင့် ပတ်သက်၍ ရွှယ်အန်း၏ မေးခွန်းထုတ်မှုက တစ္ဆေဘုရင်ကို ပို၍ပင် ထိတ်လန့်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အတိတ်ကာလက တစ္ဆေ နယ်ပယ်ထဲတွင် မြင့်မြတ်သော မီးတောက် တစ္ဆေအရှင်သခင်ဟူသော ဘွဲ့နာမသည် သူနှင့် မကြာခဏ ဆက်စပ်လေ့ရှိသောကြောင့် ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် သူတို့ နှစ်ဦးစလုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရာ သတစ္ဆေ နယ်ပယ်ကို ကမောက်ကမ ဖြစ်သွားစေခဲ့သည်။
အမှန်ပင် အတိတ်ဘဝများက ရွှယ်အန်းသည် တစ္ဆေနယ်ပယ်ထဲသို့ တစ်ကြိမ် ဝင်ရောက်ခဲ့ဖူးပြီး ကြီးမားလှသော နာမည်ဂုဏ်သတင်းကို ရရှိခဲ့ဖူးသည်။ ထို့အပြင် တစ္ဆေနယ်ပယ်၏ ကြီးမားကျယ်ပြန့်မှုနှင့် မရေမတွက်နိုင်သော အလွှာများကြောင့် သူသည် မရေမတွက်နိုင်သော ပုံရိပ်များအဖြစ် လူဝင်စားခဲ့ပြီး အမည်နာမပေါင်းများစွာကို အသုံးပြုခဲ့သည်။
ထိုအထဲမှ ပိုမိုနာမည်ကြီးသော အမည်တစ်ခုမှာ မြင့်မြတ်သော မီးတောက် တစ္ဆေ အရှင်သခင်ပင်ဖြစ်သည်။ အခြားအမည်များနှင့် ပတ်သက်၍မူ ကောင်းကင်ယံရှိ ကြယ်များကဲ့သို့ များပြားလှပေသည်။
ထို့ကြောင့် ကမ္ဘာမြေပေါ်တွင် ရှောင်ရှားနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သာမန် တစ္ဆေ ဂိုဏ်းတစ်ခုမှ ဆင့်ခေါ်ထားသော တစ္ဆေအငယ်စားလေး တစ်ကောင်က သူ့ကို မှတ်မိသွားခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ ဘွဲ့နာမများသည် တစ္ဆေနယ်ပယ်ထဲတွင် အလွန်ကို များပြားလွန်းနေခဲ့သောကြောင့်ပင်။
ဤနတ်ဘုရား သတ်ဖြတ်သူကြီးနှင့် ရင်ဆိုင်ရမယ့်အစား ဆင့်ခေါ်မှုကို အာရုံခံမိကတည်းက သူ၏ရုပ်ခန္ဓာကို စွန့်လွှတ်လိုက်တာကမှ ပိုကောင်းဦးမည်ဟာ တစ္ဆေဘုရင်သည် အလွန်အမင်း နောင်တရနေခဲ့သည်။
ရွှယ်အန်းသည် အတွေးများမှ နိုးထလာပြီး သူ၏ရှေ့တွင် တစ္ဆေဘုရင် ဒူးထောက်နေဆဲ ဖြစ်သည်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း ဘာလုပ်ရမယ်ဆိုတာကို ငါ ထပ်ပြောပြနေဖို့ လိုသေးလို့လား"
တခြားနည်းလမ်းများ ရှိနိုင်မလားဟု မျှော်လင့်နေခဲ့သော်လည်း ရွှယ်အန်းက ထိုစကားများကို အမှန်တကယ် ပြောလိုက်သည်ကို ကြားသောအခါ တစ္ဆေ ဘုရင်သည် တုန်ရီသွားပြီး နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုများဖြင့် ခေါင်းငုံ့လိုက်လေသည်။
"ဟုတ်ကဲ့ပါ"
ထိုသို့ပြောပြီးသည်နှင့် သူက အံ့ကိုကြိတ်လိုက်ပြီး သူ၏ရင်ထဲတွင် မကျေမနပ်ဖြစ်မှု တစ်ချက် ဖြတ်ပြေးသွားကာ သူကိုယ်သူ အလိုအလျောက် ပေါက်ကွဲ ဖျက်ဆီးပစ်လိုက်လေတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ တစ္ဆေဘုရင်၏ အရိုးများသည် ဖုန်မှုန့်များကဲ့သို့ ကြေမွသွားပြီး ပြန့်ကျဲသွားတော့သည်။ သူ၏ ဝိညာဉ်နှင့် ပတ်သက်၍မူ ၎င်းသည် ချေမှုန်းခံလိုက်ရသည်။
သို့တိုင်အောင် ရွှယ်အန်းက မကျေနပ်သေးပုံရသည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အကြည့်တစ်ချက် လင်းလက်သွားပြီးနောက် လက်ကို မြှောက်ကာ ဟင်းလင်းပြင်ထဲသို့ လက်ညှိုးထိုးလိုက်သည်။
"ငါ သေဖို့ အမိန့်ပေးတာကိုတောင် မင်းက ဆန့်ကျင်ရဲသေးတယ်ပေါ့လေ"
ထို့နောက်တွင် စိမ့်ချမ်းဖွယ်ကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဟင့်အင်း..."
ထို့နောက် အရာအားလုံးသည် တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားလေသည်။ လူအုပ်ကြီးသည် ဤမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ဖြစ်ပျက်သွားသမျှ အရာအားလုံးသည် စိတ်ကူးများကို အံတုနေသောကြောင့်ပင် ဖြစ်သည်။ တစ္ဆေ နယ်ပယ်မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို ဤမျှ လွယ်ကူစွာ ဆင့်ခေါ်နိုင်ပြီး သူတို့၏ အသက်နှင့် သေခြင်းတရားကို ဆုံးဖြတ်ပေးနိုင်သည်တဲ့လား။
၎င်းသည် လုံးဝကို ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ဖြစ်လေသည်။ သို့သော် ဤအချိန်၌ သရဲတစ္ဆေ နယ်ပယ်အတွင်းရှိ ဤသရဲတစ္ဆေ ဘုရင်၏ ပိုင်နက်နယ်မြေအောက်တွင် မရေမတွက်နိုင်သော လက်အောက်ငယ်သားများသည် သူတို့၏ အရှင်သခင် ပြန်အလာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်ကို သူတို့ မသိခဲ့ကြပေ။
သို့သော် ထိုအချိန်လေးမှာပင် လျှို့ဝှက်အခန်းအောက်ရှိ ခန်းမအတွင်းတွင် သရဲတစ္ဆေဘုရင်၏ ကိုယ်ပွားများစွာသည် ပေါက်ကွဲထွက်သွားကြလေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင်။
ကိုယ်ပွားများ အားလုံးသည် သုတ်သင်ရှင်းလင်းခံလိုက်ရပြီး နတ်ဘုရားအာရုံ၏ အရိပ်အယောင် တစ်ခုမျှပင် မကျန်ရစ်ခဲ့ချေ။
လက်အောက်ငယ်သားများသည် အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အချိန်အတော်ကြာမှသာ အော်ဟစ်လိုက်ကြတော့သည်။
"ကျွတ်... ဘော့စ်ကတော့ တစ်ချက်တည်းနဲ့ အပြတ်ရှင်းခံလိုက်ရပြီကွ”
--