အခန်း ၁၃၄၈
Vol. 90 Ch. 1348
အခန်း (၁၃၄၈) လိုဏ်ဂူနတ်ဘုရားဘုံများ ပေါင်းစည်းခြင်း
နတ်ဆိုးချိတ်ပိတ်မြို့။
ရုပ်အလောင်းများကို ငြိမ်းချမ်းစွာ မြှုပ်နှံသင်္ဂြိုဟ်ပေးပြီး ဖြစ်လေသည်။ ရှင်းယွီရှုသည် တောင်တန်းများထဲမှ ဧရာမ ကျောက်တိုင်ကြီး တစ်တိုင်ကို အထူးတလည် တူးဖော်ယူဆောင်လာခဲ့ပြီး နာမည်များအားလုံးကို ရေးထိုးရန် ဟင်္သာပြဒါးရောင် စုတ်တံကို အသုံးပြုခဲ့လေသည်။
ဂိုဏ်းကြီးအသီးသီးမှ လူများသည် ဤမြို့ငယ်လေးမှ ပြည်သူပြည်သားများကို နောက်ဆုံးနှုတ်ဆက်ရန် အတူတကွ စုရုံးရောက်ရှိနေကြရာ ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် ခမ်းနားကြီးကျယ်သော အခမ်းအနားကြီး တစ်ခု ဖြစ်နေသည်။
ကိစ္စရပ်များ အားလုံး ပြီးစီးသွားပြီးနောက် လူတိုင်း၏ အကြည့်များသည် သဘာဝကျကျပင် ရွှယ်အန်းထံသို့ လှည့်သွားကြပြီး သူ နောက်ထပ် မည်သို့ စီစဉ်ဆောင်ရွက်မည်ကို သိရှိရန် စိတ်အားထက်သန်နေကြသည်။
ယခုအခါ ရွှယ်အန်းသည် ဤနယ်ပယ်တွင် မေးခွန်းထုတ်စရာ မလိုလောက်အောင် အမြင့်မားဆုံးသော အာဏာပိုင် ပုဂ္ဂိုလ်ကြီး ဖြစ်နေခဲ့ပြီဖြစ်ကာ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အပေါ် အနည်းငယ်မျှသော သံသယကိုပင် မဖော်ပြဝံ့ကြချေ။
အဓိကဂိုဏ်းကြီးများမှ အစွမ်းထက် ပုဂ္ဂိုလ်များသည် ရွှယ်အန်းအပေါ် အလွန်တရာ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေကြသည်။ ၎င်းမှာ သူ၏ အစွမ်းထက်မှုကြောင့်သာမက ပို၍အရေးကြီးသည်မှာ သူသည် ဂိုဏ်းအသီးသီးကို စတင်တည်ထောင်ခဲ့သော ရှေးဟောင်းဘိုးဘေးများ ဆင်းသက်လာရာနေရာမှ ရောက်ရှိလာခြင်းကြောင့်ပင် ဖြစ်သည်။
တာအို မူလဇာစ်မြစ် နယ်မြေကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်သဘောပေါက်ရန် ခက်ခဲသော နေရာတစ်ခုကသာ သူ့ကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို ပျိုးထောင်ပေးနိုင်လိမ့်မည် မဟုတ်ပါလား။
လူများစွာသည် သူတို့၏ ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်ကြလေသည်။ ရွှယ်အန်း၏ အကြည့်များသည် လူတိုင်း၏ မျက်နှာများပေါ်သို့ ဖြတ်သန်းသွားပြီးနောက် သူက ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။
"ဒီနယ်ပယ်ထဲက ဝိညာဉ်စွမ်းအင်တွေ ဘာလို့ ဒီလောက်တောင် ကမောက်ကမ ဖြစ်နေရတာလဲဆိုတာ မင်းတို့ သိကြလား"
လူတိုင်းမှာ အံ့အားသင့်သွားကြပြီးနောက် တစ်ပြိုင်နက်တည်း ခေါင်းခါပြလိုက်ကြလေသည်။
မင်ရှင်းနန်းတော်မှ ဓားထိန်းအကြီးအကဲ တစ်ဦးတည်းသာ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။
"သခင်ကြီး... ဒီနယ်ပယ်က ဘာဖြစ်လို့ ဒီလို ဖြစ်သွားရသလဲ ဆိုတာကို ကျွန်တော် မသိပေမယ့် ဂိုဏ်းရဲ့ ရှေးဟောင်း မှတ်တမ်းတွေအရဆိုရင် ဂိုဏ်းကို စတင်တည်ထောင်ခါစ အစောပိုင်း ကာလတွေတုန်းက ဒီလိုမျိုး မဟုတ်ခဲ့ပါဘူး"
"အိုး"
ရွှယ်အန်း၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ ဤဓားထိန်းအကြီးအကဲသည် အလွန်တရာ အစွမ်းမထက်သော်လည်း ဗဟုသုတ ကြွယ်ဝပြီး ထက်မြက်သူ တစ်ဦးဖြစ်ကြောင်း သူ သိထားသည်။ သူက ထိုသို့ ပြောလာသည်ဆိုမှတော့ ခိုင်လုံသော အခြေခံ အကြောင်းရင်း တစ်ခု သေချာပေါက် ရှိရပေမည်။
"ဆက်ပြောပါဦး"
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောသည်။
"ဟုတ်ကဲ့ပါ"
ဓားထိန်းအကြီးအကဲသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ရှိုက်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကြီးမြတ်လှတဲ့ ရိုသေလေးစားအပ်သူ ခုနစ်ပါးဟာ ဒီနယ်ပယ်ကို ရောက်ရှိလာတဲ့အခါ နတ်ဆိုးတစ္ဆေတွေ သောင်းကျန်းနေပြီး ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေကြတာကို တွေ့မြင်ခဲ့ရပါတယ်၊ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက် သူတို့က အဓိက ဂိုဏ်းကြီး ခုနစ်ခုကို တည်ထောင်ခဲ့ကြတာပါ၊ အဲ့ဒါက ဂိုဏ်းတွေရဲ့ မူလအစပါပဲ"
"ပြီးတော့ မှတ်တမ်းတွေအရ ဂိုဏ်းကို စတင်တည်ထောင်တဲ့ အချိန်တုန်းက ဒီနယ်ပယ်ဟာ နတ်ဆိုးတစ္ဆေတွေရဲ့ နှောင့်ယှက်မှုကို ခံနေရပြီး ဖြောင့်မတ်တဲ့ လမ်းစဉ်ဟာ မထွန်းကားခဲ့ပေမယ့် ဝိညာဉ်စွမ်းအင် ကမောက်ကမ ဖြစ်မှုနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ မှတ်တမ်းတင်ထားတာ မရှိခဲ့ပါဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က အရာအားလုံး ရုတ်တရက် ထူးဆန်းသွားတဲ့ အချိန်အထိပေါ့"
"လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က..."
ရွှယ်အန်းက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။
"မှန်ပါတယ်"
ဓားထိန်းအကြီးအကဲသည် ခေတ္တရပ်သွားပြီးနောက် ဆက်ပြောသည်။
"ဝိညာဉ်စွမ်းအင်တွေ စတင်ပြီး ကမောက်ကမ ဖြစ်လာချိန်မှာ ကျင့်ကြံသူတွေ အားလုံး ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီအချိန်အတွင်းမှာ ဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးသွားခဲ့ရပါတယ်၊ ဒီကမောက်ကမ ဖြစ်မှုက နှစ်ပေါင်း ငါးရာကြာအောင် ဆက်လက် တည်ရှိနေခဲ့ပြီး ကျင့်ကြံသူတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ကမောက်ကမ ဖြစ်မှုတွေကို အသားကျသွားတဲ့ အချိန်ကျမှသာ ကမောက်ကမ ဖြစ်မှုတွေကြားမှာ ခေါင်းထောင်ထလာတဲ့ နတ်ဆိုးတစ္ဆေတွေကို နောက်ဆုံးမှာ ဖိနှိပ်ပြီး မောင်းထုတ်နိုင်ခဲ့ကြတာပါ"
"ဒါပေမဲ့ အဲ့ဒီအချိန်ကစပြီး ဒီနယ်ပယ်က ကျင့်ကြံသူတွေရဲ့ စွမ်းအားက ရုတ်တရက် သိသိသာသာကို ထိုးကျသွားခဲ့ပါတယ်၊ အဲ့ဒါကြောင့်လည်း နတ်ဆိုးဧကရီက ကျွန်တော်တို့ မင်ရှင်းနန်းတော်ရဲ့ အားနည်းတဲ့ စွမ်းအားကို လှောင်ပြောင်ခဲ့တာပါ၊ အမှန်တော့ ကျွန်တော်တို့ မင်ရှင်းနန်းတော်တင် မဟုတ်ပါဘူး၊ အဓိက ဂိုဏ်းကြီး ခုနစ်ခုစလုံးရဲ့ စွမ်းအားက ဂိုဏ်းစတင်တည်ထောင်ခါစ အစောပိုင်း ကာလတွေနဲ့ ယှဉ်လို့မရနိုင်တော့ပါဘူး"
ဓားထိန်းအကြီးအကဲ၏ အသံမှာ အနည်းငယ် ခါးသီးသွားပြီး ဂိုဏ်းအသီးသီးမှ အစွမ်းထက် ပုဂ္ဂိုလ်များ အားလုံး၏ မျက်နှာများမှာလည်း ညှိုးနွမ်းသွားကြလေသည်။
ဂိုဏ်း၏ မှတ်တမ်းများထဲတွင် ရေးသားထားသော စည်ပင်ဝပြောသည့် မြင်ကွင်းများကို သူတို့ မည်မျှတောင် တောင့်တနေခဲ့ကြသနည်း။
ဖြစ်နိုင်မည်ဆိုပါက အချည်းနှီး ဂုဏ်သတင်းလေး တစ်ခုကို ယှဉ်ပြိုင်လုယူရန်အတွက် နေ့စဉ်ရက်ဆက် အချင်းချင်း အကောက်ကြံ တွက်ချက်နေရခြင်းကို သူတို့လည်း သဘောကျမည် မဟုတ်ပေ။
သို့သော် သူတို့အားလုံးသည် ရှောင်လွှဲ၍မရနိုင်သော အမှန်တရား တစ်ခုနှင့် ရင်ဆိုင်နေကြရသည်။ ကျင့်ကြံသူများ အနေဖြင့် သူတို့အတွက် ဤနယ်ပယ်တွင် မျက်နှာကျက် တစ်ခု၊ ကန့်သတ်ချက် တစ်ခု ရှိနေခြင်းပင်ဖြစ်သည်။
ရှေ့ဆက်ရမည့် လမ်းမရှိတော့သည့်အခါ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များပင်လျှင် ပင်ပန်းနွမ်းနယ်မှုကို ခံစားရနိုင်ပေသည်။
ဓားထိန်းအကြီးအကဲ၏ စကားများကို နားထောင်ပြီးနောက် ရွှယ်အန်းသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှသာ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"ငါ နားလည်ပါတယ်၊ ဒါပေမဲ့ ဒီအရာအားလုံးရဲ့ အဓိက အကြောင်းရင်းက ဒီနယ်ပယ်ထဲမှာမရှိဘဲ အိမ်နီးချင်း သရဲတစ္ဆေ နယ်ပယ်ကြီးထဲမှာ ရှိနေတယ် ဆိုတာကတော့ ရှင်းနေတာပဲ"
လူတိုင်း အံ့အားသင့်သွားကြပြီး ဓားထိန်းအကြီးအကဲ၏ မျက်လုံးများထဲတွင် တစ်ခါမှ မဖြစ်ပေါ်ဖူးသော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာသည်။
"သခင်ကြီး... ကျွန်တော့်မှာလည်း ဒီသံသယမျိုး ရှိနေခဲ့တာပါ"
သို့သော် သူ၏ မျက်လုံးများသည် လျင်မြန်စွာပင် ပြန်လည် မှေးမှိန်သွားလေသည်။
"ဒါပေမဲ့ ကျွန်တော်တို့ သိနေတယ် ဆိုရင်တောင် ဘာလုပ်နိုင်မှာလဲ၊ တစ္ဆေ နယ်ပယ်ကြီးက အတိုင်းအတာ တစ်ခုအထိကို ကြီးမားကျယ်ပြန့်လွန်းပါတယ်၊ ဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးတွေတောင်မှ အဲ့ဒီအထဲကို နက်နက်ရှိုင်းရှိုင်း မဝင်ရောက်ဝံ့ခဲ့ကြပါဘူး"
ဤသည်ကို ကြားသောအခါ လူတိုင်း၏ မျက်နှာပေါ်တွင်လည်း ညှိုးငယ်သော အမူအရာများ ပေါ်လွင်လာလေသည်။
အမှန်ပင်။ သူတို့သည် သရဲတစ္ဆေ နယ်ပယ်ထဲသို့ တစ်ခါမှ မဝင်ရောက်ဖူးသော်လည်း ၎င်းနှင့် အလွန် နီးကပ်စွာ ဆက်စပ်နေသောကြောင့် ၎င်း၏ အခြေအနေနှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိတော့ သူတို့ အားလုံး သိရှိထားကြလေသည်။
ကောလာဟလများအရ ၎င်းသည် စကြဝဠာ နယ်ပယ်ပေါင်းစုံ အနက် အထူးဆန်းဆုံး နေရာများထဲမှ တစ်ခုဖြစ်ပြီး အဆုံးအစမရှိအောင် ကြီးမားကျယ်ပြန့်ကာ စကြဝဠာ နယ်ပယ်ပေါင်းစုံ အနက် ထိပ်တန်း အဆင့်သုံး နေရာတွင်ပင် ပါဝင်သည်ဟု ဆိုကြသည်။
ထို့အပြင် ထိုနေရာတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးများသည် အဆက်မပြတ် ပေါ်ထွက်နေလေ့ရှိပြီး မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများလည်း ရှိနေသည်။
အတိုချုပ်ပြောရလျှင် အခြေအနေများက အလွန် ရှုပ်ထွေးနက်နဲလှပေသည်။ ရောက်ရှိလာသော နတ်ဆိုးဧကရီသည် မည်မျှပင် အာဏာပြ မောက်မာနေပုံရသည်ဖြစ်စေ တစ္ဆေနယ်ပယ်ကြီးထဲတွင်မူ သူမသည် လမ်းသွားလမ်းလာ သာမန်လူ တစ်ယောက်၏ အဆင့်၌သာ ရှိချင်ရှိနေနိုင်ပေသည်။
ထို့ကြောင့် အဓိက ပြဿနာသည် သရဲတစ္ဆေ နယ်ပယ်ကြီးထဲတွင် ရှိနေကြောင်းကို သိရှိနေသည့်တိုင် သူတို့တွင် မည်သည့် မျှော်လင့်ချက်မျှ မရှိကြချေ။
သို့သော် ရွှယ်အန်းက အပြုံးတစ်ခုဖြင့် ခေါင်းခါလိုက်ပြီး ဓားထိန်းအကြီးအကဲကို ပြောလိုက်သည်။
"မင်းပြောတာ မှန်လည်းမှန်တယ်၊ မှားလည်းမှားတယ်၊ အနည်းဆုံးတော့ အဲ့ဒီ ဟွာလူမျိုးနွယ်တွေက ဒီနယ်ပယ်ရဲ့ ငြိမ်းချမ်းရေး တစ်ခုတည်းအတွက် သက်သက်နဲ့ အဓိက ဂိုဏ်းကြီး ခုနစ်ခုကို ဒီမှာ လာရောက်တည်ထောင်ခဲ့ကြတာ မဟုတ်ဘူး"
ဓားထိန်းအကြီးအကဲသည် တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားသည့်အလား မျက်လုံးများ ပြူးကျယ်သွားပြီး တုန်ရီစွာဖြင့် ပြောသည်။
"သခင်ကြီး ဆိုလိုတာက..."
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"တစ္ဆေ နယ်ပယ်ကြီးက ဘာလို့ ဒီလောက် ကြီးမားကျယ်ပြန့်နေရတာလဲလို့ မင်း ထင်လဲ"
လူအုပ်ကြီးကြားတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်သွားပြီး လူများစွာသည် ကြောက်မက်ဖွယ်ကောင်းသော အမှန်တရား တစ်ခုကို တွေးမိသွားသဖြင့် မျက်နှာများ ဖြူလျော့သွားကြလေသည်။
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောသည်။
"တစ္ဆေမျိုးနွယ်စုဆိုတာ စကြဝဠာ နယ်ပယ်ပေါင်းစုံက မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေထဲမှာ တော်တော်လေးကို ထူးခြားတဲ့ တည်ရှိမှု တစ်ခုပဲ၊ သူတို့ရဲ့ ကျူးကျော်ချဲ့ထွင်နိုင်စွမ်းက အလွန်တရာ အားကောင်းလွန်းတယ်၊ ဒါကြောင့် မရေမတွက်နိုင်တဲ့ ခေတ်ကာလတွေ တစ်လျှောက်မှာ သူတို့က ကမ္ဘာမြေ နယ်ပယ်တစ်ခုပြီး တစ်ခုကို သိမ်းပိုက် ပေါင်းစည်းခဲ့ကြပြီး နောက်ဆုံးမှာ ဒီလောက်အထိ ကြီးမားကျယ်ပြန့်လာခဲ့တာပဲ"
မြင်ကွင်း တစ်ခုလုံးတွင် တိတ်ဆိတ်မှုကြီး ကြီးစိုးသွားပြီး အချိန်အတော်ကြာမှသာ ဓားထိန်းအကြီးအကဲက ဩရှရှ အသံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ သခင်ကြီး... ဘာဖြစ်လို့ နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ ဒီ သရဲတစ္ဆေ နယ်ပယ်ကြီး အကြောင်းကို ဘာမှ ထည့်သွင်းပြောဆိုတာမျိုး မရှိခဲ့ရတာလဲ..."
ရွှယ်အန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။
"အရမ်း ရိုးရှင်းပါတယ်၊ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ တစ္ဆေ နယ်ပယ်ထဲမှာ အပြိုင်အဆိုင်ကင်းတဲ့ ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာခဲ့လို့ပဲ၊ သူက အလွန်တရာ အမြော်အမြင် ကြီးမားလွန်းတယ်၊ အဲ့ဒါကြောင့်လည်း တစ္ဆေ မျိုးနွယ်စုက ကြီးမားတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ၊ ကံမကောင်းစွာနဲ့ပဲ..."
ရွှယ်အန်း၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းတစ်ချက် လင်းလက်သွားသော်လည်း မည်သည့်အရာက ကံမကောင်းသနည်း ဆိုသည်ကို သူ အတိအကျ မပြောပြဘဲ ပေါ့ပေါ့ပါးပါးသာ ဆက်ပြောသည်။
"ဝိညာဉ်စွမ်းအင်တွေ ကမောက်ကမ ဖြစ်နေတာက သရဲတစ္ဆေ မျိုးနွယ်စုက ဒီနယ်ပယ်ရဲ့ မူလဇာစ်မြစ်အပေါ် ကျူးကျော် ဝင်ရောက်လာမှုကြောင့်ပဲ၊ အခု ကမောက်ကမ ဖြစ်မှုတွေ ပိုပြီးပြင်းထန်လာတာကို ကြည့်ရင် တစ္ဆေမျိုးနွယ်စုက ဒီနယ်ပယ်ကို သိမ်းပိုက်ဖို့ အစမ်းသပ်ချင်နေပြီ ဆိုတာ ရှင်းနေပါတယ်"
လောကကြီး၏ ဝိညာဉ်စွမ်းအင်များ ပိုမို ကမောက်ကမ ဖြစ်လာပြီး ကြမ်းတမ်းလာသည်ကို သူတို့ သဘာဝကျကျ အာရုံခံမိနေသောကြောင့် လူတိုင်း၏ မျက်နှာများသည် အလွန်အမင်း တင်းမာ ညှိုးနွမ်းသွားကြသည်။
ရွှယ်အန်း ပြောခဲ့သည်များသာ အမှန်ဖြစ်ခဲ့ပါက ကြီးမားလှသော ဘေးဒုက္ခကြီး တစ်ခုက မျက်မှောက်သို့ ဆိုက်ရောက်လုနီးပါး ဖြစ်နေကြောင်း သိသာထင်ရှားနေလေသည်။
စဉ်းစားကြည့်ကြလျှင် နတ်ဆိုးဧကရီ တစ်ပါးတည်းကို ကိုင်တွယ်ဖြေရှင်းရသည်ကပင် ဤမျှ ဒုက္ခရောက်ခဲ့ရသည် မဟုတ်ပါလား။ သရဲတစ္ဆေ မျိုးနွယ်စုကသာ အလုံးစုံ ကျူးကျော်စစ်ကို အမှန်တကယ် ဆင်နွှဲလာခဲ့မည် ဆိုပါက မည်မျှတောင် သနားစရာကောင်းသော အခြေအနေမျိုး ဖြစ်သွားမည်နည်း။
လူတိုင်း စိတ်သည် အောက်ခြေအထိ ထိုးကျသွားခဲ့လေသည်။ ဤသည်ကို မြင်သောအခါ ရှီကျန်းက လေးနက်ပြတ်သားစွာ အော်ဟစ်လိုက်သည်။
"ငါတို့ ဓားကျင့်ကြံသူတွေ ဆိုတာ တိုက်ပွဲဝင်ဖို့ မွေးဖွားလာကြတာပဲ၊ သေရမှာကို ဘာလို့ ကြောက်နေရမှာလဲ၊ ဒီကိစ္စလေးကြောင့်နဲ့ ငါတို့ရဲ့ ရင်ထဲမှာ အကြောက်တရားတွေ ဖြစ်ပေါ်လာမယ် ဆိုရင် ငါတို့ အထဲက ဓားဆန္ဒနဲ့ ဘယ်လိုလုပ် ထိုက်တန်တော့မှာလဲ"
ဤစကားများသည် လေးလံသော သံတူကြီး တစ်လက်ကဲ့သို့ မင်ရှင်းနန်းတော်မှ လူများနှင့် များစွာသော လွတ်လပ်သည့် ဓားတာအို ကျင့်ကြံသူများ၏ ဝေခွဲမရဖြစ်နေသော စိတ်နှလုံးများကို နိုးထသွားစေခဲ့လေသည်။ ထို့နောက် ရှီကျန်းသည် နောက်လှည့်ကာ ရွှယ်အန်းကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
"သခင်ကြီး... တစ္ဆေ မျိုးနွယ်စုက နောက်တစ်ကြိမ် ကျူးကျော်ဖို့ ရည်ရွယ်နေတယ် ဆိုမှတော့ ကျွန်တော်တို့ နောက်ထပ် ဘာလုပ်သင့်တယ်လို့ သခင်ကြီး ထင်ပါသလဲ"
ရှီကျန်း မေးခွန်းကို ကြားသောအခါ ဂိုဏ်းများစွာမှ အစွမ်းထက် ပုဂ္ဂိုလ်များ၏ မျက်လုံးများ တောက်ပလာကြလေသည်။
အမှန်ပင်။ သခင်ကြီးက ဒီလို ပြောလာပြီ ဆိုမှတော့ သူ့မှာ တုံ့ပြန်ဖို့ နည်းလမ်းတစ်ခု သေချာပေါက် ရှိရမယ် မဟုတ်လား...
မသိမသာပင် လူများစွာသည် ရွှယ်အန်းကို နတ်ဘုရားတစ်ပါးကဲ့သို့ သတ်မှတ်ထားခဲ့ကြပြီဖြစ်ကာ သူ မစွမ်းဆောင်နိုင်သော အရာဟူ၍ မရှိဟုပင် ယုံကြည်နေခဲ့ကြသည်။ ရွှယ်အန်းက ပြုံးယောင်သန်းလျက် ပြုံးသည်။
"တကယ်တော့ နည်းလမ်းက တော်တော်လေး ရိုးရှင်းပါတယ်၊ မင်းတို့ရဲ့ အင်အားတွေက အဓိက ဂိုဏ်းကြီး ခုနစ်ခုမှာ ပြန့်ကျဲနေတယ်၊ ဂိုဏ်းတစ်ဂိုဏ်းတည်းကို အားကိုးနေမယ် ဆိုရင်တော့ မင်းတို့ သဘာဝကျကျပဲ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် အခု အစီအစဉ်က မင်းတို့ အဓိက ဂိုဏ်းကြီး ခုနစ်ခုစလုံး တစ်ခုတည်းအဖြစ် ပေါင်းစည်းကြဖို့ပဲ”
--