အခန်း ၇၉၆
Vol. 54 Ch. 796
အခန်း (၇၉၆) - သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်
~ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးသည် ရှင်းယွင် ဂိုဏ်းမှ ထွက်ခွာလာပြီး သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ဆီသို့ မရပ်မနား အပြေးအလွှား သွားရောက်ခဲ့ကြသည်။
သူတို့ ထွက်ခွာသွားစဉ် ယဲ့ထျန်းဝေက ထျန်းရှောင်အား မေးခွန်း တစ်ခု မေးလိုက်ရာ ထျန်းရှောင်မှာ ကြောက်လန့်လွန်းသဖြင့် ဒူးထောက်ကျမလို ဖြစ်သွားပြီး သူ၏ မျက်နှာမှာလည်း ပြာနှမ်းသွားရ၏။
ယဲ့ထျန်းဝေက ထျန်းရှောင်အား အငြိုးထားနေခြင်း မဟုတ်ကြောင်း ထင်ရှားလှသည်။
ဝူကျိနယ်မြေမှ ကျန်းမိသားစု ဆိုသည်မှာ သူ့ကဲ့သို့ သာမန် စီနီယာ တပည့် တစ်ယောက်အနေဖြင့် လုံးဝ ပြစ်မှား၍ မရနိုင်သော ဖြစ်တည်မှု တစ်ခုပင် ဖြစ်ပါ၏။
ရှင်းယွင် ဂိုဏ်း၏ ပင်မ ခန်းမဆောင် တံခါးဝတွင် မိုရွှမ်က ကောင်းကင်ယံသို့ မော့ကြည့်ရင်း ... ဆုံးမလိုက်၏။
“သခင်လေးကျန်းက စိတ်ထဲမထားလို့ တော်သေးတာပေါ့... မဟုတ်ရင် ငါတို့ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး၊ ကျန်းမိသားစုရဲ့ အင်အားကို မင်းလည်း သိတာပဲ ထျန်းရှောင်... မင်းရဲ့ မာနကို နည်းနည်းလောက် လျှော့ထားတာ မင်းအတွက် ဘာမှ မနစ်နာပါဘူး”
“ဟုတ်ကဲ့ပါ ပထမ အကြီးအကဲ”
ထျန်းရှောင်က ရိုသေမှုနှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
---
“သခင်လေးကျန်း... ခင်ဗျားအတွက် တကယ်ကို အလုပ်ရှုပ်သွားရပြီ”
လမ်းခရီးတွင် လုထျန်းချန်က မနေနိုင်တော့ဘဲ စကားစလိုက်၏။
မြင့်မြတ်သော လင်းယုန် ကြေးစားအဖွဲ့၏ ဒုတိယ တပ်မှူး တစ်ယောက်အနေဖြင့် ကျန်းကျွင့်လန်၏ နောက်ခံကို ကြားသိထားပြီး ဖြစ်ရာ လုထျန်းချန်မှာ သူ့ကို ကောင်းစွာ ရင်းနှီးနေသည်။
ထန်ယွင်ရှန်နှင့် အခြားသူများအတွက် ကျန်းကျွင့်လန်တို့အဖွဲ့သည် သူတို့၏ အစွမ်းကုန် ကြိုးစားပေးနေကြခြင်း ဖြစ်ပါ၏။
ထို့ကြောင့် လုထျန်းချန်မှာ အလွန်အမင်း ကျေးဇူးတင်နေမိတော့သည်။
“အစ်ကိုလုက အရမ်း အားနာလွန်းနေပါပြီ”
ကျန်းကျွင့်လန်က ယဉ်ကျေးစွာဖြင့် ...
ပြန်လည် ဖြေကြားလိုက်သည်။
“ဒီခရီးစဉ်မှာ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ရဖို့ မျှော်လင့်ရတာပဲ... မဟုတ်ရင် ငါတို့ အချိန်တွေ အလကား ကုန်သွားပြီး အစ်ကိုကြီးထန်တို့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး”
ယဲ့ထျန်းဝေက စိုးရိမ်တကြီးဖြင့် ဝင်ပြောလိုက်သည်။ ဆေးဖက်ဝင် အပင်များမှာ ရှားပါးလေလေ ရရှိရန် ခက်ခဲလေလေ ဖြစ်ပါ၏။
ထိုအကြောင်းကြောင့် အဆင့် (၆) နှင့်အထက် အစွမ်းထက်သော ဆေးလုံးများမှာ ဈေးနှုန်း အလွန် ကြီးမြင့်ပြီး ပါဝင်သော ဆေးပင်များမှာ ရှားပါးကာ တန်ဖိုးကြီးလွန်းသဖြင့် ရွှေဒင်္ဂါးပြားများဖြင့်ပင် ဝယ်ယူ၍ မရနိုင်ခြင်း ဖြစ်၏။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှာပါ မရှိဘူး ဆိုရင်တော့...”
ထိုနေရာသို့ ဦးတည်သွားနေသော်လည်း လုထျန်းချန်မှာ စိုးရိမ်နေဆဲ ဖြစ်ပါသည်။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှာ မရှိဘူးဆိုရင်တော့ ငါတို့ ဆရာက ဖြေဆေး ရနိုင်မရနိုင် ဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပေါ့”
ဟု ကျန်းကျွင့်လန်ကလည်း သူ၏ စိုးရိမ်ပူပန်မှုကို ဖွင့်ဟလိုက်၏။
ထန်ယွင်ရှန်၊ ယွင်ယွင်နှင့် ချန်းချန်းတို့၏ အခြေအနေမှာ အလွန် အရေးကြီးနေပြီး ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို အတိုတောင်းဆုံး အချိန်အတွင်း ရှာဖွေတွေ့ရှိရန် လိုအပ်၏။ အကယ်၍ သူတို့သည် ဆေးပင်ကို ရှာမတွေ့ပါက သို့မဟုတ် သုံးရက်အတွင်း ဖြေဆေး မရရှိပါက ဖုန်းဝူချန်၏ ကမ္ဘာဦး စွမ်းအားဖြင့်ပင် ပြင်းထန်သော အဆိပ်ကို ဖိနှိပ်ထားရန် ခက်ခဲလာနိုင်သည်။
မည်သို့ပင် ဆိုစေကာမူ သေစေလောက်သော အဆိပ်များမှာ ထန်ယွင်ရှန်၏ မျက်လုံးများအတွင်း အမြဲတမ်း ရှိနေပြီး ယွင်ယွင်နှင့် ချန်းချန်းတို့၏ သွေးကြောများထဲတွင်လည်း စီးဆင်းနေ၏။ ဖိနှိပ်ထားခြင်းမှာ အဆိပ်များ ဆက်လက် မပျံ့နှံ့အောင် ယာယီ ထိန်းချုပ်ထားခြင်း သက်သက်သာ ဖြစ်ပြီး ထိုသို့ ထိန်းချုပ်ထားစဉ်မှာပင် ထန်ယွင်ရှန်တို့၏ ကျန်းမာရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်နေဆဲပင် ဖြစ်ပါသည်။
ရှန်ယင် မြို့တော်တွင်မူ လုကျဲ့နှင့် အခြားသူများမှာ တိတ်တဆိတ် စိုးရိမ်ပူပန်နေကြပြီး ကျန်းကျွင့်လန်တို့အဖွဲ့ ပြန်အလာကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း ယခုထက်တိုင် အရိပ်အယောင်မျှပင် မတွေ့ရသေးပါချေ။
ကျန်းကျွင့်လန်တို့အဖွဲ့ ဘာတွေဖြစ်နေသည်ကို မည်သူကမျှ မသိကြပါချေ။
“နန်းတော်သခင်... တခြား နည်းလမ်း လုံးဝ မရှိတော့ဘူးလားဗျာ”
ယီထျန်းချင်းက ထန်ယွင်ရှန်တို့ ခံစားနေရသည်ကို မကြည့်ရက်တော့သဖြင့် အပူတပြင်း မေးလိုက်၏။
“နည်းလမ်းတော့ ရှိတယ်... ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်တယ်၊ တကယ်လို့ မဖြစ်မနေ အခြေအနေမျိုး မဟုတ်ရင် ငါ စွန့်စားပြီး မလုပ်ချင်ဘူး”
ဖုန်းဝူချန်က ခေါင်းခါယမ်းရင်း ပြန်ဖြေလိုက်သည်။
“အခုချက်ချင်း သွားပြီး သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ချင်တာပဲ... အဲဒီကျိန်စာသင့် အဘိုးကြီးက အကြောင်းပြချက် မရှိဘဲ ဒီလောက် သေစေနိုင်တဲ့ အဆိပ်မျိုးကို သုတေသန လုပ်နေရတယ်လို့”
လျိုချင်းယန်က အံကို ကြိတ်ကာ ဒေါသတကြီး ရေရွတ်လိုက်၏။
“လောမနေပါနဲ့... ငါတို့မှာ အချိန် ရပါသေးတယ်”
မြောင်ချင်းချင်းက နှစ်သိမ့်လိုက်၏။ ယခုအချိန်တွင် သူတို့ လုပ်နိုင်သည်မှာ ကျန်းကျွင့်လန်တို့ အဖွဲ့ထံမှ သတင်းကောင်းကို စောင့်မျှော်ရန်သာ ရှိပါတော့သည်။
---
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်... တိုက်ကြီး၏ နံပါတ်တစ် ကျောင်းတော်ဖြစ်ပြီး တိုက်ကြီး တစ်ခုလုံးမှ ထိပ်တန်း ပါရမီရှင်များစွာကို စုစည်းထားရာ နေရာပင် ဖြစ်၏။
ယခုအခါ ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးသည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ ရောက်ရှိနေကြပြီ ဖြစ်ပါသည်။
“တိုက်ကြီးရဲ့ နံပါတ်တစ် ကျောင်းတော် ဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်ပါပေတယ်... ငါ ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာ၊ ဒီကျောင်းသားတွေ အကုန်လုံးက ကောင်းကင်ဘုံလူသားဘုံကို ရောက်နေကြတာပါလား”
ယဲ့ထျန်းဝေက အံ့အားသင့်စွာဖြင့် မှတ်ချက်ချလိုက်၏။ မျက်မြင်ကိုယ်တွေ့ မမြင်ရမချင်း မသိနိုင်သလို ရောက်ရောက်ချင်းမှာပင် ကြီးမားသော တုန်လှုပ်မှုကို ခံစားလိုက်ရခြင်း ဖြစ်ပါသည်။
“ဒါကြောင့်မို့လို့ပဲ တိုက်ကြီးရဲ့ နံပါတ်တစ် ကျောင်းတော်လို့ ခေါ်ကြတာပေါ့”
ဟု လုထျန်းချန်က ဝင်ပြောလိုက်၏။
ထိုအခါ၊ ကျန်းကျွင့်လန်က ပြုံးလျက် ...
“ရိုးရိုးသားသား ပြောရရင် ငါလည်း ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က တိုက်ကြီး တစ်ခုလုံးက ပါရမီရှင်တွေကို စုစည်းထားတာလေ၊ ဒီကျောင်းသား တစ်ယောက်ချင်းစီတိုင်းက အရမ်းကို အစွမ်းထက်ကြပြီး ဆေးဖော်စပ်တာ၊ အင်မော်တယ်လက်နက် သွန်းလုပ်တာ၊ သံရည်ကျိုတာနဲ့ အင်းကွက် ပညာရပ်တွေကို ကျွမ်းကျင်တဲ့ ကျောင်းသားတွေ အားလုံးက တကယ့် ပါရမီရှင်တွေချည်းပဲ”
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှာ ခမ်းနားထည်ဝါသော နန်းတော်ကြီးများဖြင့် အလွန်တရာ ကျယ်ဝန်းလှပြီး ၎င်းအတွင်းမှ ပြင်းထန်ပြီး အစွမ်းထက်သော အရှိန်အဝါများ ရစ်သိုင်းနေတော့သည်။
“သူတို့က ဘယ်သူတွေလဲ... ငါတို့ ကျောင်းတော်က ကျောင်းသားတွေနဲ့ မတူဘူးနော်”
“ကျင့်ကြံခြင်းအဆင့်က အားမနည်းဘူး... အဲဒီလူက ထျန်းကျီဘုံ အဆင့် (၁) မှာ ရှိနေတာ”
“ဟင်... အဲဒါ ရှန်ယင် မြို့တော် ကြေးစားအဖွဲ့ရဲ့ ဒုတိယ တပ်မှူး လုထျန်းချန် မဟုတ်ဘူးလား”
ကျောင်းတော်၏ ဝင်ပေါက်တွင် ကျောင်းသားများစွာက ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးကို အကဲခတ်ကြည့်ရှုရင်း တိုးတိုးတိတ်တိတ် ဝေဖန် ဆွေးနွေးနေကြ၏။
အဘိုးအို တစ်ဦးက ကျောင်းတော်၏ ပင်မ တံခါးပေါက်မှ ဖြည်းညင်းစွာ လျှောက်လာပြီး သူ၏ ဆံဖြူဖြူ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ခပ်ပြုံးပြုံးဖြင့် ...မေးလိုက်၏။
“မင်းတို့ သုံးယောက် ငါတို့ ကျောင်းတော်ကို ဘာကိစ္စများ ရှိလို့ လာကြတာလဲ”
တံခါးစောင့် တစ်ဦးသာ ဖြစ်သော်လည်း ထိုအဘိုးအို၏ ကျင့်ကြံခြင်းအဆင့်မှာ ထျန်းကျီဘုံ အဆင့် (၆) သို့ ရောက်ရှိနေပြီး အလွန်တရာ အစွမ်းထက်လှသည်။
လုထျန်းချန်က လက်နှစ်ဖက်ကို ယှက်ကာ ယဉ်ကျေးစွာဖြင့် ...
ဖြေကြားလိုက်၏။
“ကျွန်တော်တို့မှာ အရေးကြီး ကိစ္စလေး တစ်ခုရှိလို့ ကျောင်းတော်ရဲ့ ပထမ အကြီးအကဲနဲ့ တွေ့ဆုံခွင့် ရဖို့ လာတာပါ”
အဘိုးအိုက မျက်မှောင် အနည်းငယ် တွန့်ချိုးလိုက်ပြီး ... ဆိုလိုက်၏။
“ပထမ အကြီးအကဲလား”
“ပထမ အကြီးအကဲက အခု ဆေးဖော်စပ်နေတယ်၊ ဒီအချိန်က သွားတွေ့ဖို့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး”
“စီနီယာ အဘိုးကြီး... ဒါဆို ဆရာမ ရှန်ကွမ်းနဲ့ တွေ့ခွင့်ရမလားဗျ”
ယဲ့ထျန်းဝေက အလျင်အမြန် မေးလိုက်သည်။
“အဲဒါ ဆိုရင်တော့ ဖြစ်နိုင်ပါတယ်... ငါ့နောက်ကို လိုက်ခဲ့ကြ”
အဘိုးအိုက ခေါင်းညိတ်ကာ သဘောတူလိုက်၏။
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှာ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လှသဖြင့် ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးက ကျောင်းတော်အတွင်း၌ ပြဿနာ တစ်ခုခု ဖန်တီးရဲလိမ့်မည်ဟု အဘိုးအိုက လုံးဝ စိုးရိမ်မနေပါချေ။
“ဟေ့... ကြည့်ကြစမ်း၊ ငါတို့ ကျောင်းတော်ကို လူစိမ်းတွေ ရောက်လာတယ်ဟ”
ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦး ကျောင်းတော်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျောင်းသားများစွာ၏ အာရုံစိုက်မှုကို အလျင်အမြန် ရရှိသွားပြီး စပ်စုချင်စိတ်များဖြင့် လှမ်းကြည့်နေကြသည်။
“ထျန်းကျီဘုံ အဆင့် ရှိတဲ့ ကျောင်းသားတွေ တော်တော်များများ ရှိတာပဲ”
ယဲ့ထျန်းဝေ၏ နှလုံးသားမှာ အံ့အားသင့်မှုကြောင့် တုန်လှုပ်သွားရ၏။
“သူတို့ပဲ... နဂါးနတ်ဘုရား နန်းတော်က လူတွေ... ဟိုမှာ သခင်လေးကျန်း”
ချုံယွမ်က ကျန်းကျွင့်လန်နှင့် ယဲ့ထျန်းဝေကို ချက်ချင်း မှတ်မိသွားပြီး သူ၏ မျက်နှာပေါ်တွင် ရုတ်တရက် ကြောက်လန့်မှုများ ပေါ်ထွက်လာတော့သည်။
“သူတို့က ငါတို့ ကျောင်းတော်ကို ဘာလာလုပ်တာလဲ”
အခြား ကျောင်းသား တစ်ဦးက ဇဝေဇဝါဖြင့် မေးလိုက်ရာ သူ၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လွင်နေ၏။
“သခင်လေးကျန်းလား”
မိုချင်းယွင်လည်း ကျန်းကျွင့်လန်ကို မြင်လိုက်ရပြီး အလွန်အမင်း အံ့အားသင့်သွားရသည်။
အဘိုးအိုသည် ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးကို ဆရာမ ရှန်ကွမ်းယွင်ယွင်၏ နားနေခန်းဆီသို့ လမ်းတစ်လျှောက်လုံး ခေါ်ဆောင်သွား၏။
“သခင်လေးကျန်းပါလား”
ကျန်းကျွင့်လန်ကို မြင်လိုက်ရသည့်အခါ ရှန်ကွမ်းယွင်ယွင်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး သူမ၏ မျက်နှာထားမှာ တောင့်တင်းသွားကာ သူ့ကို မှင်သက်စွာ စိုက်ကြည့်နေမိတော့သည်။
ရှန်ကွမ်းယွင်ယွင်မှာ ယခင်ကအတိုင်းပင် အလွန်တရာ လှပနေဆဲဖြစ်ပြီး ဆွဲဆောင်မှု အပြည့်ရှိသော ခန္ဓာကိုယ် ကောက်ကြောင်းများက လုံးဝ ဆွဲဆောင်မှု ရှိနေသည်။
“ဆရာမ ရှန်ကွမ်း... ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်”
ကျန်းကျွင့်လန်က ယဉ်ကျေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်၏။
“ဝင်လာပြီးမှ စကားပြောကြတာပေါ့”
ရှန်ကွမ်းယွင်ယွင်က သတိပြန်ဝင်လာပြီး သူတို့ သုံးဦးကို အထဲသို့ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်၏။
ရှန်ကွမ်းယွင်ယွင်က ထိုသုံးဦးကို တွေ့ဆုံခွင့်ပေးလိုက်သည်ကို မြင်သောအခါ ကျောင်းသားများစွာ၏ ရင်တွင်း၌ ဒေါသများ တစ်ဟုန်ထိုး တက်လာပြီး သူတို့၏ မျက်လုံးများထဲတွင် မနာလိုမှု၊ မနာလို ဝန်တိုမှုနှင့် ဒေါသများ ပြည့်နှက်သွားကြတော့သည်။
“သောက် ကောင်လေး... သူသာ ဆရာမ ရှန်ကွမ်းကို မတော်မလျော် တစ်ခုခု လုပ်ရဲလုပ်ကြည့်၊ သူ့ကို လုံးဝ ခွင့်မလွှတ်ဘူး”
“ခွေးမသားတွေ... အဲဒီကောင် နှစ်ယောက်က ဆရာမ ရှန်ကွမ်းနားကို အနီးကပ် ချဉ်းကပ်ခွင့် ရသွားတာ တကယ့်ကို ဒေါသထွက်စရာပဲ၊ ငါသာဆိုရင် အိပ်မက်တောင် မက်နေလောက်ပြီ”
“ငါလည်း ဆရာမ ရှန်ကွမ်းရဲ့ အခန်းထဲကို ဝင်ချင်တာပဲ... ဘာလို့ သူတို့က ဝင်လို့ရတာလဲ၊ တကယ် မတရားဘူးကွာ”
ပါရမီရှင် ကျောင်းသား များစွာမှာ ပုန်ကန်မလို ဖြစ်နေကြတော့သည်။
ရှန်ကွမ်းယွင်ယွင်မှာ သူတို့ နှလုံးသားထဲမှ နံပါတ်တစ် နတ်ဘုရားမလေး ဖြစ်ပြီး အခြား ယောကျာ်းများက သူမနှင့် အနီးကပ် ထိတွေ့ဆက်ဆံခွင့် ရသည်ကို သူတို့ လုံးဝ ခွင့်မပြုနိုင်ကြပါချေ။
ဤအခိုက်အတန့်တွင် ကျောင်းတော်မှ ကျောင်းသားများ အားလုံးမှာ အလွန်အမင်း နာကျင်ခံစားနေကြရပြီး ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါများကို အခန်းထဲသို့ ဝင်သွားကာ အတင်းအကြပ် ဆွဲထုတ်လာချင်စိတ်များပင် ပေါ်ပေါက်နေကြတော့သည်။
“ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့် ဟုတ်လား”
အခန်းအတွင်း၌ ကျန်းကျွင့်လန်တို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို ကြားလိုက်ရသည့်အခါ ရှန်ကွမ်းယွင်ယွင်က ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်၏။
“ဟုတ်ပါတယ် ဆရာမ ရှန်ကွမ်း... ဘာဖြစ်လို့လဲဗျ”
ရှန်ကွမ်းယွင်ယွင်၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ ကျန်းကျွင့်လန်က အလျင်အမြန် မေးမြန်းလိုက်၏။
“ဒါတော့ မကောင်းဘူး... ပထမ အကြီးအကဲက ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို သုံးပြီး ဆေးလုံး တစ်လုံး ဖော်စပ်နေတာ သိပ်မကြာသေးဘူး ထင်တယ်... အအေးဓာတ် အဆိပ်ကို ဖိနှိပ်ဖို့ ဆေးလုံး ဖော်စပ်နေတာလို့ ငါ ကြားလိုက်တယ်”
ရှန်ကွမ်းယွင်ယွင်က စိုးရိမ်တကြီးဖြင့် ရှင်းပြလိုက်၏။
“ဘာ”
ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦး၏ မျက်နှာထားများမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားကြလေတော့သည်။
--