← Chapters

အခန်း ၇၉၇

Vol. 54 Ch. 797

အခန်း ၇၉၇

Vol. 54 Ch. 797

အခန်း (၇၉၇) - နောက်ဆုံး မျှော်လင့်ချက်

~"စီမံအုပ်ချုပ်ရေး အကြီးအကဲက လွန်ခဲ့တဲ့နှစ်တွေတုန်းက ရှေးဟောင်း ရေခဲကို အတင်းအကြပ် သန့်စင်ခဲ့လို့ ခန္ဓာကိုယ်ထဲမှာ အအေးဓာတ် အဆိပ်တွေ စုပုံလာခဲ့တာလေ၊ အဲဒီအအေးဓာတ် အဆိပ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဆေးလုံး ဖော်စပ်ဖို့ ပထမ အကြီးအကဲက ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့တာ... ခုနက ပန်းပွင့်က နောက်ဆုံး တစ်ပွင့်ပဲ"

ရှန်ကွမ်းယွင်ယွင်က ရှင်းပြလိုက်၏။

"ဘယ်လို... နောက်ဆုံး တစ်ပွင့် တဲ့လား"

ကျန်းကျွင့်လန်နှင့် အခြားနှစ်ဦး၏ မျက်နှာထားများမှာ နောက်တစ်ဖန် သိသိသာသာ ပြောင်းလဲသွားကြပြန်၏။

ကျောင်းတော် ဝင်ပေါက်ကို စောင့်ကြပ်နေသော အဘိုးအိုက ကျောင်းတော်၏ ပထမ အကြီးအကဲမှာ လက်ရှိတွင် ဆေးဖော်စပ်နေကြောင်း ကြိုတင် ပြောပြခဲ့ပြီး ဖြစ်၏။ ဆိုလိုသည်မှာ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်တွင် အသုံးပြုနေပြီဆိုသည့် အဓိပ္ပာယ် မဟုတ်ပါလော။

ရှန်ကွမ်းယွင်ယွင်၏ စကားများက ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးကို မျှော်လင့်ချက်မဲ့သွားစေသည်မှာ သေချာလှသည်။

"အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ... ဒီအထိ အဝေးကြီး လာခဲ့ရတာ၊ နောက်ဆုံး တစ်ပွင့်မှန်း သိလိုက်ရတယ်"

ယဲ့ထျန်းဝေက အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။

ထိုအခါ၊ ရှန်ကွမ်းယွင်ယွင်က မချိပြုံးလေး ပြုံးလျက်...

"ရှင်တို့သာ နည်းနည်းစောပြီး ရောက်လာခဲ့ရင် မျှော်လင့်ချက် ရှိနိုင်သေးတယ်... ဒါပေမဲ့ အခု ပထမ အကြီးအကဲက ဆေးဖော်စပ်နေတာ နာရီဝက်တောင် ရှိနေပြီဆိုတော့ ဆေးပင်တွေက..."

"..."

ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးမှာ ယုံကြည်မှုများ လုံးဝ ဆုံးရှုံးသွားပြီး သူတို့၏ နောက်ဆုံး မျှော်လင့်ချက်လေးပါ ရိုက်ချိုးခံလိုက်ရတော့သည်။

လူတစ်ယောက်ကို ကယ်တင်ရန်အတွက် ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ရှာဖွေရန် သူတို့သည် ခရီးဝေးကြီးကို ဖြတ်သန်းကာ ရှင်းယွင် ဂိုဏ်းမှသည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်အထိ လာရောက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် စိတ်ပျက်မှုဖြင့်သာ အဆုံးသတ်ခဲ့ရ၏။ ပြင်းထန်သော ဝမ်းနည်းကြေကွဲမှုက အလွန်တရာ ခံစားရခက်လှသည်။

အရာတစ်ခုခုအတွက် မိမိ၏ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးသွားခဲ့ရခြင်းကို မည်သူမဆို လက်ခံနိုင်ရန် ခက်ခဲလှပါ၏။

ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်က လူတစ်ယောက်ကို လုံးဝ စိတ်ဓာတ်ကျသွားစေနိုင်သည်။

"ဆရာမ ရှန်ကွမ်း... အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ"

ကျန်းကျွင့်လန်က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ရင်တွင်းမှ စိတ်ပျက်မှုများကို ဖိနှိပ်ထားရင်း တည်ငြိမ်စွာ ပြောလိုက်၏။

ကံကြမ္မာ၏ စီစဉ်မှုအပေါ် သူတို့အနေဖြင့် မည်သို့မျှ မတတ်နိုင်ခဲ့ရာ ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါများမှာ ကူကယ်ရာမဲ့နေကြတော့သည်။

တန်ဖိုး ကြီးမားလှသော ဆေးဖက်ဝင် အပင်များမှာ မည်မျှ ရှားပါးကြောင်းနှင့် အဘယ်ကြောင့် အစွမ်းထက် ဆေးလုံးများ အမြဲတမ်း ဈေးနှုန်း ကြီးမြင့်နေရသနည်း ဆိုသည်ကိုလည်း သူတို့ နောက်ဆုံးတော့ သဘောပေါက်သွားကြတော့သည်။

ဆေးဖက်ဝင် အပင်များကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေကြည့်ပြီးမှသာ သူတို့ အမှန်တကယ် နားလည် သဘောပေါက်သွားကြခြင်း ဖြစ်သည်။

ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါများ ရှန်ကွမ်းယွင်ယွင်၏ အခန်းထဲမှ ထွက်လာသည့်အခါ အပြင်ဘက်တွင် ပါရမီရှင် ကျောင်းသားများစွာ အငြင်းခံခဲ့ရသည်ကို သူတို့ သတိမထားမိကြပုံ ရ၏။

သူတို့၏ မျက်နှာထားများကို ကြည့်ခြင်းအားဖြင့် ရှန်ကွမ်းယွင်ယွင်၏ အခန်းတွင်း၌ တစ်ခုခု ဖြစ်ပေါ်လာပါက အချိန်မရွေး ဝင်ရောက် ကယ်တင်ရန် အသင့်ဖြစ်နေပုံ ရသည်။

အသက်ရှူမှားလောက်အောင် လှပလွန်းသော ရှန်ကွမ်းယွင်ယွင်ကို သူတို့ လုံးဝ မေ့ဖျောက်နိုင်စွမ်း မရှိကြပါချေ။

ကျန်းကျွင့်လန်နှင့် သူ၏ အပေါင်းအပါများ အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျောင်းသားများကြားတွင် ဆူညံပွက်လောရိုက်သွားတော့သည်။

"ကျန်းကျွင့်လန်လား"

ကျောင်းသား တစ်ဦးက ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်ပြီး ကျန်းကျွင့်လန်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွား၏။

"ကျန်းကျွင့်လန်... တိုက်ကြီးရဲ့ အင်မော်တယ်လက်နက် သွန်းလုပ်တဲ့ နေရာမှာ နံပါတ်တစ် ပါရမီရှင် ကျန်းကျွင့်လန်လား၊ ချီရွှမ်တောင် သူ့ကို ရှုံးသွားတာနော်"

ကျန်းကျွင့်လန်၏ နာမည်ကို ကြားလိုက်ရသည့်အခါ ကျောင်းသားများစွာမှာ အလွန်အမင်း တုန်လှုပ်သွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ ပေါ်လွင်လာတော့သည်။

ချီရွှမ် ဆိုသော ကျောင်းသားမှာ အင်မော်တယ်လက်နက် သွန်းလုပ်ရေး တွေ့ဆုံပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ပါရမီရှင် အင်မော်တယ်လက်နက် သွန်းလုပ်သူ တစ်ဦး ဖြစ်သော်လည်း ကံဆိုးစွာဖြင့် ကျန်းကျွင့်လန်ကို ရှုံးနိမ့်ခဲ့ရသူ ဖြစ်ပါ၏။

"အော်... သူက တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင် အင်မော်တယ်လက်နက် သွန်းလုပ်သူ ကျန်းကျွင့်လန်ကိုး"

ကျောင်းသားများမှာ ရုတ်တရက် သဘောပေါက်သွားကြ၏။ ရှန်ကွမ်းယွင်ယွင်က သူ့ကို ဤမျှ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေခြင်းမှာ မဆန်းပါချေ။ သူသည် တကယ့်ကို ကြီးမားသော နောက်ခံရှိသူ တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

ကျန်းကျွင့်လန်၏ အင်အားကြီး နောက်ခံကို သိရှိသွားပြီးနောက် ကျောင်းတော်၏ ထိပ်တန်း ပါရမီရှင်များ၏ မျက်လုံးများထဲတွင် လေးစားမှုနှင့် သတိထားမှုများ ရောယှက်နေပြီး တိုက်ကြီး၏ နံပါတ်တစ် ပါရမီရှင် အင်မော်တယ်လက်နက် သွန်းလုပ်သူကို အထင်မသေးဝံ့ကြတော့ပါချေ။

ပါရမီရှင် ကျောင်းသားများစွာက သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။

"ကောင်းကင်ဘုံလူသားဘုံ အဆင့် (၉) တဲ့လား... ဟွန့်၊ တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင် အင်မော်တယ်လက်နက် သွန်းလုပ်သူဆိုတာ ဒါလောက်ပါပဲလား၊ အင်မော်တယ်လက်နက် သွန်းလုပ်တဲ့ စွမ်းရည်တွေ ကောင်းနေတော့ကော ဘာအသုံးကျမှာလဲ... နောက်ဆုံးတော့ ခွန်အားကသာ အဓိကပဲ၊ ကိုယ်ပိုင် ခွန်အားက အရေးအကြီးဆုံးပဲလေ၊ ခွန်အားမရှိရင် မင်းက ဘာမှမဟုတ်ဘူး"

ထိပ်တန်း ပါရမီရှင် တစ်ဦးက မထီမဲ့မြင် မျက်နှာထားဖြင့် အလွန်တရာ မောက်မာစွာ ပြောလိုက်သည်။

အခြား တစ်ယောက်ကလည်း လှောင်ပြောင်လိုက်၏။

"ဟုတ်တယ်... တိုက်ကြီးရဲ့ နံပါတ်တစ် ပါရမီရှင် အင်မော်တယ်လက်နက် သွန်းလုပ်သူဆိုတော့ အနည်းဆုံး ထျန်းကျီဘုံ အဆင့် (၅) လောက်တော့ ရှိမယ် ထင်ထားတာ... ထျန်းကျီဘုံကိုတောင် မချိုးဖြတ်ရသေးဘူးလို့ မထင်ထားခဲ့ဘူး၊ တကယ်ကို စိတ်ပျက်စရာပဲ"

ပိုမို အစွမ်းထက်သော ကျင့်ကြံခြင်းအဆင့် ရှိကြသည့် ကျောင်းသားအချို့က မိမိတို့၏ စွမ်းရည်များကို ပိုမို သာလွန်သည်ဟု မှတ်ယူကြပြီး ကျန်းကျွင့်လန်ကို လုံးဝ အလေးအနက် မထားကြပါချေ။

ကျန်းကျွင့်လန်မှာ ယခုအချိန်တွင် အလွန် စိတ်ဓာတ်ကျနေပြီး ထိုပါရမီရှင် ဆိုသော ကျောင်းသားများကို လုံးဝ စိတ်မဝင်စားပါချေ။

သူတို့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် နန်းတော်တစ်ခုမှ အလွန်တရာ အစွမ်းထက်လှသော ဆေးလုံးများ၏ အရှိန်အဝါ ရုတ်တရက် ပေါက်ကွဲလာသည်။

"ဝုန်း"

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် အထက် ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းသွားပြီး လျှပ်စီးနဂါးများ ဝင်းလက်လာတော့သည်။

ဆေးမိုးကြိုးများပင် ဖြစ်သည်။

အစွမ်းထက်သော အဆင့် (၆) ဆေးလုံး တစ်လုံး ပေါ်ထွက်လာသည့် အချိန်တိုင်း ဆေးမိုးကြိုးများကို အမြဲတမ်း ဆွဲဆောင်လေ့ရှိပါ၏။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများမှာ ၎င်းကို ကျင့်သားရနေကြတော့သည်။ တစ်ရက်တည်းတွင်ပင် ဆေးမိုးကြိုးများကို ဘယ်နှစ်ကြိမ်လောက် မြင်တွေ့ရမည်ကို မသိနိုင်ပါချေ။

"သခင်လေးကျန်း... ပထမ အကြီးအကဲဆီ သွားပြီး မေးကြည့်ကြမလား"

ရှန်ကွမ်းယွင်ယွင်က ရုတ်တရက် အကြံပြုလိုက်၏။

ထိုစကားကို ကြားသောအခါ ကျန်းကျွင့်လန်က ခဏတာ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ကာ...

"အဲဒါ ကောင်းမယ် ထင်တယ်"

ကျန်းကျွင့်လန်အနေဖြင့် နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်လေးကို အလွတ်မခံချင်ပါချေ။

ရှန်ကွမ်းယွင်ယွင်က ကျန်းကျွင့်လန်နှင့် အခြား သုံးဦးကို ပထမ အကြီးအကဲ ဆေးဖော်စပ်နေသော နန်းတော်ဆီသို့ ခေါ်ဆောင်သွား၏။ ကျောင်းသားများမှာ ဘာကိစ္စမှန်း မသိကြသော်လည်း စပ်စုချင်စိတ်ဖြင့် အနောက်မှ လိုက်ပါသွားကြသည်။

ပထမ အကြီးအကဲ နေထိုင်ရာ နန်းတော်သည် ဆေးမိုးကြိုး၏ လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားများ ချေမှုန်းခံလိုက်ရပြီးနောက် ယခင်ကဲ့သို့ ငြိမ်းချမ်းသွားခဲ့တော့သည်။

"ဆေးဖော်စပ်ရေး ပြိုင်ပွဲလား"

ယဲ့ထျန်းဝေက နန်းတော်ဘေးတွင် ကပ်ထားသော အသိပေးစာကို မြင်လိုက်ရသဖြင့် မနေနိုင်တော့ဘဲ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"နှစ်တွေ အများကြီး ကြာပြီးတဲ့နောက် ကျောင်းတော်က ဆေးဖော်စပ်ရေး ပြိုင်ပွဲကို နောက်တစ်ကြိမ် ပြန်ကျင်းပတော့မယ့် ပုံပဲ"

ကျန်းကျွင့်လန်က တိုးတိုးလေး ရေရွတ်လိုက်၏။

"ပထမ အကြီးအကဲ... ဝူကျိနယ်မြေ ကျန်းမိသားစုရဲ့ သခင်လေး ကျန်းကျွင့်လန်က တွေ့ဆုံခွင့် တောင်းနေပါတယ်"

နန်းတော် ဝင်ပေါက်တွင် ရှန်ကွမ်းယွင်ယွင်က ရိုသေစွာ သတင်းပို့လိုက်သည်။

"သခင်လေးကျန်း... ကျန်းကျွင့်လန်လား"

နန်းတော်အတွင်းမှ အလွန်အမင်း အံ့အားသင့်နေသော အိုမင်းသည့် အသံ တစ်သံ ထွက်ပေါ်လာ၏။ အသံမဆုံးမီမှာပင် အဘိုးအို တစ်ဦး၏ ကိုယ်ဟန်က လျှပ်တစ်ပြက် ပေါ်ထွက်လာတော့သည်။

ထိုအဘိုးအိုတွင် ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေသော်လည်း အလွန် တက်ကြွလန်းဆန်းနေပုံ ရပြီး အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် အင်မော်တယ် တစ်ပါးကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေတော့သည်။

ထိုအဘိုးအိုမှာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ပထမ အကြီးအကဲ ဝမ်ကျိုကျုံးပင် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၅) သို့ ရောက်ရှိနေပြီး အတိုင်းအဆမသိ အင်အားကြီး စွမ်းအားများကို ပိုင်ဆိုင်ထားပါ၏။

"ပထမ အကြီးအကဲ"

ဝမ်ကျိုကျုံး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျောင်းသားများ အားလုံးက ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်ကြသည်။

"မင်းတို့ ဆက်ပြီး ကျင့်ကြံဖို့ ပြန်သွားကြတော့"

ဝမ်ကျိုကျုံးက လက်တစ်ချက် ဝှေ့ယမ်းကာ ကျောင်းသားများအား ထွက်သွားရန် အချက်ပြလိုက်၏။

ကျောင်းသားများမှာ မထွက်သွားချင်ကြဘဲ ထွက်ခွာသွားစဉ်တွင် အသက်ရှူမှားလောက်အောင် လှပလွန်းသော ရှန်ကွမ်းယွင်ယွင်ကို မနေနိုင်ဘဲ နောက်ထပ် တစ်ချက် လှမ်းကြည့်သွားကြသေး၏။

"ပထမ အကြီးအကဲ... ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့် ရှိသေးလားဗျ"

ကျန်းကျွင့်လန်က လိုရင်းကိုသာ တိုက်ရိုက် သွားကာ အလောတကြီး မေးလိုက်သည်။

"ငါ့ဆီမှာ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့် ရှိတယ်ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ"

ဝမ်ကျိုကျုံးက အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်မိ၏။

ထိုအခါ၊ ရှန်ကွမ်းယွင်ယွင်က ရှင်းပြလိုက်သည်။

"ပထမ အကြီးအကဲ... ကျွန်မ ပြောလိုက်တာပါ၊ သခင်လေးကျန်းက လူတစ်ယောက်ကို ကယ်ဖို့အတွက် ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို အရေးတကြီး လိုအပ်နေလို့ပါ၊ ဒါပေမဲ့ အကြီးအကဲက ဆေးဖော်စပ်နေတော့ ကျွန်မတို့ လာမနှောင့်ယှက်ချင်လို့ပါ"

"အော်... ဆေးဖော်စပ်တာတောင် မစရသေးပါဘူး၊ ဆေးပင်တွေ ရှိပါသေးတယ်... ဒါပေမဲ့ စီမံအုပ်ချုပ်ရေး အကြီးအကဲရဲ့ အအေးဓာတ် အဆိပ်က မကြာခင် ပေါက်ကွဲထွက်လာတော့မှာမို့လို့ သူ့ရဲ့ အအေးဓာတ် အဆိပ်ကို ဖိနှိပ်ဖို့ ဆေးလုံး ဖော်စပ်ရမှာမို့လို့ ဒီဆေးပင်တွေ လိုအပ်နေတာလေ၊ တစ်ပွင့်ပဲ ကျန်တော့တယ်"

ဝမ်ကျိုကျုံးက ခေါင်းညိတ်လိုက်ပြီး သူ၏ အခက်အခဲကို ဖွင့်ဟလိုက်၏။

"တစ်ပွင့် ကျန်သေးတယ်... တစ်ပွင့် ကျန်သေးတယ်ဟေ့"

ယဲ့ထျန်းဝေမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

"အရမ်းကောင်းတာပဲ"

ထိုသတင်းကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ကျန်းကျွင့်လန်မှာ ပြိုင်ဘက်ကင်း ရတနာတစ်ခုကို မြင်လိုက်ရသည့်အလား အလွန်အမင်း ဝမ်းသာသွားပြီး စိတ်အားထက်သန်စွာဖြင့်...

"ပထမ အကြီးအကဲ... အအေးဓာတ် အဆိပ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့် ဆရာက ကူညီပေးနိုင်ပါတယ်၊ လူတစ်ယောက်ရဲ့ အသက်ကို ကယ်ဖို့အတွက် အဲဒီဆေးပင်ကို ကျွန်တော်တို့ကို ပေးမယ်လို့ ယုံကြည်ပါတယ်ဗျာ"

"မင်းရဲ့ ဆရာ ဟုတ်လား"

ဝမ်ကျိုကျုံးမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်၏။

ရှန်ကွမ်းယွင်ယွင်က...

"ပထမ အကြီးအကဲ... ဝူကျိနယ်မြေက နဂါးနတ်ဘုရား နန်းတော်ရဲ့ သခင် ဖုန်းဝူချန်ကို ပြောတာပါ"

"ဒါပေမဲ့ ဒီအအေးဓာတ် အဆိပ်ကို ငါကိုယ်တိုင်တောင် ဘာမှ မတတ်နိုင်တာလေ... မင်းရဲ့ ဆရာကတော့ အဆင်ပြေပါ့မလား"

ဝမ်ကျိုကျုံးက ခေါင်းခါယမ်းလိုက်သည်။

အကယ်၍ သာမန် အအေးဓာတ် အဆိပ်မျိုးသာ ဖြစ်ပါက သူ၏ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၅) ကျင့်ကြံခြင်းဖြင့် မိနစ်ပိုင်းအတွင်း ဖယ်ရှားပေးနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်ပါ၏။

"ပထမ အကြီးအကဲ ဖယ်ရှားလို့ မရတဲ့ အအေးဓာတ် အဆိပ်ကို ကျွန်တော့် ဆရာက သေချာပေါက် ဖယ်ရှားပေးနိုင်ပါတယ်ဗျာ”

ကျန်းကျွင့်လန်က ယုံကြည်ချက် အပြည့်ဖြင့်...‌အခိုင်အမာ ပြောလိုက်တော့သည်။

--

All Chapters