အခန်း ၈၀၂
Vol. 54 Ch. 802
အခန်း (၈၀၂) - ဒေါသတကြီး တိုက်ခိုက်ခြင်း
~ရုတ်တရက် လူရိပ်တစ်ခုက အင်အားကြီး စွမ်းအားများ ပြည့်နှက်နေသည့် လက်ဝါးနှင့်အတူ ဘွားခနဲ ပေါ်ထွက်လာရာ ကျန်းလန်ယွဲ့မှာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်လန့်သွားရ၏။
“ဖျက်ဆီးခြင်း”
ဖုန်းဝူချန်က မည်သည့် အမူအရာမျှ မရှိဘဲ အလွန်တရာ အင်အားကြီး စွမ်းအားကို အေးစက်စွာ အမိန့်ပေးလိုက်ရာ ထိုစွမ်းအားက ကျန်းလန်ယွဲ့အား အသံတိတ်ကာ ဖြည်းညင်းစွာ ဖျက်ဆီးပစ်နေတော့သည်။
“ဟင့်အင်း... ရပ်လိုက်စမ်း... ကျေးဇူးပြုပြီး ရပ်လိုက်ပါ”
ကျန်းလန်ယွဲ့က မျှော်လင့်ချက်မဲ့စွာ ဟိန်းဟောက်လိုက်ပြီး မိမိ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားနေသည်ကို အလွန်အမင်း ကြောက်လန့်တကြား ကြည့်နေမိတော့သည်။
ဤစွမ်းအားက မည်သို့သော စွမ်းအားမျိုးလဲ ဆိုသည်ကို ကျန်းလန်ယွဲ့ မသိသလို အကျိုးဆက်က မည်သို့ ဖြစ်လာမည်ကိုလည်း သူ မသိပါချေ။ သူသည် အဆုံးအစမရှိသော မှောင်မိုက်သည့် ဟင်းလင်းပြင် တစ်ခုအတွင်းသို့ ကျဆင်းသွားသကဲ့သို့ ခံစားနေရ၏။
“ခေါင်းဆောင်”
ချိုးယွမ်ရှန်နှင့် အကြီးအကဲ တစ်ဦးက အပူတပြင်း အော်ဟစ်လိုက်ကြသော်လည်း ကူညီနိုင်စွမ်း မရှိဘဲ လက်ပိုက် ကြည့်နေရုံသာ တတ်နိုင်ကြ၏။
“ရပ်လိုက်စမ်း... မင်းက ငါတို့ ခေါင်းဆောင်ကို သတ်ရဲတယ်ပေါ့လေ၊ မင်း သူတို့ကို ဘယ်တော့မှ ကယ်နိုင်တော့မှာ မဟုတ်ဘူး”
အကြီးအကဲက ခြိမ်းခြောက်သည့် လေသံဖြင့် ဟိန်းဟောက်လိုက်၏။
ကံဆိုးစွာဖြင့် အကြီးအကဲ၏ ခြိမ်းခြောက်မှုက ဖုန်းဝူချန်အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့သလို နောက်ကျလွန်းနေပြီလည်း ဖြစ်ပါ၏။
“ခေါင်းဆောင်...”
သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ လူများက ကျန်းလန်ယွဲ့ကို ကြောက်ရွံ့မှုများ အပြည့်ဖြင့် လှမ်းကြည့်နေကြတော့သည်။
မြင်ကွင်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ထိတ်လန့်စရာ ကောင်းလွန်းလှသည်။
ခဏအကြာတွင် ကျန်းလန်ယွဲ့မှာ လုံးဝ ပျောက်ကွယ်သွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။
“ခေါင်းဆောင်က... သေသွားပြီလား...”
ချိုးယွမ်ရှန်မှာ အံ့အားသင့်မှုကြောင့် တုန်ရီနေပြီး သူ၏ မျက်နှာမှာ ပြာနှမ်းနေကာ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားရင်း ဝိညာဉ်လွင့်နေသူ တစ်ဦးအလား ဖြစ်နေတော့သည်။
“ခေါင်းဆောင်”
အကြီးအကဲက အလန့်တကြား အော်ဟစ်လိုက်ရာ သူ၏ မျက်နှာထားမှာ အရူးအမူး ရှုံ့မဲ့သွားပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေကာ...
“ဒီနေ့ ဘယ်သူမှ အသက်ရှင်လျက် ထွက်မသွားရဘူး” ဟု ဟိန်းဟောက်လိုက်၏။
အကြီးအကဲ၏ ဒေါသကို ဖုန်းဝူချန်က လုံးဝ လျစ်လျူရှုထားလိုက်၏။
ကျန်းလန်ယွဲ့ သေဆုံးသွားမှုကြောင့် လုကျဲ့နှင့် လုထျန်းချန်တို့မှာ လုံးဝ ဆွံ့အသွားကြပြီး ကြောက်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်ကြတော့ပါချေ။
ဒါ ဘယ်လို စွမ်းအားမျိုးလဲ... ပုရွက်ဆိတ် တစ်ကောင်ကို ကြိတ်ချေပစ်လိုက်သလိုပဲ၊ ကျန်းလန်ယွဲ့မှာ ပြန်လည် တိုက်ခိုက်ဖို့ အခွင့်အရေး လုံးဝ မရလိုက်ဘူးပါလား။
ရှန်ယင် မြို့တော် တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်သွားပြီး လူတိုင်း၏ အကြည့်များက ကောင်းကင်ယံရှိ ကျန်းလန်ယွဲ့ ပျောက်ကွယ်သွားသော နေရာသို့ ကြောက်ရွံ့မှုများဖြင့် ရောက်ရှိနေကြ၏။
ထျန်းကျီဘုံ အဆင့် (၇) သို့ ရောက်ရှိနေသော ကျန်းလန်ယွဲ့သည် ဖုန်းဝူချန်၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် အမှုန့်ကြိတ်ခံလိုက်ရတော့သည်။
ကံဆိုးခြင်း အဆိပ်မြူများမှာ ဖုန်းဝူချန် အနီးသို့ မချဉ်းကပ်နိုင်ပါချေ။ အနီးသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဝူမီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် လုံးဝ ပြာကျသွားရ၏။
“လန်ယွဲ့... အဆိပ်သင့်နေတဲ့ လူတွေကို ကူညီပြီး သူတို့ရဲ့ ဒဏ်ရာတွေကို အရင်ဆုံး ထိန်းချုပ်ထားလိုက်၊ ချင်းယန်... ရှန်ယင် ကြေးစားအဖွဲ့ကို ခေါ်ပြီး ဒီအမှိုက်တွေကို ရှင်းလင်းပစ်လိုက်”
ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်ပြီး သူ၏ ရေခဲပမာ အေးစက်သော အကြည့်များက သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ ဒုတိယ တပ်မှူးထံသို့ ချက်ချင်း ရောက်ရှိသွား၏။
“ဟုတ်ကဲ့ပါ သခင်”
လန်ယွဲ့က ရိုသေစွာ တုံ့ပြန်လိုက်ပြီး အလျင်အမြန် ထွက်သွား၏။
ဖုန်းဝူချန်က တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်နှင့် မြို့တော် တစ်ခုလုံး ရုတ်တရက် ဆူညံပွက်လောရိုက်သွားတော့သည်။
“ဒုတိယ ညီလေး... မင်းသွားပြီး သူတို့ရဲ့ သေစေနိုင်တဲ့ အဆိပ်တွေကို ရှင်းလင်းလိုက်၊ ငါ ..ချိုးယွမ်ရှန်ကို ကိုင်တွယ်မယ်”
လုကျဲ့က ရက်စက်စွာ ပြောလိုက်၏။ သူ ဒဏ်ရာရထားသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က ချိုးယွမ်ရှန်ကို ရင်ဆိုင်ရန် လုံလောက်နေသေးသည် မဟုတ်ပါလော။
“ချိုးယွမ်ရှန်... ငါ့ညီက မင်းလက်ချက်နဲ့ သေမလို ဖြစ်ခဲ့ရတာ၊ ဒီနေ့ကတော့ မင်းသေရမယ့်နေ့ပဲ”
လုကျဲ့က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လျှပ်စီးတစ်ခုအလား အဟုန်ပြင်းစွာ ပြေးထွက်သွား၏။
ချိုးယွမ်ရှန်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။ သူသည် လုကျဲ့ကို မယှဉ်နိုင်သလို သူ့ကို ကာကွယ်ပေးမည့်သူလည်း မရှိတော့သဖြင့် သူ၏ သေဆုံးမှုမှာ မလွဲဧကန်ပင် ဖြစ်နေတော့သည်။
“မင်းတို့က လူတွေကို ဒုက္ခပေးဖို့ ဒီလို သေစေနိုင်တဲ့ အဆိပ်တွေကို သုံးရဲတယ်ပေါ့လေ၊ မင်းတို့ကို တိရစ္ဆာန်လို့ ခေါ်တာက တိရစ္ဆာန်တွေကို စော်ကားရာတောင် ကျနေဦးမယ်... မင်းတို့က တိရစ္ဆာန်ထက်တောင် ပိုဆိုးသေးတယ်၊ မင်းတို့ အကုန်လုံး သေသင့်တယ်”
လျိုချင်းယန်က ဒေါသတကြီး တံတွေးထွေးကာ ဆဲဆိုလိုက်၏။
“သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို အမြစ်ပြတ် သုတ်သင်ပစ်ကြ”
ရှန်ယင် ကြေးစားအဖွဲ့မှ ကြေးစားစစ်သည်များက တညီတညွတ်တည်း ဟိန်းဟောက်လိုက်ကြရာ သူတို့၏ အသံများမှာ မိုးချုန်းသံကဲ့သို့ ကျယ်လောင်ပြီး သူတို့၏ လူသတ်ချင်စိတ်များမှာလည်း ကောင်းကင်ထိ ထိုးတက်နေတော့သည်။
“သစ်ရွက် တစ်သောင်း သိုင်းကွက်”
ယဲ့ထျန်းဝေက သူ၏ ဝိညာဉ်လက်နက်ကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး မြေကမ္ဘာအဆင့် သိုင်းကွက်ကို အသုံးပြုလိုက်ရာ အမည်းရောင် သစ်ရွက် ဓားသွား တစ်လက်ကနေ မျက်တောင်တစ်ခတ်အတွင်း ရာနှင့်ချီ၍ ပွားများလာတော့သည်။
“ဝှစ် ဝှစ် ဝှစ်”
“ရွှစ် ရွှစ် ရွှစ်”
“အား .. အား”
ယဲ့ထျန်းဝေက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရာနှင့်ချီသော အမည်းရောင် သစ်ရွက် ဓားသွားများမှာ အမည်းရောင် လျှပ်စီးများအဖြစ် ပြောင်းလဲသွားကြသည်။ နားကွဲမတတ် လေခွင်းသံများ ထုတ်လွှတ်ကာ အဟုန်ပြင်းစွာ ပြေးထွက်သွားကြလေရာ ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ လူများ၏ အဆက်မပြတ် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ သူ၏ နည်းလမ်းများမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး မည်သည့် သနားညှာတာမှုမျှ မရှိပါချေ။
ရက်စက်ပြီး သနားညှာတာမှု ကင်းမဲ့သော တိုက်ကွက်များကြောင့် သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ လူများမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။
အခြား လမ်းတစ်လမ်းတွင်လည်း ကျန်းကျွင့်လန်နှင့် ပေတိုယန်တို့က ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေကြပြီး သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ ကြေးစားစစ်သည် တစ်ဦးကိုမျှ အရှင်မထားကြချေ။
ရှန်ယင် ကြေးစားအဖွဲ့မှ ညီအစ်ကိုများကလည်း ရန်သူများကို ရဲရင့်စွာ တိုက်ခိုက်ကြရာ မြို့တွင်းရှိ သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ လူများစွာမှာ ပြင်းထန်စွာ ထိခိုက်သေဆုံးကုန်ကြ၏။
ကောင်းကင်ယံထက်တွင်မူ ဖုန်းဝူချန်၏ ရက်စက်သော အကြည့်များက သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ ဒုတိယ တပ်မှူးထံသို့ ရောက်ရှိသွားပြီး အေးစက်စွာဖြင့်...
သတိပေးလိုက်၏။
“ဖြေဆေးကို ပေးရင် ခင်ဗျားရဲ့ အလောင်းကို အကောင်းပကတိအတိုင်း ထားပေးမယ်... မဟုတ်ရင်တော့ ခင်ဗျားရဲ့ ကံကြမ္မာက ကျန်းလန်ယွဲ့လိုပဲ ဖြစ်သွားလိမ့်မယ်”
“မင်းက ငါတို့ ခေါင်းဆောင်ကို သတ်ထားပြီးတော့ ဖြေဆေး လိုချင်သေးတယ်ပေါ့လေ၊ အိပ်မက်သာ မက်နေလိုက်တော့”
အဘိုးအိုက ဟိန်းဟောက်လိုက်ရာ သူ၏ အိုမင်းနေသော မျက်လုံးများမှာ သွေးကြောများဖြင့် နီရဲနေပြီး လူတစ်ယောက်ကို အရှင်လတ်လတ် ဝါးမြိုတော့မည့်အလား ဖြစ်နေတော့သည်။
ဟိန်းဟောက်နေစဉ်မှာပင် အဘိုးအိုသည် ကျောက်စိမ်းပုလင်း အချို့ကို ထုတ်ယူလိုက်၏။ ထိုပုလင်း အားလုံးထဲတွင် ကံဆိုးခြင်း အဆိပ်မြူများ ပါဝင်ပြီး သူ၏ ရူးသွပ်နေသော အမူအရာကို ကြည့်ခြင်းအားဖြင့် သူ ဘာလုပ်မည်ကို မည်သူကမျှ ခန့်မှန်း၍ မရနိုင်ပါချေ။
“ဝုန်း”
အဘိုးအိုသည် ကျောက်စိမ်းပုလင်း ငါးလုံးထဲမှ အရာအားလုံးကို ထုတ်ယူလိုက်ပြီးနောက် သူ၏ မီးစွမ်းအင်ကို အသက်သွင်းလိုက်၏။ တုံးအသော ပေါက်ကွဲသံ တစ်သံနှင့်အတူ သူ၏ လက်ဖဝါးထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းလာပြီး ကံဆိုးခြင်း အဆိပ်မြူများမှာ မီးတောက်အတွင်း၌ စတင် လောင်ကျွမ်းလာတော့သည်။
ဖုန်းဝူချန်က မျက်မှောင် အနည်းငယ် တွန့်ချိုးလိုက်မိ၏။ ...
‘သူက ကံဆိုးခြင်း အဆိပ်မြူတွေကို သန့်စင်နေတာပါလား’
“မင်းတို့ အကုန်လုံး ငါတို့ ခေါင်းဆောင်နောက်ကို လိုက်သွားပေတော့”
အဘိုးအိုက အရူးအမူး ဟိန်းဟောက်လိုက်ပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သန့်စင်ပြီးသား ကံဆိုးခြင်း အဆိပ်မြူများမှာ မြူခိုးများအဖြစ် ပြောင်းလဲသွားတော့၏။ လွင့်ပျံ့လာကာ လေထုနှင့် ရောနှောသွားသဖြင့် သာမန် မျက်စိဖြင့် မမြင်နိုင်တော့ပါချေ။
“မကောင်းတော့ဘူး”
ဖုန်းဝူချန်၏ မျက်နှာထားမှာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားပြီး အလျင်အမြန်ပင်...အော်ဟစ်လိုက်သည်။
“ကံဆိုးခြင်း အဆိပ်မြူတွေက လေထုထဲမှာ ရောနှောသွားပြီ... အားလုံး သတိထားကြ၊ ကျန်းလေး... ချင်းယန်၊ အဆိပ်တွေ ဆက်မပျံ့သွားအောင် တားထား”
“သေစမ်း”
လုကျဲ့က အလန့်တကြား ရေရွတ်လိုက်၏။ သူသည် ပြင်းထန်စွာ ဒဏ်ရာရထားသော ချိုးယွမ်ရှန်ကို အဆုံးသတ်တော့မည့် ဆဲဆဲတွင် ယခုအခါ နောက်သို့ ဆုတ်ခွာရန် အတင်းအကြပ် ဖိအားပေးခံလိုက်ရသည်။
“မြန်မြန်ပြေး... မြန်မြန်ပြေးကြ”
ပြင်းထန်စွာ ဒဏ်ရာရထားသော ချိုးယွမ်ရှန်က အပူတပြင်း ထွက်ပြေးရင်း သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ လူများကို ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်၏။
သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ တတိယ တပ်မှူး တစ်ယောက်အနေဖြင့် ကံဆိုးခြင်း အဆိပ်မြူများ မည်မျှ ကြောက်စရာ ကောင်းကြောင်းကို သူက အခြားသူများထက် ပိုမို ကောင်းစွာ သိရှိထားသည် မဟုတ်ပါလော။
“နဂါးနတ်ဘုရား အကာအကွယ်”
ဖုန်းဝူချန်က လက်နှစ်ဖက်ကို ယှက်ကာ ရှန်ယင် ကြေးစားအဖွဲ့ဝင်များကို ကာကွယ်ရန်အတွက် မြို့တော်၏ လမ်းမများ တစ်လျှောက်တွင် သွေးရောင် အကာအကွယ် အများအပြားကို ဖန်တီးလိုက်၏။
အဘိုးအိုထံမှ ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်လာပြီး ရှန်ယင် မြို့တော် ပတ်ဝန်းကျင်သို့ ရမ်းကားစွာ ပျံ့နှံ့သွားတော့သည်။
“လေစွမ်းအင် ယွမ်စွမ်းအားကို အသက်သွင်းကြ”
ကျန်းကျွင့်လန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး လေစွမ်းအင်ကို ပထမဆုံး စတင် အသက်သွင်းလိုက်၏။
“ဝီ... ဝီ...”
လျိုချင်းယန်နှင့် အခြားသူများကလည်း အသက်သွင်းလိုက်ကြရာ သူတို့၏ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် ရှန်ယင် မြို့တော်မှာ အပြင်းအထန် တုန်လှုပ်သွားကြသည်။ ပြေးဝင်လာသော ပြင်းထန်သည့် လေမုန်တိုင်းကို ဟန့်တားရန်အတွက် အလွန်တရာ ကြီးမားလှသော လေဆင်နှာမောင်းကြီး တစ်ခုကို ဖန်တီးလိုက်ကြ၏။
ကံဆိုးခြင်း အဆိပ်မြူများ မည်မျှပင် အစွမ်းထက်စေကာမူ ထိုလေဆင်နှာမောင်းကြီးကို မချိုးဖြတ်နိုင်ပါချေ။
“ဝှစ်”
နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်က လျှပ်တစ်ပြက် လှုပ်ရှားလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း အဘိုးအို၏ လည်ပင်းကို ဖမ်းဆုပ်ကာ အပေါ်သို့ မ ကြွထားလိုက်၏။ ဝူမီးတောက်များက အလျင်အမြန် ပျံ့နှံ့သွားပြီး အဘိုးအိုကို ပိတ်လှောင်လိုက်ကာ ကံဆိုးခြင်း အဆိပ်မြူများ ဆက်လက် မပျံ့နှံ့အောင် ဟန့်တားလိုက်၏။
“တခြားသူတွေက ခင်ဗျားရဲ့ ကံဆိုးခြင်း အဆိပ်မြူတွေကို ကြောက်ရင် ကြောက်လိမ့်မယ်...ကျုပ်ကတော့ နည်းနည်းလေးတောင် ဂရုမစိုက်ဘူး”
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ရာ သူ၏ လက်ချောင်းများမှ ဖိအားကြောင့် အဘိုးအိုမှာ စကားပင် မပြောနိုင်တော့ပါချေ။
ဖုန်းဝူချန်၏ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါနှင့် ကြောက်မက်ဖွယ် စွမ်းအားများအောက်တွင် အဘိုးအိုမှာ သူ၏ စွမ်းအားကိုပင် အသက်မသွင်းနိုင်တော့ပါချေ။
“ဖြေဆေးကို ပေး”
ဖုန်းဝူချန်က အေးစက်စွာ တောင်းဆိုလိုက်ရာ သူ၏ မျက်နှာထားမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်နေပြီး အကယ်၍ သဘောမတူပါက အဘိုးအိုကို ချက်ချင်း သတ်ပစ်တော့မည့်အလား ဖြစ်နေတော့သည်။
“အိပ်မက်သာ မက်နေလိုက်တော့”
အဘိုးအိုက အံကို ကြိတ်ကာ အားနည်းစွာ ဟိန်းဟောက်လိုက်၏။
“ဝုန်း”
“အား”
ဝူမီးတောက်များက ရုတ်တရက် ပိုမို ပြင်းထန်လာပြီး အဘိုးအို၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေရာ လောင်ကျွမ်းသည့် နာကျင်မှုကြောင့် သူမှာ ပြင်းထန်စွာ အော်ဟစ်လိုက်ရသည်။
“ ဖြေဆေး မပေးဘူးဆိုရင်... အတင်းအကြပ် ယူဖို့ နည်းလမ်းပေါင်း တစ်ထောင်လောက် ကျုပ်ဆီမှာ ရှိတယ်နော်”
ဖုန်းဝူချန်က ရေခဲပမာ အေးစက်စွာ သတိပေးလိုက်၏။
လောင်ကျွမ်းသည့် နာကျင်မှုကို မနည်း အောင့်အည်း သည်းခံရင်း အဘိုးအိုက အော်ဟစ်လိုက်လေတော့သည်။
“ဖြေဆေးကို ငါ ဖျက်ဆီးပစ်လိုက်ပြီ... လက်လျှော့လိုက်တော့”
--