အခန်း ၈၀၃
Vol. 54 Ch. 803
အခန်း (၈၀၃) - ကူကယ်ရာမဲ့ခြင်း
~“ဖြေဆေးကို ငါ ဖျက်ဆီးပစ်လိုက်ပြီကွ... လုံးဝ မျှော်လင့်မနေနဲ့တော့”
အဘိုးအို၏ စကားများက ဖုန်းဝူချန်ကို အလွန်အမင်း ဒေါသထွက်သွားစေပြီး သူ၏ လူသတ်ချင်စိတ်များက ထိန်းချုပ်၍မရနိုင်အောင် ပေါက်ကွဲထွက်လာတော့သည်။
ဒေါသအလျောက် ဖုန်းဝူချန်သည် သူ၏ ဝိညာဉ်စွမ်းအားများကို ချက်ချင်း အသက်သွင်းလိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ အဘိုးအို၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကို အတင်းအကြပ် ဆွဲထုတ်လိုက်၏။
“အား...”
သူ၏ ဝိညာဉ် အတင်းအကြပ် ဆွဲထုတ်ခံလိုက်ရသဖြင့် အဘိုးအိုမှာ နာကျင်စွာ အော်ဟစ်လိုက်လေရာ သေရသည်ထက်ပင် ပိုမို ဆိုးရွားသော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရတော့သည်။
“ဖြေဆေးကို ဖျက်ဆီးပစ်လိုက်မှတော့ ခင်ဗျားကိုလည်း ခံစားရအောင် လုပ်ပေးမယ်”
ဖုန်းဝူချန်၏ မျက်နှာထားမှာ အရူးအမူး ရှုံ့မဲ့နေပြီး ရက်စက်စွာ ပြောလိုက်၏။
အဘိုးအို၏ ဝိညာဉ် ဆွဲထုတ်ခံလိုက်ရသည့် အခိုက်အတန့်တွင် အလွန်တရာ အားနည်းသွား၏။ သူသည် သူ့ ခန္ဓာကိုယ်ကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်မိပြီး လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။
အင်အားကြီး ဝူမီးတောက်က အဘိုးအို၏ ခန္ဓာကိုယ်ကို လုံးဝ ပြာကျသွားသည်အထိ လောင်ကျွမ်းပစ်လိုက်ပြီတည်း။
“အစ်ကိုဖုန်း... သူ့ဝိညာဉ်ကို မြန်မြန် ဖျက်ဆီးပစ်လိုက်ဗျာ”
လျိုချင်းယန်က ဒေါသတကြီး တိုက်တွန်းလိုက်၏။
လေမုန်တိုင်း ငြိမ်သက်သွားပြီး အန္တရာယ် ကင်းရှင်းသွားပြီးနောက် လူတိုင်းက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
“ဟုတ်တယ်... ဒီအဘိုးကြီးက အကြိမ် တစ်သန်းလောက် သေဖို့ ထိုက်တန်တယ်၊ သူ့ကို ပြာဖြစ်အောင် လုပ်ပစ်လိုက်ပါဗျာ”
ကျန်းကျွင့်လန်နှင့် အခြားသူများကလည်း ဆဲဆိုလိုက်ကြ၏။ သူတို့ကိုယ်တိုင်ပင် အဘိုးအို၏ အရိုးများကို အမှုန့်ကြိတ်ပစ်ချင်နေကြတော့သည်။
“ထျန်းဝေ... ပေတိုယန်၊ မင်းတို့ အခုချက်ချင်း သွေးမိစ္ဆာ ကြေးစားအဖွဲ့ဆီ သွားပြီး ဆေးဖက်ဝင် အပင်တွေ ရှိမရှိ.. သွားရှာကြ... ပြီးတော့ သူတို့ဆီမှာ ကျန်နေတဲ့ လူတွေ အကုန်လုံးကို ရှင်းလင်းပစ်ခဲ့၊ သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို အမြစ်ပြတ် သုတ်သင်ပစ်ပါ”
ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါဗျ”
ယဲ့ထျန်းဝေက ရိုသေစွာ တုံ့ပြန်လိုက်ပြီး သွေးမိစ္ဆာ ကြေးစားအဖွဲ့ ရှိရာသို့ ချက်ချင်း ပျံသန်းသွားသည်။
‘လူယုတ်မာ ကောင်’
အဘိုးအိုမှာ ဒေါသထွက်နေသော်လည်း ကူကယ်ရာမဲ့နေ၏။ သူ၏ ဝိညာဉ်မှာ ဖုန်းဝူချန်၏ ဖမ်းချုပ်ခြင်းကို ခံထားရသဖြင့် မည်သို့မျှ မခုခံနိုင်ပါချေ။
“ဒီနေ့ ဘယ်သူမှ အသက်ရှင်ရက် ထွက်မသွားရဘူးဟေ့... ငါ့နောက် လိုက်ခဲ့၊ အကုန်လုံးကို သတ်”
လျိုချင်းယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ လူတိုင်းကလည်း အားတက်သရော တုံ့ပြန်လိုက်ကြ၏။
အဘိုးအို၏ ဝိညာဉ်ကို ရေခဲပမာ အေးစက်သော အကြည့်ဖြင့် ကြည့်ကာ ဖုန်းဝူချန်က... ဆိုလိုက်သည်။
“ခင်ဗျား မြင်လား... ဒီနေ့က သွေးမိစ္ဆာ ကြေးစားအဖွဲ့ ပျက်စီးရမယ့် နေ့ပဲ”
“ခွေးမသားလေး... ငါ သရဲဖြစ်သွားရင်တောင် မင်းကို မလွှတ် ပေးဘူး”
အဘိုးအိုက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ခင်ဗျား သေရတာ အဲဒီလောက် လွယ်မယ်လို့ ထင်နေတာလား”
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည့်အခိုက်၊ အမည်းရောင် မီးတောက်တစ်ခုက အဘိုးအို၏ ဝိညာဉ်အား ရစ်ပတ်သွား၏။
“မင်း... မင်း ဘာလုပ်ချင်တာလဲ”
ဝူမီးတောက်က သူ၏ ခန္ဓာကိုယ်ကို ဝါးမြိုပစ်ခဲ့သည့် ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်တွေ့ထားပြီးဖြစ်ရာ အဘိုးအိုက ထိတ်လန့်တကြား မေးလိုက်၏။
ဖုန်းဝူချန်၏ လက်က ရုတ်တရက် ကျုံ့သွားရာ အမိန့်တစ်ခုကို နာခံလိုက်သည့်အလား ဝူမီးတောက်က ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာတော့သည်။
“အား”
ဝိညာဉ်မှာ ဝူမီးတောက်၏ ကြောက်မက်ဖွယ် လောင်ကျွမ်းမှုကို ခံရသဖြင့် အဘိုးအိုမှာ အလွန်အမင်း နာကျင်စွာ အော်ဟစ်လိုက်ရ၏။
ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများက အောက်ဘက်သို့ ပျံ့နှံ့သွားပြီး ရှန်ယင် မြို့တော် အောက်ဘက်ရှိ မြေပြင်တွင် နက်ရှိုင်းသော ချောက်ကမ်းပါးကြီး တစ်ခုကို ကွဲအက်သွားစေ၏။ နောက်တစ်ကြိမ် လက်ဝှေ့ယမ်းလိုက်ရာ အဘိုးအို၏ ဝိညာဉ်ကို အောက်ဘက်ရှိ ချောက်ကမ်းပါး အက်ကွဲကြောင်း အတွင်းသို့ တိုက်ရိုက် ပို့လွှတ်လိုက်လေတော့သည်။
“ခင်ဗျားဆီကနေ ဖြေဆေးရမယ်လို့ ကျုပ် မမျှော်လင့်တော့ဘူး... ဒါပေမဲ့ ခင်ဗျားကိုလည်း လွယ်လွယ်ကူကူ သေခွင့်ပေးမှာ မဟုတ်ဘူး၊ ဒီစစ်မှန်တဲ့ မီးတောက်က ခင်ဗျားကို ဆယ်စုနှစ်ပေါင်းများစွာ အသက်ရှင်နေစေလိမ့်မယ်... အဆုံးအစမရှိတဲ့ အမှောင်ထုကို ကောင်းကောင်းကြီး ခံစားလိုက်ပါဦး”
ဖုန်းဝူချန်က မည်သည့် အမူအရာမျှ မရှိဘဲ ပြောလိုက်၏။
“မင်း... မင်း ငါ့ကို ပိတ်လှောင်ထားတာပါလား”
အဘိုးအို၏ ဒေါသတကြီး ဟိန်းဟောက်သံမှာ တုန်ရီနေပြီး ချောက်ကမ်းပါး အက်ကွဲကြောင်းကို မြင်လိုက်ရသည်နှင့် သူ၏ ကံကြမ္မာကို သဘောပေါက်သွားတော့သည်။
“အခု မြန်မြန်သေမလား ဆိုတာက ခင်ဗျားအပေါ်မှာပဲ လုံးဝ မူတည်တယ်”
ဖုန်းဝူချန်က ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်ပြီး လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်လေရာ ချောက်ကမ်းပါး အက်ကွဲကြောင်းမှာ စပရိန်တစ်ခုအလား ပြန်လည် ပိတ်ဆို့သွားပြီး မျက်တောင်တစ်ခတ်အတွင်း အလုံပိတ်သွားတော့သည်။
“ခွေးမသားလေး... မင်း လုံးဝ ကောင်းကောင်း မသေစေရဘူး”
မြေအောက်မှနေ၍ အဘိုးအို၏ ဒေါသတကြီး ဟိန်းဟောက်သံကို ကြားလိုက်ရ၏။
လက်ဖဝါးကို ဖြည်းညင်းစွာ ဖြန့်လိုက်ရင်း ဖုန်းဝူချန်သည် အဘိုးအို၏ သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်လိုက်၏။
“ဒီအဘိုးကြီးက ဖြေဆေးကို တကယ်ကြီး ဖျက်ဆီးပစ်လိုက်တာပဲ... ဆေးပင်တွေလည်း တစ်ခုမှ မရှိတော့ဘူး”
ဖုန်းဝူချန်၏ မျက်မှောင်များ ပြင်းပြင်းထန်ထန် တွန့်ချိုးသွားပြီး သူ၏ ရင်တွင်း၌ ဒေါသများ နောက်တစ်ဖန် တစ်ဟုန်ထိုး တက်လာပြန်၏။
သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို စောစောစီးစီး အမြစ်ပြတ် မသုတ်သင်ခဲ့မိသည်ကို ဖုန်းဝူချန် တိတ်တဆိတ် နောင်တရနေမိတော့သည်။ အကယ်၍သာ ထိုသို့ လုပ်ခဲ့ပါက ယခုကဲ့သို့သော အခြေအနေမျိုးကို ရှောင်ရှားနိုင်မည် မဟုတ်ပါလော။
သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ ခေါင်းဆောင်မှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ဒုတိယ တပ်မှူးမှာလည်း ပိတ်လှောင်ခံလိုက်ရကာ တတိယ တပ်မှူးနှင့်အတူ ကြေးစားစစ်သည် များစွာမှာလည်း ချမ်းသာခွင့် မရခဲ့ကြချေ။
သွေးမိစ္ဆာ ကြေးစားအဖွဲ့မှာ လုံးဝ အမြစ်ပြတ် သုတ်သင်ခံလိုက်ရတော့သည်။
မုန်းစရာကောင်းသည်မှာ သူတို့ မပျက်စီးမီ အချိန်လေးတွင် ကံဆိုးခြင်း အဆိပ်မြူ၏ ဘေးဒုက္ခက ရှန်ယင် မြို့တော်ရှိ ကြေးစားစစ်သည်များ အပေါ်သို့ ကျရောက်သွားခဲ့ခြင်းပင် ဖြစ်၏။
သွေးမိစ္ဆာ ကြေးစားအဖွဲ့ ပျက်စီးသွားခဲ့သော်လည်း လူတိုင်းက ဝမ်းမသာနိုင်ရှာကြ။
ထန်ယွင်ရှန်နှင့် အခြားနှစ်ဦးကို ကုသရန်အတွက် ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့် တစ်ပွင့်ကိုပင် မနည်း ရှာဖွေခဲ့ရသော်လည်း ယခုအခါ လူဒါဇင်နှင့်ချီ၍ အဆိပ်သင့်နေပြီ ဖြစ်၏။ ဖုန်းဝူချန်အနေဖြင့် သူ၏ စွမ်းရည်များ ရှိနေသော်လည်း ဤမျှ လူအများကြီးကို ကယ်တင်နိုင်မည် မဟုတ်ပါချေ။
“သခင်... သူတို့ရဲ့ ပြင်းထန်တဲ့ အဆိပ်တွေက ပျံ့နှံ့နေပြီ၊ အစ်ကိုကြီးလုလည်း ဆက်မတောင့်ခံနိုင်တော့ဘူး”
လန်ယွဲ့၏ ပြာယာခတ်နေသော အသံက ရုတ်တရက် ထွက်ပေါ်လာ၏။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်သည် အလွန်တရာ လေးနက်တည်ကြည်သော မျက်နှာထားဖြင့် အောက်သို့ လျှပ်တစ်ပြက် ဆင်းသက်သွားတော့၏။ အဆိပ်သင့်နေသူများ၏ အဆိပ်ပျံ့နှံ့မှုကို ထိန်းချုပ်ပေးရန် သူ၏ ဖျက်ဆီးခြင်း စွမ်းအားများကို ချက်ချင်း အသက်သွင်းလိုက်သည်။
ဖုန်းဝူချန်၏ အကူအညီကို လက်ခံရရှိပြီးနောက် လုထျန်းချန်မှာ မနေနိုင်တော့ဘဲ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်လေရာ သူ၏ မျက်နှာမှာ အလွန်အမင်း ဖြူရော်နေတော့သည်။
“အစ်ကိုဖုန်း... ဘယ်လိုလုပ်ကြမလဲ”
လုကျဲ့က အလွန်အမင်း စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။
“တကယ်လို့ ထျန်းဝေတို့က လိုအပ်တဲ့ ဆေးပင်တွေ ဒါမှမဟုတ် ကံဆိုးခြင်း အဆိပ်မြူကို ဖြေရှင်းနိုင်မယ့် ဖြေဆေး ဖော်စပ်တဲ့ နည်းလမ်း တစ်ခုခုကို ပြန်မယူလာနိုင်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်တော့ဘူးဗျ... သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အားနည်းတော့ တစ်ရက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့် စွမ်းအားကလည်း သူတို့ကို တစ်ရက်လောက်ပဲ အသက်ဆက်ပေးထားနိုင်မှာ၊ အကယ်၍ အတင်းအကြပ် ဆက်ပြီး ဖိနှိပ်ထားမယ် ဆိုရင်တော့ ကျွန်တော့် စွမ်းအားကြောင့် သူတို့ မသေခင်မှာပဲ အဆိပ်တွေက သူတို့ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားလိမ့်မယ်”
ဖုန်းဝူချန်က ခေါင်းခါယမ်းရင်း ရှင်းပြလိုက်၏။
“တစ်ရက်တောင် မခံနိုင်ဘူးလား”
လုထျန်းချန်မှာ လုံးဝ ဆွံ့အသွားတော့သည်။
“ငါတို့ ဘယ်လို လုပ်ကြမလဲ”
လုကျဲ့၏ မျက်နှာမှာ သေမင်းတမန်ပမာ ဖြူရော်သွားပြီး သူ၏ မျက်ဝန်းများမှာလည်း စိုစွတ်လာတော့သည်။
သည်ရောင်းရင်းတွေက သူနှင့်အတူ သေအတူ ရှင်မကွာ ဖြတ်သန်းခဲ့ကြသော ညီအစ်ကိုများ ဖြစ်ကြသည် မဟုတ်ပါလော။
သူတို့ မျှော်လင့်ချက်မဲ့စွာ လဲကျနေပြီး ကူကယ်ရာမဲ့နေသည်ကို ကြည့်ရင်း လုကျဲ့၏ နှလုံးသားမှာ ဓားဖြင့် အမွှန်းခံနေရသည့်အလား နာကျင်နေတော့သည်။
ဖုန်းဝူချန်၏ စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေတော့သည်။ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်မှာ မည်မျှ ရှားပါးပြီး တန်ဖိုးကြီးကြောင်းကို လူတိုင်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ဖြစ်၏။ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ တစ်ပွင့်တည်းသာ ရရှိခဲ့သည် မဟုတ်ပါလော။
ယခုအခါ လူသုံးဆယ်ခန့် အဆိပ်သင့်နေပြီ ဖြစ်ရာ ဤမျှများပြားသော ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်များကို သူတို့ ဘယ်နေရာမှ သွားရှာနိုင်မည်နည်း။
လေးလံပြီး ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော လေထုက တိတ်တဆိတ် ပျံ့နှံ့သွား၏။
သူတို့ထဲမှ မည်သူကမျှ မသေချင်ကြပါချေ။ အိမ်တွင် စောင့်ရှောက်ရန် လူကြီးမိဘများ သို့မဟုတ် ကလေးများ ရှိနေသည်ဖြစ်စေ၊ ယခုအခါ ၎င်းမှာ သူတို့အပေါ်တွင် မမူတည်တော့ဘဲ ကံကြမ္မာ၏ လက်ထဲတွင်သာ ရှိနေတော့သည်။
“သောက်အဘိုးကြီး”
လျိုချင်းယန်က အံကို ကြိတ်ကာ ဒေါသတကြီး ရေရွတ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရာ လက်သည်းများမှာ အသားထဲသို့ပင် စိုက်ဝင်နေတော့သည်။ သူသည် ပိတ်လှောင်ခံထားရသော အကြီးအကဲကို ပြန်လည် တူးဖော်ပြီး သတ်ပစ်ချင်စိတ်များပင် ပေါက်နေတော့သည်။
“အစ်ကိုဖုန်း... အရင်က ခင်ဗျား ပြောခဲ့တဲ့ တခြား နည်းလမ်းတွေကရော အသုံးမဝင်ဘူးလား”
ဟု မြောင်ချင်းချင်းက တိုးတိုးလေး ကပ်မေးလိုက်၏။
“သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်း အားနည်းတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး”
ဖုန်းဝူချန်က ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။ သူကိုယ်တိုင်လည်း စွမ်းဆောင်နိုင်စွမ်း မရှိတော့ပါချေ။
အကယ်၍သာ အချိန် လုံလုံလောက်လောက် ရမည်ဆိုပါက သြူအနေဖြင့် ဖြေဆေး တစ်ခုကို ဖော်စပ်နိုင်ကောင်း ဖော်စပ်နိုင်ပေလိမ့်မည်။ သို့သော် ယခုအခါ အချိန် တစ်ရက်ပင် မပြည့်တော့သဖြင့် ထိုသို့ လုပ်နိုင်ရန် ယုံကြည်မှု မရှိတော့ပါချေ။
ယခုအခါ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ယဲ့ထျန်းဝေနှင့် ပေတိုယန်တို့အပေါ်တွင်သာ မူတည်နေတော့သည်။ သူတို့သည် သွေးမိစ္ဆာ ကြေးစားအဖွဲ့ထံမှ ဆေးပင်များ သို့မဟုတ် ဖြေဆေးများကို ရယူနိုင်မည်လား။ အကယ်၍ မရနိုင်ပါက အရာအားလုံး မျှော်လင့်ချက် ကင်းမဲ့သွားပြီ ဖြစ်၏။
မျှော်လင့်ချက် အားလုံးမှာ ယဲ့ထျန်းဝေနှင့် ပေတိုယန်တို့အပေါ်တွင်သာ မှီခိုနေရပြီး သူတို့အနေဖြင့် စောင့်ဆိုင်းနေရန်သာ တတ်နိုင်တော့သည်။
ရှန်ယင် မြို့တော်မှ လူများ အားလုံးက ဆုတောင်းနေကြ၏။
“ဝုန်း ဝုန်း ဝုန်း”
ဤအခိုက်အတန့်တွင် ယဲ့ထျန်းဝေနှင့် ပေတိုယန်တို့သည် အရူးအမူး ဗုံးကြဲ တိုက်ခိုက်နေကြ၏။ သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ နန်းတော်ကြီးမှာ အဆက်မပြတ် ပေါက်ကွဲမှုများကို ခံစားရပြီး မီးခိုးငွေ့များကြားတွင် မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားတော့သည်။
သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ ကျန်ရစ်သူများ အားလုံး လုံးဝ အမြစ်ပြတ် သုတ်သင်ခံလိုက်ရတော့၏။
သို့တိုင်အောင် ထိုနှစ်ဦးမှာ မရပ်တန့်ကြသေးဘဲ သူတို့၏ ကောင်းကင်ထိ ထိုးတက်နေသော ဒေါသများကို ပြေပျောက်စေရန် အရူးအမူး တိုက်ခိုက်နေကြဆဲပင်။
ကောင်းကင်ဝံပုလွေ တောင်တန်းကြီးကို ဧရာမ တွင်းကြီး တစ်တွင်းအဖြစ်သို့ ပြောင်းလဲပစ်ရန် ရည်ရွယ်ထားသည်ထင့်။
အလန့်တကြား ဖြစ်ကာ ပြေးလာကြသော ကျင့်ကြံသူများနှင့် အခြား ကြေးစားစစ်သည်များမှာ ယခုအခါ လုံးဝ ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
--