← Chapters

အခန်း ၈၀၆

Vol. 54 Ch. 806

အခန်း ၈၀၆

Vol. 54 Ch. 806

အခန်း (၈၀၆) - အတိုင်းအဆမသိ တုန်လှုပ်ခြင်း

~’ဖုန်းဝူချန်ဆိုတဲ့ ကောင်လေးက တကယ့်ကို သာမန်မဟုတ်ဘူး... ငါတို့ငါးယောက်ရှေ့မှာ ဒီလောက်အထိ တည်ငြိမ်နေနိုင်တာပါလား’

‘သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်လှုပ်ရှားမှုလေး တစ်ချက်ကိုတောင် အာရုံခံလို့မရဘူး... သူက သူ့ကိုယ်သူ အရမ်းကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ၊ ဒါက သာမန်လူတွေ လုံးဝ မလုပ်နိုင်တဲ့ အရာလေ’

'ဒါက သူကျင့်ကြံထားတဲ့ ကျင့်စဉ်နဲ့များ ပတ်သက်နေမလား... သခင်လေးကျန်းက သူက အဆင့် (၇) ဆေးဆရာလို့ ပြောပေမဲ့ ငါကတော့ လုံးဝကို မယုံနိုင်သေးဘူး’

‘ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးဧကရာဇ် တစ်ပါးတဲ့လား... သူက အဲဒီအဆင့်အတန်းကို တကယ်ကြီး ရောက်နေတာလား... ဒီလူငယ်လေးက ငါတို့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ပါရမီရှင်တွေထက် အဆပေါင်းများစွာ ပိုပြီး တည်ငြိမ်ရင့်ကျက်နေတာပဲ’

အကြီးအကဲ ငါးဦးမှာ အချင်းချင်း အသံလွှင့်ကာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြ၏။

"နဂါးနတ်ဘုရား နန်းတော်သခင်... ခင်ဗျားက အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးနိုင်ပြီး အမြစ်ပြတ် ကုသပေးနိုင်တယ်လို့ သခင်လေးကျန်းဆီကနေ ကြားခဲ့ရတယ်... အဲဒါ တကယ်ပဲလား"

စီမံအုပ်ချုပ်ရေး အကြီးအကဲ အိုးရန်မင်ရွှမ်က အပူတပြင်းဖြင့် မေးလိုက်၏။ သူ၏ အိုမင်းနေသော မျက်လုံးများက ဖုန်းဝူချန်ကို မျှော်လင့်ချက် ကြီးစွာဖြင့် စူးစိုက်ကြည့်နေတော့သည်။

နှစ်ပေါင်းများစွာ ကြာအောင် ပြင်းထန်သော အအေးဓာတ်အဆိပ်၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရပြီး ထိုအဆိပ်ကို ဖယ်ရှားရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့သဖြင့် အိုးရန်မင်ရွှမ် ပြာယာခတ်နေသည်မှာ မဆန်းပါချေ။

စီမံအုပ်ချုပ်ရေး အကြီးအကဲ တစ်ဦးအနေဖြင့် အိုးရန်မင်ရွှမ် ကိုယ်တိုင်က နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၂) သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူသည် တကယ့် ထိပ်တန်း အစွမ်းထက် ပညာရှင် တစ်ဦး ဖြစ်ပါ၏။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး တည်ငြိမ်စွာဖြင့်..ရှင်းပြလိုက်သည်။

"အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးလို့ ရပါတယ်... ဒါပေမဲ့ ညီလေးကျန်းက နည်းနည်း ပိုပြောသွားတာပါ၊ အမြစ်ပြတ် ကုသနိုင်မလား ဆိုတာကတော့ လူတစ်ဦးချင်းစီအပေါ်မှာပဲ မူတည်တယ်ဗျ... စီမံအုပ်ချုပ်ရေး အကြီးအကဲအနေနဲ့ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၂) ကျင့်ကြံခြင်း ရှိတာတောင်မှ အအေးဓာတ်အဆိပ်က ဘယ်လောက် ကြောက်စရာ ကောင်းလဲဆိုတာ ခန့်မှန်းလို့ ရမှာပါ"

'ဆရာက ထပ်ပြီး အမြတ်ထုတ်ချင်နေပြန်ပြီ ထင်တယ်'

ကျန်းကျွင့်လန်က စိတ်ထဲမှ တွေးလိုက်မိသော်လည်း ဝင်ရောက် မစွက်ဖက်ပါချေ။

ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ကျိုကျုံးနှင့် အခြား အကြီးအကဲများမှာ သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ စုပုံနေသော အအေးဓာတ်အဆိပ်က ပိုမို ကြောက်စရာကောင်းလေလေ ဖြစ်သည်မှာ ငြင်းဆန်၍ မရနိုင်သော အမှန်တရား တစ်ခုပင် ဖြစ်ပါ၏။

ဝမ်ကျိုကျုံးက ဆက်လက်၍...

"နဂါးနတ်ဘုရား နန်းတော်သခင်... စီမံအုပ်ချုပ်ရေး အကြီးအကဲရဲ့ ခန္ဓာကိုယ်ထဲက အအေးဓာတ်အဆိပ်ကို ဖယ်ရှားဖို့ ခင်ဗျား ဘယ်လို စီစဉ်ထားလဲ... ဘာတွေ လိုအပ်မလဲဆိုတာ ပြောသာပြောပါ" ဟု မေးလိုက်၏။

ဖုန်းဝူချန်တွင် အအေးဓာတ်အဆိပ်ကို ဖယ်ရှားရန် နည်းလမ်း ရှိနေပြီ ဖြစ်ရာ တိကျသော လုပ်ငန်းစဉ် တစ်ခုခု ရှိရမည် မဟုတ်ပါလော။

"စီမံအုပ်ချုပ်ရေး အကြီးအကဲရဲ့ ခန္ဓာကိုယ်ထဲက အအေးဓာတ်အဆိပ်ကို ကျွန်တော် အရင်ဆုံး ကြည့်လို့ရမလား"

ဖုန်းဝူချန်က စီမံအုပ်ချုပ်ရေး အကြီးအကဲထံသို့ အကြည့်ရွှေ့ကာ မေးလိုက်၏။

အိုးရန်မင်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ လက်မောင်းကို ဆန့်ထုတ်ပေးလိုက်သည်။

ဖုန်းဝူချန်၏ လက်ချောင်းလေးများက အိုးရန်မင်ရွှမ်၏ သွေးခုန်နှုန်းပေါ်တွင် ဖွဖွလေး ကျရောက်သွားပြီး နှစ်စက္ကန့်ခန့်မျှသာ စမ်းသပ်ကြည့်လိုက်၏။

"အော်... ဒါက ရှေးဟောင်း ရေခဲရဲ့ အအေးဓာတ်ပဲ"

ဖုန်းဝူချန်က ခေါင်းညိတ်ကာ ဆိုလိုက်၏။

ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ဝမ်ကျိုကျုံးနှင့် အခြား အကြီးအကဲ ငါးဦးလုံး၏ မျက်နှာထားများမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဖုန်းဝူချန်ကို အံ့အားသင့်စွာ စူးစိုက်ကြည့်လိုက်ကြတော့သည်။

နှစ်စက္ကန့်မျှသာ ကြာသော ရိုးရှင်းသည့် စမ်းသပ်မှုလေး တစ်ခုဖြင့် ဖုန်းဝူချန်က စီမံအုပ်ချုပ်ရေး အကြီးအကဲ၏ ခန္ဓာကိုယ်ထဲရှိ အအေးဓာတ်အဆိပ်မှာ ရှေးဟောင်း ရေခဲကြောင့် ဖြစ်ကြောင်း သိရှိသွားခဲ့သည်လော။

"နဂါးနတ်ဘုရား နန်းတော်သခင်က တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်ပဲ... ရှေးဟောင်း ရေခဲရဲ့ အအေးဓာတ် ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တာပါလား"

ဒုတိယ အကြီးအကဲ ဟွမ်ကျိက အံ့ဩတကြီး ရေရွတ်လိုက်၏။

ရိုးရှင်းသော စကားတစ်ခွန်းက ဝမ်ကျိုကျုံးတို့ကို ဖုန်းဝူချန်အပေါ် တစ်ဝက်ခန့် ယုံကြည်သွားစေခဲ့တော့သည်။

ဖုန်းဝူချန်က တည်ငြိမ်စွာဖြင့်...

ရှင်းပြလိုက်သည်။

"ပထမ အကြီးအကဲက စီမံအုပ်ချုပ်ရေး အကြီးအကဲရဲ့ အအေးဓာတ်အဆိပ်ကို ဖယ်ရှားဖို့ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို သုံးပြီး ဆေးလုံး ဖော်စပ်နေတယ်လို့ ကျွန်တော် ကြားခဲ့တယ်... မှန်ပါတယ်၊ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်က အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးနိုင်စွမ်း ရှိပြီး အာနိသင်ကလည်း တော်တော်လေး ကောင်းပါတယ်... ဒါပေမဲ့ ရှေးဟောင်း ရေခဲရဲ့ အအေးဓာတ်က ဘယ်လောက် ကြောက်စရာကောင်းလဲ၊ သာမန် ဆေးပင် တစ်ပင်က အဲဒါကို ဘယ်လိုလုပ် ဖယ်ရှားနိုင်မှာလဲ... ပြီးတော့ ဒါက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ရှိတဲ့ အအေးဓာတ်အဆိပ်နော်" "ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ထက် ပိုပြီး အစွမ်းထက်တဲ့ ဆေးပင်များ ရှိသေးလို့လား"

ဝမ်ကျိုကျုံးက ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း မေးလိုက်၏။

ဖုန်းဝူချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။...

"ရှေးဟောင်း အအေးဓာတ်အဆိပ်ကို ဖယ်ရှားဖို့အတွက် သာမန် ဆေးပင်တွေက ဘာမှ အသုံးမဝင်ဘူးဗျ... နတ်ဘုရား ဆေးပင် တစ်ပင် မဟုတ်ဘူး ဆိုရင်ပေါ့"

"ဆေးပင်တွေက အသုံးမဝင်ဘူး ဟုတ်လား"

ဝမ်ကျိုကျုံးတို့၏ မျက်နှာထားများမှာ နောက်တစ်ဖန် ပြောင်းလဲသွားပြန်ပြီး လုံးဝ မယုံကြည်နိုင်သော အမူအရာများ ပေါ်လွင်လာတော့သည်။

အကယ်၍ ဆေးပင်များက အသုံးမဝင်ဘူးဆိုလျှင် အအေးဓာတ်အဆိပ်ကို ဖယ်ရှားရန် မည်သည့်အရာကို အသုံးပြုရမည်နည်း။

ဝမ်ကျိုကျုံးတို့ အားလုံးက ဖုန်းဝူချန်ကို ဇဝေဇဝါ ဖြစ်နေသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြပြီး သူ မည်သည့် နည်းလမ်းကို အသုံးပြုမည်နည်း ဆိုသည်ကို အလွန်အမင်း စပ်စုချင်နေကြ၏။

ဖုန်းဝူချန်သည် အကြီးအကဲ၏ အနောက်ဘက်သို့ ရွှေ့သွားပြီး သူ၏ ညာဘက် လက်ဖဝါးကို အကြီးအကဲ၏ ကျောပြင်ပေါ်သို့ ဖွဖွလေး တင်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ၏ လက်က မတူညီသော လက်ဟန်များ လျင်မြန်စွာ ရေးဖော်လိုက်၏။ သေကွင်းသေကွက်များကို ရိုက်နှက်နေသည့်အလား အဆက်မပြတ် တောက်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်လှသည်။

"..."

ဝမ်ကျိုကျုံးတို့မှာ ကျောက်ရုပ်ကြီးများပမာ မှင်သက်သွားကြ၏။

အအေးဓာတ်အဆိပ်ကို ဖယ်ရှားရန် ဤမျှ လွယ်ကူပါသလား။ ဒါက ဘယ်လို နောက်ပြောင်မှုမျိုးလဲ... ဖုန်းဝူချန်က သူတို့ကို လာနောက်နေတာများလား။

ဝမ်ကျိုကျုံးတို့မှာ ဇဝေဇဝါ ဖြစ်နေဆဲ အချိန်မှာပင် အိုးရန်မင်ရွှမ်၏ ခန္ဓာကိုယ်မှ အင်အားကြီး အအေးဓာတ်အဆိပ် အရှိန်အဝါကြီး တစ်ခု ရစ်သိုင်းလာသဖြင့် သူတို့၏ မျက်နှာထားများမှာ သိသိသာသာ ပြောင်းလဲသွားပြန်၏။

"ဒါက... အအေးဓာတ်အဆိပ်က ဘယ်လိုလုပ် သူ့ဘာသာသူ ထွက်လာတာလဲ... မဟုတ်ဘူး၊ ဒါက..."

အိုးရန်မင်ရွှမ်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး သူ၏ အိုမင်းနေသော မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါက ရှေးဟောင်း ရေခဲရဲ့ အအေးဓာတ်အဆိပ်ပဲ"

ဝမ်ကျိုကျုံးမှာ အပြင်းအထန် တုန်လှုပ်သွားပြီး မနေနိုင်တော့ဘဲ အော်ဟစ်လိုက်မိ၏။

"ဒါ... ဒါ ဘယ်လို နတ်ဘုရားသဖွယ် စွမ်းရည်မျိုးလဲ"

အကြီးအကဲ ဟွမ်ကျိနှင့် အခြားသူများမှာလည်း အလန့်တကြား ဖြစ်သွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေတော့သည်။ ဤကဲ့သို့သော နတ်ဘုရားသဖွယ် စွမ်းရည်မျိုးကို သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြပါချေ။

အလွန်တရာ အင်အားကြီး အအေးဓာတ်အဆိပ်များ ပျံ့နှံ့လာရာ ဝမ်ကျိုကျုံးတို့အနေဖြင့် ၎င်းကို ဖျက်ဆီးရန် သူတို့၏ စွမ်းအားများကို မအသက်သွင်းနိုင်မီမှာပင် ဖုန်းဝူချန်က လုံးဝ ဝါးမြိုပစ်လိုက်တော့သည်။

ဤမျှ ကြောက်စရာကောင်းသော အအေးဓာတ်အဆိပ်ကို ဖုန်းဝူချန်က ဝါးမြိုပစ်ရဲသည် ဆိုသောအချက်က ဝမ်ကျိုကျုံးတို့ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့၏။

သို့သော် သူတို့ကို ပို၍ပင် မယုံကြည်နိုင် ဖြစ်စေသည်မှာ ဖုန်းဝူချန်မှာ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ မရရှိခြင်းပင် ဖြစ်ပါ၏။

အအေးဓာတ်အဆိပ်ကို ဖယ်ရှားပေးရင်း ထိုကြောက်မက်ဖွယ် အဆိပ်များကို ဝါးမြိုပစ်နေခြင်း... ဒါက တကယ့် မိစ္ဆာကောင် တစ်ကောင်လိုပါပဲလား။

"အအေးဓာတ်အဆိပ်တွေ အများကြီး ထွက်သွားပြီဟေ့"

ခဏအကြာတွင် အိုးရန်မင်ရွှမ်က အလွန်အမင်း အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်လေရာ သူ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေရတော့သည်။

ဝမ်ကျိုကျုံးနှင့် အခြားသူများ၏ အံ့အားသင့်နေသော အမူအရာများကို ကြည့်ရင်း လျိုချင်းယန်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးများ ပေါ်ထွက်လာ၏။

မိနစ်အနည်းငယ် အတွင်းမှာပင် ဖုန်းဝူချန်သည် အိုးရန်မင်ရွှမ်၏ ခန္ဓာကိုယ်ထဲမှ ရှေးဟောင်း ရေခဲ၏ အအေးဓာတ်အဆိပ် သုံးပုံနှစ်ပုံခန့်ကို ဖယ်ရှားပေးလိုက်နိုင်သည်။ အကြီးအကဲမှာ မျက်တောင်တစ်ခတ်အတွင်း ဆယ်စုနှစ်ပေါင်းများစွာ ပိုမို နုပျိုသွားသကဲ့သို့ ခံစားလိုက်ရ၏။

ဝမ်ကျိုကျုံးနှင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ကျောင်းတော်အုပ်တို့သည် နှစ်ပေါင်းများစွာ ကြာအောင် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း အကြီးအကဲ၏ အအေးဓာတ်အဆိပ်ကို လုံးဝ အမြစ်ပြတ်အောင် မဖယ်ရှားပေးနိုင်ခဲ့ကြပါချေ။ ယခုအခါ ဖုန်းဝူချန်က အကြိမ်အနည်းငယ် ဖွဖွလေး ထိရုံမျှဖြင့် အဆိပ်၏ သုံးပုံနှစ်ပုံကို အလွယ်တကူ ဖယ်ရှားပေးလိုက်နိုင်သည် မဟုတ်ပါလော။

"ဒီအဘိုးကြီးက ဆေးဖော်စပ်ဖို့ ဝိညာဉ်စွမ်းအားတွေကို အကုန်အစင် ထုတ်သုံးခဲ့တာတောင် အအေးဓာတ်အဆိပ် တစ်စိတ်တစ်ပိုင်းကိုပဲ ဖယ်ရှားနိုင်ခဲ့တာ... ဒါက ဘယ်လို နတ်ဘုရားသဖွယ် စွမ်းရည်မျိုးလဲ"

"ဒီလောကကြီးမှာ ဒီလောက် အံ့မခန်း နတ်ဘုရားသဖွယ် စွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... ကျောင်းတော်အုပ်တောင် ကြောက်ရတဲ့ အဆိပ်ကို သူက အလွယ်လေး ဖယ်ရှားနိုင်တာပါလား"

"ငါ တကယ်ကို... တကယ်ကို မယုံနိုင်အောင် ဖြစ်နေရပြီ..."

ဝမ်ကျိုကျုံးနှင့် အခြားသူများ၏ မျက်နှာထားများမှာ တောင့်တင်းနေပြီး အံ့အားသင့်မှုများဖြင့် လွှမ်းမိုးခံနေရတော့သည်။

ထိုအခိုက်အတန့်တွင် ဖုန်းဝူချန်က သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။

စိတ်လှုပ်ရှားမှုနှင့် အံ့အားသင့်မှုတို့ ရောယှက်နေသော အိုးရန်မင်ရွှမ်မှာ ရုတ်တရက် အေးခဲသွားပြီး... စိုးရိမ်တကြီး မေးလိုက်၏။

"နဂါးနတ်ဘုရား နန်းတော်သခင်... ဘာလို့ ရပ်လိုက်တာလဲဗျ၊ အအေးဓာတ်အဆိပ်ကို အမြစ်ပြတ် မကုသနိုင်တော့ဘူးလား"

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခေါင်းခါယမ်းလိုက်ပြီး မချိပြုံးလေး ပြုံးကာ... ရှင်းပြလိုက်၏။

"ကျွန်တော့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အအေးဓာတ်အဆိပ် အများကြီးကို ဆက်ပြီး မခံနိုင်တော့ဘူးဗျ... အများကြီး မကူညီပေးနိုင်တော့လို့ တောင်းပန်ပါတယ် အကြီးအကဲရာ"

"အော်... အဲလိုလား"

အိုးရန်မင်ရွှမ်မှာ တိတ်တဆိတ် စိတ်ပျက်သွားမိ၏။ သူက အဆိပ်ကို လုံးဝ အမြစ်ပြတ် ကုသနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သုံးပုံနှစ်ပုံခန့် ဖယ်ရှားပေးနိုင်ခဲ့ခြင်းကပင် သူ့အတွက် ကျေနပ်စရာ ကောင်းနေပြီ ဖြစ်ပါသည်

"အကြီးအကဲ... အရမ်း စိတ်ပူမနေပါနဲ့၊ အအေးဓာတ်အဆိပ် အတော်များများကို ဖယ်ရှားပေးပြီးပါပြီ... နောက်နောင်ဆိုရင် နည်းနည်းလောက် ပိုပြီး သတိထားနေလိုက်ပါ၊ အဆိပ်တွေ အများကြီး ထပ်စုပုံမလာစေနဲ့ပေါ့"

ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် အကြံပေးလိုက်၏။

"နဂါးနတ်ဘုရား နန်းတော်သခင်... ဒါက ဘယ်လို နတ်ဘုရားသဖွယ် စွမ်းရည်မျိုးလဲဆိုတာ သိခွင့်ရမလား"

သတိပြန်ဝင်လာပြီးနောက် ဝမ်ကျိုကျုံးက အပူတပြင်း မေးလိုက်လေရာ အခြား အကြီးအကဲများ၏ စပ်စုချင်စိတ်ကိုလည်း ကိုယ်စားပြုနေတော့သည်။

"လျှို့ဝှက်ချက်ပါ"

ဖုန်းဝူချန်၏ တိုတောင်းသော အဖြေက သူတို့ကို ချက်ချင်း စိတ်ပျက်သွားစေ၏။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ အဆင့်မြင့် အကြီးအကဲ ငါးဦးကို ဤမျှလောက်အထိ အံ့အားသင့် တုန်လှုပ်သွားစေခြင်းက ဖုန်းဝူချန် အသုံးပြုခဲ့သော နတ်ဘုရားသဖွယ် စွမ်းရည်မှာ မည်မျှ အံ့မခန်း ကောင်းမွန်ကြောင်းကို သက်သေပြနေသည်။

"နဂါးနတ်ဘုရား နန်းတော်သခင်... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆေးဖော်စပ်ရေး တွေ့ဆုံပွဲ တစ်ခု ကျင်းပတော့မှာပါ... ခင်ဗျားအနေနဲ့ အဲဒီပွဲကို ဂုဏ်ပြု တက်ရောက်ပေးမယ်လို့ မျှော်လင့်ပါတယ်ဗျာ"

ယခုအခါ ဖုန်းဝူချန်သည် အဆင့် (၇) ဆေးဆရာ တစ်ဦး ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်သွားပြီဖြစ်သော ဝမ်ကျိုကျုံးက အလျင်အမြန် ဖိတ်ကြားလိုက်လေတော့သည်။

--

All Chapters