← Chapters

အခန်း ၈၀၇

Vol. 54 Ch. 807

အခန်း ၈၀၇

Vol. 54 Ch. 807

အခန်း (၈၀၇) - အကြီးအကဲ ငါးဦးလုံး အံ့အားသင့်သွားခြင်း

~"ပထမ အကြီးအကဲက ဆရာ့ကို ဆေးဖော်စပ်ရေး တွေ့ဆုံပွဲကို တက်ရောက်ပေးဖို့ လေးလေးနက်နက် တောင်းဆိုနေတာပဲ"

ကျန်းကျွင့်လန်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။ ဝမ်ကျိုကျုံး၏ စကားကို ကြားလိုက်ရသည့်အခါ သူသာမက လျိုချင်းယန်နှင့် အခြားသူများပါ အတော်လေး အံ့အားသင့်သွားကြ၏။

အစကတော့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က နဂါးနတ်ဘုရား နန်းတော်ထံသို့ ဖိတ်စာတစ်စောင် ပို့လိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း ဝမ်ကျိုကျုံးကမူ ဖိတ်စာကို ကျော်ကာ ကိုယ်တိုင်ကိုယ်ကျ လေးလေးနက်နက် တောင်းဆိုလာခဲ့သည် မဟုတ်ပါလော။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ပထမ အကြီးအကဲ ဝမ်ကျိုကျုံး ကိုယ်တိုင်က ဤကဲ့သို့ လေးလေးနက်နက် တောင်းဆိုလာခြင်းမှာ မည်မျှ ကြီးမားသော ဂုဏ်ကျက်သရေမျိုး ဖြစ်မည်နည်း။

"နန်းတော်သခင်... ဒါက ကျွန်တော်တို့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တိုးချဲ့ဖို့ အချိန်ကောင်းပဲနော်၊ ပြီးတော့ မြောက်ပိုင်း နက်နဲခြင်း နယ်မြေအထိ လွှမ်းမိုးမှု ဖြန့်ကြက်နိုင်ဖို့ ဆေးဖော်စပ်ရေး တွေ့ဆုံပွဲထက် ပိုကောင်းတဲ့ အခွင့်အရေး မရှိတော့ဘူးလေ... တကယ်လို့ နန်းတော်သခင်ကသာ အဲဒီတွေ့ဆုံပွဲမှာ အံ့မခန်း ပွဲဦးထွက်ပြနိုင်ရင် အင်အားစု အတော်များများက ကျွန်တော်တို့ မဟာမိတ်အဖွဲ့ထဲ ဝင်လာဖို့ သေချာပေါက် ဆန္ဒရှိကြမှာပဲ"

ယီထျန်းချင်းက အလျင်အမြန် တိုးတိုးလေး အကြံပေးလိုက်၏။

"နန်းတော်သခင်... ယီထျန်းချင်း ပြောတာ မှန်တယ်၊ ဒါက တကယ့် အခွင့်အရေးကောင်းပဲ"

ယဲ့ထျန်းဝေကလည်း အလျင်အမြန် ဝင်ရောက် ထောက်ခံလိုက်၏။

"ဆေးဖော်စပ်ရေး တွေ့ဆုံပွဲလား"

ဖုန်းဝူချန်က အနည်းငယ် အံ့အားသင့်သွား၏။ ဤအကြောင်းကို ကျန်းကျွင့်လန် ပြောပြသံ သူ တစ်ခါမှ မကြားခဲ့ရဖူးပါချေ။

"နဂါးနတ်ဘုရား နန်းတော်သခင်က အဆင့် (၇) ဆေးဆရာ တစ်ယောက်ဆိုတော့ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေတောင် အားကျရတဲ့ နယ်ပယ်ကို ရောက်နေတာလေ... တကယ်လို့ နဂါးနတ်ဘုရား နန်းတော်သခင်ကသာ ဒီဆေးဖော်စပ်ရေး တွေ့ဆုံပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုရင် ခင်ဗျားရဲ့ နာမည်က တိုက်ကြီး တစ်ခုလုံးမှာ သေချာပေါက် ပဲ့တင်ထပ်သွားလိမ့်မယ်... တိုက်ကြီး တစ်ခုလုံးက ပါရမီရှင် ဆေးဆရာတွေ အကုန်လုံး အဲဒီမှာ ရှိနေကြမှာလေ"

ဝမ်ကျိုကျုံးက ကျေနပ်အားရစွာ ပြုံးလျက် ဆိုလိုက်လေရာ သူ၏ စကားများမှာ မြှောက်ပင့်နေသကဲ့သို့ ရှိသော်လည်း တကယ်တမ်းတွင်မူ အစာကျွေးကာ မျှားနေခြင်းပင် ဖြစ်ပါ၏။

တတိယ အကြီးအကဲ ယန်ရွှမ်တုန်ကလည်း ဝင်ပြောလိုက်၏။

"ပထမ အကြီးအကဲ ပြောတာ မှန်တယ်... နဂါးနတ်ဘုရား နန်းတော်သခင်ရဲ့ အဆင့် (၇) ဆေးဆရာ နယ်ပယ်နဲ့ဆိုရင် တခြားသူတွေ အားလုံးကို သေချာပေါက် အလဲထိုးနိုင်မှာပဲ"

"ဆေးဖော်စပ်ရေး တွေ့ဆုံပွဲမှာ ပါဝင်ဖို့က ဘာပြဿနာမှ မရှိပါဘူး... ဒါပေမဲ့ ကျွန်တော့်မှာ အချိန်ရမယ်လို့တော့ အာမမခံနိုင်ဘူးဗျ"

ဖုန်းဝူချန်က ပြန်ဖြေလိုက်၏။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ပထမ အကြီးအကဲက ကိုယ်တိုင်ကိုယ်ကျ လေးလေးနက်နက် တောင်းဆိုနေသည်ဖြစ်ရာ သူ လုံးဝ ပြတ်ပြတ်သားသား ငြင်းဆိုရန်တော့ မလိုလားပါချေ။ သို့သော် သူ သေချာပေါက် ပါဝင်မည်ဟုလည်း ကတိမပေးနိုင်ပေ။

သူသည် အချိန်စွမ်းအားကို ယခုထက်တိုင် ရှာမတွေ့သေးသလို မည်မျှကြာအောင် ရှာဖွေရဦးမည်ကိုလည်း သူ မသိပါချေ။ ဆေးဖော်စပ်ရေး တွေ့ဆုံပွဲမှာ နှစ်လအတွင်း စတင်မည်ဖြစ်ရာ ထိုနှစ်လအတွင်း သူ အချိန်ရလိမ့်မည်ဟု ဖုန်းဝူချန် အတတ်မပြောနိုင်ပေ။

"ဒါက..."

ဖုန်းဝူချန်၏ အဖြေကြောင့် ဝမ်ကျိုကျုံးနှင့် အခြားသူများမှာ မှင်သက်သွားကြ၏။

သူ့မှာ အချိန်မရှိဘူးဆိုရင် သူ ဘာတွေများ လုပ်စရာ ရှိနေလို့လဲ။ ပြီးတော့ နှစ်လတောင် အချိန်ရသေးတာကို... ဘယ်လို အရေးကြီးတဲ့ ကိစ္စမျိုးကများ အဲဒီလောက် အချိန်ယူနေရတာလဲ။

"ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"

ဖုန်းဝူချန်က ပခုံးတွန့်ပြရင်း ဆိုလိုက်၏။

အဆင့် (၇) ဆေးဆရာ တစ်ယောက်ဖြစ်သော်လည်း ဝမ်ကျိုကျုံးနှင့် အခြားသူများမှာ ဖုန်းဝူချန်ထံမှ ဝိညာဉ်စွမ်းအား အရိပ်အယောင်လေး တစ်ခုကိုမျှ အာရုံမခံနိုင်ကြပါချေ။

မှတ်သားစရာ ကောင်းသောအချက်မှာ ဝမ်ကျိုကျုံး အပြင် ဒုတိယ အကြီးအကဲ ဟွမ်ကျိမှာ အဆင့် (၇) သံရည်ကျိုဆရာ ဖြစ်ပြီး၊ တတိယ အကြီးအကဲ ယန်ရွှမ်တုန်မှာ အဆင့် (၇) အင်မော်တယ်လက်နက် သွန်းလုပ်သူ ဖြစ်ကာ၊ စတုတ္ထ အကြီးအကဲ နာလန်ရူရွှဲ့မှာ ပို၍ပင် ထူးခြားသော အဆင့် (၈) အင်းကွက်ဆရာ တစ်ဦး ဖြစ်၏။

သူတို့၏ အဆင့်အတန်းများမှာ တိုက်ကြီးတွင် လုံးဝ သာမန်မဟုတ်ဘဲ အလွန်တရာ နက်နဲပြီး ခန့်မှန်းရခက်သော နယ်ပယ်များသို့ ရောက်ရှိနေကြသူများ ဖြစ်ပါ၏။

ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်များကပင် ဖုန်းဝူချန်ထံမှ မည်သည့် ဝိညာဉ်စွမ်းအားကိုမျှ အာရုံမခံနိုင်ခဲ့ကြပါချေ။

ထို့ကြောင့်ပင် သူတို့က ဤမျှလောက်အထိ စပ်စုချင်နေကြခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ တိုက်ကြီး တစ်ခုလုံးတွင် အသက် နှစ်ဆယ်ကျော် အရွယ်ဖြင့် အဆင့် (၇) ဆေးဆရာ နယ်ပယ်သို့ ရောက်ရှိနေသူဆိုသည်မှာ လုံးဝ မရှိသေးပါချေ။

ဖုန်းဝူချန်သည် ဝမ်ကျိုကျုံးတို့ ဘာတွေ တွေးနေကြသည်ကို ကောင်းစွာ သိရှိထား၏။ သူတို့သည် သူ အမှန်တကယ်ပင် အဆင့် (၇) ဆေးဆရာ နယ်ပယ်သို့ ရောက်ရှိနေခြင်း ရှိမရှိ ဆိုသည်ကို သေချာအောင် အတည်ပြုချင်နေကြခြင်းသာ ဖြစ်ပါ၏။

"အအေးဓာတ်အဆိပ် အတော်များများကိုတော့ ကျွန်တော် ဖယ်ရှားပေးခဲ့ပြီးပြီ... နောက်နောင် နည်းနည်းလောက် ဂရုစိုက်မယ်ဆိုရင် အအေးဓာတ်အဆိပ်က ပြန်ပြီး ထလာရင်တောင် အချိန်မီ ဖိနှိပ်ထားလို့ ရပါတယ်၊ တခြား ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ သွားခွင့်ပြုပါဦး"

ဖုန်းဝူချန်က ဖြည်းညင်းစွာ ပြောရင်း မတ်တပ်ရပ်လိုက်၏။

အချိန်အတော်ကြာ နှောင့်နှေးခဲ့ရပြီဖြစ်ရာ ဖုန်းဝူချန်သည် ရှုမီ ချောက်ကမ်းပါးသို့ အမြန်ဆုံး ပြန်သွားချင်နေပြီ ဖြစ်၏။

"နဂါးနတ်ဘုရား နန်းတော်သခင်... ခင်ဗျားက တကယ်ပဲ အဆင့် (၇) ဆေးဆရာ နယ်ပယ်ကို ရောက်နေတာလား"

မျှော်လင့်ထားသည့်အတိုင်းပင် ဝမ်ကျိုကျုံးက မနေနိုင်တော့ဘဲ မေးလိုက်၏။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်သည် သူ၏ ဝိညာဉ်စွမ်းအား အမျှင်တန်းလေး တစ်ခုကို အသက်သွင်းလိုက်ရာ အဆင့် (၇) ဆေးဆရာ တစ်ဦး၏ ဝိညာဉ်စွမ်းအားက မျက်တောင်တစ်ခတ်အတွင်း ရစ်သိုင်းလာတော့သည်။ အမျှင်တန်းလေး တစ်ခုမျှသာ ဖြစ်သော်လည်း အလွန်တရာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်း ရှိလှ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုလွှမ်းမိုးဖိနှိပ်နိုင်သော ဝိညာဉ်စွမ်းအားက ခန်းမဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အလွန် အစွမ်းထက်သော ဝိညာဉ်စွမ်းအားကြောင့် ဝမ်ကျိုကျုံးနှင့် အကြီးအကဲ ငါးဦးလုံးမှာ အလွန်အမင်း အံ့အားသင့်သွားကြတော့၏။ သစ်သားရုပ်ကြီးများပမာ မှင်သက်နေကာ ဖုန်းဝူချန်ကို ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိကြတော့သည်။

သို့သော် ထိုစွမ်းအားမှာ လျှပ်တစ်ပြက်မျှသာ ဖြစ်၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုစွမ်းအားများ ပျောက်ကွယ်သွားပြီး လုံးဝ ရှိမနေခဲ့သည့်အလား ပုံရိပ်ယောင် တစ်ခုကဲ့သို့ ခံစားချက်ကိုသာ ချန်ရစ်ထားခဲ့၏။

"အကြီးအကဲများ... ကျွန်တော့်ကို သွားခွင့်ပြုပါဦးဗျာ"

ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်ပြီးနောက် ခန်းမဆောင် အတွင်းမှ ထွက်သွား၏။

"အစ်ကိုဖုန်း... သူတို့ အကုန်လုံး ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအားကြောင့် မှင်သက်သွားကြပြီ၊ ခင်ဗျား ပြောတဲ့ စကားကိုတောင် ကြားလိုက်မယ် မထင်ဘူး"

လျိုချင်းယန်က အောင်နိုင်သူပမာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း ပြောလိုက်၏။

ဖုန်းဝူချန်က ခေါင်းခါယမ်းလိုက်ပြီး...

"သွားကြစို့" ဟု ဆိုလိုက်၏။

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ ခန်းမဆောင် အတွင်းမှ ထွက်သွားသော်လည်း ဝမ်ကျိုကျုံးနှင့် အခြားသူများမှာ ဖုန်းဝူချန်၏ ရပ်တန့်မန္တန် အတိုက်ခံလိုက်ရသည့်အလား အံ့အားသင့် မှင်သက်နေဆဲ ဖြစ်ပါသည်။

"ဟေ့... သူတို့ ထွက်လာကြပြီ"

"ခုနက ဘာတွေ ဖြစ်သွားတာလဲ... တကယ် ထူးဆန်းတာပဲ၊ အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအား တစ်ခုက မျက်တောင်တစ်ခတ်အတွင်း ပျောက်သွားတာ... ပုံရိပ်ယောင်များလား"

"ပုံရိပ်ယောင်ပဲ ဖြစ်ရမယ်... အဲဒီလောက် အမြန်ကြီး အကုန်လုံး ပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"

အပြင်ဘက်ရှိ ဝိညာဉ်စွမ်းအားများကို ပိုင်ဆိုင်ထားကြသော ပါရမီရှင် ကျောင်းသားများမှာ အလွန်တရာ ဇဝေဇဝါ ဖြစ်နေကြပြီး သူတို့၏ အကြည့်များက ဖုန်းဝူချန်ထံသို့ ရောက်ရှိသွားကြသည်။

"နဂါးနတ်ဘုရား နန်းတော်သခင်... အခြေအနေ ဘယ်လိုနေလဲ၊ အကြီးအကဲရဲ့ ရှေးဟောင်း အဆိပ်ကို ဖယ်ရှားပေးနိုင်ခဲ့ရဲ့လား"

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ရှန်ကွမ်းယွင်ယွင်က အလွန် စိုးရိမ်တကြီးဖြင့် အလျင်အမြန် မေးလိုက်သည်။

"အများစုကိုတော့ ဖယ်ရှားပေးလိုက်နိုင်ပါတယ်"

ရှေးဟောင်း အဆိပ်ကို ဖယ်ရှားခြင်းမှာ အသေးအဖွဲ ကိစ္စလေး တစ်ခုအလား ဖုန်းဝူချန်က မည်သည့် အမူအရာမျှ မရှိဘဲ ခပ်အေးအေးပင် ဖြေကြားလိုက်၏။

"အများစုကို ဖယ်ရှားပေးလိုက်နိုင်တယ် ဟုတ်လား"

ရှန်ကွမ်းယွင်ယွင်နှင့် အခြားသူများမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး သူတို့၏ မျက်လုံးများပင် ပြူးထွက်မလို ဖြစ်သွားရ၏။

အဲဒါက ရှေးဟောင်း ရေခဲစွမ်းအားတွေကြောင့် ဖြစ်လာတဲ့ အအေးဓာတ်အဆိပ်လေ... အဲဒါကို ဖုန်းဝူချန်က အများစုကို ဖယ်ရှားပေးနိုင်ခဲ့တယ်တဲ့လား။

လုံးဝ မယုံကြည်နိုင် ဖြစ်နေကြသော ရှန်ကွမ်းယွင်ယွင်နှင့် အခြားသူများကို တစ်ချက်ကြည့်ကာ ဖုန်းဝူချန်က ပြုံးလျက်...ပြောလိုက်၏။

"ဆရာမ ရှန်ကွမ်း... ကျွန်တော်တို့မှာ အရေးကြီး ကိစ္စလေးတွေ ရှိသေးလို့ သွားခွင့်ပြုပါဦးဗျာ"

"ကျေး... ကျေးဇူးအများကြီး တင်ပါတယ် နဂါးနတ်ဘုရား နန်းတော်သခင်"

ဆရာမ ရှန်ကွမ်း အပါအဝင် ဆရာ အားလုံးက အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ကြရာ သူတို့၏ အသံများမှာ စကားလုံးတိုင်းတွင် တုန်ရီနေတော့သည်။

"အများစုကို ဖယ်ရှားပေးလိုက်နိုင်တယ်" ဆိုသော စကားစုက သူတို့ကို အပြင်းအထန် တုန်လှုပ်သွားစေခဲ့တော့၏။

ကျောင်းတော်အုပ် ဖြစ်စေ၊ ပထမ အကြီးအကဲ ဖြစ်စေ၊ မည်သူကမျှ အိုးရန်မင်ရွှမ်၏ အဆိပ်ကို အများကြီး ဖယ်ရှား မပေးနိုင်ခဲ့ကြသော်လည်း ဖုန်းဝူချန်ကမူ (၁၅) မိနစ်ပင် မကြာလိုက်သော အချိန်အတွင်း အဆိပ် အတော်များများကို ဖယ်ရှားပေးလိုက်နိုင်ခဲ့သည် မဟုတ်ပါလော။

"နဂါးနတ်ဘုရား နန်းတော်သခင်က တကယ်ပဲ အကြီးအကဲရဲ့ အအေးဓာတ်အဆိပ် အများစုကို ဖယ်ရှားပေးနိုင်ခဲ့တာလား"

ယန်ယီယွင်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေတော့သည်။

"အကြီးအကဲရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားအသွင်ပြောင်းဘုံမှာ ရှိတာလေ... ပြီးတော့ ပထမ အကြီးအကဲက အဆင့် (၈) ဆေးဆရာနော်၊ သူတို့တောင် အဆိပ်ကို မဖယ်ရှားပေးနိုင်တာကို ဖုန်းဝူချန်က ဘယ်လိုလုပ် နိုင်မှာလဲ... သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ နတ်ဘုရားအသွင်ပြောင်းဘုံကိုတော့ မရောက်သေးပါဘူး၊ ဟုတ်တယ်မလား"

ဆရာ ချင်က တောင့်တင်းနေသော မျက်နှာထားဖြင့် ကြောင်တောင်တောင် ရေရွတ်လိုက်၏။

"သူ့ဆီမှာ ဘယ်လို နတ်ဘုရားသဖွယ် စွမ်းရည်တွေ ရှိနေလို့လဲ... အဆိပ်ကို ဒီလောက် အလွယ်လေး ဘယ်လို ဖယ်ရှားသွားတာလဲ"

အခြား ဆရာတစ်ဦးကလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေတော့သည်။

ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား။

အဖြစ်မှန်ကို သိရှိနိုင်ရန်အတွက် ရှန်ကွမ်းယွင်ယွင်နှင့် အခြားသူများမှာ ခန်းမဆောင် အတွင်းသို့ အလျင်အမြန် ပြေးဝင်သွားကြ၏။

"အဆင့် (၇) ဆေးဆရာ"

"သံသယဖြစ်စရာကို မလိုတော့ဘူး... သူက တကယ်ပဲ အဆင့် (၇) နယ်ပယ်ကို ရောက်နေတာ"

"ဘယ်လောက်တောင် လွှမ်းမိုးဖိနှိပ်နိုင်ပြီး အားကောင်းတဲ့ ဝိညာဉ်စွမ်းအားလဲ... ငါ့ရဲ့ အဆင့် (၈) ဝိညာဉ်စွမ်းအားနဲ့တောင် ရင်ပေါင်တန်းနိုင်လောက်တယ်"

"တိုက်ကြီးရဲ့ အငယ်ဆုံး ပါရမီရှင် ဆေးဆရာပဲ... တိုက်ကြီးမှာ မိစ္ဆာကောင်လို ပါရမီထူးခြားတဲ့ ဆေးဆရာ တစ်ယောက် ပေါ်ထွက်လာခဲ့ပြီ"

ရှန်ကွမ်းယွင်ယွင်နှင့် အခြားသူများ ပြေးဝင်လာပြီးနောက်မှသာ ဝမ်ကျိုကျုံးနှင့် အခြားသူများမှာ အံ့အားသင့် မှင်သက်နေမှုမှ သတိပြန်ဝင်လာကြတော့သည်။

ဝမ်ကျိုကျုံးနှင့် သူ၏ အပေါင်းအပါများမှာ လက်ရှိ နယ်ပယ်သို့ ရောက်ရှိရန်အတွက် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသော်လည်း ဖုန်းဝူချန်မှာ အသက် နှစ်ဆယ်ခန့်သာ ရှိသေးပြီး အဆင့် (၇) ဆေးဆရာ နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မည်မျှ ကြောက်စရာ ကောင်းသော ပါရမီကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားလှ၏။

ဝမ်ကျိုကျုံးနှင့် အခြား အကြီးအကဲ ငါးဦးလုံး၏ အံ့အားသင့်နေသော အသံများကို ကြားလိုက်ရသည့်အခါ ရှန်ကွမ်းယွင်ယွင်နှင့် အခြားသူများမှာ လုံးဝ ဆွံ့အသွားကြလေတော့သည်။

"ဒီ... ဒီနတ်ဘုရားသဖွယ် ပုဂ္ဂိုလ်က တကယ်တော့ ဘယ်သူများလဲ"

ရှန်ကွမ်းယွင်ယွင်၏ နှလုံးသားမှာ စပ်စုချင်စိတ်များနှင့် အံ့အားသင့်မှုများ ရောယှက် ပြည့်နှက်နေပြီး ဖုန်းဝူချန်ကဲ့သို့ ကောင်းကင်ဘုံကို အန်တုနိုင်လောက်အောင် အင်အားကြီး ပါရမီရှင်မျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။

--

All Chapters