← Chapters

အခန်း ၈၀၉

Vol. 54 Ch. 809

အခန်း ၈၀၉

Vol. 54 Ch. 809

အခန်း (၈၀၉) - ယင်ယန်ရှီဖုန်း

~သုံးရက်ကြာပြီးနောက် မြောင်ချင်းချင်း၏ ကျင့်ကြံခြင်းအဆင့် အခြေတကျ ဖြစ်သွားသည့်အခါ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် သီးခြားစီ စတင် လှုပ်ရှားကြ၏။

ဖုန်းဝူချန်၏ အဖွဲ့သည် သုံးစုခွဲလိုက်ပြီး ကျန်းကျွင့်လန်နှင့် လျိုချင်းယန်တို့က မြေအောက်ပိုင်းကို တာဝန်ယူကာ၊ ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့က မြေပြင်အထက်ပိုင်းကို တာဝန်ယူကြပြီး၊ ယဲ့ထျန်းဝေနှင့် ပေတိုယန်တို့ကမူ ထူးဆန်းပြီး သံသယဖြစ်ဖွယ် နေရာများကို ရှာဖွေရန် တာဝန် ယူထားကြ၏။

အဖွဲ့သုံးဖွဲ့သည် ရှုမီ ချောက်ကမ်းပါး အတွင်း၌ အသေးစိတ် ရှာဖွေမှုများကို ပြုလုပ်နေကြတော့သည်။

ဖုန်းဝူချန်၏ လုပ်ရပ်များကြောင့် ကျင့်ကြံသူ များစွာမှာ ဇဝေဇဝါ ဖြစ်နေကြ၏။ သူတို့သည် အထဲသို့ ဝင်လာပြီးနောက် ကျင့်ကြံရန် သို့မဟုတ် ရတနာ ရှာဖွေရန် ရည်ရွယ်ထားပုံ မပေါ်ပါချေ။ သူတို့ ဘာကို ရှာဖွေနေကြသနည်း။

စပ်စုချင်စိတ်များက သူတို့အတွက် ပဟေဋ္ဌိ တစ်ခု ဖြစ်နေသော်လည်း မည်သူကမျှ မမေးဝံ့ကြပါချေ။

စပ်စုလွန်းလျှင် အသက်တိုတတ်သည်ဟု ဆိုစကား ရှိသည် မဟုတ်ပါလော။ သူတို့အနေဖြင့် ထိုကဲ့သို့သော စပ်စုလွန်းသည့် ကြောင်လေး တစ်ကောင် မဖြစ်ချင်ကြပေ။

ရှုမီ ချောက်ကမ်းပါးမှာ မြောက်ပိုင်း နက်နဲခြင်း နယ်မြေ၏ တားမြစ်နယ်မြေများထဲမှ တစ်ခုဖြစ်ပြီး အလွန်တရာ အန္တရာယ်များသောကြောင့် ထိုသို့ သတ်မှတ်ခံထားရခြင်း ဖြစ်ပါ၏။

ကျင့်ကြံသူ များစွာသည် လေ့ကျင့်ရန် ဝင်ရောက်လာကြပြီး ဘေးကင်းလုံခြုံပုံ ရသော်လည်း မတော်တဆမှု တစ်ခုက အချိန်မရွေး သေစေနိုင်လောက်သည်။

အပင်များတွင် ရှိနေသော သေစေနိုင်သည့် အဆိပ်များ၊ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင် အခင်းအကျင်းများ၊ ခြောက်ခြားဖွယ်ကောင်းသော မြူခိုးများနှင့် ပဟေဋ္ဌိဆန်သော သတ္တဝါများပင်လျှင် ကျင့်ကြံသူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြ၏။

ဖုန်းဝူချန်၏ အဖွဲ့မှာ သုံးစုခွဲထားသဖြင့် သူတို့သည် ပိုမို နက်ရှိုင်းသော နေရာများအထိ ရှာဖွေ စူးစမ်းခဲ့ကြ၏။

သူတို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ရတနာရှာဖွေနေကြသော ကျင့်ကြံသူများကို တွေ့ရနည်းလေလေ ဖြစ်ပြီး အန္တရာယ် ပိုမို များပြားလာကြောင်းကို ဖော်ပြနေသည်။

အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ ရက်အနည်းငယ်ကြာအောင် အစွန်အဖျား နေရာများကို ရှာဖွေခဲ့သော်လည်း တန်ဖိုးကြီး ဆေးပင် အချို့ကိုသာ ရှာတွေ့ခဲ့ပြီး အခြား မည်သည့် အရာကိုမျှ မတွေ့ရှိခဲ့ကြပါချေ။

လုထျန်းချန်၏ ယခင် အကြံပေးချက်များကို လိုက်နာခြင်းအားဖြင့် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် အန္တရာယ် များစွာကို ရှောင်ရှားနိုင်ခဲ့ကြ၏။

"ချင်းယန်... ရှေ့မှာ လူတွေရဲ့ အရှိန်အဝါကို အာရုံခံလို့ မရတော့ဘူး၊ ငါတို့ နက်ရှိုင်းတဲ့ အပိုင်းတွေရဲ့ အစွန်းကို ရောက်နေပြီ ထင်တယ်... အရမ်းကို သတိထားဖို့ လိုမယ်နော်"

ကျန်းကျွင့်လန်က လေးနက်တည်ကြည်သော မျက်နှာထားဖြင့် သတိပေးလိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်ကြည့်ရှုလိုက်၏။

လျိုချင်းယန်က ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့်...

"ငါတို့ ရှာနေတာ ရက်ပေါင်းများစွာ ကြာနေပြီ၊ ဘာအရိပ်အယောင်မှလည်း မတွေ့သေးဘူး... အချိန်စွမ်းအားက အဲဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတာလား" ဟု ဆိုလိုက်၏။

"နန်းတော်သခင်တို့ အဖွဲ့လည်း ပိုပြီး နက်ရှိုင်းတဲ့ နေရာတွေအထိ ရှာနေကြတာပဲ... သူတို့လည်း ဘာမှ မတွေ့သေးဘူး ထင်တယ်"

ယီထျန်းချင်းက နက်ရှိုင်းသော နေရာများသို့ လှမ်းကြည့်ရင်း ဝင်ပြောလိုက်၏။ ထို့နောက် သူက ဆက်လက်၍...

"ဒီနေရာကနေ ကျော်သွားရင် ပိုပြီး နက်ရှိုင်းတဲ့ နယ်မြေတွေပဲ... ငါတို့ သတိထားသင့်တယ်၊ အဲဒီနေရာက အရမ်းကို အန္တရာယ်များတယ်လို့ ငါ ခံစားရတယ်" ဟု ဆိုလိုက်၏။

"မြေပုံပေါ်မှာ ပြထားတဲ့ အန္တရာယ်ရှိတဲ့ နေရာတွေကို ရှောင်သွားနိုင်သရွေ့တော့ ငါတို့ ဘေးကင်းလုံခြုံမှာပါ... ဒါပေမဲ့ အရမ်းကို ထူးဆန်းတဲ့ အရှိန်အဝါ တစ်ခုကိုတော့ ငါ အာရုံခံမိနေတယ်"

လျိုချင်းယန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သော်လည်း တိတိကျကျမူ မပြောနိုင်ပါချေ။

မည်သည့် အန္တရာယ်မျှ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း လျှို့ဝှက်ဆန်းကြယ်သော နက်ရှိုင်းသည့် နေရာများဆီသို့ လှမ်းကြည့်လိုက်ရုံဖြင့်ပင် မကောင်းသော နိမိတ်ပြမှု တစ်ခုကို ခံစားလိုက်ရတော့သည်။

ထိုအခိုက်အတန့်တွင် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများလည်း ပိုမို နက်ရှိုင်းသော နေရာများအထိ ရှာဖွေနေကြပြီး ကမ္ဘာဦး အချိန်စက်သွား ထံမှလည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိသေးပါချေ။

"သခင်... ရှေ့မှာ ထူးဆန်းတဲ့ အရှိန်အဝါ တစ်ခု ရှိနေတယ်"

လန်ယွဲ့က ရုတ်တရက် သတိပေးလိုက်၏။

"ဒါက မြူခိုးတွေရဲ့ ရနံ့ပဲ"

ဖုန်းဝူချန်က သဘောတူစွာ ခေါင်းညိတ်လိုက်သော်လည်း ခြေလှမ်းများကို ရပ်တန့်မသွားဘဲ ပိုမို နက်ရှိုင်းသော နေရာဆီသို့ ဆက်လက် လျှောက်လှမ်းသွား၏။

ရှုမီ ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး နေရာများတွင် ကျယ်ပြောလှသော အမည်းရောင် မြူခိုး ထူးဆန်းများ စတင် ပျံ့နှံ့လာပြီး အမှောင်ထု ဟင်းလင်းပြင် တစ်ခုက ဝါးမြိုပစ်လိုက်သည့်အလား ရှေ့ရှိ အရာအားလုံးကို ဖုံးလွှမ်းသွားတော့သည်။

"ဝုန်း"

"ဝှစ် ဝှစ်"

ဖုန်းဝူချန်က သူ၏ ဝူမီးတောက်ကို အသက်သွင်းလိုက်ပြီး အမည်းရောင် မီးတောက်များကို သူ၏ ဘေးတစ်ဖက်တစ်ချက်စီသို့ ပစ်လွှတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်မှုကို ပျံ့နှံ့စေသော ရှည်လျားသည့် မီးတောက်လမ်းကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ၎င်း ထိတွေ့သွားသော အရာအားလုံး... ပန်းများ၊ ကျောက်တုံးများနှင့် လေထုပင်လျှင် ရေခဲအဖြစ်သို့ အေးခဲသွားကြတော့သည်။

"အစ်ကိုဖုန်းရဲ့ ဝူမီးတောက်ပါလား"

လျိုချင်းယန်က ဝမ်းသာအားရ အော်ဟစ်လိုက်၏။ ဝူမီးတောက်က သူတို့ပတ်လည်တွင် အကာအကွယ် ဒိုင်းလွှားတစ်ခုအဖြစ် ဖန်တီးပေးထား၏။

"အထဲကို ပြေးဝင်ကြတော့"

ကျန်းကျွင့်လန်က အော်ဟစ် သတိပေးလိုက်သည်။

"နန်းတော်သခင်ရဲ့ ဝူမီးတောက်ပဲ... အရမ်းကောင်းတာပဲ"

အခြားတစ်နေရာတွင် ယဲ့ထျန်းဝေက ဝမ်းသာအားရ ရေရွတ်လိုက်၏။ ဝူမီးတောက်က သူတို့ကိုလည်း အလားတူပင် ကာကွယ်ပေးထားသည်။

တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်သည် ကျန်းအနည်းငယ်ခန့် ကျယ်ဝန်းသော ဧရာမ အမည်းရောင် မီးတောက် အကာအကွယ်ကြီး တစ်ခုကို ဖန်တီးလိုက်ပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများ အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားလေတော့၏။

"ဝှစ် ဝှစ် ဝှစ်"

ဧရာမ အမည်းရောင် မီးတောက် အကာအကွယ် သုံးခုသည် မြူခိုးများ အတွင်းသို့ အရူးအမူး ပြေးဝင်သွားကြရာ အလွန်တရာ ခမ်းနားကြီးကျယ်သော မြင်ကွင်း တစ်ခုကို ဖန်တီးလိုက်၏။ လွှမ်းမိုးဖိနှိပ်နိုင်သော ဝူမီးတောက်က ခြောက်ခြားဖွယ် ကောင်းသော အမည်းရောင် မြူခိုးများကို နောက်သို့ ဆုတ်ခွာသွားအောင် အတင်းအကြပ် ဖိအားပေးနိုင်ခဲ့ရုံသာမက ရေခဲပန်းပုများအလား ရေခဲအဖြစ်သို့ပင် အေးခဲသွားစေခဲ့သည်။

အမည်းရောင် မီးတောက် အကာအကွယ် သုံးခုသည် ကျယ်ပြောလှသော မြူခိုးများ အတွင်း၌ ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်တီးနေကြ၏။

အကယ်၍သာ ဤမြင်ကွင်းကို တစ်စုံတစ်ယောက် မြင်တွေ့သွားမည် ဆိုပါက သူတို့၏ မေးရိုးများ သေချာပေါက် ပြုတ်ကျသွားပေလိမ့်မည်။

တစ်မိနစ်ပင် မပြည့်မီ အချိန်အတွင်း ကျယ်ပြောလှသော ခြောက်ခြားဖွယ် မြူခိုးများ အားလုံး ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်မှာ နောက်တစ်ကြိမ် ပြန်လည် လင်းထိန်လာခဲ့တော့သည်။

သို့သော် မြူခိုးများ၏ နောက်ကွယ်တွင်မူ ဟင်းလင်းပြင် အတွင်းရှိ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့တော့၏။

အလွန်တရာ ဧရာမ ကြီးမားပြီး ခမ်းနားလှသော အရောင်အသွေး စုံလင်သည့် အလင်း အကာအကွယ်ကြီး တစ်ခုက ဖုန်းဝူချန်နှင့် အခြားသူများ၏ ရှေ့တွင် မားမားမတ်မတ် ရပ်တည်နေတော့သည်။

"ဝှစ် ဝှစ်"

ကျန်းကျွင့်လန်နှင့် ယဲ့ထျန်းဝေတို့လည်း ပျံသန်း ရောက်ရှိလာကြ၏။ ရုတ်တရက် ပေါ်လာသော ဤလျှို့ဝှက်ဆန်းကြယ်သည့် အလင်း အကာအကွယ်ကြီးကြောင့် သူတို့ ပိတ်ဆို့ခံလိုက်ရကြောင်း ထင်ရှားလှသည်။

"နန်းတော်သခင်... ဒါက အခင်းအကျင်း တစ်ခုလား၊ အရမ်းကို ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ"

ယဲ့ထျန်းဝေက မေးလိုက်၏။

ဖုန်းဝူချန်က မျက်မှောင် အနည်းငယ် တွန့်ချိုးလိုက်ပြီး အရောင်အသွေး စုံလင်သော အလင်း အကာအကွယ်ကြီးပေါ်သို့ သူ၏ လက်ဝါးကို ဖွဖွလေး တင်လိုက်၏။ သူ ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် အကာအကွယ်ကြီးမှာ စွမ်းအင်လှိုင်းများဖြင့် တုန်ခါသွားတော့သည်။

"အော်... ငါ ဖန်တီးထားတဲ့ အကာအကွယ် အနီးကို တစ်ယောက်ယောက် ရောက်လာနိုင်ခဲ့တာပါလား"

ရှုမီ ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး နေရာရှိ မိုးထိအောင် မြင့်မားလှသော နတ်ဘုရားသစ်ပင်ကြီး တစ်ပင်။

၎င်းအပေါ်၌၊ သက်လတ်ပိုင်း အမျိုးသား တစ်ဦးက မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်သည့်အခိုက်၊ သူ၏ အမူအရာမှာ အနည်းငယ် အံ့အားသင့်နေပုံ ရ၏။

ဖုန်းဝူချန်က အကာအကွယ်ကို ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် အကာအကွယ် ဖန်တီးထားသော အစွမ်းထက် ပညာရှင်က ၎င်းကို အာရုံခံမိသွားခဲ့ခြင်း ဖြစ်သည်။

"ဒါက အကာအကွယ် တစ်ခုပဲ... စွမ်းအားနဲ့ လှုံ့ဆော်လိုက်တဲ့ အခါကျမှ ပေါ်လာတာ"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် ၊...

"တစ်ယောက်ယောက်က ဒီနေရာမှာ အကာအကွယ် တစ်ခုကို ဖန်တီးထားတယ်... ရှုမီ ချောက်ကမ်းပါးရဲ့ အနက်ရှိုင်းဆုံး နေရာမှာ အစွမ်းထက် ပညာရှင်တွေ ရှိနေတယ်"

"ဒါက နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ယောက် ဖန်တီးထားတဲ့ အကာအကွယ်ပဲ... ပြီးတော့ မင်းက သူ့ကို အသိပေးလိုက်သလို ဖြစ်သွားပြီ၊ ကြည့်ရတာ တခြား တစ်ယောက်ယောက်ကလည်း အချိန်စွမ်းအားကို ရှာနေပုံပဲ"

အမှောင် မှော်ကျားသစ်၏ အသံက ဖုန်းဝူချန်၏ စိတ်ထဲသို့ ရုတ်တရက် ရောက်ရှိလာ၏။

ဤသည်မှာ အမှောင် မှော်ကျားသစ်က ဖုန်းဝူချန်အား စိတ်ချင်းဆက်သွယ်၍ ပထမဆုံးအကြိမ် စကားပြောခြင်းပင် ဖြစ်ပါ၏။

"နတ်ဘုရားအသွင်ပြောင်းဘုံ အကာအကွယ် ဟုတ်လား... အဲဒါက ငါ့ကို ဘယ်လိုလုပ် တားနိုင်မှာလဲ"

ဖုန်းဝူချန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

တဆက်တည်း၌၊ ရွှေရောင် နဂါး တံဆိပ်တုံးကို အသက်သွင်းလိုက်ပြီးနောက် သူသည် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းအား အသက်သွင်းလိုက်သည်။ လျိုချင်းယန်နှင့် အခြားသူများကို ခေါ်ဆောင်၍ ပုံပျက်နေသော ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားလေတော့၏။

အရောင်အသွေး စုံလင်သော အလင်း အကာအကွယ် အတွင်း၌ ဟင်းလင်းပြင်မှာ ရုတ်တရက် ပုံပျက်သွားပြီး ဖုန်းဝူချန်တို့ အဖွဲ့က အတွင်းမှ ထွက်ပေါ်လာကြသည်။

ဟင်းလင်းပြင် လျှပ်တစ်ပြက် လှုပ်ရှားမှုက သူတို့ကို နတ်ဘုရားအသွင်ပြောင်းဘုံ အကာအကွယ်အား အားစိုက်စရာမလိုဘဲ ဖြတ်သန်းသွားနိုင်စေခဲ့၏။

သို့သော် ဖုန်းဝူချန်နှင့် အခြားသူများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာသော ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုကို ချက်ချင်း အာရုံခံမိလိုက်ကြ၏။

"နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၃)... သတိထားကြ"

ယဲ့ထျန်းဝေက အလန့်တကြား အော်ဟစ်လိုက်သည်။

"ဒီအရှိန်အဝါက..."

ဖုန်းဝူချန်၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွား၏။

"တကယ်ကို အံ့ဩစရာပဲ... မင်းတို့ ကောင်လေးတွေက အကာအကွယ် အနီးကို ရောက်လာနိုင်ရုံတင်မကဘူး၊ အထဲကိုပါ ဖြတ်ဝင်လာနိုင်ခဲ့တာပါလား၊ မင်းတို့က တကယ်ကို သာမန်မဟုတ်ဘူးပဲ... ဒီလို ကိုယ်ဖော့ပညာမျိုးက တကယ်ကို အံ့မခန်းပဲ"

အေးစက်သော လှောင်ပြောင်သံ တစ်သံ ထွက်ပေါ်လာ၏။

"ဝှစ် ဝှစ် ဝှစ်"

အမည်းရောင် အရိပ်တစ်ခုက လျှပ်စီးပမာ အမြန်နှုန်းဖြင့် လင်းလက်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ရှေ့တွင် ပေါ်ထွက်လာတော့သည်။

"ယင်ယန် မိသားစု"

ရောက်လာသူနှင့် ထိုလူ၏ ဝတ်စုံကို မြင်လိုက်ရသည့်အခါ ဖုန်းဝူချန်နှင့် အခြားသူများက တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားကြ၏။

"ယင်ယန် မိသားစုက အစွမ်းထက် ပညာရှင် တစ်ယောက် ပါလား... သူတို့လည်း အချိန်စွမ်းအားကို ရှာနေတာများလား"

ယဲ့ထျန်းဝေက ထိတ်လန့်တကြား ရေရွတ်လိုက်ရာ သူ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။

ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက်...

သတိပေးလိုက်၏။

"ဒါက ယင်ယန် ပုံရိပ်ယောင်ပဲ... သူ့ရဲ့ ခန္ဓာကိုယ် အစစ်က ဒီမှာမရှိဘူး၊ အားလုံး သတိထားကြ"

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့မှာ အတိုင်းအဆမသိ အံ့အားသင့်သွားကြသည်။ ရှုမီ ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး နေရာတွင် ယင်ယန် မိသားစုမှ အစွမ်းထက် ပညာရှင် တစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပါချေ။

တကယ်ပါပဲ... ထိုလူမှာ အခြားသူ မဟုတ်၊ နတ်ဘုရားအသွင်ပြောင်းဘုံ သို့ ရောက်ရှိနေသော ယင်ယန် မိသားစု၏ အစွမ်းထက် ပညာရှင် ယင်ယန်ရှီဖုန်းပင် ဖြစ်ပြီး အလွန်တရာ ကြမ်းကြုတ်ရက်စက်သော စွမ်းအားများ ရှိ၏။

"ဖုန်းဝူချန်လား"

ယင်ယန်ရှီဖုန်းမှာ အစပိုင်းတွင် အနည်းငယ် အံ့အားသင့်သွားပြီးနောက် အားပါးတရ အော်ရယ်လိုက်၏။

"ဟားဟား... ဖုန်းဝူချန်၊ တကယ်ကြီး မင်းဖြစ်နေတာကိုး... အထဲကို ဖြတ်ဝင်လာတဲ့သူက မင်းဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး၊ ဒါက နတ်ဘုရားတွေ ကူညီလိုက်တာပဲ... 'အနှံ့အပြား ရှာဖွေနေခဲ့ပေမဲ့ မတွေ့ရဘဲ အခုတော့ အားစိုက်စရာမလိုဘဲ ရောက်လာပြီ' ပေါ့... ဟားဟား”

--

All Chapters