အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း (၂၄၁)
ငါက အိမ်ခြံမြေဘုရားသခင် မဟုတ်ပါ (အပိုင်း ၁)
လျန်ထျန်း၏ စကားကို ကြားလိုက်ရသည့်အခိုက် သူဌေးစန်းမှာ ကြောက်လန့်တကြားဖြင့် ခြေဖျားလက်ဖျားများ အေးစက်သွားကာ ချက်ချင်းပင် ခါးညွတ်၍ တောင်းပန်ရှာလေသည်။
"မစ္စတာလျန်...၊ ကျွန်တော် မှားသွားပါတယ်ဗျာ။ ခုနက စိတ်ရှုပ်ပြီး ဟိုဟိုဒီဒီ ပြောမိတာကို ခွင့်လွှတ်ပေးပါ..။"
"ကျေးဇူးပြုပြီး ကျွန်တော့်ကုမ္ပဏီကနေ ရင်းနှီးမြှုပ်နှံမှုတွေကို မရုပ်သိမ်းပါနဲ့။ အကယ်၍သာ ရုပ်သိမ်းလိုက်ရင် ကုမ္ပဏီက ဒေဝါလီခံရရုံတင်မကဘဲ အကြွေးတွေပါ ပတ်လည်ဝိုင်းပြီး ဒုက္ခရောက်ရပါလိမ့်မယ်…။"
"ကျွန်တော့်မှာ ထိန်းကျောင်းပေးရမယ့် အသက်ရှစ်ဆယ်အရွယ် မိခင်ကြီးနဲ့ သုံးနှစ်အရွယ် ကလေးတစ်ယောက် ရှိပါသေးတယ်။ ကုမ္ပဏီသာ ပျက်သွားရင် ကျွန်တော် တကယ်ပဲ အသက်ဆက်ရှင်ဖို့ ခက်ခဲသွားမှာပါ...။"
သို့သော်လည်း ဤစကားများက လျန်ထျန်း၏ သနားညှာတာမှုကို မရရှိခဲ့သည့်အပြင် လှောင်ပြောင်ရယ်မောခြင်း ကိုသာ ခံလိုက်ရပေသည်။
"သြော်...၊ သူဌေးစန်းကတော့ အခုထိ သန်မာနေတုန်းပဲကိုး။ ဒီအရွယ်နဲ့မှ သုံးနှစ်အရွယ် ကလေးက ရှိသေးတယ် ပေါ့လေ...။"
"ဒါဆိုရင်တော့ ခင်ဗျားရဲ့ မယားငယ်တစ်ယောက်ယောက်ဆီကနေ ရလာတာပဲ ဖြစ်ရမယ်။ ကျွန်တော် သိသ လောက်ဆိုရင် ခင်ဗျားရဲ့ ပထမဇနီးကရတဲ့ ကလေးတွေကတောင် ဆယ်နှစ်ကျော်နေပြီ မဟုတ်လား...။"
"အကြွေးတွေ ပတ်လည်ဝိုင်းနေတာတောင် မယားငယ်ထားနိုင်သေးတယ်၊ မိသားစုတွေကို တစ်ယောက်တည်း ထမ်းထားရတယ်ပေါ့...။ တကယ့်ကို မလွယ်တဲ့လူပဲ...။"
သူဌေးစန်းသည် အခြေအနေကို နားမလည်၍လား သို့မဟုတ် မသိချင်ယောင်ဆောင်နေသည်လား မသိရသော် လည်း ခေါင်းကိုသာ တဆတ်ဆတ် ငြိမ့်ပြနေသည်။
"ဟုတ်...၊ ဟုတ်ပါတယ်...။ ကျွန်တော် တကယ်ကို ဒုက္ခရောက်နေတာပါ။ ဒါကြောင့် မစ္စတာလျန်ကို ဒီတစ်ခါ တော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်...။"
လျန်ထျန်းက အေးစက်စက် အသံဖြင့် ဖြတ်ပြောလိုက်သည်။
"ဒီလောကကြီးမှာ ဘယ်သူကများ လွယ်ကူနေလို့လဲ။ ခင်ဗျားထက်တောင် ပိုပြီး ဆိုးရွားတဲ့ ဒုက္ခတွေနဲ့ ရုန်းကန် နေရတဲ့သူတွေ အများကြီးရှိတယ်…။"
"ခင်ဗျားမှာ နေဖို့ ကောင်းကောင်းမွန်မွန် အိမ်တွေ၊ စီးဖို့ ကားကောင်းကောင်းတွေ၊ လှပတဲ့ ဇနီးသည်တွေ ရှိနေ သလို မယားငယ်ပါ ထားနိုင်သေးတယ်။ ခင်ဗျားက ဘာလို့များ ဒီလောက် ဆိုးရွားတဲ့ဘဝကို ရောက်နေတယ်လို့ ပြောရဲရတာလဲ….။"
"အိမ်တစ်လုံး ဝယ်ဖို့၊ ကားတစ်စီး ဝယ်ဖို့၊ ဇနီးသည်တစ်ယောက် ရဖို့တောင် မနည်းရုန်းကန်နေရတဲ့သူ ဘယ်နှစ် ယောက်ရှိလဲ ခင်ဗျား သိလား….။ အဲ့ဒါကတော့ ချမ်းသာတဲ့သူတွေက အဆင်ပြေသလို နေပြီး ဆင်းရဲတဲ့သူတွေ ကပဲ ဒုက္ခရောက်ရတဲ့ အဖြစ်ပဲလေ…။"
"ခင်ဗျားက သနားကမား လုပ်ပြီး ကျွန်တော့်ဆီကနေ စာနာမှု ရအောင် လာလုပ်နေတာလား…။ ဟင်း...၊ ခင်ဗျား က အဲ့ဒါကို သိဖို့တောင် မထိုက်တန်ဘူး…။ မေ့လိုက်စမ်းပါ…။ ကျွန်တော် ကုမ္ပဏီကို ဒေဝါလီခံခိုင်းလိုက်ရင် တကယ့်ကို ဆိုးရွားတဲ့ ဒုက္ခဆိုတာ ဘာလဲဆိုတာ ခင်ဗျား ခံစားကြည့်ရလိမ့်မယ်…။"
လျန်ထျန်း၏ ပြတ်သားသော သဘောထားကို မြင်လိုက်ရသောအခါ တစ်ဖက်လူကို သိပ်အရေးမစိုက်ခဲ့ဖူးသည့် သူဌေးစန်းမှာ ကြောက်လန့်တကြားဖြင့် ဒူးထောက်ကျသွားတော့သည်။
"မစ္စတာလျန်... ကျွန်တော် မှားပါတယ်၊ ကျွန်တော် တကယ်ကို မှားသွားတာပါ။ နောက်ဆိုရင် ခင်ဗျား ပြောသမျှ အကုန်နားထောင်ပါ့မယ်...၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ...။"
လျန်ထျန်းမှာ စကားဆက်ပြောနေရန် အချိန်မရှိတော့သဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ လုံခြုံရေး ဝန် ထမ်းများ ရောက်လာပြီး သူဌေးစန်းကို ခွေးသေကောင်ပစ်သကဲ့သို့ အပြင်သို့ ဆွဲထုတ်သွားကြလေသည်။ သူ၏ အော်ဟစ်တောင်းပန်သံများမှာ စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်နေဆဲပင်။
အစည်းအဝေးခန်းထဲရှိ အခြားသော ကုမ္ပဏီပိုင်ရှင်များမှာ လျန်ထျန်း၏ ရက်စက်ပြတ်သားသော လုပ်ဆောင် ပုံကြောင့် တုန်လှုပ်ချောက်ချားနေကြသည်။ အကြောင်းမူကား လျန်ထျန်းသည်သာ သူတို့၏ ရင်းနှီးမြှုပ်နှံမှု များကို ရုပ်သိမ်းပြီး မြေနေရာများကို ပြန်သိမ်းသွားပါက သူဌေးစန်းကဲ့သို့သော အဖြစ်မျိုး ကြုံရမည်ကို သိနေ ကြသောကြောင့်ဖြစ်သည်။
စီးပွားရေးမှာ အဆင်မပြေသောအခါ အကြွေးမတင်သည့်သူ ဘယ်သူရှိပါ့မလဲ။ ကုမ္ပဏီအကြွေးသာမက ကိုယ် ပိုင်အကြွေးများပါ ပတ်လည်ဝိုင်းနေခြင်းမှာ အရေးကြီးဆုံး ကိစ္စဖြစ်သည်။ ကန့်သတ်တာဝန်ယူမှုရှိသော ကုမ္ပဏီ တစ်ခုအနေဖြင့် ဒေဝါလီခံခြင်းသည် ကုမ္ပဏီ၏ အကြွေးများကိုသာ ရှင်းလင်းပေးနိုင်သော်လည်း ပုဂ္ဂိုလ်ရေး အကြွေးများကိုမူ တာဝန်ယူပေးနိုင်မည် မဟုတ်ပေ။
အချို့ဆိုလျှင် ကိုရီးယားအကြွေးလုပ်ငန်းများအထိ ပတ်သက်မိနေကြပြီး ပြန်မဆပ်နိုင်ပါက မည်သို့ဖြစ်လာ မည် ကို ပြောရန်ပင် ခက်ခဲသည်။ စီးပွားရေး ကျဆင်းလာသောအခါ ရွေးချယ်စရာများစွာမှာ မိမိလက်ထဲတွင် မရှိ တော့ပေ။ ဤနေရာတွင် "ဆင်းရဲသားတိုင်းတွင် မုန်းတီးစရာ အချက်တစ်ချက်စီ ရှိတတ်သည်" ဟူသော စကားပုံ မှာ ဤအိမ်ခြံမြေပိုင်ရှင်များနှင့် အလွန်ပင် ကိုက်ညီလှသည်။
လျန်ထျန်းသည် ကုမ္ပဏီပိုင်ရှင်များကို တစ်ချက်ကြည့်ကာ အလေးအနက် ဆိုလိုက်သည်။
"ကျွန်တော် ပြောပြမယ်...။ အရင်က အိမ်ဈေးနှုန်းတွေ ဒီလောက်ထိ မြင့်တက်လာခဲ့တာမှာ ခင်ဗျားတို့မှာလည်း တာဝန်ရှိတယ်…။"
"ခင်ဗျားတို့ရဲ့ လောဘ၊ ဆန္ဒနဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် လူအများစုဟာ အိမ်တစ်လုံး ပိုင်ဆိုင်ဖို့တောင် ဒီလောက်ထိ ခက်ခဲနေကြရတာပဲ…။"
"ခင်ဗျားတို့ သွားပြီး မေးကြည့်လိုက်ပါ။ အိမ်ဝယ်ချင်ပေမဲ့ မတတ်နိုင်တဲ့သူတစ်ယောက်ကို ဘာလိုချင်လဲလို့ မေးကြည့်ပါ…။"
"အဖြေက ရိုးရှင်းပါတယ်။ သူတို့က သာမန်အိမ်လေးတစ်လုံးလောက်ကိုပဲ လိုချင်တာပါ။ ဘာလို့များ သူတို့ တစ်သက်လုံး အကြွေးဆပ်ရင်းနဲ့ပဲ ကုန်ဆုံးသွားရမှာလဲ…။"
"ဘာလို့လဲဆိုတော့ ဖန်မိသားစုလိုမျိုး ချမ်းသာတဲ့သူတွေက ဒီလိုကစားကွက်တွေနဲ့ လူတွေကို ကစားနေလို့ပဲ လေ…။ ခင်ဗျားတို့ ချမ်းသာလေလေ၊ ဒီလိုကစားကွက်တွေကို ပိုကစားနိုင်လေလေပဲ။ ဒီလောကကြီးက တရား မျှတရဲ့လား…။ ဒီလောကကြီးက တရားမျှတရဲ့လား…။"
"ပြီးတော့ ခင်ဗျားတို့...၊ အရင်က မကောင်းမှုကို အားပေးကူညီပြီး ဖန်မိသားစုရဲ့ နောက်မြီးဆွဲလိုက်နေခဲ့တဲ့ သူတွေ၊ သူတို့ရဲ့ အကြွင်းအကျန်တွေကို စားသုံးခဲ့တဲ့သူတွေ…။"
"အခု ကျွန်တော် ခင်ဗျားတို့ကို လုပ်ခိုင်းတာက အရင်က အပြစ်တွေကို ပြန်လည် ကုစားဖို့ပဲ၊ နားလည်လား…။ ဒါပေမဲ့ ခင်ဗျားတို့က ကျေးဇူးတင်ဖို့ ဝေးစွ၊ ကျွန်တော့်ကိုတောင် သစ္စာဖောက်ဖို့ ကြံစည်ပြီး ဖန်မိသားစုဘက်ကို ပြန်ကပ်ဖို့ ကြိုးစားနေကြတယ်….။"
"ကောင်းပြီ...၊ ခင်ဗျားတို့ အဲ့လိုပဲ ထင်နေတယ်ဆိုရင်လည်း လုပ်လိုက်ကြလေ။ ခင်ဗျားတို့ကို ဒေဝါလီခံခိုင်းပြီး အစားထိုးမယ့်သူ အသစ်တွေ ရှာဖို့ ကျွန်တော် အချိန်မယူပါဘူး။ ပိုက်ဆံသာရှိရင် လုပ်မယ့်သူတွေ အများကြီးရှိ ပါတယ်…။"
ယခင်က ဤသူဌေးများသည် ဝန်ထမ်းများကို ဖိအားပေး အနိုင်ကျင့်တတ်သူများ ဖြစ်ကြသော်လည်း ယခုအခါ လျန်ထျန်းက သူတို့ကို ပြန်လည် ဖိအားပေးနေခြင်းမှာ ထိရောက်မှုရှိလှသည်။ ပိုင်ရှင်အားလုံးမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ လျန်ထျန်းကို မကြည့်ရဲကြတော့ပေ။ နောက်ဆုံးတွင် သူတို့အားလုံး လျန်ထျန်း၏ အမိန့်ကို အကြွင်း မဲ့ နာခံမည်ဖြစ်ကြောင်း ကတိပေးလိုက်ကြသည်။