အခန်း ၂၄၅
Vol. 25 Ch. 245
အခန်း (၂၄၅)
အိမ်ရာနတ်ဘုရားကို အစဉ်အမြဲ ယုံကြည်နိုင်ပါသည်
တစ်ဦးချင်း ပိုင်ဆိုင်သော အိမ်များကို ဝယ်ယူ၍ ဆင်ခြေဖုံးရှိ အိမ်ခြံမြေဈေးနှုန်းများကို ပြန်လည် ကစားရန် ကြံစည်ထားသည့် ဖန်မိသားစု၏ အစီအစဉ်မှာ ပျက်ပြားသွားခဲ့သည်။ ဖန်တွမ့်ကျန်းမှာ မကျေနပ်သော်လည်း စီးပွားရေးသမားပီပီ အကျိုးအမြတ်ကို အေးဆေးစွာ ချိန်ဆကြည့်သည်။
"ဒီ 'အိမ်ရာနတ်ဘုရား' ဆိုတဲ့ နာမည်ကို ယုံကြည်အောင် သူတို့ လှည့်စားထားတာပဲ။ တကယ်ရော အိမ်တွေကို အခမဲ့ ပေးကြမှာလား…။"
"ဒီအချိန်မှာ အိမ်တွေကို ဝယ်လိုက်ရင် ဈေးပိုပေးရမှာပဲ၊ လုံးဝ မတန်ဘူး…။"
"အကယ်၍ ငါတို့သာ အိမ်တွေကို မဝယ်ရင် ဒီဈေးနှုန်းအနိမ့်အမြင့် ကာကွယ်ချက်နဲ့ဆိုရင် ဒီဆင်ခြေဖုံးမှာရှိတဲ့ အိမ်ခြံမြေဈေးကွက်က ပြီးဆုံးသွားပြီပေါ့…။"
"ရင်းနှီးမြှုပ်နှံသူတွေကလည်း အရူးတွေ မဟုတ်ဘူး၊ အမှန်တကယ် လိုအပ်နေတဲ့သူတွေကလည်း ငါ့ရဲ့ ဈေးကြီး တဲ့ အိမ်တွေကို ဝယ်မှာ မဟုတ်ဘူး…။"
"အမြတ်မရမယ့် အလုပ်ကို ငါ မလုပ်ဘူး…။ ဒါက အရှုံးနဲ့ပဲ ပြီးဆုံးသွားလိမ့်မယ်...။"
ထို့ကြောင့် ဖန်မိသားစုမှာ "အရှုံးကို လျှော့ချ၍ အသက်ဆက်ရန်" ဟူသော နည်းလမ်းကို ရွေးချယ်ပြီး ဆင်ခြေဖုံး ရှိ စီမံကိန်းများကို ရပ်ဆိုင်းလိုက်လေသည်။ နာမည်ကြီး ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သော ဖန်မိသားစုကို ယုံကြည်၍ အိမ်ဝယ်ထားသောသူများအတွက်မူ ဤသည်မှာ အလွန်ပင် ဒုက္ခရောက်ရသည့် အခြေအနေ ဖြစ် သည်။ စီမံကိန်း ရပ်ဆိုင်းသွားသဖြင့် အိမ်ဝယ်သူများမှာ စီမံကိန်း ပျက်ပြားတော့မည်ကို သိရှိသွားပြီး အခွင့် အရေး ကာကွယ်ရန် ကြိုးပမ်းသော်လည်း အောင်မြင်မှု မရှိခဲ့ပေ။
မကြာမီပင် ဖန်မိသားစုသည် အခြား ဆင်ခြေဖုံးတစ်ခုကို ပစ်မှတ်ထားလိုက်သည်။ သူတို့သည် ငွေသား (၇) သောင်းကို ဤနေရာတွင် ရင်းနှီးမြှုပ်နှံပြီး ယခင်က အရှုံးကို ပြန်လည် ဖာထေးရန် ကြိုးစားသည်။ ဖန်တွမ့်ကျန်း မှာ ယုံကြည်မှု အပြည့်ဖြင့်၊
"ယောက်ျားကောင်းတစ်ယောက်ဆိုတာ ကွေးနိုင်၊ ဆန့်နိုင်ရမယ်…။"
"အရင်က ငါ မှားယွင်းတွက်ချက်မိတယ်။ အမြတ်ထုတ်ဖို့အတွက် ငါ့ရဲ့ လူကြိုက်များမှုကို အသုံးပြုပြီး အကွက်ချ ထားတဲ့ လူလိမ်တစ်ယောက်နဲ့ တွေ့ခဲ့တာပဲ ဖြစ်မယ်…။"
"ဒီတစ်ခါတော့ ဆင်ခြေဖုံး စီမံကိန်းတစ်ခုလုံးကို ဝယ်ယူဖို့ ငွေ (၇) သောင်း အကုန်သုံးလိုက်မယ်…။ ဘယ်သူ့ကိုမှ ဝင်ရောက်လာဖို့ အခွင့်အရေး ပေးမှာ မဟုတ်ဘူး…။"
"ငါ့ရဲ့ အိမ်ခြံမြေ လုပ်ငန်းအတွေ့အကြုံနဲ့ လူတွေကို မလှည့်စားနိုင်ဘူးဆိုတာ ငါ မယုံဘူး…။"
"အမြတ်ထုတ်ခံရသူတွေရဲ့ မှတ်ဉာဏ်က တိုတောင်းပါတယ်။ ငါ့ရဲ့ ပုဆိန်ချက်နဲ့ ထပ်ပြီး ရိတ်သိမ်းခံရဖို့ အချိန်အ ကြာကြီး စောင့်စရာ မလိုတော့ပါဘူး…၊ ဟားဟားဟား...။"
မကြာမီပင် ဖန်မိသားစု၏ "ထူးခြားမှုမရှိ၊ အလေ့အကျင့်သာဖြစ်သည်" ဟူသော နည်းလမ်းဟောင်းကို ပြန်လည် အသုံးပြုလာသည်။
ဈေးကွက်တင်ခြင်း၊ ဈေးနှုန်းအတုများ ဖန်တီးခြင်း၊ အိမ်များကို စုဆောင်းထားခြင်း၊ ထိတ်လန့်မှု ဖြစ်ပေါ်စေခြင်း၊ ဈေးတင်ပြီးမှ ပြန်လျှော့ခြင်း၊ အပြင်ဆင်ခများကို ဈေးကြီးပေးစေခြင်း၊ ဈေးကစားရန် ပူးပေါင်းခြင်း၊ အိမ်ခြံမြေ အကျိုးဆောင်များနှင့် ပူးပေါင်းခြင်း...။
ဤမျှ ကစားလိုက်သည့်အတွက် ထိုနေရာရှိ အိမ်ဈေးနှုန်းများမှာ အမှန်တကယ်ပင် ကောင်းကင်သို့ ပျံတက်သွား ခဲ့လေသည်။ သံမဏိနှင့် ဘိလပ်မြေပုံမျှသာ ဖြစ်သော်လည်း ရွှေထက် တန်ဖိုးရှိသည်ဟု ဝါဒဖြန့်ထားသဖြင့် သာမန်လူများအတွက် လက်လှမ်းမမီတော့ပေ။
စဉ်းစားကြည့်ပါက မိသားစုဝင် ခြောက်ဦး၏ စုဆောင်းငွေကို အကုန်ထုတ်ပြီး နောက်နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်အတွက် ဝင်ငွေကို ကြိုတင်ပေါင်နှံကာ တစ်သက်လုံး "အကြွေးကျွန်" ဖြစ်သွားရမည်။ ထိုသို့ဖြစ်စေ ကာမူ လူအများစုမှာ နောက်ကျသွားမည်ကို စိုးရိမ်သဖြင့် သွားဖြဲ၍ပင် အိမ်ဝယ်ရန် တိုးဝင်နေကြသည်။
အစပိုင်းတွင် ဖန်မိသားစုမှာ အဆင်ပြေနေပြီး ဖန်တွမ့်ကျန်းလည်း ယုံကြည်မှုရှိရှိ ပြုံးနေနိုင်ခဲ့သည်။ သို့သော် ထိုပျော်ရွှင်မှုမှာ ကြာရှည်မခံပေ။ ဆင်ခြေဖုံး အနီးတစ်ဝိုက်တွင် အိမ်ရာစီမံကိန်းအသစ်များ ရုတ်တရက် ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်ချေသည်။
ဖန်တွမ့်ကျန်းက အစပိုင်းတွင် ဂရုမစိုက်ပေ။ သူက အိမ်ခြံမြေများကို အကုန်ဝယ်ထားပြီး ကျောင်းကိစ္စ၊ သွားလာရေး အဆင်ပြေမှု စသည့်အချက်များဖြင့် ကြော်ငြာထားသည်။ အပြင်ဘက်ရှိ အိမ်ရာများက သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ဟု သူ ထင်မြင်ခဲ့သည်။ သို့သော် ထိုသည်မှာ သူ့အမြင်သာ ဖြစ်သည်။
တစ်နေ့တွင် ဗီဒီယိုအချို့ အွန်လိုင်းတွင် ပျံ့နှံ့သွားသည်။ ဗီဒီယို တင်သူများမှာ အလွန် ပျော်ရွှင်နေကြသည်။
"ကျွန်မတို့ အိမ်တစ်လုံး ဝယ်ခဲ့တာ မပြီးဆုံးဘဲ ရပ်သွားလို့ အရမ်း ဝမ်းနည်းခဲ့ရတယ်။ အခွင့်အရေး ကာကွယ်ဖို့ ကြိုးစားတာလည်း အလကားပဲ…။"
"ဒါပေမဲ့ မကြာသေးခင်က အခြား ဆောက်လုပ်သူတစ်ယောက်က စီမံကိန်းအသစ်မှာ အိမ်တစ်လုံး အခမဲ့ ပေးမယ်လို့ ပြောလာတယ်…။"
"သူတို့ ပေးတဲ့ အကြောင်းပြချက်က ကျွန်မတို့အတွက် မယုံနိုင်စရာပါပဲ။ အရင်က ဒီနေရာမှာ ဖြစ်ခဲ့တဲ့ အိမ်ရာ စီမံကိန်းတွေအတွက် သူတို့မှာလည်း တာဝန်ရှိတယ်လို့ ပြောပါတယ်…။"
"ဒါကြောင့် စီမံကိန်းအသစ်မှာ လျော်ကြေးအဖြစ် အိမ်တစ်လုံး အခမဲ့ ပေးတာပါတဲ့…။ ဘုရားရေ... တကယ်ပဲ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး၊ အိပ်မက်တစ်ခုလိုပါပဲ…။"
"အော်... ပြောရဦးမယ်…၊ ကျွန်မတို့ အရင်ဝယ်ခဲ့တဲ့ မပြီးဆုံးတဲ့ အိမ်က ဖန်မိသားစုရဲ့ စီမံကိန်းပါ…။"
"အိမ်အခမဲ့ ပေးတဲ့ ဆောက်လုပ်သူက ဖန်မိသားစုနဲ့ တစ်နေရာတည်းမှာရှိတဲ့ ကုမ္ပဏီလေးပါ…။"
"အဲဒီတုန်းက ကြီးမားတဲ့ ကုမ္ပဏီက ပိုစိတ်ချရတယ်လို့ ထင်ခဲ့လို့ ဈေးကြီးတဲ့ အိမ်ကို ရွေးခဲ့တာပါ…။"
"မျှော်လင့်ချက်မဲ့စွာနဲ့ပဲ စီမံကိန်းက ရပ်တန့်သွားပြီး ကုမ္ပဏီသေးသေးလေးတွေကတော့ အိမ်တွေကို အမြန်ဆုံး အပ်နှံပေးခဲ့ပါတယ်…။"
"အခု ပြန်တွေးကြည့်ရင် အရမ်း နောင်တရတယ်။ ကုမ္ပဏီငယ်တွေက ပိုဈေးသက်သာပြီး အပ်နှံမှုကို အာမခံတဲ့ စာချုပ်တွေလည်း ရှိတယ်…။"
"အိမ်အပ်ပြီးတဲ့နောက်မှာလည်း လစဉ်ငွေ ပြန်အမ်းပေးတာကြောင့် အိမ်ဖိုးအကြွေးကို အေးဆေး ဆပ်နိုင် တယ်…။"
"ဒါက လူတိုင်းကို အိမ်အခမဲ့ ပေးတာနဲ့ အတူတူပဲ မဟုတ်ဘူးလား…။"
"အရင်ကတော့ ဒါက အံ့ဖွယ်တစ်ခုလိုနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာ။ အခု ကိုယ်တိုင် အိမ်အခမဲ့ ရမှပဲ ဒါတွေ အားလုံး အမှန်တရား ဖြစ်တယ်ဆိုတာကို ယုံရဲတော့တယ်…။"
"ဒါကြောင့် အိမ်ဝယ်ချင်တဲ့ သူငယ်ချင်းတွေအားလုံးကို ကျွန်မရဲ့ အတွေ့အကြုံနဲ့ ပြောချင်ပါတယ်...။ ဖန်မိသား စုရဲ့ စီမံကိန်းတွေကို ဘယ်တော့မှ မဝယ်ပါနဲ့…။"
"ဖန်မိသားစု အိမ်တွေက ဈေးကြီးပြီး အမြဲလိုလို မပြီးဆုံးတဲ့ စီမံကိန်းတွေ ဖြစ်တတ်တယ်။ တခြားနေရာမှာ အိမ်သစ်တွေ ဆောက်ဖို့ ပိုက်ဆံရှိပေမဲ့ ကျွန်မတို့ရဲ့ အိမ်ကိုတော့ မပြီးပေးဘူး…။"
"အမှန်ပါပဲ၊ ကျွန်မတို့ ရတဲ့ အိမ်အခမဲ့က ဖန်မိသားစု ဆောက်တဲ့ အိမ်ရာဘေးနားမှာပဲ ရှိတာပါ…။"
"အဲဒီနေရာက အိမ်ဈေးက တစ်စတုရန်းမီတာကို လေး၊ ငါးဖန်အထိ ရောက်နေပြီး ဈေးကြီးတဲ့ဟာဆိုရင် ခြောက်ဖန် အထိ ရှိပါတယ်…။"
"ဒါပေမဲ့ ဒီနားမှာတော့ ဈေးက တစ်စတုရန်းမီတာကို နှစ်ဖန်ပဲ ရှိသေးတယ်၊ ပြီးတော့ အပ်နှံမှုကို အာမခံပြီး အိမ်ဖိုးကိုလည်း အရစ်ကျ ပြန်ပေးနေတာပါ…။"
"အိမ်ဆိုတာ ရင်းနှီးမြှုပ်နှံဖို့ မဟုတ်ဘဲ နေထိုင်ဖို့ဆိုရင် ဒီမှာ ဝယ်တာက ပိုသင့်တော်တယ်လို့ ထင်ပါတယ်…။"
"ပြီးတော့ အိမ်ဝယ်သူ အသစ်တွေကိုပဲ ရောင်းတဲ့ ပုံစံက လူတိုင်းအတွက် အကျိုးရှိစေတယ်လို့ ခံစားရတယ်…။"
"ဒါကြောင့် အိမ်ဝယ်ချင်ပေမဲ့ ဈေးကြီးလို့ မဝယ်နိုင်တဲ့ သူတွေအတွက် အခက်အခဲ မရှိဘဲ အိမ်ပိုင်ဆိုင်ခွင့် ရနိုင်တယ်…။"
"အရင်ကတော့ အကြွေးယူရင် တစ်သက်လုံး ပူပင်ရမယ်၊ အနာဂတ်က မှောင်မိုက်နေမယ်လို့ ထင်ခဲ့တာ။ အခု တော့ အနာဂတ်က တောက်ပပြီး ဘဝက လှပနေပြီ။ အခုကစပြီး စိတ်ပူစရာ မလိုဘဲ အေးအေးဆေးဆေး အလုပ်လုပ်လို့ ရပြီ…။"
"အော်...၊ အရေးကြီးဆုံးကတော့ အဲဒီ ဆောက်လုပ်သူတွေရဲ့ နောက်ကွယ်မှာ အခု အလျှို့ဝှက်ဆုံးနဲ့ ရေပန်း အစားဆုံး အိမ်ခြံမြေ ပညာရှင်တွေ ရှိနေတာပဲ…။ ကျွန်တော်တို့က ဒီ ပညာရှင်တွေကို အမြဲ ယုံကြည်နိုင်ပါ တယ်...။"
အလားတူ ဗီဒီယိုများစွာမှာ တောက်ရင် ပေါ်တွင် ပျံ့နှံ့သွားပြီး အံ့အားသင့်ဖွယ် ခေါင်းစဉ်များ ဖြစ်လာသည်။ လူအများမှာ ဖတ်ပြီးနောက်တွင်ပင် မယုံနိုင် ဖြစ်နေကြပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဤသို့ ပြုလုပ် လိမ့်မည်ဟု မထင်မှတ်နိုင်ကြပေ။ သို့သော် "စမ်းကြည့်မယ်" ဆိုသော သဘောဖြင့် စမ်းသပ်သူများမှာ အွန်လိုင်း တွင် ဖော်ပြထားသည့်အတိုင်း အိမ်များကို အမှန်တကယ် ဝယ်ယူနိုင်ခဲ့ကြသည်။ ထိုအခါ သူတို့က ပျော်ရွှင်စွာဖြင့် တင်လိုက်ကြရာ အွန်လိုင်းတွင် လှိုင်းသစ်တစ်ခု ဖြစ်ပေါ်လာခဲ့တော့ပြန်သည်။
မကြာမီပင် "အိမ်ရာနတ်ဘုရားကို အစဉ်အမြဲ ယုံကြည်နိုင်ပါသည်!" ဟူသော ကြွေးကြော်သံမှာ အင်တာနက် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေတော့သည်။
ဖန်တွမ့်ကျန်းမှာ ငွေ (၇) သောင်း ရင်းနှီးမြှုပ်နှံထားသော်လည်း တစ်လုံးမျှ မရောင်းရသည့် အိမ်ရာကို ကြည့်ကာ မှင်သက်နေပြီး မျက်လုံးများတွင် ဒေါသအလျဉ်များ ပေါက်ကွဲနေခဲ့လေသည်။
"ခွေးမသား... ဘာတွေ ဖြစ်နေတာလဲ…။ ငါ့ကို တမင်တကာ ပစ်မှတ်ထားပြီး ဘယ်တော့မှ မရပ်တော့ဘူး လား…။"
ခေတ္တမျှ အနားယူပြီးနောက် ဖန်တွမ့်ကျန်းက လက်သီးကို တင်းတင်းဆုပ်လိုက်ရာ နဖူးတွင် အကြောများ ထောင် လာလေသည်။
"ကောင်းပြီ…၊ ဒါဆိုရင် ငါလည်း မင်းတို့နဲ့ အဆုံးထိ လိုက်ကစားပေးမယ်…။"
"အရင်က ငါ သုံးခဲ့တဲ့ ကြမ်းတမ်းတဲ့ နည်းလမ်းတွေကို နှစ်အတော်ကြာ မသုံးခဲ့တာ။ ဒီတစ်ခါတော့ မင်းတို့ ကြောင့် ငါ ပြန်သုံးရတော့မယ်…။"