အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း (၂၄၇)
အိမ်ကို အလကားပေးသည်၊ ငါ့ခန္ဓာကိုယ်က မာကျောမှုမရှိ၍ သေဆုံးရတော့မည်
လောင်လီ၏ မှင်တက်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ ဖန်တွမ့်ကျန်းက အပြုံးဖြင့် ဆက်လက် ပြောလိုက်လေသည်။
"ဒါကြောင့် ငွေကြေးရှိပြီး ဘဝကို ပျော်မွေ့ခြင်းမှာ ဘုရင်တစ်ပါးကဲ့သို့ပင် ဖြစ်သည်။ ဆင်းရဲသားတို့မှာမူ တစ္ဆေများထက်ပင် ညံ့ဖျင်းသေး၏တဲ့။"
"အကယ်၍သာ ဒီသဘောတရားကို နားမလည်သေးဘူးဆိုရင် အခုပဲ အပြင်ထွက်သွားပြီး သူတောင်းစားဘဝကို ဆက်လက် နေထိုင်ပေတော့…။"
ဖန်တွမ့်ကျန်း၏ စကားကို ကြားပြီးနောက် လောင်လီမှာ ကြာမြင့်စွာ တုံ့ဆိုင်းနေပြီးမှ တဖြည်းဖြည်းချင်း ပြော လိုက်လေသည်။
"ခင်ဗျားပြောတာတွေက...၊ နည်းနည်းတော့ ဟုတ်နေသလိုပဲ...။"
...
ရက်အနည်းငယ် အကြာတွင် လျန်ထျန်း ကျောထောက်နောက်ခံ ပေးထားသော အိမ်ခြံမြေ စီမံကိန်းများမှာ ပြဿနာများနှင့် ရင်ဆိုင်လာရလေသည်။
ပထမဦးဆုံးအနေဖြင့် ညဘက်တွင် ကင်းလှည့်နေသော လုံခြုံရေးဝန်ထမ်းများက ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ထူးဆန်းသော အရိပ်မည်းများ လျင်မြန်စွာ ဖြတ်သန်းသွားသည်ကို မြင်တွေ့ရပြီး ထူးဆန်းသော အသံများ ကြား နေရကြောင်း သတင်းပို့ကြသည်။
ချက်ချင်းဆိုသလိုပင် လုပ်သားများ အလုပ်လုပ်နေစဉ် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လာပြီး အချို့သော ဘေးကင်း လုံခြုံရေး ပစ္စည်းများမှာ ဖျက်ဆီးခံထားရသည့် ပုံစံမျိုး ဖြစ်နေသည်။ စောင့်ကြည့်ကင်မရာ မှတ်တမ်းများကို ပြန်လည် စစ်ဆေးကြည့်သောအခါ အရိပ်မည်းတစ်ခု မျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ဖြတ်သန်းသွားသည်ကို အမှန်တကယ် မြင်တွေ့ရသည်။
သို့သော် ၎င်းမှာ အလွန်လျင်မြန်လွန်းပြီး တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံဖြင့် ဖုံးအုပ်ထားသဖြင့် နှေးကွေး သော ရုပ်ပုံဖြင့်ပင် လူလား၊ 'တစ္ဆေ' လားဆိုသည်ကို ခွဲခြား၍ မရနိုင်တော့ပေ။
မကြာမီပင် ထိုအိမ်ရာများတွင် "တစ္ဆေခြောက်သည်" ဟူသော သတင်းများ ပျံ့နှံ့သွားသည်။ အချို့လူများက တောက်ရင်တွင် ထိုအဆောက်အအုံများမှာ ဖုန်းရွှေ မကောင်းကြောင်း၊ ယခင်က လူသေကောင်များ မြှုပ်နှံရာ နေရာဖြစ်ပြီး နေထိုင်သူများ သေဆုံးလိမ့်မည်ဖြစ်ကြောင်း ကောလာဟလများ ဖြန့်ကြသည်။
ဖြစ်ရပ်မှာ လျင်မြန်စွာ ကြီးထွားလာပြီး အင်တာနက်တွင် ထိုအကြောင်းကို ဆွေးနွေးသူများဖြင့် ပြည့်နှက်သွား တော့သည်။ ထိုသတင်းစကားများကို မြင်သောအခါ ဖန်တွမ့်ကျန်းမှာ အောင်နိုင်သူကဲ့သို့ ရယ်မောလိုက်သည်။
"ကောင်းတယ်…၊ သိပ်ကောင်းတယ်…။ ကျောက်ဘေ့၊ မင်းရဲ့ အငယ်ကောင်လေးက တော်တော်စွမ်းတာပဲ…။"
"အခုတော့ ဘယ်သူက ထိုစီမံကိန်းတွေမှာ အိမ်ဝယ်ရဲမလဲ ကြည့်ကြသေးတာပေါ့။ ငါ့ကို လာစိန်ခေါ်ရတယ်ရှိ စေဦး။ ဟွန်း…၊ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ…။"
ဖန်တွမ့်ကျန်း၏ အမြင်တွင် ကိစ္စရပ်များ ဤအဆင့်သို့ ရောက်လာသည်နှင့် သူ အနိုင်ရရှိပြီး ဖြစ်သည်။ ပတ်ဝန်း ကျင်ရှိ အိမ်ရာများမှာ တစ်လုံးမျှ ရောင်းထွက်တော့မည် မဟုတ်သကဲ့သို့ မိမိတို့ နယ်မြေအတွင်းရှိ အိမ်ဈေးနှုန်း များ တက်လာရန်အတွက်လည်း အကြောင်းပြချက်သစ်များ ရှိလာလိမ့်မည်။
သို့သော် ခေတ္တအကြာတွင်...
ဖန်တွမ့်ကျန်း မျှော်လင့်ထားသည့် အခြေအနေမျိုး ဖြစ်မလာဘဲ ပတ်ဝန်းကျင်ရှိ အိမ်ရာများမှာ ဆက်လက် ရောင်းအားကောင်းနေဆဲ ဖြစ်သည်။ ဝယ်သူမရှိသည်သာမက ယခင်ကထက်ပင် ဝယ်သူများ ပိုများလာသယောင် ရှိနေသည်။ ဤမမျှော်လင့်ထားသော အခြေအနေကြောင့် ဖန်တွမ့်ကျန်းမှာ လုံးဝ နားမလည်နိုင် ဖြစ်သွားရပြီး အွန်လိုင်းတွင် အမြန်ဆုံး ဝင်ရောက် စစ်ဆေးလိုက်သည်။
ရလဒ်အနေဖြင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၏ ဖုန်းရွှေ မကောင်းကြောင်း ပြောဆိုရန် သူ ငွေပေးထား သည့် "ဆရာကြီး" ဟုဆိုသူများ၏ ဗီဒီယိုအောက်ရှိ မှတ်ချက်များကို မြင်လိုက်ရသည်။
"မကြာသေးခင်က အွန်လိုင်းမှာ အဲ့ဒီအိမ်တွေ မကောင်းဘူးဆိုတာ လူတွေ အများကြီး ပြောနေတာ တွေ့တယ်…။ သူတို့ အလွယ်တကူ ဝယ်နိုင်ဖို့ ငါတို့ကို လှည့်စားပြီး မဝယ်အောင် လုပ်နေတာများလား…။"
"ဟုတ်တယ်၊ အဲ့လို ဖြစ်ဖို့ အများကြီး သေချာတယ်။ အခု အဲ့ဒီနေရာမှာ အိမ်ဝယ်ချင်တဲ့သူတွေ အများကြီး ရှိနေတာကိုး…။"
"ဟုတ်တယ်..၊ ဟုတ်တယ်…၊ ငါ မနေ့က သွားကြည့်သေးတယ်…။ လူတွေ တိုးမပေါက်အောင် ပြည့်နေပြီး တန်းစီ နေရတယ်….။ မနေ့က ငါ့အလှည့် မရောက်လိုက်လို့ ဒီနေ့ ထပ်သွားရဦးမယ်…။"
ကြားထဲတွင် ဖန်မိသားစု ငှားရမ်းထားသော အွန်လိုင်းမှ ဝေဖန်သူများလည်း ရှိနေသည်။
"သေမှာ မကြောက်ကြဘူးလား…။ ပေးတဲ့ဈေးနဲ့ ရတဲ့ပစ္စည်းပဲ…။ အိမ်ဝယ်တာဟာ ကြီးမားတဲ့ကိစ္စပါ….။ ပိုက်ဆံပိုသုံးပြီး ပိုကောင်းတဲ့အိမ် မဝယ်တာ ပိုမကောင်းဘူးလား….။"
"မှန်တယ်၊ ဖန်ကုမ္ပဏီက တည်ဆောက်တဲ့ အိမ်တွေက အလွန်ကောင်းတယ်။ တည်နေရာလည်း ကောင်းတယ်၊ ဖုန်းရွှေလည်း ကောင်းတယ်၊ ပိုက်ဆံနည်းနည်း ပိုသုံးရတာ တန်ပါတယ်…။"
"တစ်စတုရန်းမီတာကို (၄-၅) ဖန်လောက်ပဲ ရှိတာ၊ မဈေးကြီးပါဘူး။ အနာဂတ်မှာ တန်ဖိုးတက်လာနိုင်သေးတော့ အမြန်ဆုံး လိုက်လုပ်လိုက်ကြပါ…။"
"တစ္ဆေခြောက်တဲ့အိမ်တွေက အနာဂတ်မှာ ရောင်းမထွက်တော့ဘူး…။ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမရှိတဲ့အိမ်ကို ဘယ် လိုလုပ် ကောင်းတဲ့အိမ်လို့ သတ်မှတ်နိုင်မလဲ…။"
သို့သော်လည်း ထိုကဲ့သို့သော မှတ်ချက်များမှာ ပိုမိုပြင်းထန်သော တုံ့ပြန်မှုများနှင့်သာ ရင်ဆိုင်ရသည်။
"တစ်စတုရန်းမီတာ (၄-၅) ဖန် ဆိုတာ မဈေးကြီးဘူးလား။ လူတိုင်းရဲ့ ပိုက်ဆံက သစ်ပင်ပေါ်က ကျလာတာလို့ ထင်နေတာလား….။"
"ငါက နေဖို့အတွက် ဝယ်တာ၊ ဘာလို့ ရောင်းဖို့ စဉ်းစားရမှာလဲ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဘာလို့ ကြည့်ရ မှာလဲ။ 'အိမ်ဆိုတာ နေထိုင်ဖို့ပါ၊ ရင်းနှီးမြှုပ်နှံဖို့ မဟုတ်' ဆိုတဲ့ မူဝါဒကို ငါ ခိုင်ခိုင်မာမာ ထောက်ခံတယ်။"
"အိမ်တစ်လုံးကို တစ်စတုရန်းမီတာ (၄) ဖန် နဲ့ ရောင်းရင် ဖုန်းရွှေ မကောင်းဘူးလို့ ပြောကြတယ်၊ (၂) ဖန်နဲ့ ရောင်း ရင်တော့ ဒီလို ပဒေသရာဇ် ယုံကြည်မှုတွေကို ငါ လုံးဝ မယုံဘူး…။"
"မှန်လိုက်တာ…။ ပြီးတော့ အိမ်ခြံမြေ နတ်ဘုရားက ဒီအိမ်တွေကို ပထမဆုံး အိမ်ဝယ်သူတွေအတွက် တည် ဆောက်ပေးနေတာ၊ နောက်ပိုင်း ငွေပြန်အမ်းတာက အလကားလို ဖြစ်နေပြီ။ ဒါကြောင့် ငါ အဲ့ဒီထဲမှာ နေရင်း သေရရင်တောင် ငါ့ရဲ့ ခန္ဓာကိုယ်က မာကျောမှု မရှိလို့ပဲ….။ အိမ်နဲ့ ဘာမှ မသက်ဆိုင်ဘူး…။"
လျန်ထျန်း ဖန်တီးလိုက်သော "အိမ်အလကား" ပုံစံမှာ အမှန်တကယ် အံ့အားသင့်စရာ ကောင်းလှသည်။ အိမ်လို အပ်ချက် အမှန်တကယ် ရှိသူတို့၏ ပထမဆုံး အိမ်ပိုင်ဆိုင်လိုသည့် စိတ်ဆန္ဒကို ဘာနှင့်မျှ မတားဆီးနိုင်ပေ။
ထိုနည်းတူစွာပင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားပြန်သည်။ အိမ်လိုအပ်ချက် အမှန်တကယ် ရှိသူတို့သည် ပတ်ဝန်းကျင်ရှိ အိမ်ရာများကို အလုအယက် ဝယ်ယူနေကြပြီး ဖန်မိသားစု၏ အိမ်ရာများကိုမူ မည်သူမျှ စိတ် မဝင်စားကြပေ။
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများမှာမူ "အိမ်အလကား" မရရှိသော်လည်း ပတ်ဝန်းကျင်ရှိ ဈေးနှုန်းများ အလွန် နည်းပါးနေခြင်းကို သွေးဆောင်ခံလိုက်ရသည်။ ကိုယ်ပိုင် အကျိုးစီးပွားကို ထည့်တွက်ပါက ဖန်မိသားစု၏ ဈေးကြီးသော အိမ်ကို ဝယ်ယူမည့် လူမိုက်မျိုး သူတို့ မဟုတ်ပေ။
မကြာမီပင် လျန်ထျန်းသည် ကျန်ဆုန်း လုံခြုံရေးကုမ္ပဏီမှ ကျွမ်းကျင်သူ အချို့ကို စုစည်းကာ လောင်လီကို ဖမ်းဆီးလိုက်လေသည်။ သဲလွန်စများကို လိုက်၍ ဖန်တွမ့်ကျန်းမှာ အခက်တွေ့သွားပြီးနောက် ကျောက်ဘေ့ကို အပြစ်တင်ရန် အတင်းအကျပ် ထိုးထုတ်လိုက်ရသည်။
ဤသို့ဖြင့် "ဖုန်းရွှေ မကောင်းခြင်း" အဖြစ်အပျက်နောက်ကွယ်မှ အမှန်တရား ပေါ်ပေါက်လာပြီး လျန်ထျန်း၏ အိမ်ခြံမြေ အရောင်းမှာ ပိုမို ကောင်းမွန်လာကာ လူကြိုက်များမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ဖန်မိသားစုမှာ နောက်တစ်ကြိမ် ရှုံးနိမ့်သွားပြန်သည်။
ဖန်မိသားစု ဗီလာအတွင်း၌ ဖန်တွမ့်ကျန်းမှာ တစ်ယောက်တည်း အရက်သောက်ရင်း မပီမသ ရေရွတ်နေသည်။
"ဘာလို့လဲ။ ဘာလို့ ဒီလိုတွေ ဖြစ်ကုန်တာလဲ…။"
"အဲ့ဒီ အိမ်ခြံမြေ စီမံကိန်းတွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ။ သူတို့ ပိုက်ဆံတွေ အများကြီး ဘယ်က ရလာတာလဲ…။"
"ငရဲပဲ…။ ငါ့ကို ကစားချင်တာလား…။ ကောင်းပြီလေ၊ ငါ မင်းနဲ့ အဆုံးထိ ကစားမယ်၊ ဘယ်သူအရင် ပင်ပန်း သွားမလဲ ကြည့်ကြသေးတာပေါ့…။"
ဤအချိန်တွင် ဖန်တွမ့်ကျန်းမှာ လုံးဝ ရူးသွပ်သွားလေသည်။ သူသည် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ၏ ကျန်ရှိသော ရှယ်ယာများကို ရောင်းချလိုက်လေသည်...။
ဟုတ်ပေသည်၊ လျန်ထျန်းကိုယ်စား မစ္စတာဝမ်က ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ လျန်ထျန်း၏ ညွှန်ကြားချက်အတိုင်း မစ္စတာဝမ်က ဈေးလျှော့လိုက်သဖြင့် ယွမ် (၆၀,၀၀၀) ဖြင့်သာ ရောင်းလိုက်ရသည်။
ဖန်တွမ့်ကျန်းမှာ ယွမ် (၆၀,၀၀၀) ဖြင့် ရောင်းချရန် ဝန်မလေးခဲ့ပေ၊ အခြေအနေ ပြန်ကောင်းလာပါက ရှယ်ယာ အားလုံးကို ပြန်ဝယ်ရန် သူ စဉ်းစားထားခဲ့သည်။ ထိုငွေဖြင့် ဖန်တွမ့်ကျန်းမှာ လျန်ထျန်း၏ ဈေးနှုန်းသတ် မှတ်ချက်နှင့် စီးပွားရေးပုံစံကို တိုက်ရိုက် ကူးယူလိုက်သည်။
ပြောရမည်ဆိုလျှင် အတူတူပင်ဖြစ်သော ဈေးနှုန်းနှင့် ပုံစံအောက်တွင် ဖန်ကျား အိမ်ရာ၏ တည်နေရာမှာ အမှန် တကယ် ပိုကောင်းမွန်နေသည်။ ထို့ကြောင့် ခေတ်ရေစီးကြောင်းမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး ပထမဆုံး အိမ်ဝယ်သူများမှာ ဖန်ကျား အိမ်ရာဆီသို့ ဦးတည်သွားကြသည်။
ပတ်ဝန်းကျင်ရှိ အိမ်ရာများမှာ သူ၏ "ပိတ်ဆို့ခြင်း" ကြောင့် ချက်ချင်း ရောင်းမထွက်တော့သည်ကို မြင်သောအခါ ဖန်တွမ့်ကျန်းမှာ တစ်ဖန် ပြန်လည် မောက်မာလာသည်။
"ဘယ်လိုလဲ…။ ငါပဲ အနိုင်ရတာပဲ…။"
"လာပါဦး….၊ နောက်တစ်ကြိမ် ကစားကြရအောင်…။ ငါ့ဆီမှာ ပိုက်ဆံနည်းနည်း ကျန်သေးတော့ ဒီတစ်ခါတော့ မင်းနဲ့ ကောင်းကောင်း ကစားလို့ ရပြီ…။"
"မင်းကို ငါ ဖျက်ဆီးပြီးသွားရင် ဒီကာလအတွင်း ငါ ဆုံးရှုံးခဲ့သမျှကို ပြန်ရဖို့ အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ…။"
"ဘီမြို့တော်ရဲ့ အိမ်ခြံမြေ လောကမှာ ငါက အမြဲတမ်း အနိုင်ရသူ ဖြစ်နေမှာ၊ ငါပဲ အနိုင်ရနိုင်တယ်။ ကျန်တဲ့ သူတွေကတော့ သေသာ လိုက်ကြတော့…။"
ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ဖန်တွမ့်ကျန်းမှာ ဆံပင်များ ရှုပ်ပွပြီး မျက်လုံးများ နီရဲလျက် တံခါးကို ဖွင့်လိုက်သည်။ လျန်ထျန်းက တံခါးအပြင် ဘက်တွင် ရပ်နေပြီး ပြုံးလျက် ပြောလိုက်သည်။
"လူကြီးမင်းရဲ့ အစားအသောက် မှာထားတာ ရောက်ပါပြီ…။"
ဟုတ်ပေသည်၊ ယခင်က ဘေဂျင်းတွင် ပီကင်းဘဲသားရေကိုသာ စားခဲ့ဖူးသော ဖန်တွမ့်ကျန်းမှာ ယခုအခါ အစား အသောက် အော်ဒါ မှာယူစားသောက်နေရပြီ ဖြစ်သည်။ သူသည် ရှည်လျားသော တိုက်ပွဲအတွက် ငွေစုရန် လို အပ်ကြောင်းနှင့် ယခင်ကကဲ့သို့ ဖြုန်းတီး၍ မရတော့ကြောင်း သူ နားလည်သွားသည်။ အိမ်အကူများနှင့် ချက်ပြုတ်သူများကိုလည်း အကုန်လုံး ထုတ်ပယ်ထားပြီး သူတို့ နေထိုင်သည့် ဗီလာကိုပင် မည်သည့်အချိန်မဆို ရောင်းထုတ်ရန် ပြင်ဆင်ထားသည်။
အစားအသောက်ကို လက်ခံရယူပြီးနောက် ဖန်တွမ့်ကျန်းမှာ နောက်လှည့်ကာ အတွင်းသို့ ပြန်ဝင်ရန် ပြင်စဉ် လျန်ထျန်း၏ ပြုံးလျက် ပြောသောစကားကို ကြားလိုက်ရသည်။
"အိမ်ဈေးနှုန်းတွေ ကျဆင်းအောင် ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူအများကြီးက နောက်ဆုံးတော့ သူတို့ ဆန္ဒရှိတဲ့အတိုင်း အိမ်ပိုင်ဆိုင်ခွင့် ရသွားပါပြီ…။"
"ငါ့တာဝန်က နောက်ဆုံးတော့ ပြီးဆုံးသွားပါပြီ။ အစာကို အရသာရှိရှိ စားလိုက်ပါဦး...။"