အခန်း ၂၅၁
Vol. 26 Ch. 251
အခန်း (၂၅၁)
သင်သာ ငွေကြေးချမ်းသာသူ ဖြစ်ပါက...
လျန်ထျန်းက သေတ္တာထဲ၌ ထည့်ကာ ဝမ်ရှောင်ရို့ထံ ပေးအပ်လိုက်သော လက်ဆောင်မှာ စိန်တွင်းတစ်ခုလုံး၏ ပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်းများ ဖြစ်သည်။ ထိုစာရွက်စာတမ်းပတ်လည်တွင်မူ အရွယ်အစား ကြီးမားပြီး တောက်ပနေသော စိန်လုံးကြီး တစ်ဒါဇင်ကျော်တို့က ဝန်းရံလျက် ရှိကြသည်။
ထို့အပြင် စိန်လုံးတစ်လုံးချင်းစီ၏ မျက်နှာပြင် အတိုင်းအတာကို ကြည့်ခြင်းအားဖြင့် ချန်လန်၏ (၉၉.၉) ကရက် စိန်လုံးထက်ပင် ပိုမိုခန့်ညားထည်ဝါနေသည်မှာ ထင်ရှားလှသည်။ ထိုစိန်လုံးကြီးများမှ ဖြာထွက်နေသည့် အလင်း ရောင်တို့သည် ချန်လန်၏ မျက်လုံးများကိုပင် မခံမရပ်နိုင်အောင် စူးရှလောက်ပေသည်။
လျန်ထျန်းက အပြုံးတစ်ခုနှင့်အတူ စကားစလိုက်သည်။
"ရှောင်ရို့...၊ ဒါကတော့ ကိုယ် ပြန်လာတဲ့အခါ မင်းအတွက် ယူလာတဲ့ လက်ဆောင်ပဲ။ အသစ်တွေ့ရှိထားတဲ့ စိန်တွင်းတစ်ခုပေါ့...။"
"တကယ်တော့ ဒါက တိုက်ဆိုင်မှုပါ။ ကိုယ် နောက်ဆုံးနေခဲ့တဲ့ ဘီမြို့တော်မှာ ကိုယ် ရင်းနှီးမြှုပ်နှံထားတဲ့ အိမ်ခြံ မြေ လုပ်ငန်းတစ်ခုရဲ့ စီမံကိန်းကို စတင်လိုက်တယ်။ အုတ်မြစ်ချတဲ့အချိန်မှာပဲ စိန်ကျောက်တစ်လုံး ရုတ်တရက် ထွက်လာတယ်။ နောက်တော့ ကျွမ်းကျင်သူတွေကို ခေါ်ယူ စစ်ဆေးခိုင်းလိုက်တဲ့အခါ မြေအောက်မှာ စိန်တွင်း ကြီးတစ်ခု ရှိနေမှန်း သိလိုက်ရတာပဲ...။"
"သတင်းပျံ့နှံ့သွားတဲ့အခါ စိန်လောကရဲ့ ဧရာမလုပ်ငန်းစုကြီးတွေက ဝယ်ယူဖို့အတွက် အတင်းအကျပ် ချဉ်းကပ် လာကြတယ်။ အဲဒီအချိန်မှာပဲ အဲဒီလူယုတ်မာ လုပ်ငန်းရှင်တွေရဲ့ လှည့်ကွက်တွေကို ကိုယ် နားလည်သွားခဲ့ တာပဲ...။"
ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် လျန်ထျန်းက လေးနက်သော လေသံဖြင့် ဆက်ပြောသည်။
"စိန်လောကရဲ့ ဧရာမလုပ်ငန်းစုကြီး (၅) ခုဟာ နိုင်ငံခြား ကုမ္ပဏီတွေချည်းပဲ။ သူတို့က သိပ်ပြီး မောက်မာကြ တယ်။ ဒါပေမဲ့ ကိုယ်က သူတို့ထက် ပိုမို မောက်မာပြလိုက်တယ်။ ကိုယ် ရောင်းဖို့ ငြင်းပယ်လိုက်တယ်...။"
"နောက်ဆိုရင် ငါတို့ဘာသာ ငါတို့ တူးဖော်နိုင်ပါလိမ့်မယ်။ အဲဒီအခါကျရင် သူတို့ရဲ့ အဆမတန် ဈေးကြီးပြီး 'မိုက်မဲမှုခွန်' တွေနဲ့ ပြည့်နှက်နေတဲ့ ပစ္စည်းတွေကို ဝယ်နေစရာ မလိုတော့ဘူး။ တစ်နေ့မှာတော့ စိန်ဈေးနှုန်းတွေ ကို ငါတို့ ချိုးနှိမ်ပစ်မယ်။ အဲဒီအခါကျရင် တရုတ်ပြည်သူအားလုံး သင့်တော်တဲ့ ဈေးနှုန်းနဲ့ စိန်ရတနာတွေကို ဝယ်ယူ နိုင်ကြလိမ့်မယ်...။"
ချန်လန်မှာမူ အံ့အားသင့်လွန်း၍ စကားပင် မဆိုနိုင်တော့ဘဲ အချိန်အတော်ကြာမှ သတိပြန်ဝင်ခဲ့လာပေသည်။
"ဘာ...၊ သူက ဘယ်လို အိမ်ခြံမြေ စီမံကိန်းကို လုပ်နေလို့လဲ…။ ပိုပြီး မယုံနိုင်စရာကောင်းတာက ဒါက စိန်တွင်း ကြီးတစ်ခုလုံး ဖြစ်နေတာပဲ။ သူက အစားအသောက် ပို့ဆောင်သူ မဟုတ်ဘူးလား။ သူပြောတာတွေ အကုန်လုံး က လိမ်ညာတာ ဖြစ်ရမယ်။ ဆင်းရဲသားတွေက ကြွားဝါရတာ ကြိုက်ကြတာပဲလေ...။"
"ဒီစိန်တွင်း ပိုင်ဆိုင်မှု အထောက်အထားစာရွက်နဲ့ သေတ္တာထဲက စိန်တွေကလည်း အတုတွေပဲ ဖြစ်ရမယ်…။ ဝမ်ရှောင်ရို့...၊ သူ့စကားကို ယုံပြီး အလိမ်ခံမလိုက်ပါနဲ့....။"
"စာရွက်စာတမ်းတွေကို အတုလုပ်ဖို့က လွယ်သလို စိန်အတု လုပ်ဖို့က ပိုတောင် လွယ်သေးတယ်။ စျေးပေါတဲ့ စိန်အတုတွေ အများကြီး ရှိတယ်လေ။ ကျွမ်းကျင်သူတွေကတော့ အစစ်နဲ့ အတုကို ကွဲပြားအောင် ကြည့်နိုင်ကြ တာပေါ့။ ငါ အခုချက်ချင်း စိန်ပညာရှင်ကို ခေါ်ပြီး သူ့ရဲ့ လိမ်ညာမှုကို ဖွင့်ချပြမယ်။ စောင့်ကြည့်နေလိုက်...။"
ပြောပြောဆိုဆိုနှင့် ချန်လန်မှာ စိန်ပညာရှင်ကို အလျင်အမြန် ခေါ်ယူလိုက်သည်။ မကြာမီပင် စိန်ပညာရှင် ရောက် ရှိလာပြီး ချန်လန်အား အလိုလိုက်သည့် အပြုံးဖြင့် ဆိုလိုက်သည်။
"သခင်လေးချန်... သင် (၉၉.၉) ကရက် စိန်လုံးကြီး ဝယ်ယူထားတယ်ဆိုတာ ကြားပါတယ်။ ဒီနေ့ ဒီစိန်လုံးကို စစ်ဆေးပေးခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။ ကျေးဇူးပြုပြီး စိန်လုံးကြီးကို ထုတ်ပြပေးပါဦး ခင်ဗျာ...။"
ချန်လန်မှာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ၏ လည်ဆွဲကို ထုတ်ပြလိုက်သည်။ စိန်ပညာရှင်မှာ မျက်လုံးများ အရောင် တောက်ပသွားပြီး စိန်လုံးကို ဂရုတစိုက် ကိုင်တွယ်ကာ စစ်ဆေးမှု စတင်တော့သည်။ အချိန်အနည်းငယ် ကြာပြီး နောက် သူက ခေါင်းငြိမ့်လိုက်လေသည်။
"တကယ်ကို ကောင်းမွန်တဲ့ စိန်ပါပဲ။ အနားသတ်မှာ အနည်းငယ် အပြစ်အနာအဆာ ရှိပေမဲ့ အရည်အသွေး ကို တော့ သိပ်မထိခိုက်ပါဘူး။ အရောင်က E အဆင့်နဲ့ ကြည်လင်မှုက VVS1 အဆင့် ဆိုတော့ တော်တော်ကောင်း ပါတယ်။ ဒီလောက်ကြီးမားတဲ့ စိန်တစ်လုံးက ဒီအဆင့်ထိ ရောက်ဖို့က ရှားပါးပါတယ်။ သခင်လေးချန်က ဈေး ကြီးပေး ဝယ်ခဲ့တယ်ဆိုပေမဲ့ သခင်လေးအတွက်တော့ ငွေဆိုတာ ရှာရလွယ်ပြီး နှစ်သက်တဲ့ ရတနာကသာ ရှား ပါးတာပေါ့...။"
ထိုစကားကို ကြားသောအခါ ချန်လန်မှာ ပို၍ပင် မောက်မာလာပြီး ဝမ်ရှောင်ရို့ထံ ဘဝင်မြင့်စွာ ဆိုပြန်သည်။
"ဝမ်ရှောင်ရို့...၊ ကြားလိုက်တယ်မဟုတ်လား။ ဒါက ရှားပါးရတနာပဲ။ အဲဒီ အစားအစာပို့သမားရဲ့ လေလုံးကိုပဲ ယုံမလား၊ ငါ့ကိုပဲ ယုံမလား...။"
ဝမ်ရှောင်ရို့က ချန်လန်ကို ဂရုမစိုက်ဘဲ လျန်ထျန်းပေးထားသော သေတ္တာကို စိန်ပညာရှင်ထံ ပြသလိုက်သည်။
"ကျွန်မရဲ့ ချစ်သူပေးတဲ့ စိန်တွေကို တစ်ချက်လောက် စစ်ဆေးပေးနိုင်မလားရှင်...။"
သေတ္တာကို ဖွင့်လိုက်သည်နှင့် စိန်လုံးကြီးများမှ ဖြာထွက်လာသော အလင်းရောင်တို့သည် ချန်လန်၏ စိန်လုံး ထက် အဆပေါင်းများစွာ သာလွန်သွားခဲ့သည်။ ချန်လန်၏ စိန်လုံးမှာ မီးပုစဉ်းမျှသာ ဖြစ်ပြီး လျန်ထျန်း၏ စိန်လုံးတို့မှာမူ တောက်ပသော လမင်းကြီးနှယ် ရှိနေသည်။ သို့သော် စိန်ပညာရှင်ကမူ မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ဒီလောက် အလေးချိန်များတဲ့ စိန်တွေကို ကြည့်နေစရာတောင် မလိုပါဘူး...။"
ထိုစကားကို ကြားသောအခါ ချန်လန်မှာ သဘောကျစွာ ရယ်မောလိုက်သည်။
"ဟားဟား...၊ ငါပြောသားပဲ…။ အတုက အတုပါပဲ…။ အစစ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မလဲ...။"
လျန်ထျန်းက ရှေ့သို့ တိုးလာပြီး စိန်ပညာရှင်ကို ဆိုလိုက်သည်။
"မဆုံးဖြတ်ခင် အရင်ကြည့်ပေးပါဦး...။"
စိန်ပညာရှင်က လျန်ထျန်း၏ ဝတ်စုံကို ကြည့်ကာ လှောင်ပြောင်သည့် အကြည့်ဖြင့် ပြောလိုက်လေသည်။
"ကြည့်နေတာ အချိန်ကုန်တာပဲ…။ ဒီလောက် အလေးချိန်များတဲ့ သဘာဝစိန်တွေ ဒီလောက်များများစားစား ရှိနေဖို့က မဖြစ်နိုင်ပါဘူး…။ မင်းသာ အလွန်အမင်း ငွေကြေးချမ်းသာသူ ဖြစ်ရင်တော့ တစ်မျိုးပေါ့...။"
လျန်ထျန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
"ခင်ဗျား ပြောတာ မှန်ပါတယ်…။ ကျွန်တော့်မှာ စိန်တွင်းတစ်ခု ပိုင်ဆိုင်ထားတယ်…။ ဒီစိန်တွေက အခုမှ တူးဖော်ရရှိတာပါ။ ဒီလို စိန်မျိုး ကျွန်တော့်မှာ အများကြီး ရှိပါသေးတယ်....။"
လျန်ထျန်း၏ စကားကို ကြားသောအခါ စိန်ပညာရှင်မှာ မျက်မှောင်ပို၍ ကြုတ်သွားသည်။ သူတို့ လုပ်ငန်း နယ်ပယ်တွင် စိန်တွင်းများကို ထိုဧရာမ လုပ်ငန်းစုကြီးများကသာ မိုနိုပိုလီလုပ်ထားသည်ကို သူ ကောင်းကောင်း သိသည်။ အစားအသောက် ပို့ဆောင်သူတစ်ယောက်က စိန်တွင်း ပိုင်ဆိုင်သည်ဆိုခြင်းမှာ မည်သူမျှ ယုံကြည်နိုင် စရာ မရှိပေ။ သို့သော် ချန်လန်၏ အရိပ်အယောင်ကို ကြည့်ပြီးနောက် သူ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်
သည်။
ပညာရှင်မှာ ပစ္စည်းများကို ကောက်ကိုင်လိုက်ပြီး စိန်လုံးကို စတင် စစ်ဆေးသည်။ သို့သော် ပထမဆုံး စိန်လုံးကို စစ်ဆေးပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့သည်။ ထို့နောက် ဒုတိယ၊ တတိယ နှင့် စတုတ္ထမြောက် စိန်လုံးများကို ဆက်လက် စစ်ဆေးရာ...၊ သူ၏ ခန္ဓာကိုယ်မှာ တုန်ရီလာတော့သည်။
ချန်လန်မှာ အခြေအနေကို မရိပ်မိသေးဘဲ ပြောလိုက်လေသည်။
"ကြည့်လေ...၊ ဒီစိန်တွေက အတုတွေမို့လို့ ပညာရှင်တောင် ဒေါသထွက်နေပြီ...။"
ချန်လန် စကားမဆုံးခင်မှာပင် စိန်ပညာရှင်က ရုတ်တရက် ထရပ်လိုက်ပြီး အော်ဟစ်လိုက်လေသည်။
"ဘုရားသခင်...၊ ဒီလောက် အလေးချိန်များတဲ့ စိန်တွေက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ စင်ကြယ်နိုင် ရတာလဲ...။"
"FL-IF အဆင့် ပြီးပြည့်စုံတဲ့ စိန်တွေ…။ အရောင်ကလည်း D အဆင့်၊ လုံးဝ အရောင်ကင်းစင်တဲ့ အဆင့်ပဲ…။ အဖြတ်အတောက်ကလည်း Excellent အဆင့်ပဲ...။ သူတို့တစ်လုံးချင်းစီက ဘယ်လောက်တောင် လေးလံ လိုက်မလဲ...။"
စိန်ပညာရှင်မှာ ယခင်ကဲ့သို့ မဟုတ်တော့ဘဲ လျန်ထျန်းကို အလွန်ရိုသေသော အကြည့်ဖြင့် ကြည့်ကာ ဆိုသည်။
"သခင်...၊ ကျွန်တော် ဒီစိန်တွေကို အလေးချိန် တိုင်းကြည့်လို့ ရမလားခင်ဗျာ...။ ပျက်စီးအောင် ဘာမှ လုပ်မှာ မဟုတ်ပါဘူး...။"
လျန်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
"တိုင်းကြည့်ပါ။ ပြောခဲ့တဲ့အတိုင်းပဲ၊ ဒီလိုစိန်တွေ ကျွန်တော့်တွင်းထဲမှာ အများကြီး ကျန်ပါသေးတယ်...။"
စိန်ပညာရှင်မှာ စိတ်လှုပ်ရှားစွာဖြင့် အလေးချိန် တိုင်းစက်ကို ထုတ်ယူလိုက်သည်။
"တစ်ရာ့တစ်ဆယ့်ခြောက် ကရက်၊ တစ်ရာ့နှစ်ဆယ့်ရှစ် ကရက်၊ တစ်ရာ့သုံးဆယ့်ကိုး ကရက်...။ ဘုရားရေ…၊ တစ်ရာ့ငါးဆယ့်ခုနစ် ကရက်ထိ ရှိနေတာလား….။"
သူ့ဘေးနားတွင် ဂုဏ်ယူဝံ့ကြွားနေခဲ့သော ချန်လန်မှာမူ အံ့အားသင့်လွန်း၍ စကားပင် မဆိုနိုင်တော့ဘဲ ကြက်သေ သေနေတော့ပေသည်။