အခန်း ၂၅၄
Vol. 26 Ch. 254
အခန်း (၂၅၄)
ပထမဘာသာရပ်မှာ (၉၅) မှတ် ရတယ်ဆိုတာ မင်း သိလား
လျန်ထျန်းသည် ချောင်းနှစ်ချက် ဟန့်လိုက်ပြီးနောက် ဖုန်းထဲမှ စာသားများကို ဖတ်ပြလိုက်သည်။
"ဟယ်လို...၊ ဆရာမချောင်...၊ အိပ်ပျော်နေပြီလား...။"
ပထမဆုံး ဝါကျမှာ သာမန်အတိုင်းပင် ဖြစ်သော်လည်း နောက်တစ်ကြောင်းတွင် လျန်ထျန်းသည် အသံကို ရုတ်တရက် မြှင့်တင်လိုက်သည်။
"အစ်မကတော့ အေးအေးဆေးဆေး အိပ်နေပေမဲ့ ကျွန်တော်တို့ကတော့ နိုးနေရသေးတယ်…။ဒီအိမ်စာတွေကို ဘယ်သူက အကုန်ပြီးအောင် လုပ်ပေးရမှာလဲ...။"
ထိုစကားကို ကြားသောအခါ လှပသော ဆရာမမှာ ပါးစပ်ကို အုပ်ကာ တခစ်ခစ် ရယ်မောလိုက်ပြီး မေးလိုက် လေသည်။
"ဒါ ဘယ်ကျောင်းသားမိဘလဲ…။ အခြေအနေကို ဖုန်းဆက်မေးလို့ရအောင် ကျွန်မကို ပြောပြပါလား...။"
လျန်ထျန်းက ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"မလုပ်ပါနဲ့...၊ မလုပ်ပါနဲ့...။ ဖောက်သည်က သူ့အထောက်အထားကို လုံးဝ လျှို့ဝှက်ထားရမယ်လို့ မှာထား ပါတယ်။ သူပြောချင်တဲ့ စကားတွေ ကျန်သေးလို့ ကျွန်တော် ဆက်ပြောပါမယ်...။"
"အဲ့ဒီ သင်္ချာပုစ္ဆာတွေက အရမ်းခက်တယ်။ ကျွန်တော်တောင် မလုပ်တတ်တာ၊ ကလေးက ဘယ်လိုလုပ် ဖြေနိုင်မှာလဲ...။"
ထိုစကားကို ကြားသောအခါ လှပသော ဆရာမမှာ ကြောင်သွားရလေသည်။
"သင်္ချာပုစ္ဆာ ဟုတ်လား…။ ကျွန်မက နိုင်ငံခြားဘာသာစကား သင်တာပါ...။"
ချက်ချင်းပင် လျန်ထျန်းမှာလည်း ကြောင်သွားရသည်။
"အော်...၊ ဟို...၊ ဒါဆိုရင် ဖောက်သည်က လိပ်စာ လွဲနေတာပဲ ဖြစ်ရမယ်…။ တောင်းပန်ပါတယ်...။"
လှပသော ဆရာမက ဆက်၍ ပြောလိုက်လေသည်။
"ရပါတယ်...၊ တစ်ခါတစ်ရံ ဒီလို နားလည်မှုလွဲတာတွေ ရှိတတ်ပါတယ်...။ တကယ်တော့ ကျွန်မက အရွယ် ရောက်ပြီးသူတွေကို နိုင်ငံခြားဘာသာစကား သင်ပေးတာပါ…၊ ကျွန်မရဲ့ ကျောင်းသားတွေထဲမှာ ကလေးမပါ ပါဘူး…။"
"ပြီးတော့လည်း ဘာလို့လဲ မသိဘူး၊ ကျွန်မရဲ့ ကျောင်းသားအများစုက အသက်သုံးဆယ်ကျော် လေးဆယ်အရွယ် အမျိုးသားတွေချည်းပဲ။"
"သူတို့က ကျွန်မအတွက် အစားအသောက် မှာပေးတတ်ကြတယ်။ တစ်ခါတစ်ရံ မှာတဲ့အခါ လိပ်စာပြောင်းဖို့ မေ့သွားတတ်ကြတော့ အစားအသောက်တွေက လိပ်စာမှားပြီး ရောက်လာတာ များတယ်…။"
"သူလည်း လိပ်စာပြောင်းဖို့ မေ့သွားတဲ့ ကျောင်းသားတစ်ယောက်ပဲ ဖြစ်မှာပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ခဏမျှ ကြောင်သွားပြီးနောက် အနေရခက်စွာ ပြောလိုက်သည်။
"အော်...၊ နားလည်ပါပြီ...၊ ဒါဆိုရင် ကျွန်တော် ဖောက်သည်ဆီမှာ မှန်ကန်တဲ့ လိပ်စာကို ပြန်မေးလိုက်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်...။"
ပြောပြီးသည်နှင့် လျန်ထျန်းသည် အပြေးအလွှားပင် ထွက်ခွာသွားတော့သည်။ လမ်းတွင် လျှောက်သွားရင်း သူကိုယ်တိုင် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"အရွယ်ရောက်ပြီးသူ နိုင်ငံခြားဘာသာစကား သင်သူတွေထဲမှာ အသက်သုံးဆယ်ကျော် လေးဆယ်အရွယ် အမျိုးသားတွေ များတယ်ပေါ့လေ...။ ငါပဲ တွေးလွန်နေတာများလား...။"
"ထားလိုက်ပါတော့...။ မှာတဲ့သူက လိပ်စာမှားတာပဲ၊ ငါနဲ့ မဆိုင်ပါဘူး၊ သူ့အတွက်နဲ့တော့ အေးချမ်းမှုကို မနှောင့်ယှက်ချင်တော့ပါဘူး…။"
"နိုင်ငံခြားဘာသာစကား သင်ချင်တဲ့သူတိုင်းက ကျွမ်းကျင်ချင်တဲ့ စိတ်ဆန္ဒစစ်စစ်နဲ့ပဲ သင်ကြပါစေလို့ ဆုတောင်း ပေးပါတယ်…။"
"နောင်ကျရင် ဒီလို ထူးဆန်းတဲ့ အမှာစာတွေကို ဆက်ပို့သင့်၊ မပို့သင့် သေချာ စဉ်းစားရတော့မယ်...။"
တစ်ခါတစ်ရံတွင် သင်ပြောလိုက်သည့် စကားသည် အမှန်တကယ်ပင် ဖြစ်လာတတ်သည်။ ယခင်က ထူးဆန်း သည့် အမှာစာပြီးနောက် ရက်အနည်းငယ်အကြာတွင် လျန်ထျန်းမှာ ထူးဆန်းသော မှတ်ချက်တစ်ခု ပါဝင်သည့် အမှာစာကို ထပ်မံ ရရှိလိုက်ပြန်သည်။
[ပထမဘာသာရပ် စာမေးပွဲမှာ (၉၅) မှတ် ရတယ်ဆိုတာ မင်း သိလား..။]
တစ်ချက်ကြည့်လိုက်လျှင် ဤမှတ်ချက်မှာ ကြွားလုံးထုတ်ထားသည်ဟု ထင်ရသည်။ ဖြစ်နိုင်သည်မှာ ဖောက်သည် သည် ယာဉ်မောင်းသင်တန်း တက်နေပြီး သီအိုရီ စာမေးပွဲ (ဘာသာရပ် ၁) တွင် (၉၅) မှတ် ရရှိထားသဖြင့် အလွန် ဝမ်းသာနေ၍ မျှဝေချင်နေခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် အစားအသောက် မှာသည့်အခါ၌ပင် မှတ်ချက်တွင် ထည့်ရေးပြီး အခြားသူများ သိစေချင်နေခြင်း ဖြစ်သည်။
ငါးမျှားဝါသနာအိုးများက ငါးကြီးတစ်ကောင် ဖမ်းမိလျှင် တွေ့သမျှသူတိုင်းကို ကြွားပြသကဲ့သို့ပင်။ ပို၍ ထူးဆန်း သည်မှာ အချို့သူများဆိုလျှင် မဆိုင်သည့် အကြောင်းအရာကို မေးသည့်တိုင်အောင် အတင်းပြောတတ်ကြသည်။
ဥပမာ - လမ်းသွားလမ်းလာတစ်ဦးက "မေးပါရစေ၊ [လိပ်စာ] ကို ဘယ်လို သွားရမလဲ" ဟု မေးလျှင် ငါးမျှားသူက ဝမ်းသာအားရနှင့် "ငါ ငါးကြီးတစ်ကောင် ဖမ်းမိတယ်ဆိုတာ မင်း ဘယ်လိုသိလိုက်တာလဲ" ဟု ပြန်ပြောတတ် ကြသည်။ လမ်းသွားလမ်းလာက "ဟင် ကျွန်တော် မသိပါဘူး...။ အဲ့ဒီ လမ်းကို ဘယ်လိုသွားရမလဲ သိချင်တာပါ" ဟု ပြောလျှင်လည်း ငါးမျှားသူက "သိပ်လည်း မကြီးပါဘူး၊ အလေးချိန် ပေါင်နှစ်ဆယ်လောက် ရှိတယ်" ဟု ဆက်ပြောနေဦးမည်ပင်။
အစွန်းရောက်ဆုံး ဖြစ်ရပ်များတွင်မူ ငါးကြီး ဖမ်းမိပြီးနောက် အနီးအနားတွင် ပတ်မောင်းနေတတ်ကြပြီး မိမိ အိမ်ရှေ့ကို ရောက်နေသော်လည်း အိမ်ထဲမဝင်ဘဲ ပတ်နေတတ်ကြသည်။ ဤသည်ကို ငါးကြီးဖမ်းမိလျှင် လမ်း ပျောက်တတ်သည်ဟူသော သဘောတရားဟု ခေါ်ဆိုကြသည်။ တစ်နေ့လုံး ရပ်ကွက်ထဲ ပတ်နေသော်လည်း အိမ်ပြန်လမ်းကို ရှာမတွေ့နိုင်တော့ပေ။
သို့သော် လျန်ထျန်းက ဤမှတ်ချက်ကို ကြည့်ပြီး ခဏမျှ စဉ်းစားကာ တွေးတောမိသည်။
*သီအိုရီ စာမေးပွဲမှာ (၉၅) မှတ် ရတာ...၊ ကြွားဖို့လောက်နဲ့တင် လုံလောက်ပါ့မလား...။*
*တစ်ခုခုတော့ မှားနေသလိုပဲ၊ တခြား တစ်ခုခုများ ရှိနေမလား...။ ယာဉ်မောင်းစာမေးပွဲမှာ (၉၅) မှတ် ရခဲ့တယ်၊ ကျွန်တော့်ကို ကယ်ပေးပါ...။*
ဤသို့ တွေးမိလိုက်သည်နှင့် လျန်ထျန်း၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားသည်။
*ဒါမှမဟုတ် တစ်ယောက်ယောက်များ အန္တရာယ် ကြုံတွေ့နေရပြီး ရဲကို တိုက်ရိုက် မခေါ်နိုင်၊ အကူအညီ မတောင်းနိုင် ဖြစ်နေတာများလား...။*
*ဒါကြောင့် အကူအညီ တောင်းတဲ့အနေနဲ့ အစားအသောက် မှာယူပြီး မှတ်ချက်ထဲမှာ ကုဒ်စကားလုံး တစ်ခုခု ထည့် ရေးထားတာများ ဖြစ်မလား...။ ဒါမျိုး ဖြစ်ဖို့က ရှိတယ်...။*
*ဘာပဲဖြစ်ဖြစ် သတင်းတချို့မှာ လူဆိုးတွေရဲ့ ဖမ်းဆီးခြင်းကို ခံရသူတွေက အစားအသောက် မှာသယောင် ယောင်နှင့် ရဲကို လျှို့ဝှက် အကူအညီ တောင်းတတ်ကြတာကို ကြားဖူးသလိုပဲ...။*
ခဏရပ်ပြီးနောက် လျန်ထျန်းမှာ သတိကြီးစွာဖြင့် ထပ်မံ စဉ်းစားလိုက်သည်။
*မဟုတ်သေးပါဘူး…၊ ဒါလေးနဲ့တင် တစ်ယောက်ယောက် အန္တရာယ် ကြုံနေတယ်လို့ အတည်ပြုလို့ မရသေး ဘူး..။*
*တကယ်လို့ မဟုတ်ခဲ့ရင်တော့ နားလည်မှုလွဲပြီး ငါ့ကို စိတ်ဝေဒနာသည်လို့တောင် ထင်သွားနိုင်တယ်…။*
*ဖုန်းဆက်ပြီး မေးကြည့်သင့်မလား...။ မလုပ်တော့ပါဘူး…၊ တကယ်လို့ တစ်ယောက်ယောက် အကူအညီ လိုအပ်နေတာ ဆိုရင် ဖုန်းဆက်လိုက်တာက သူတို့ကို ပိုပြီး အန္တရာယ် ဖြစ်စေနိုင်တယ်…။*
*အမှာစာ လိပ်စာအတိုင်း အရင် ပို့လိုက်ပြီး အခြေအနေကို စောင့်ကြည့်ရအောင်…။ တစ်ခုခု ဖြစ်လာရင်တောင် ရှီမင်က အရိပ်အကဲ ကာကွယ်ပေးထားမှာမို့ ငါ့ရဲ့ဘေးကင်းရေးကတော့ ပြဿနာ မရှိပါဘူး…။*
*နားလည်မှုလွဲတာပဲ ဖြစ်ပါစေ၊ ဘယ်သူမှလည်း အကူအညီ မလိုပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်…။*
ဆုံးဖြတ်ချက် ချပြီးနောက် လျန်ထျန်းသည် အမှာစာ လိပ်စာဆီသို့ ချက်ချင်းပင် မောင်းနှင်သွားပြီး အမြန် ပို့ဆောင်လိုက်သည်။ သို့သော် သူ တံခါးခေါက်လိုက်သည့်အခါ အစားအသောက်ကို လာယူသူမှာ အမျိုးသား တစ်ဦး ဖြစ်နေခဲ့လေသည်။
လျန်ထျန်းသည် အစားအသောက် လာယူသူမှာ အမျိုးသား ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် သတိဝင်လာသည်။ အကြောင်းမှာ အမှာစာထဲတွင် ဖောက်သည်နာမည်ကို 'မစ္စဘိုင်' ဟု ရေးထားသော်လည်း လာယူသူမှာ အမျိုးသမီး မဟုတ်သည့်အတွက် ဖြစ်သည်။
ယခုအခါ လျန်ထျန်း၏ ယခင်က တွေးတောချက်များမှာ ပြန်လည် ထွက်ပေါ်လာသည်။
*သေပါပြီ…၊ တစ်ယောက်ယောက် တကယ်ပဲ အန္တရာယ် ကြုံနေတာများလား...။*
*အမှာစာကို အမျိုးသမီးတစ်ဦးက မှာတာ၊ ဒါပေမဲ့ အမျိုးသားတစ်ဦးက လာယူတယ်။ သူ အစားအသောက် လာယူတုန်းက မျက်နှာအမူအရာကလည်း ပုံမှန် မဟုတ်ဘူး…။*
*သူက အစားအသောက် ရောက်လာတာကို အံ့သြနေသလိုပဲ။ အစားအသောက် ယူပြီးတဲ့အခါမှာလည်း အမှာ စာကို သေချာ ကြည့်နေတယ်။ နောက်ဆုံးတော့ ဘာမှ မပြောဘဲ လက်ခံလိုက်တယ်…။*
"သေပါပြီ…၊ သူများ မှတ်ချက်ထဲက ပြဿနာကို သတိထားမိသွားမလား။ ဒါဆိုရင် အစားအသောက် မှာထားတဲ့ သူအတွက် အန္တရာယ် ရှိသွားနိုင်တယ်…၊ အို...၊ ဒါက တကယ်ကို ဆိုးဝါးတာပဲ...။"
ဤအထိ တွေးမိလိုက်သောအခါ လျန်ထျန်းသည် ရဲစခန်းသို့ ချက်ချင်းပင် ဖုန်းဆက်လိုက်ပြီး သူနှင့် ရင်းနှီးသည့် ရဲမှူးကြီး လီနှင့် တိုက်ရိုက် ဆက်သွယ်လိုက်သည်။ အခြေအနေကို ကြားသိရပြီးနောက် ရဲမှူးကြီး လီမှာ လူများကို အခင်းဖြစ်ရာသို့ ချက်ချင်းပင် စေလွှတ်လိုက်သည်။
ဤဖြစ်ရပ်ပြီးနောက် လျန်ထျန်းမှာ အစားအသောက် ဆက်ပို့ရန် စိတ်မပါတော့သဖြင့် အနီးအနားတွင်သာ စောင့် ဆိုင်းနေလိုက်သည်။ ရဲများ ရောက်ရှိလာသည့်အခါ သူကိုယ်တိုင်ပင် အိမ်ရှေ့သို့ ဦးဆောင် ခေါ်သွားပေး သည်။ ကင်းလှည့်အဖွဲ့၏ ခေါင်းဆောင်မှာ အစီအစဉ်တစ်ခုကို လျင်မြန်စွာ ရေးဆွဲလိုက်ပြီး ရဲအရာရှိ အချို့က တံခါး၏ ဘေးနှစ်ဖက်တွင် ပုန်းနေလိုက်ကြသည်။
လျန်ထျန်းသည် အသက်ကို ဝအောင် ရှူလိုက်ပြီးနောက် တံခါးဝသို့ ထပ်မံသွားကာ ခေါက်လိုက်လေသည်။
"ဟယ်လို...၊ ကျွန်တော် အခုလေးတင် အစားအသောက် လာပို့တာပါ…။ အမှာစာထဲက တစ်ခု ကျန်ခဲ့လို့ အခု ပြန်လာပို့တာပါ..။ တံခါးလေး ပြန်ဖွင့်ပေးပါဦး...။"
ပြောပြီးနောက် လျန်ထျန်းမှာ အလွန်ပင် စိုးရိမ်နေမိသည်။ အထဲက လူတွေ သတိထားမိသွားမှာကိုလည်း ကြောက်ရသလို၊ တစ်စုံတစ်ခု သေဆုံးမှုမျိုး ဖြစ်ပြီးသွားမှာကိုလည်း စိုးရိမ်မိနေခဲ့လေသည်။
ကံကောင်းထောက်မစွာပင် စက္ကန့်အနည်းငယ် အကြာတွင် တံခါးပွင့်လာပြီး အရင်က အမျိုးသားပင် ဖြစ်နေ သည်။ ထိုအမျိုးသားမှာ နားမလည်နိုင်သလို မျက်နှာဖြင့်၊
"ဒီပို့ဆောင်ရေးက အခုအခါမှာ အစားအသောက်တွေပါ အလကား ပေးနေတာလား...။"
သို့သော် သူ စကားပြော၍ မဆုံးမီပင် တံခါးဘေးတွင် ပုန်းနေသော ရဲအရာရှိများက ခုန်ထွက်လာပြီး သူ့ကို မြေပြင်ပေါ်သို့ အမြန်ပင် ဖိနှိပ်လိုက်ကြလေသည်။
"မလှုပ်နဲ့…၊မလှုပ်နဲ့…။"
မြေပြင်တွင် ဖိနှိပ်ခြင်း ခံလိုက်ရသော အမျိုးသားမှာ လုံးဝ နားမလည်နိုင် ဖြစ်နေပြီး ခေါင်းကို အနိုင်နိုင် မော့ကာ အော်ဟစ်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ! ကျွန်တော်က ကျွန်တော့် ရည်းစား မှာပေးတဲ့ အစားအသောက်ကို စားတာ ဒါ တရား မဝင်ဘူးလား...။"
သို့သော် မည်သူမျှ သူ ပြောသမျှကို နားမထောင်တော့ပေ။ အခြား ရဲအရာရှိများမှာ အိမ်ထဲသို့ အမြန်ပင် ဝင်ရောက်သွားပြီး ရှာဖွေ ကယ်ဆယ်ရေးကို စတင်လိုက်ကြလေေသည်။
သို့သော် မိနစ်အနည်းငယ် အကြာတွင် ရဲအရာရှိတစ်ဦး ထွက်လာပြီး အစီရင်ခံလိုလေသည်။
"ဘာမှ မတွေ့ရပါဘူး၊ အခန်းထဲမှာ သူ တစ်ယောက်တည်းပဲ ရှိပါတယ်...။"