အခန်း ၁၇၁
Vol. 18 Ch. 171
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၁
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
သလင်းကျောက်သည် စက်လုံးပုံသဏ္ဍာန် ရှိသော်လည်း မျက်နှာပြင်တစ်ဖက်မှာ ပြားနေသည်။ လင်းချန် စားပွဲပေါ် ပစ်တင်လိုက်သည့်အခါ လှိမ့်သွားပြီး ပြားသောမျက်နှာပြင် အောက်ဘက်သို့ ရောက်ကာ ငြိမ်သက်သွား၏။
ကောပန်လီက စားပွဲပေါ်မှ ပစ္စည်းကို ကြည့်ရင်း အံ့ဩသွားသည်။
"အလင်းနဲ့အရိပ် သလင်းကျောက်ပါလား... ဂျူနီယာညီလေး။ ဒါ ဘယ်ကရတာလဲ။"
အခြားသူများက ထိုပစ္စည်းကို နားမလည်ဘဲ ဖြစ်နေချိန်တွင် ကောပန်လီကမူ လင်းချန် ဤပစ္စည်းကို ရထားခြင်းအပေါ် လုံးဝ အံ့သြမှင်သက်နေကြောင်း သိသာထင်ရှားလှ၏။
ကောပန်လီက ဤပစ္စည်းအကြောင်း သိနေပုံရသည်ကို မြင်သည့်အခါ လေချန်က စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်သည်။
"ဒါက ဘာလဲ... စီနီယာအစ်ကို။"
ကောပန်လီက စားပွဲပေါ်ရှိ အလင်းနှင့်အရိပ် သလင်းကျောက်ကို တစ်ချက်ကြည့်လိုက်သည်။
"ဒီပစ္စည်းက ပုံရိပ်တွေကို သိမ်းထားနိုင်ပြီး ပြန်ကြည့်လို့ရတယ်။ ဒါပေမဲ့ ကမ်းရိုးတန်းပြည်နယ်မှာ ဒီလိုပစ္စည်းမျိုး မရှိဘူး။"
လင်းချန်က သူ့ရှေ့ရှိ သလင်းကျောက်ကို ညွှန်ပြလိုက်သည်။
"ဒီပစ္စည်းကို ရှေးဟောင်းအမွေအနှစ်နယ်မြေ တစ်ခုကနေ ရတာ။"
ရှေးဟောင်းဂိုဏ်းကြီးတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သည့် တန်ယွမ်ဂိုဏ်း၏ ဘဏ္ဍာတိုက်၌ စိတ်ကူးကြည့်နိုင်သမျှ ပစ္စည်းအမျိုးမျိုး ရှိနေသည်။
လင်းချန်၏ ရှေ့မှောက်ရှိ အလင်းနှင့်အရိပ် သလင်းကျောက် အပါအဝင် ထိုပစ္စည်းများကို ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနမှ အပြည့်အဝ ခွဲခြမ်းစိတ်ဖြာပြီးဖြစ်ရာ ထုတ်လုပ်နိုင်စွမ်း အပြည့်ရှိနေပြီ ဖြစ်၏။
လင်းချန် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းထိပ်မှ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်ကို စားပွဲပေါ်ရှိ သလင်းကျောက်တုံးဆီသို့ ပစ်လွှတ်လိုက်သည်။
ချက်ချင်းပင် သလင်းကျောက်တုံးမှ စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး ဝိုးတဝါး အလင်းနှင့် အရိပ်များကို ထုတ်လွှတ်လိုက်ရာ အထက်လေထုထဲ၌ သက်ရှိထင်ရှားတူညီသည့် သုံးဖက်မြင် ပုံရိပ်တစ်ခု ပေါ်လာပြီး လူတိုင်းကို ထိုနေရာသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရစေ၏။
သုံးဖက်မြင် ပုံရိပ်ထဲ၌ သူတို့၏ မျက်စိရှေ့မှောက်တွင် အသက်ဝင်နေသည့် လျှို့ဝှက်တောင်ကြားတစ်ခု ပေါ်လာသည်။ ထိုလျှို့ဝှက်တောင်ကြားမှာ ဂိုဏ်းကို ထိန်းချုပ်ထားသော ကောယွဲ့ဖေး သီးသန့်ကျင့်ကြံနေသည့် နတ်ဓားဂိုဏ်း၏ တားမြစ်နယ်မြေပင်။
ပုံရိပ်ထဲ၌ ညအချိန်မြင်ကွင်းကို ပြသနေပြီး လရောင်အောက်ရှိ ကောယွဲ့ဖေး၏ ပုံရိပ်သည် တောင်ကြားအလယ်ရှိ အိမ်ကြီးမှ ပြေးထွက်လာကာ လေထဲတွင် ဝဲပျံနေသည်ကို အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
ကောယွဲ့ဖေးသည် လေထဲတွင် ဝဲပျံရင်း ကောင်းကင်မှ လမင်းကြီးကို မျက်နှာမူကာ အသက်ရှူလေ့ကျင့်ခန်း လုပ်နေ၏။
ထိုမျှသာမက သူ၏ တစ်ကိုယ်လုံးကို သွေးရောင်မြူခိုးများ လွှမ်းခြုံထားသကဲ့သို့ တောက်ပသည့် အနီရောင်အရှိန်အဝါများက ဖုံးလွှမ်းထားသည်။
ကောပန်လီသည် မျက်မှောင်ကြုတ်သွားကာ မတ်တတ်ရပ်လိုက်ပြီး သူ့ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်လိုက်သည်။ "ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... အဘိုးရဲ့ စိတ်ဝိညာဉ်စွမ်းအင်က ဒီလို မဟုတ်ပါဘူး။"
လင်းချန်လည်း မတ်တတ်ရပ်လိုက်ပြီး ပုံရိပ်ဆီသို့ လက်လှမ်းလိုက်ကာ လက်ကို ဖြန့်ကားလိုက်ရာ သုံးဖက်မြင်ပုံရိပ်သည် ချက်ချင်း ကြီးလာပြီး ကောယွဲ့ဖေး၏ ပုံရိပ်ကို ပိုမို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
ကြီးမားသည့် ပုံရိပ်ကို မြင်လိုက်ရသောအခါ လေချန်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး ပုံရိပ်ကို လက်ညှိုးထိုးကာ ထိတ်လန့်တကြားဖြင့် လင်းချန်ကို ကြည့်လိုက်မိသည်။
"ဒါ... ဒါက... ခေါင်းဆောင်... ဒါ ဖြစ်နိုင်တာက..."
လင်းချန်ကလည်း မတ်တတ်ရပ်လိုက်ပြီး ကောပန်လီ၏ ပခုံးကို ပုတ်လိုက်သည်။
"မှန်တယ်။ သွေးနက်မျိုးနွယ်ပဲ။ ခန့်မှန်းရသလောက် မင်းအဘိုး သေသွားလောက်ပြီ။ အခု သူက ဂြိုဟ်သားမျိုးနွယ်စုရဲ့ သွေးမွေးမြူရေး အလောင်းကောင်သက်သက် ဖြစ်နေပြီ။"
ပုံရိပ်ကြီး တဖြည်းဖြည်း မှေးမှိန်သွားပြီး အလင်းနှင့်အရိပ် သလင်းကျောက်ပေါ်ရှိ အလင်းရောင်များ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကောပန်လီက ခေါင်းလှည့်လာသည်။
"ဂျူနီယာညီလေး... ဒီပုံရိပ်က အစစ်ပဲလား။"
လင်းချန်က ကောပန်လီကို လေးနက်စွာ ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"အင်း... အစစ်ပဲ။"
အလင်းနှင့်အရိပ် သလင်းကျောက်ထဲမှ မြင်ကွင်းများသည် လေဟုန်စစ်သည်များ အားလုံး အသတ်မခံရမီ သူတို့၏ အတွေ့အကြုံနှင့် လေ့လာတွေ့ရှိချက်များကို ကောင်းကင်လက်မှုပညာဌာနမှ ပြုစုထားခြင်း ဖြစ်၏။
ယခင် မြင်ကွင်းထဲတွင် လေပေါ်၌ ဝဲပျံနေသည့် ကောယွဲ့ဖေး၏ ဘေးပတ်လည်၌ သွေးနီရောင်အလင်းကွင်းများ ဝန်းရံနေပြီး ထိုအထဲတွင် အနက်ရောင်အငွေ့အသက်များကို မြင်တွေ့ရသည်။
လက်ရှိမြင်ကွင်းသည် လေကွန် သွေးမွေးမြူရေး အလောင်းကောင်အဖြစ် ပြောင်းလဲသွားပုံနှင့် အတိအကျ တူညီနေ၏။ ထိုစဥ်က လင်းချန်နှင့် လေချန်တို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။
ကောပန်လီက သက်ပြင်းချလိုက်ပြီး လျှို့ဝှက်တောင်ကြားရှိရာ ဘက်သို့ ကြည့်လိုက်ရာ သူ၏ မျက်နှာထားမှာ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
"သွေးနက်မျိုးနွယ်... သူတို့ တကယ် သေသင့်တဲ့ကောင်တွေပဲ။ အဲဒီ သွေးမွေးမြူရေး အလောင်းကောင်ကို သတ်ပြီး ငါ့အဘိုးကို ငြိမ်းချမ်းခွင့် ပေးရမယ်။"
စကားဆုံးသည်နှင့် ကောပန်လီသည် မျက်လုံးများ နီရဲလျက် အပြင်သို့ ပြေးထွက်ရန် ကြိုးစားသော်လည်း လင်းချန်က ပခုံးကို လှမ်းဆွဲထားလိုက်၏။
လက်ရှိအချိန်တွင် လင်းချန်၏ လက်များသည် သံညှပ်ကဲ့သို့ ကောပန်လီ၏ ဘယ်ဘက်ပခုံးကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ထွက်သွားခွင့် မပေးပေ။
လင်းချန်က မျက်မှောင်ကြုတ်လိုက်သည်။ "စီနီယာအစ်ကို... မင်း ရူးသွားပြီလား။ စိတ်လျှော့စမ်းပါ။"
ကောပန်လီက ပြန်လှည့်လာပြီး ဒေါသနှင့် နာကျင်မှုများ ရောယှက်နေသည့် မျက်နှာထားဖြင့် လင်းချန်ကို ကြည့်လိုက်သည်။
"ဒါပေမဲ့ ငါ့အဘိုးရဲ့ ခန္ဓာကိုယ်က စော်ကားခံထားရတာလေ။ မြေးတစ်ယောက်အနေနဲ့ ငါ ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ။"
လင်းချန်က စိုက်ကြည့်လိုက်သည်။
"အကြီးအကဲကောက သေခြင်းရှင်ခြင်းနယ်ပယ်က ပညာရှင်တစ်ယောက်။ သူ့ကို သွေးမွေးမြူရေး အလောင်းကောင်အဖြစ် သန့်စင်နိုင်တယ်ဆိုမှတော့ အဲဒီ သွေးနက်မျိုးနွယ် ဂြိုဟ်သားရဲ့ အင်အားက ဘယ်လောက် ကြောက်စရာကောင်းမလဲ။"
"သူသာ နတ်ဓားဂိုဏ်းထဲမှာ ပုန်းနေရင် ခင်ဗျား သွားတာ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ အဲဒီ သွေးနက်မျိုးနွယ် ဂြိုဟ်သား မရှိရင်တောင်... ခင်ဗျားအဘိုးက သွေးမွေးမြူရေး အလောင်းကောင် ဖြစ်သွားပေမဲ့ အင်အားက ရှိနေသေးတယ်။ ခင်ဗျားက ဘာလုပ်နိုင်မှာလဲ။"
လင်းချန်၏ စကားများကြောင့် ကောပန်လီ တဖြည်းဖြည်း စိတ်ငြိမ်သွားပြီး ပြန်ထိုင်လိုက်သည်။
အဘိုးဖြစ်သူ၏ အခြေအနေကြောင့် သူ အသိစိတ် လွတ်သွားခြင်း ဖြစ်၏။ လင်းချန် ပြောပြမှ သတိပြန်ဝင်လာရသည်။
ကောပန်လီ သက်ပျင်းချလိုက်သည်။ "ဒါဆိုရင် ဂျူနီယာညီလေး... ငါတို့ အခု ဘာဆက်လုပ်ကြမလဲ။"
လင်းချန်က တိတ်ဆိတ်စွာ စဉ်းစားနေပြီးနောက် ခေါင်းမော့လာသည်။ "ပထမဆုံးအနေနဲ့... သွေးမွေးမြူရေး အလောင်းကောင် ဖြစ်သွားတဲ့ ကောယွဲ့ဖေးက ရှန်ထျန်းဂိုဏ်းနဲ့ တိတ်တဆိတ် သဘောတူညီမှုယူပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းတာ ၊ လက်အောက်ခံလုပ်ဖို့ ပြောတာတွေကို ကြည့်ရင် သူတို့က သွေးနက်မျိုးနွယ်နဲ့ အဆက်အသွယ် ရှိနေလောက်တယ်။"
"ဒါတစ်ခုတည်းနဲ့တော့ ကောက်ချက်ချလို့ မရသေးဘူး။ ဒါပေမဲ့ ရှန်ထျန်းဂိုဏ်းချုပ် ကျန်းတင်းယွင်က တစ်ယောက်ယောက် ရောက်လာတာနဲ့ ကမ်းရိုးတန်းပြည်နယ်ကို ဖျက်ဆီးပြီး ကြီးစိုးတော့မယ်လို့ ပြောဖူးတယ်။ အဲဒီလူက သွေးနက်မျိုးနွယ်ရဲ့ အစွမ်းထက်တဲ့ ဂြိုဟ်သားပဲ ဖြစ်ရမယ်လို့ ငါ သေချာပေါက် ပြောရဲတယ်။ အဲဒီ သွေးနက်မျိုးနွယ်က ကမ်းရိုးတန်းပြည်နယ်က ဘယ်အင်အားစုကိုမှ မတိုက်ခိုက်ဘဲ ခြေရာလက်ရာ မကျန်ခဲ့တာကို ကြည့်ရင် ကျန်းတင်းယွင်ရဲ့ စကားအရ သူတို့ တစ်နေရာရာမှာ ပြင်ဆင်နေကြတာ ဖြစ်မယ်။"
လင်းချန်၏ သုံးသပ်ချက်ကို ကြားသည့်အခါ အားလုံး သဘောပေါက်သွားကြပြီး အလွန် ကျိုးကြောင်းဆီလျော်သဖြင့် ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။
လေချန်၏ မျက်နှာထက်၌ အံ့ဩသည့် အမူအရာများ ပေါ်လာသည်။
"ထူးဆန်းလိုက်တာ ခေါင်းဆောင်။ အဲဒီတုန်းက ခင်ဗျားမှ မရှိတာ... ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်လိုလုပ် သိတာလဲ။"
တင်းကျစ်ရုံနှင့် အခြားလေးယောက်သည်လည်း သတိရသွားပြီး လင်းချန်ကို နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။
လင်းချန်က ရယ်မောလိုက်သည်။
"ဟားဟား... စီနီယာ ကျန်းကျွင်းချန်ကို မင်းတို့ မေ့နေကြတာလား။"
ကျန်းကျွင်းချန်သည် ထိုကမ္ဘာငယ်၏ သခင်ဖြစ်ပြီး ကာကွယ်ရေး အစီအရင်များမှတစ်ဆင့် ရှေးဟောင်းအမွေအနှစ်နယ်မြေ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို ရှင်းလင်းစွာ စောင့်ကြည့်နိုင်၏။
ထိုစဉ်က လင်းချန်သည် ကမ္ဘာငယ်အတွင်းမှနေ၍ ပြင်ပအခြေအနေများကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ကျန်းတင်းယွင်တို့အဖွဲ့ ထွက်ခွာသွားပြီးမှသာ ဂိုဏ်းချုပ်ဟိုင်နှင့် ဂိုဏ်းချုပ်မေတို့ကို သိုလှောင်လက်စွပ်များ ပေးရန် ထွက်လာခဲ့သည်။
လင်းချန် သတိပေးလိုက်မှ လေချန်လည်း သဘောပေါက်သွားသည်။
လင်းချန်နှင့် လေချန်တို့၏ နားလည်မှုရှိပုံကို မြင်သည့်အခါ တင်းကျစ်ရုံနှင့် အခြားသူများ ပို၍ ဇဝေဇဝါ ဖြစ်သွားပြီး စပ်စုချင်စိတ်ဖြင့် ကြည့်နေကြ၏။
လင်းချန်က လက်ကာပြလိုက်သည်။
"ကဲပါ... ဒါနဲ့ပတ်သက်ပြီး ပြောစရာ သိပ်မရှိပါဘူး။ အခု ငါတို့ အာရုံစိုက်ရမယ့် ပြဿနာက... ငါ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ကမ်းရိုးတန်းပြည်နယ်မှာ ကြီးမားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်လာတော့မယ်။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၁ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team