← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၂

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

လင်းချန်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ "ကောင်းကင်အပြောင်းအလဲ..."

သူ၏ စကားကို ကြားသည့်အခါ အခြားသူများက သဘောတူသောအနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

"အင်း... ကောင်းကင်အပြောင်းအလဲက ငါတို့ဆီ ရောက်လာတော့မယ်။"

ရှန်ထျန်ဂိုဏ်းသည် ကမ်းရိုးတန်းပြည်နယ်၌ အင်အားအကြီးဆုံး အင်အားစုဖြစ်ပြီး မဟာလှံတံဂိုဏ်းနှင့် သားရဲသခင်ဂိုဏ်းတို့သည်လည်း သူတို့နှင့် မဟာမိတ်ပြုထားသည့် အင်အားစုများ ဖြစ်ကြ၏။

အပေါ်ယံကြည့်လျှင် နတ်ဓားဂိုဏ်း ၊ ဓားနတ်ဘုရားဂိုဏ်းနှင့် အနီးနားရှိ မဟာမိတ်ပြုထားသည့် ဂိုဏ်းများသည် ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်း၏ အင်အားအောက် တစ်ဆင့်နိမ့်နေ၏။

သို့သော် ရှန်ထျန်ဂိုဏ်း မသိထားသည့် အချက်မှာ စစ်ဧကရာဇ် ဝေဝူရွှမ် အသက်ရှိသေးသည်ဟူသော အချက်ပင်။

အကယ်၍သာ ရှန်ထျန်ဂိုဏ်းက သိရှိသွားလျှင် သို့မဟုတ် သူ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီဟု နားလည်သွားလျှင် သူတို့ တွန့်ဆုတ်သွားကြမည်မှာ အသေအချာပင်။

ဝေဝူရွှမ် ကမ်းရိုးတန်းပြည်နယ်သို့ ပထမဆုံးအကြိမ် ပြန်ရောက်လာစဉ်က တစ်ပြည်နယ်လုံးကို တုန်လှုပ်စေခဲ့ပြီး အရာအားလုံး ငြိမ်သက်သွားခဲ့ကြောင်း လင်းချန် သိရှိထား၏။

သို့သော် လက်ရှိ အခြေအနေသည် သိပ်ပြီး ကောင်းမွန်လှသည် မဟုတ်ပေ။

လင်းချန်၏ ခန့်မှန်းချက်အရ ကမ်းရိုးတန်းပြည်နယ်မှ ဂိုဏ်းအချို့သည် သွေးနက်မျိုးနွယ်နှင့် ပူးပေါင်းကြံစည်နေပါက ဝေဝူရွှမ် တစ်ဦးတည်း၏ အင်အားကိုသာ အားကိုးနေရလျှင် ပြည်နယ်တစ်ခုလုံး ယခင်ကကဲ့သို့ တည်ငြိမ်နိုင်မည်လား ဆိုသည်မှာ မသေချာပေ။

ဝေဝူရွှမ်သည် သည် သေခြင်းရှင်ခြင်းနယ်ပယ် အဆင့်ရှိသူတစ်ဦး ဖြစ်ပြီး ထိုနယ်ပယ်ကို နယ်ပယ်ငယ် လေးခုအဖြစ် ခွဲခြားထား၏။

ခန္ဓာနယ်ပယ်သည် ပထမဆုံး နယ်ပယ်ဖြစ်ပြီး ဤအဆင့်ကို အောင်မြင်စွာ ရောက်ရှိရန် ခန္ဓာကပ်ဘေးကို ခံနိုင်ရည်ရှိရမည် ဖြစ်သည်။

ခန္ဓာကပ်ဘေးဆိုသည်မှာ နှလုံးသားအတွင်းမှ မီးလျှံများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသည့် သွေးများကို လောင်ကျွမ်းစေကာ အသားများကို မီးလျှံဖြင့် ဝါးမြိုခြင်း ဖြစ်၏။

ခန္ဓာကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် ခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားများ ၊ အရိုးများနှင့် အရေပြားတို့သည် ကမ္ဘာမြေကို တုန်လှုပ်စေသည့် ပြောင်းလဲမှုများကို ကြုံတွေ့ရမည် ဖြစ်၏။ အထူးသဖြင့် နှလုံးမီးလျှံ၏ မူလအစဖြစ်သော နှလုံးသားနှင့် လောင်ကျွမ်းနေသည့် သွေးများ ဖြစ်၏။

ခန္ဓာကပ်ဘေးကို ခံနိုင်ရည်ရှိသွားပါက နှလုံးသည် ကြံ့ခိုင်သန်မာလာပြီး သာမန် တိုက်ခိုက်ချက်များကို ပြီးပြည့်စုံစွာ ခုခံနိုင်မည် ဖြစ်သည်။ ဓားဖြင့် အထိုးခံရလျှင်ပင် သေဆုံးမည် မဟုတ်ဘဲ ၊ ဓားကို ဖယ်ရှားလိုက်ပါက တစ်နာရီအတွင်း ပြန်လည် ကောင်းမွန်လာနိုင်၏။

နှလုံးတစ်ခုလုံးကို ပြင်းထန်သည့် အင်အားဖြင့် ချေမှုန်းဖျက်ဆီးမှသာလျှင် သတ်ဖြတ်နိုင်ပေလိမ့်မည်။

ခန္ဓာကပ်ဘေး ပြီးဆုံးသွားသည့်အခါ ခန္ဓာကိုယ်အနှံ့ရှိ သွေးများသည် အသစ်တဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ ပြောင်းလဲသွားမည် ဖြစ်၏။

ဒုတိယဖြစ်သည့် စွမ်းအားနယ်ပယ်တွင် စွမ်းအားကပ်ဘေးကို ရင်ဆိုင်ရမည် ဖြစ်သည်။

ရုပ်ခန္ဓာသည် ခွန်အားနှင့် တိုက်ရိုက် ပတ်သက်မှု ရှိနေသော်လည်း စိတ်ဝိညာဉ်စွမ်းအင်သည် သိုင်းဝိညာဉ်ပညာရှင်တစ်ဦး၏ စွမ်းအားကို တိုက်ရိုက် ဖော်ပြနေခြင်း ဖြစ်၏။

စွမ်းအားကပ်ဘေးသည် မိုးကြိုးနှင့် လျှပ်စီးများကို ထုတ်လွှတ်ပြီး ဒန်တျန်နှင့် သွေးကြောများတစ်လျှောက် စီးဆင်းစေကာ စိတ်ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက် သန့်စင်ပေးသည်။

အကယ်၍ အောင်မြင်ပါက စိတ်ဝိညာဉ်စွမ်းအင်၏ အရည်အသွေးသည် ကြီးမားသည့် ပြောင်းလဲမှုကို ကြုံတွေ့ရမည်ဖြစ်ပြီး အတိတ်ကနှင့် မယှဉ်နိုင်သည့် စွမ်းအားကို ရရှိစေမည် ဖြစ်၏။

သို့သော် စွမ်းအားကပ်ဘေးကို ကျရှုံးပါက သွေးကြောများနှင့် ဒန်တျန်တို့ ထိခိုက်ပျက်စီးသွားမည် ဖြစ်သည်။ ခွန်အား ထိခိုက်ရုံသာမက ကျင့်ကြံခြင်းလမ်းကြောင်းသည်လည်း ယခင်ကထက် ပိုမို ခက်ခဲကြမ်းတမ်းသွားပေလိမ့်မည်။

တတိယဖြစ်သည့် စိတ်ဝိညာဉ်နယ်ပယ်သည် သိုင်းဝိညာဉ်နှင့် သက်ဆိုင်သည်။ ဤနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်သည့်အခါ ဒန်တျန်အတွင်းရှိ သိုင်းဝိညာဉ်ကို မမြင်နိုင်သော လေပြင်းများက မွှေနှောက်တိုက်ခိုက်မည် ဖြစ်၏။

ထိုပုံသဏ္ဍာန်မဲ့ လေပြင်းသည် သိုင်းဝိညာဉ်ကိုသာ ထိခိုက်စေနိုင်သည်။ စိတ်ဝိညာဉ်ကပ်ဘေး ကျရောက်လျှင် ကျင့်ကြံသူသည် အတွင်းရှိသိုင်းဝိညာဉ်ကို ခံနိုင်ရည်ရှိစေရန် စိတ်ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော် အားဖြည့်ပေးနိုင်၏။

ထိုသည်မှာ သိုင်းဝိညာဉ်ပညာရှင်တစ်ဦး၏ အခြေခံအုတ်မြစ်ကို စမ်းသပ်သည့် အချိန်ပင်။ နိဗ္ဗာန်စက်ဝန်းတစ်သွယ်တည်းဖြင့် နယ်ပယ်ချိုးဖောက်ခဲ့သူများအနေဖြင့် သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် ပါရမီ လုံလောက်မှု ရှိမရှိ ဆိုသည်မှာ မေးခွန်းထုတ်စရာပင်။

ဆေးဝါးများနှင့် ကံကောင်းထောက်မစွာ ရရှိသည့် အခွင့်အရေးများကြောင့် သေခြင်းရှင်ခြင်းနယ်ပယ်၏ စိတ်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိသွားပြီး စိတ်ဝိညာဉ်ကပ်ဘေးကို ကြိုးစား ကျော်ဖြတ်လျှင်ပင် သူတို့၏ သိုင်းဝိညာဉ်သည် ပုံသဏ္ဍာန်မဲ့ လေပြင်းများကို ခံနိုင်ရည်ရှိချင်မှ ရှိပေလိမ့်မည်။

လင်းချန်ကဲ့သို့ နိဗ္ဗာန်စက်ဝန်း ၁၂ သွယ်ပြီးမြောက်ထားသော ထူးခြားသည့် လူသားတစ်ဦးအတွက်မူ စိတ်ဝိညာဉ်ကပ်ဘေးကို ကျော်ဖြတ်ခြင်းသည် လေညင်းခံသကဲ့သို့ လွယ်ကူပေလိမ့်မည်။

အကယ်၍ စိတ်ဝိညာဉ်ကပ်ဘေးကို မကျော်ဖြတ်နိုင်ပါက ကံအကောင်းဆုံး အခြေအနေတွင် သိုင်းဝိညာဉ်၏ အရည်အသွေး ကျဆင်းသွားပြီး ထူးခြားသည့် စွမ်းရည်များကို ထိခိုက်စေမည် ဖြစ်သည်။ အဆိုးရွားဆုံး အခြေအနေတွင်မူ သိုင်းဝိညာဉ်မှာ လုံးဝ ပျက်ဆီးသွားတော့ပြီး အသုံးမကျသည့် လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

နှလုံးသားနယ်ပယ်ဆိုသည်မှာ သေခြင်းရှင်ခြင်းနယ်ပယ်၏ နောက်ဆုံးနှင့် အခက်ခဲဆုံးနယ်ပယ်ဖြစ်၏။

ဝေဝူရွှမ်သည် ဒဏ်ရာများမှ အနည်းငယ် ပြန်လည်ကောင်းမွန်လာသည်နှင့် ဤနယ်ပယ်သို့ သေချာပေါက် ဖောက်ထွက်နိုင်မည် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် နှလုံးသားကပ်ဘေးကိုလည်း ကြုံတွေ့ရမည် ဖြစ်၏။

နှလုံးသားကပ်ဘေးသည် အသိစိတ်ပင်လယ်ထဲ၌ တိုက်ရိုက် ပေါ်ပေါက်လာပြီး စိတ်ဝိညာဉ်ကို စမ်းသပ်ရန် ပတ်ဝန်းကျင်အမျိုးမျိုးကို ဖန်တီးသည်။

သိုင်းဝိညာဉ်ပညာရှင်တစ်ဦး၏ နှလုံးသားနယ်ပယ် မခိုင်မာလျှင် ၊ ထင်ယောင်ထင်မှား ပုံရိပ်အမျိုးမျိုးမှ ရုန်းမထွက်နိုင်လျှင် ၊ သူတို့သည် မိစ္ဆာနှလုံးသားနယ်ပယ်ထဲတွင် ထာဝရ လမ်းပျောက်သွားပေလိမ့်မည်။

အကယ်၍ မိစ္ဆာနှလုံးသားနယ်ပယ်ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ပါက နှလုံးသားကပ်ဘေးကို ကျော်ဖြတ်နိုင်သည့် စိတ်ဝိညာဉ်သည် သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး ဉာဏ်အလင်းပွင့်ခြင်းကိုပင် ရရှိနိုင်ရာ ကျင့်ကြံခြင်းလမ်းကြောင်းတွင် များစွာ အထောက်အကူ ပေလိမ့်မည်။

သို့သော် မိစ္ဆာနှလုံးသားနယ်ပယ်ကို မဖောက်ထွက်နိုင်ဘဲ ထာဝရ လမ်းပျောက်သွားပါက စိတ်ဝိညာဉ်အမြုတေသည် လုံးဝ ဝါးမြိုခံလိုက်ရမည် ဖြစ်ပြီး ဘာမှမရှိသည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။

သို့သော် လင်းချန် သူ့ဆရာကို ယုံကြည်၏။ ဝေဝူရွှမ် နှလုံးသားကပ်ဘေးကို ကျော်ဖြတ်နိုင်မည်ဟု သေချာပေါက် ယုံကြည်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ဆရာသည် တစ်ချိန်က စိတ်ဝိညာဉ်ကို နှိပ်စက်သည့် အချိန်တိုင်း နာကျင်မှုကို ဖြစ်စေသော အဆိပ်သင့်ခြင်းကို ခံစားခဲ့ရဖူးသောကြောင့်ပင်။

သူ့ကဲ့သို့ ဇာတ်ကောင်သည် ဘုန်းအာဏာမှ ကျဆင်းပြီး အကျဉ်းထောင်ကျွန်းကဲ့သို့ နေရာမျိုးသို့ ရောက်ရှိသွားသည့်တိုင် အဆုံးသတ်၌ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့သူ ဖြစ်၏။

ဤအရာအားလုံးကို ဖြတ်သန်းခဲ့ပြီးဖြစ်ရာ သူသည် နှလုံးသားနယ်ပယ်သို့ တက်လှမ်းရာတွင် သေချာပေါက် အောင်မြင်ပေလိမ့်မည်။

လင်းချန်၏ စိုးရိမ်ပူပန်နေသည့် မျက်နှာထားကို မြင်သောအခါ ကောပန်လီက နှစ်သိမ့်လိုက်သည်။ "ဆရာ့အနေနဲ့ သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ နှလုံးသားနယ်ပယ်ကို ဖောက်ထွက်ဖို့ အချိန်ပဲ လိုလိမ့်မယ်။ သူ သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ စိတ်ဝိညာဉ်နယ်ပယ်မှာ ရှိတုန်းကတောင် ကမ်းရိုးတန်းပြည်နယ်မှာ အသန်မာဆုံး ပုဂ္ဂိုလ်လေ။ နှလုံးသားနယ်ပယ်ကို ရောက်သွားရင် ဘယ်လောက်တောင် တားဆီးလို့မရတဲ့ အစွမ်းထက်သူ ဖြစ်လာမလဲ။"

လင်းချန်ကလည်း ခေါင်းညိတ်လိုက်၏။ "ဆရာသာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာရင် ပြိုင်ဘက်ကင်း အင်အားတစ်ခုရဲ့ ရှေ့မှောက်မှာ အရာအားလုံးက အယောင်ဆောင်တွေ ဖြစ်သွားမှာပဲ။"

ကောပန်လီ၏ စကားကြောင့် တင်းကျစ်ရုံနှင့် အခြားသူများ အံ့ဩသင့်သွားကြသည်။ "စစ်ဧကရာဇ်က မသေသေးဘူးလား။"

လင်းချန်က သူ့ရှေ့မှ လူများကို ခေါင်းညိတ်ပြလိုက်၏။ "အင်း... ဒီအခြေအနေရောက်မှတော့ မင်းတို့ကို ဖုံးကွယ်ထားစရာ မရှိတော့ဘူး။ အဲဒီ ဈာပနဆိုတာ ဟန်ပြသက်သက်ပဲ။"

လင်းချန်၏ စကားကို ကြားပြီးနောက် တင်းကျစ်ရုံနှင့် အခြားသူများသည် ဦးစွာ အံ့ဩသွားကြပြီး ထို့နောက် အတိုင်းအဆမဲ့ ပျော်ရွှင်သွားကြ၏။

သူတို့၏ နှလုံးသားထဲ၌ စစ်ဧကရာဇ်ဆိုသူမှာ လွန်ခဲ့သည့် နှစ်များအတွင်း နတ်ဓားဂိုဏ်း၏ စိတ်ဓာတ်မဏ္ဍိုင် ဖြစ်ခဲ့သည်။

တစ်ချိန်က နတ်ဓားဂိုဏ်း၏ နယ်မြေပိုင်နက်အခြေအနေသည် အန္တရာယ် နှုတ်ခမ်းဝသို့ ရောက်ရှိနေပြီး ရှန်ထျန်ဂိုဏ်းသည် ဂိုဏ်းတံခါးဝသို့ပင် ရောက်ရှိနေခဲ့သည်။ ထိုအချိန်၌ စစ်စကရာဇ် ကမ်းရိုးတန်းပြည်နယ် ပြင်ပမှ ပြန်ရောက်လာခဲ့ခြင်း ဖြစ်၏။

သူ၏ အင်အားတစ်ခုတည်းဖြင့် ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းကို ဆုတ်ခွာသွားစေခဲ့ရုံသာမက သူတို့ သိမ်းယူထားသည့် နယ်မြေများကို ပြန်ပေးစေခဲ့ပြီး နတ်ဓားဂိုဏ်းကို သူတို့၏ ကိုယ်ပိုင်နယ်မြေ အများအပြားကိုပင် ပေးအပ်စေခဲ့သည်။

သူ ကွယ်လွန်သွားပြီဟု သိလိုက်ရသည့်အခါ သူတို့ အလွန် ဝမ်းနည်းခဲ့ရသော်လည်း အမှန်တရားသည် ဤမျှ ပျော်ရွှင်စရာ ကောင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

လင်းချန်က လေချန်ဘက်သို့ လှည့်ကြည့်လိုက်၏။ "လေချန်... မင်းအဘိုးနဲ့ ငါ့ရဲ့ စီနီယာဦးလေး ချင်ဝူရွှမ်ကို အကြောင်းကြားလိုက်။ ဒီည အခြေအနေ အသေးစိတ် ဆွေးနွေးဖို့ ယုံကြည်ရတဲ့ ဂိုဏ်းသားတွေကို မော်ချင်းတောင်မှာ စုဝေးခိုင်းလိုက်။ မှတ်ထား... အယုံကြည်ရဆုံးလူတွေ ဖြစ်ရမယ်။"

လေချန်က ထွက်ခွာရန် အလျင်အမြန် ထရပ်လိုက်သည်။ "နားလည်ပါပြီ... ခေါင်းဆောင်။"

လေချန်ကို မှာကြားပြီးနောက် လင်းချန် ဆက်ပြီး သူ့စီနီယာအစ်ကို ကောပန်လီဘက်သို့ လှည့်ကြည့်လိုက်သည်။ "စီနီယာအစ်ကို... စီနီယာအစ်ကိုက လျှို့ဝှက်တောင်ကြား အဝင်ဝကို သွားပြီး အဲဒီမှာ ဂါရဝပြုတွေ့ဆုံဖို့ စောင့်နေပေးပါ။ အခြေအနေအရ သူက စီနီယာအစ်ကို့ကို သေချာပေါက် တွေ့ချင်မှာ မဟုတ်ဘူး။ ကိစ္စမရှိဘူး အဲဒါက ငါတို့ လိုချင်တဲ့ ပုံစံပဲ။ သူ့ကို အဲဒီမှာ ထိန်းထားချင်တာ။ တကယ်လို့ သူ လျှို့ဝှက်တောင်ကြားကနေ ထွက်လာရင် ငါ့ကို ချက်ချင်း အကြောင်းကြားပါ။"

ကောပန်လီက ခေါင်းရမ်းလိုက်သည်။ "ဟင်း... ငါ့အဘိုးက သွေးမွေးမြူရေး အလောင်းကောင် ဖြစ်သွားပြီဆိုပေမဲ့ သူက သေခြင်းရှင်ခြင်းနယ်ပယ်မှာ ရှိနေတုန်းပဲ။ သူ လျှို့ဝှက်တောင်ကြားက ထွက်လာရင်တောင် ငါက ဘာမှ သိမှာ မဟုတ်ဘူး။ ပြီးတော့ မင်းကို ဘယ်လိုလုပ် အချိန်မီ အကြောင်းကြားနိုင်မှာလဲ။ ငါ့ကို နောက်မနေပါနဲ့ကွာ။"

"တောက် တောက် တောက်။"

ကြည်လင်ပြတ်သားသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ကောပန်လီ ပြောပြီးသည်နှင့် လင်းချန်က လက်ကို မြှောက်လိုက်ပြီး တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော ကျောက်စိမ်းပြား တစ်ခုကို ပြသလိုက်သည်။

"သိပ္ပံနဲ့ နည်းပညာဆိုတာ လူသားတို့သမိုင်းကို တိုးတက်ပြောင်းလဲစေတယ်ဆိုတဲ့ ဆိုရိုးစကား ရှိတယ်။ အဆင့်မြင့် တီထွင်ဖန်တီးမှုက ထွက်လာတဲ့ ပစ္စည်းတွေ ဘာလုပ်နိုင်လဲ ဆိုတာကို စီနီယာအစ်ကို နားလည်ဖို့ ခက်လိမ့်မယ်။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters