← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၄

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ဟွာရှာအင်ပါယာ၌ ကျောက်စိမ်းစားသုံးခြင်းသည် အဆန်းတကြယ်ကိစ္စ မဟုတ်ပေ။ လင်းချန် ရယ်လိုက်ကာ ကောပန်လီအား အရသာရှိသည့် ကျောက်စိမ်းပြား အချပ်ရေတစ်ရာကျော်ကို တစ်ခါတည်း ပေးလိုက်၏။

ကောပန်လီ ထွက်ခွာသွားပြီးနောက် အခြားသူများကလည်း စူးစမ်းလိုစိတ်ဖြင့် မြည်းစမ်းကြည့်ချင်သဖြင့် လင်းချန်ထံမှ တောင်းယူကြသည်။

သို့သော် သူတို့ မစားမီတွင် အနည်းငယ် စိတ်မသန့် ဖြစ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် လင်းချန်နှင့် ကောပန်လီတို့ ပေါင်းပြီး သူတို့ကို နောက်ပြောင်ကျီစယ်မည်ကို စိုးရိမ်နေကြသောကြောင့်ပင်။

ပြွတ်... ပြွတ်...

နောက်တစ်ခဏတွင် ထိုအသံသည် ခြံဝင်းတစ်ခုလုံး၌ ပျံ့လွင့်သွားပြီး လူတိုင်း ဝါးရင်း ခေါင်းညိတ်ကာ အရသာခံနေကြသည်။

လီလဲ့ထျန်၏ မျက်လုံးများ ပြူးကျယ်သွား၏။ “ဒီအရသာက တကယ်ကို မယုံနိုင်စရာပဲ။ အရမ်းချိုပြီး အေးမြတယ်။ ဦးနှောက်တစ်ခုလုံး အေးစိမ့်သွားသလိုပဲ... တော်တော် စိတ်လှုပ်ရှားစရာ ကောင်းတယ်။”

လင်းချန်သည်လည်း ကျောက်စိမ်းကို ဝါးနေ၏။ “အဲဒါကို ပူရှိန်းအရသာလို့ ခေါ်တယ်။ ဘာလို့ အဲဒီလို ခေါ်လဲတော့ ငါ့ကို လာမမေးနဲ့။ အဲဒီလို ခံစားရလို့ ခေါ်တာပဲ။”

ယီလင်းကလည်း စူးစမ်းလိုစိတ်ဖြင့် မေး၏။ “ကိုကြီးလင်းချန်... ပိုင်ရန်နဲ့ ညီမဟာကရော။”

လင်းချန်က ပြန်ဖြေလိုက်သည်။ “ဖရဲသီးအရသာလေ။”

ရုတ်တရက် ကျောက်ဟိုင်မင်းက တင်းကျစ်ရုံကို အော်ဟစ်လိုက်၏။ “ဘုရားရေ... တင်းကျစ်ရုံ... မင်း ရူးသွားပြီလား။ ဒါ ဘာအနံ့ကြီးလဲ။”

ကြောင်အမ်းအမ်းဖြစ်နေသည့် တင်းကျစ်ရုံကို ကြည့်ရင်း လင်းချန်လည်း လန့်သွားသည်။ “ဒူးရင်း... ဒူးရင်းသီးအရသာလား။”

အနံ့ကို ရလိုက်သည်နှင့် လင်းချန် ချက်ချင်း နားလည်သွားပြီး ဒူးရင်းသီးအရသာနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ ထပ်မံ မထုတ်လုပ်ရန် ကောင်းကင်လက်မှုပညာဌာနကို အမြန်ဆုံး အကြောင်းကြားလိုက်၏။

ထိုအခိုက်မှာပင်း လေချန် တစ်ယောက် ခြံဝင်းထဲသို့ အပြေးအလွှား ဝင်ရောက်လာပြီး အံ့ဩတကြီး အော်ဟစ်လိုက်သည်။ “ခေါင်းဆောင်... ဘာဖြစ်ကြတာလဲ။ ဘယ်ကောင် ဒီခြံဝင်းထဲ ချီးပါချတာလဲ။”

**--**--**--**--**--**--**--**

အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် နတ်ဓားဂိုဏ်း၏ နက်ရှိုင်းသည့် နေရာရှိ လျှို့ဝှက်တောင်ကြား အဝင်ဝတွင် ဖြစ်၏။ ကောပန်လီက ကုလားထိုင်တစ်လုံးကို ဆွဲယူကာ အဝင်ဝ၌ ဝင်ထိုင်လိုက်သည်။

ထိုင်ပြီးနောက် ကောပန်လီက ခေါင်းမော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အဘိုး... အဘိုးရဲ့ မြေး လာတွေ့တာပါ။ ကျွန်တော့်ကို ဝင်ခွင့်ပြုပြီး စကားပြောခွင့်ပေးပါ။”

အော်ဟစ်ပြီးနောက် ကောပန်လီ တောင်ကြားထဲသို့ စူးစိုက်ကြည့်ကာ အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

အိုမင်းနေသည့် အသံတစ်ခုက တောင်ကြားအတွင်းပိုင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး အဝေးမှ ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်နေ၏။ “မင်းရဲ့ ညီအစ်ကိုတွေနဲ့ လက်အောက်ငယ်သားတွေကိစ္စအတွက် အဘိုးက လုပ်ကြံတဲ့သူတွေကို လိုက်လံဖမ်းဆီးဖို့ စီစဉ်ထားပြီးပြီ။ ငါ တံခါးပိတ်ကျင့်ကြံနေတယ်။ လာမနှောင့်ယှက်နဲ့။”

ကောပန်လီက မဲ့ပြုံးပြုံးလိုက်ပြီး မတ်တတ်ရပ်ကာ ကုလားထိုင်ကို ဆွဲယူ၍ ထိုနေရာမှ ထွက်ခွာသွားသကဲ့သို့ လှည့်ထွက်လိုက်သည်။ သို့သော် အမှန်တကယ်တွင် သူသည် တိတ်တဆိတ် ပြန်လှည့်လာပြီး အဝင်ဝအနီးရှိ တောင်ကုန်းတစ်ခုပေါ်တွင် နေရာယူလိုက်၏။

ကောပန်လီ၏ မျက်နှာထက်၌ ဒေါသများ အပြည့်ဖြစ်နေပြီး လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ “သေချာတာပေါ့... ဂျူနီယာညီလေး သံသယရှိသလိုပဲ။ သူ ငါ့ကို တကယ် အတွေ့မခံဘူး။”

“တောက်... ခွေးမသား ဂြိုဟ်သားတွေ... ငါ့အဘိုးကိုတောင် ထိပါးရဲကြတယ်ပေါ့လေ။”

သူ့ကိုယ်သူ ဖြည်းဖြည်းချင်း တည်ငြိမ်အောင် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီးနောက် ကောပန်လီ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်၏။ သူသည် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားပုံရပြီး လုံးဝ ခန့်မှန်း၍ မရနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

တစ်ချိန်တည်းမှာပင် ကောပန်လီ သူ၏ စိတ်ဝိညာဉ်အာရုံကို လေပြေလေညင်းနှင့် ပေါင်းစပ်လိုက်၏။ ပုန်းခိုခြင်းစွမ်းရည်၏ အားသာချက်ကို အသုံးပြုထားသဖြင့် သေချာ အာရုံမခံဘဲနှင့် သူ့စိတ်ဝိညာဉ်အာရုံကို မည်သူမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကောပန်လီသည် တောင်ကြားအတွင်းမှ အရာအားလုံးကို အလွန်ရှင်းလင်းစွာ မခံစားနိုင်သော်လည်း ၊ ယခုအခါ သွေးအလောင်းကောင်အဖြစ် ပြောင်းလဲခံထားရသည့် သူ့အဘိုး ထိုနေရာတွင် ရှိနေသည်ကိုတော့ သိရှိနိုင်သည်။

ထိုအချက်ကို သိရုံဖြင့် ကောပန်လီ၏ ရည်ရွယ်ချက် ပြည့်မြောက်ပြီ ဖြစ်၏။

မော်ချင်းတောင်၏ မြင့်မားသည့် နေရာ၌ လေချန်သည် ချင်ဝူရွှမ်နှင့် အဘိုးလေဟန်တို့ကို ခေါ်ဆောင်လာသည်။ သူတို့၏ အနောက်တွင် တစ်ချိန်က သေခြင်းရှင်ခြင်း တိုက်ပွဲကို ကြီးကြပ်ခဲ့သည့် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲနှင့် ခေတ်ပြိုင်အကြီးအကဲများ ရပ်နေကြ၏။

ဂိုဏ်းတစ်ခုလုံး၏ ထိပ်တန်းတိုက်ခိုက်ရေးအင်အား အများစုသည် ယခု ထိုခြံဝင်းထဲတွင် ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ သူတို့သည်လည်း ဂိုဏ်းအတွင်း ကြီးမားသည့် အာဏာကို ဆုပ်ကိုင်ထားသူများ ဖြစ်ကြ၏။

မကြာမီ ခြံဝင်းတစ်ခုလုံး၌ ထိုင်ခုံများ ခင်းကျင်းလိုက်ပြီး ချင်ဝူရွှမ် ၊ လေဟန်နှင့် အကြီးအကဲတစ်သိုက်တို့ ဝင်ထိုင်လိုက်ကြသည်။

လေချန်နှင့် အခြားတပည့်များကမူ အနောက်ဘက်တွင် တိတ်ဆိတ်စွာ ဝင်ထိုင်လိုက်ကြ၏။ လင်းချန်တစ်ယောက်တည်းသာ မတူညီဘဲ အားလုံးကို မျက်နှာမူကာ ထိုင်နေသည်။

တောင်၏ အစီအရင်ကို အပြည့်အဝ အသက်သွင်းလိုက်ပြီး လင်းချန်နှင့် အခြားသူများ ရှိနေသည့် နေအိမ်ကို အစီအရင်အတားအဆီးဖြင့် လုံးဝ ဖုံးလွှမ်းလိုက်ရာ ပြင်ပကမ္ဘာမှ မည်သည့်အသံကိုမျှ ထောက်လှမ်း၍ မရနိုင်တော့ပေ။

ပြင်ဆင်မှုများအားလုံး ပြီးစီးပြီး အရာအားလုံး အဆင်ပြေကြောင်း မြင်သည့်အခါ လင်းချန်သည် သူ့ရှေ့မှ လူများကို ဦးညွှတ်လိုက်၏။ “အကြီးအကဲများ... တပည့် ဂါရဝပြုပါတယ်။”

ချင်ဝူရွှမ်နှင့် အခြားသူများသည် မတ်မတ်ထိုင်လျက် လင်းချန်၏ ဂါရဝပြုမှုကို လက်ခံလိုက်ကြသည်။

လင်းချန်က စကားစတင်လိုက်၏။ “ကျွန်တော် ရှင်းလင်းတင်ပြစရာ ကိစ္စတချို့ ရှိနေလို့ အကြီးအကဲတွေကို ဒီနေရာကို ဖိတ်ခေါ်လိုက်ရတာပါ။”

“ပထမကိစ္စကတော့... ကျွန်တော့်ဆရာ စစ်ဧကရာဇ် ဝေဝူရွှမ် မသေပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ၊ ကျွန်တော် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ မဝင်ခင်တုန်းက ဆရာ့ရဲ့ ဒဏ်ရာတွေကို ကုသနိုင်မယ့် နည်းလမ်းကို တခြား ရှေးဟောင်းနယ်မြေတစ်ခုကနေ ရှာတွေ့ခဲ့ပါတယ်။”

“ကျွန်တော့်ဆရာက အခု လျှို့ဝှက်နေရာတစ်ခုမှာ ကျင့်ကြံနေပါတယ်။ သူ အောင်မြင်စွာ ထွက်လာပြီး သူ့ရဲ့ အထွတ်အထိပ် နယ်ပယ်ကို ပြန်ရောက်ဖို့ သိပ်မကြာတော့ဘူးလို့ ကျွန်တော် ယုံပါတယ်။”

လင်းချန်၏ စကားများသည် အခြေအနေကို သိရှိပြီးသားဖြစ်သည့် ချင်ဝူရွှမ်နှင့် လေဟန်တို့ကို အံ့ဩစေခြင်း မရှိသော်လည်း အခြားအကြီးအကဲများ၏ မျက်နှာပေါ်တွင်မူ ဝမ်းသာပီတိဖြစ်သော အမူအရာများ ပေါ်လာသည်။

လင်းချန် ပြောသည်သာ မှန်ကန်ပါက အကြီးအကဲများ၏ အမြင်တွင် ဂိုဏ်း၏ ကံကြမ္မာသည် သိသိသာသာ ပြောင်းလဲသွားပေလိမ့်မည်။

“စစ်ဧကရာဇ်သာ ထွက်လာရင် ဂိုဏ်းချုပ်ဟောင်းကြီး ကောယွဲ့ဖေး တစ်ယောက်တည်း လုပ်ချင်ရာ လုပ်လို့ ရတော့မှာ မဟုတ်ဘူး။”

“ဟုတ်တာပေါ့... ဂိုဏ်းချုပ်ဟောင်းကြီးက ရှန်ထျန်ဂိုဏ်းရဲ့ ဖိအားပေးတာ ခံနေရတာ ဖြစ်မယ်။ အခု စစ်ဧကရာဇ် အသက်ရှင်နေတယ်ဆိုတာ သေချာသွားရင် ရှန်ထျန်ဂိုဏ်းလည်း မဆင်မခြင် လုပ်ရဲတော့မှာ မဟုတ်ဘူး။”

အကြီးအကဲများ၏ ဆွေးနွေးသံများကို ကြားသည့်အခါ လင်းချန်သည် ပြုံးလိုက်၏။ “အကြီးအကဲတို့... ကျေးဇူးပြုပြီး စိတ်ကို ငြိမ်ငြိမ်ထားပြီး ကျွန်တော် ဆက်ပြောမယ့် စကားကို နားထောင်ပေးပါ။”

လင်းချန်၏ မျက်နှာထားကို မြင်သည့်အခါ သူ့ရှေ့တွင် ထိုင်နေသော ချင်ဝူရွှမ်သည် မကောင်းသည့် နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး နှလုံးသားက အကြောင်းပြချက်မရှိ တင်းကျပ်လာသည်။

လင်းချန်က ဆက်ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းက ကျွန်တော်တို့ ဂိုဏ်းဟာ သွေးနက်မျိုးနွယ် ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ လူသားမျိုးနွယ် တစ်ခုတည်း ရှိတာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သိရှိခဲ့ရပါတယ်။”

“အလားတူပဲ... ကျွန်တော့်ဆရာက သွေးနက်မျိုးနွယ်အကြောင်းနဲ့ သူတို့က ဘယ်လိုမျိုးနွယ်လဲ ဆိုတာကို ပြောပြဖူးပါတယ်။ ဒီမှာ ရှိနေတဲ့သူတွေ အနေနဲ့ သွေးအလောင်းကောင် ဆိုတာ ဘာလဲဆိုတာ နားလည်မယ်လို့ ကျွန်တော် ယုံပါတယ်။”

“ဂိုဏ်းချုပ်ဟောင်းကြီး ကောယွဲ့ဖေးက သေဆုံးသွားပြီ ဖြစ်ပြီး သွေးနက်မျိုးနွယ်တွေရဲ့ လက်ချက်နဲ့ သွေးအလောင်းကောင်အဖြစ် သန့်စင်ခံလိုက်ရပြီ ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။”

“ဝုန်းးး”

လင်းချန်၏ စကားဆုံးသည်နှင့် ချင်ဝူရွှမ် တုန်လှုပ်မှုကြောင့် သူ၏ အရှိန်အဝါကို မထိန်းချုပ်နိုင်တော့ဘဲ ပြင်းထန်သည့် လေပြင်းများ ဖြစ်ပေါ်လာကာ ခြံဝင်းတစ်ခုလုံး ကြမ်းတမ်းစွာ တိုက်ခတ်သွားတော့သည်။

ကောင်းကင်ပျံလွှားနယ်ပယ်။ ထိုသည်မှာ ချင်ဝူရွှမ်၏ လက်ရှိနယ်ပယ် ဖြစ်၏။

သေခြင်းရှင်ခြင်းနယ်ပယ်၏ အောက် ၊ ကောင်းကင်နယ်ပယ်၏ အထက်တွင် ရှိသည့် ထိုနယ်ပယ်သည် သေခြင်းရှင်ခြင်းနယ်ပယ်ထဲသို့ ခြေတစ်ဖက် လှမ်းဝင်ထားသကဲ့သို့ ဖြစ်သည်။

လက်ရှိအချိန်၌ ခြံဝင်းထဲ၌ အသန်မာဆုံး ပုဂ္ဂိုလ်မှာ ချင်ဝူရွှမ် ဖြစ်၏။ သူထံမှ ပေါက်ကွဲထွက်ပေါ်လာသည့် အရှိန်အဝါသည် ဘေးပတ်လည်ရှိ လူအားလုံးကို အလွန် နေရခက်စေသည်။

လင်းချန်က အလျင်အမြန် လှမ်းအော်လိုက်၏။ “ဆရာဦးလေး။”

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters