အခန်း ၁၇၅
Vol. 18 Ch. 175
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၅
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်၏ အော်သံကို ကြားလိုက်ရသည့်အခါ ချင်ဝူရွှမ် တဖြည်းဖြည်း တည်ငြိမ်လာပြီး သူ၏ အရှိန်အဝါများကို ပြန်လည်ထိန်းချုပ်လိုက်ရာ ကြမ်းတမ်းစွာ ပျံ့နှံ့နေမှုများ ရပ်တန့်သွား၏။
ချက်ချင်းပင် ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း စကားမပြောဘဲ မျက်လုံးများကို တိတ်ဆိတ်စွာ မှိတ်ထားလိုက်ကြသည်။ သူတို့သည် ဝမ်းနည်းပူဆွေးမှုထဲတွင် နစ်မြုပ်နေပုံရပြီး ဂိုဏ်းချုပ်ဟောင်းကြီး ကောယွဲ့ဖေးအတွက် တိတ်ဆိတ်စွာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်နေကြပုံရ၏။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ချင်ဝူရွှမ်က အသက်ပြင်းပြင်းရှူကာ လင်းချန်ကို မေးလိုက်၏။ "ဆိုလိုတာက... ရှန်ထျန်ဂိုဏ်းက သွေးနက်မျိုးနွယ် ဂြိုဟ်သားတွေနဲ့ ပူးပေါင်းကြံစည်နေကြတယ်ပေါ့။"
လင်းချန်က ခေါင်းညိတ်လိုက်သော်လည်း သေချာဟန် မရှိပေ။ "စီနီယာဦးလေး... ကျွန်တော့် ခန့်မှန်းချက်ကလည်း ဦးလေးနဲ့ အတူတူပါပဲ။ ဒါပေမဲ့ အတိအကျတော့ မပြောနိုင်သေးပါဘူး။ လက်ရှိ အခြေအနေအရဆိုရင်တော့ ဖြစ်နိုင်ခြေ အတော်များပါတယ်။"
ကောယွဲ့ဖေးသည် သွေးအလောင်းကောင် ဖြစ်သွားပြီး သူ၏ လုပ်ဆောင်ချက်များသည် နောက်ကွယ်ရှိ သွေးနက်မျိုးနွယ်၏ ဆန္ဒများပင် ဖြစ်၏။
သူ၏ စိတ်နေသဘောထား ပြောင်းလဲသွားပြီး ရှန်ထျန်ဂိုဏ်းနှင့် ငြိမ်းချမ်းရေးယူရန် သဘောတူခဲ့ခြင်းမှာ အဘယ်ကြောင့်နည်းဆိုသည်ကို နေရာရှိ လူအားလုံး နောက်ဆုံးတွင် နားလည်သွားကြသည်။
ရုတ်တရက် ချင်ဝူရွှမ် တစ်စုံတစ်ခုကို သတိရသွားပြီး လင်းချန်အား မျက်မှောင်ကြုတ်လိုက်၏။ "လင်းချန်... ကောပန်လီရဲ့ အခြေအနေ ဘယ်လိုရှိလဲ။"
ချင်ဝူရွှမ်က ကောပန်လီအတွက် စိုးရိမ်နေသည်ကို သိသဖြင့် လင်းချန်က ပြောလိုက်သည်။ "စီနီယာအစ်ကိုက ဝမ်းနည်းပူဆွေးပြီး ဒေါသထွက်နေပါတယ်။ သူ့အဘိုးအရင်း ဖြစ်နေတာကိုး။ ဒါပေမဲ့ စီနီယာဦးလေးလည်း သိတဲ့အတိုင်း သူက ဘယ်လောက် ဟာသဉာဏ်ရွှင်လဲ ဆိုတာကိုလေ... သူ့အတွက် သိပ်စိတ်မပူပါနဲ့။"
သူ့စီနီယာအစ်ကိုအကြောင်း လင်းချန် ကောင်းစွာ သိရှိထား၏။ ကောပန်လီ၏ အကောင်းမြင်တတ်သည့် သဘာဝသည် ပုံမှန်မဟုတ်လောက်အောင် ထူးခြားပြီး သူ့စိတ်ကို သာမန်လူများနှင့် မတူအောင် တည်ဆောက်ထားပုံရ၏။
သူသည် ဝမ်းနည်းပြီး ဒေါသထွက်နေမည် ဖြစ်သော်လည်း ထိုအရာက သူ၏ နှလုံးသားနယ်ပယ်ကို လုံးဝ ထိခိုက်စေနိုင်မည် မဟုတ်ပေ။
သူသည် ဒရာမာဘုရင်တစ်ပါးဖြစ်ပြီး အမြဲတမ်း ပျော်ရွှင်နေသည့် လူပြက်တစ်ယောက်ကဲ့သို့ နေတတ်သော်လည်း သူ၏ နှလုံးသားနယ်ပယ်သည် ခံတပ်ကြီးတစ်ခုကဲ့သို့ ခိုင်မာပြီး တုန်လှုပ်ခြင်း မရှိကြောင်း ဝေဝူရွှမ် ပြောဖူးသည်ကို လင်းချန် ကြားဖူး၏။
ကောပန်လီသာ အနာဂတ်၌ သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားပါက နှလုံးသားကပ်ဘေးကို ကျော်ဖြတ်ခြင်းသည် ကလေးကစားစရာကဲ့သို့ လွယ်ကူနေပေလိမ့်မည်ဟု ဝေဝူရွှမ်က ဆိုခဲ့ဖူး၏။
ချင်ဝူရွှမ်မှလွဲ၍ လေဟန် ၊ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲနှင့် အခြားဂိုဏ်းအကြီးအကဲများ အားလုံး အံ့ဩသွားကြပြီး လင်းချန်ကို နားမလည်နိုင် ဖြစ်နေကြကာ ရေရွတ်လိုက်ကြ၏။ "စီနီယာအစ်ကို ဟုတ်လား..."
ချင်ဝူရွှမ်က အခြေအနေကို အားလုံးအား ရှင်းပြလိုက်သည်။ "ကျုပ်အစ်ကို ဝေဝူရွှမ်မှာ တပည့်တစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလေ။ တပည့်အကြီးဆုံးက ကောပန်လီ ဖြစ်ပြီး လင်းချန်က ဒုတိယတပည့်ပဲ။"
ထိုအချက်သည် အကြီးအကဲများစွာကို ပိုမို အံ့အားသင့်သွားစေ၏။ သူတို့နှစ်ဦးသည် ညီအစ်ကိုအရင်းကဲ့သို့ ဆက်ဆံရေးရှိနေသည်ကို အမှန်တကယ် ထင်မှတ်မထားခဲ့ကြပေ။
မည်သို့ပင်ဆိုစေကာမူ... မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ကြားသိရပြီး သူတို့ ဘာမှ မတတ်နိုင်ခဲ့ကြပေ။
ထို့ပြင် သူသည် ဂိုဏ်းချုပ်ဟောင်းကြီး၏ တစ်ဦးတည်းသော မြေးဖြစ်ရုံသာမက ကောင်းကင်နယ်ပယ် အဆင့်ငါး ပါရမီရှင်တစ်ဦးလည်း ဖြစ်ရာ တားဆီးရန် မဖြစ်နိုင်ခဲ့ပေ။
ထို့ကြောင့် လင်းချန်သည် အဖြစ်အပျက်များ၏ အကြောင်းရင်းမှန်ကို အကြီးအကဲများအား ချက်ချင်း ရှင်းပြလိုက်၏။
ပြောသင့်သည်များကို ပြောပြီးနောက် လင်းချန် မတ်တတ်ရပ်လိုက်ပြီး အနောက်ဘက်ရှိ အကြီးအကဲများ ထိုင်နေသည့် နေရာသို့ သွားကာ လေချန်တို့နှင့်အတူ ဝင်ထိုင်လိုက်၏။
ထို့နောက် ချင်ဝူရွှမ်က မတ်တတ်ရပ်လိုက်ပြီး လင်းချန်၏ မူလနေရာတွင် ဝင်ထိုင်ကာ အားလုံးကို မျက်နှာမူလျက် တိတ်ဆိတ်နေလိုက်သည်။
ရုတ်တရက် မည်သူကမျှ ဘာပြောရမည်မသိ ဖြစ်သွားကြ၏။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ချင်ဝူရွှမ်က အသက်ပြင်းပြင်းရှူလိုက်သည်။ "ကဲ... အခု ငါတို့ ဘာလုပ်သင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး အားလုံးရဲ့ သဘောထားကို ပြောကြားဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။"
လေဟန်က ပေါင်ကို ရိုက်ကာ စိတ်လှုပ်ရှားစွာ အကြံပြုလိုက်၏။ "ငါတို့ဘက်က ဦးအောင် တိုက်ခိုက်ပြီး လျှို့ဝှက်တောင်ကြားထဲ ဝင်မယ်။ အဲဒီ သွေးအလောင်းကောင်ကို သတ်ပစ်လိုက်ရင် မကောင်းဘူးလား။ ဒါမှ ဂိုဏ်းချုပ်ဟောင်းရဲ့ ရုပ်အလောင်း ဆက်ပြီး အစော်ကားမခံရတော့မှာလေ။"
လေဟန်၏ အကြံပြုချက်ကို ချင်ဝူရွှမ်က မျှော်လင့်ချက်မဲ့စွာ တုံ့ပြန်လိုက်သည်။ "စီနီယာဦးလေး... ဆရာက သေခြင်းရှင်ခြင်းနယ်ပယ်ကို ဖောက်ထွက်ပြီးသွားပြီ။ အခု စီနီယာအစ်ကို ဝေဝူရွှမ် သာ အပြည့်အဝ ပြန်မကောင်းသေးရင် အဲဒီကို သွားတာက သေလမ်းကို ရွေးတာနဲ့ အတူတူပဲ။"
လေဟန်က ဆက်ပြောလိုက်၏။ "စစ်ဧကရာဇ်ရဲ့ ဒဏ်ရာတွေ ဘယ်လောက်အထိ သက်သာနေပြီလဲတော့ မသိဘူး။"
"အဲဒါကို ကျွန်တော်လည်း မသေချာဘူး။ ဒါပေမဲ့ အတော်လေး ပြန်ကောင်းနေလောက်ပါပြီ။ ပြန်ကောင်းတာနဲ့ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုက နောက်ထပ် နယ်ပယ်တစ်ခုကို ဖောက်ထွက်နိုင်မှာပါ။"
သူ့အဘိုးနှင့် အကြီးအကဲများ ရှေ့တွင် ဆွေးနွေးနေကြသည်ကို ကြည့်ရင်း လေချန်က လင်းချန်ကို တိုးတိုးလေး ကပ်ပြောလိုက်၏။ "ခေါင်းဆောင်... ခင်ဗျားကို ပြောပြစရာ တစ်ခု ရှိတယ်။"
လင်းချန်က ပြန်မေးလိုက်သည်။ "ဟင်... ဘာလဲ။"
လေချန်က စိုးရိမ်ပူပန်စွာ ပြောလိုက်၏။ "အဘိုးတို့ဆီ လာတဲ့ လမ်းမှာ အစီအရင်ခန်းမက တပည့်တွေ အစီအရင်ကို ပြောင်းလဲနေတာ တွေ့ရတယ်။ ဂိုဏ်းချုပ်ဟောင်းက အမိန့်ပေးထားတာလို့ ကြားတယ်။ အဲဒီတပည့်တွေ ပြောတာတော့ ပြုပြင်ပြီးသွားရင် နတ်ဓားဂိုဏ်းအတွင်းက စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆက အရင်ကထက် အများကြီး တိုးလာမယ်တဲ့။ ဒါပေမဲ့ သူက သွေးအလောင်းကောင် ဖြစ်နေတာ သိရတော့ တစ်ခုခု မှားနေသလို ခံစားရတယ်။"
လင်းချန်၏ မျက်နှာထား တင်းမာသွားပြီး တိတ်ဆိတ်နေလိုက်၏။
သူတို့ရှေ့၌ ထိုင်နေသည့် အကြီးအကဲတစ်ဦးက လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ "မပူပါနဲ့... ဒီအစီအရင်က ပြဿနာ သိပ်မရှိပါဘူး။"
ထိုအကြီးအကဲမှာ မုတ်ဆိတ်ဖြူများ ရှိပြီး နက်ရှိုင်းသည့် အကြည့်များနှင့် ကြင်နာသနားတတ်သော အမူအရာ ရှိ၏။
အကြီးအကဲကို မြင်သောအခါ လင်းချန် အလျင်အမြန် မေးလိုက်၏။ "အော်... အကြီးအကဲချီ ပါလား။ ဒါဆိုရင် တပည့် မေးပါရစေ... အဲဒီ ပြုပြင်ထားတဲ့ အစီအရင်က တကယ်ပဲ ပြဿနာ မရှိဘူးလား။"
သူ၏ ရှေ့မှောက်ရှိ အကြီးအကဲမှာ နတ်ဓားဂိုဏ်း၏ အစီအရင်ခန်းမကို စီမံခန့်ခွဲပြီး အစီအရင်များ လည်ပတ်မှုကို တာဝန်ယူထားသူ ချီဖာရှင်းပင်။
ချီဖာရှင်းက ရှင်းပြလိုက်သည်။ "အစက ဂိုဏ်းချုပ်ဟောင်းက ငါ့ကို အစီအရင် ပြုပြင်ခိုင်းပြီး အစီအရင်ပုံစံကားချပ်တစ်ခု ပေးတယ်။ ကြည့်လိုက်တော့ တကယ်ကို အံ့ဩစရာ ကောင်းလိုက်တာ။ နှစ်နှစ်လောက် လေ့လာပြီးတဲ့နောက် အစီအရင်နဲ့ ပတ်သက်တဲ့ ငါ့ရဲ့ နားလည်မှုကို အများကြီး တိုးတက်စေတယ်။"
"ဒီအစီအရင်ကို ပြန်လည်နုပျိုခြင်း အစီအရင်လို့ခေါ်တယ်။ သူ့ရဲ့ အာနိသင်က ရိုးရှင်းပါတယ်။ ဂိုဏ်းအတွင်းက သဘာဝ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆကို မြှင့်တင်ပေးတာပါ။ ဒါပေမဲ့ ခက်ခဲတဲ့အပိုင်းက ပြန်လည်နုပျိုခြင်းပါပဲ။ ကျင့်ကြံပြီးနောက် ထွက်ပေါ်လာတဲ့ မသန့်ရှင်းတဲ့ စွမ်းအင်တွေကို အစီအရင်ကတစ်ဆင့် အပြင်ဘက်ကို ချက်ချင်း လွှဲပြောင်းပေးနိုင်တယ်။"
"ငါ ဒါကို အပြည့်အဝ နားမလည်နိုင်သေးဘဲ အခြေခံလောက်ပဲ သိသေးပေမဲ့ ပုံစံကားချပ်အရတော့ တပ်ဆင်နိုင်ပါသေးတယ်။"
"ဒါပေမဲ့ ငါ မြင်ရသလောက်တော့ သူ့ရဲ့ ဖွဲ့စည်းပုံက ကျင့်ကြံခြင်းကို အထောက်အကူပြုတဲ့ အမျိုးအစားပဲ။ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ အစီအရင် မဟုတ်ဘူး။"
သူ၏ ယုံကြည်မှုရှိသည့် ပုံစံကို မြင်သည့်အခါ လေချန် သက်ပြင်းချလိုက်မိ၏။ သို့သော် လင်းချန်ကမူ မျက်မှောင်ကြုတ်နေဆဲ ဖြစ်ပြီး နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေရမည်ဟု ခံစားနေရသည်။
အကြီးအကဲ ကိုယ်တိုင်ကပင် အစီအရင်ကို အပြည့်အဝ နားမလည်ဘဲ အခြေခံလောက်သာ သိသည်ဟု ပြောထားသည် မဟုတ်ပါလော။
လင်းချန်က ချီဖာရှင်းကို အနည်းငယ် ဦးညွှတ်ပြီး မေးလိုက်၏။ "အကြီးအကဲချီ... ကျွန်တော့်ကို အဲဒီ အစီအရင်ပုံစံကားချပ်ကို ကြည့်ခွင့်ပေးနိုင်မလား။"
လင်းချန်၏ တောင်းဆိုမှုကို ကြားသည့်အခါ ချီဖာရှင်း အနည်းငယ် တုံ့ဆိုင်းနေကာ ရေရွတ်လိုက်သည်။ "ဒါက..."
သူ၏ တုံ့ပြန်မှုကို မြင်သည့်အခါ အနည်းငယ် ရိုင်းပြမိကြောင်း လင်းချန် နားလည်လိုက်၏။ မည်သို့ပင်ဆိုစေ အစီအရင်ပုံစံကားချပ်သည် တစ်ဖက်လူအတွက် အလွန်တန်ဖိုးရှိပြီး ယခုကဲ့သို့ ရုတ်တရက် တောင်းယူခြင်းသည် ယဉ်ကျေးမှု မရှိပေ။
စကားဆုံးသည်နှင့် လင်းချန်က စာအုပ်တစ်အုပ်ကို ထုတ်ယူပြီး ချီဖာရှင်းထံ ကမ်းပေးလိုက်သည်။ "အကြီးအကဲချီ... ဒီစာအုပ်က အနိမ့်စား အစီအရင်ကနေ အထက်တန်းစား ပထမတန်းအဆင့် အစီအရင်တွေအထိ အကုန်ပါဝင်တဲ့ အစီအရင်စာအုပ်ပါ။ သူ့ရဲ့ တန်ဖိုးက အကြီးအကဲရဲ့ ပုံစံကားချပ်ထက် အဆတစ်ရာလောက် ပိုများလိမ့်မယ်။ အဲဒါနဲ့ လဲမလား။"
ချီဖာရှင်းက ချက်ချင်းပင် မယုံကြည်နိုင်စွာဖြင့် စာအုပ်ကို ယူလိုက်ပြီး တစ်ချက်လှန်ကြည့်လိုက်ရာ ဝမ်းသာလွန်း၍ မူးလဲလုနီးပါး ဖြစ်သွား၏။
ထို့နောက် အစီအရင်ပုံစံကားချပ်ကို အလျင်စလိုထုတ်ယူပြီး လင်းချန် စိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့သကဲ့သို့ အမြန်ဆုံး လှမ်းပေးလိုက်သည်။
ထိုသို့သော တုံ့ပြန်မှုကို မြင်သည့်အခါ လင်းချန် မပြုံးဘဲ မနေနိုင်တော့ပေ။ အစီအရင်ပုံစံကားချပ်ကို ဟွာရှာအင်ပါယာသို့ ပေးပို့လိုက်၏။
ကျူးကော့မင်သည် အစီအရင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘာဖြစ်နေသည်ကို သိရှိမည်ဖြစ်ပြီး မကြာမီ အဖြေရလိမ့်မည်ဟု လင်းချန် ယုံကြည်ထားသည်။
သုံးစက္ကန့်အကြာ၌ ကျူးကော့မင်ထံမှ ဆက်သွယ်ရေး တောင်းဆိုမှုနှင့်အတူ စနစ်အချက်ပြမှုတစ်ခု ပေါ်လာ၏။
ကျူးကော့မင်၏ အစီရင်ခံစာကို ကြားပြီးနောက် လင်းချန် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဘာ။"
ထို့နောက် ရုတ်တရက် မတ်တတ်ရပ်ကာ ပျော်ရွှင်နေဆဲဖြစ်သည့် ချီဖာရှင်းကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။ "အကြီးအကဲချီ... ဒီအစီအရင် ပြုပြင်တာ ဘယ်လောက် ပြီးနေပြီလဲ။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၈ ၊ အတွဲ ၁ ၊ အပိုင်း ၁၇၅ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team