အခန်း ၁၀၆၆
Vol. 104 Ch. 1066
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တုပိုင်နှင့် ချစ်စရာကောင်းပြီး ပြည့်ဖြိုးနေသည့် ဖန်ရှောင်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
အချိန်တိုတောင်းလှသောကြောင့် သူတို့က စကားမပြောဘဲ သူတို့၏ စိတ်ဝိညာဉ်များမှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်လိုက်ကြသည်။
တုပိုင်က ပြုံးကာ မေးသည်။ "ဖန်ရှောင်... ဘယ်လိုအခြေအနေမျိုးမှာ တစ်ခုခုကို ဆုံးရှုံးသွားရင်တောင် မနာကျင်ရတာလဲ။"
ဖန်ရှောင်က ယုတ္တိတန်စွာ ပြန်ဖြေ၏။ "အစကတည်းက ပိုင်ဆိုင်ဖို့ ဂရုမစိုက်ခဲ့ဘူးဆိုရင် ဆုံးရှုံးသွားရင်လည်း နာကျင်မှာ မဟုတ်ဘူးလေ။"
တုပိုင်က ထပ်မေးသည်။ "ဒါဆို အဖေက တစ်ခုခုကို တကယ် ရချင်တယ်ဆိုရင် အရင်ဆုံး ဘာလုပ်ရမလဲ။"
"အရင်ဆုံး အဲဒါကို စွန့်လွှတ်တတ်ဖို့ သင်ယူရမယ်။" ဖန်ရှောင်က ပြန်ပြောသည်။
တုပိုင်က ညင်သာစွာ ဆက်ပြော၏။ "ဖန်ရှောင်... အဖေ့ရဲ့ အစစ်အမှန် မူလဇာစ်မြစ်အကြောင်း... အဖေက တကယ်တော့ ဘယ်လူမျိုးနွယ်စုကလဲ ဆိုတာကို အရင်က အမြဲတမ်း တွေးတောခဲ့မိတယ်။ ကိုယ်ရပ်နေတဲ့ တောင်ရဲ့ ပုံသဏ္ဍာန်ကို မမြင်နိုင်တဲ့ လူတစ်ယောက်လိုပဲ အဲဒီအထဲမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေလို့ အမှန်တရားကို အဖေ မမြင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သမီး ပေါ်လာတဲ့အခါ သမီးဆီကနေ သဲလွန်စတွေကို အဖေ စမြင်လာရတယ်။ ပြီးတော့ ဒီနေ့... အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို သတ်ပြီးသွားတဲ့နောက်မှာတော့ အရာအားလုံးက အများကြီး ပိုပြီး ရှင်းလင်းသွားသလိုပဲ။"
ဖန်ရှောင်က စကားတစ်ခွန်းမျှ မပြောချေ။ ထိုအစား သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းကာ ဖခင်ဖြစ်သူ၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ကိုအာလာ ဝက်ဝံလေးတစ်ကောင်ကဲ့သို့ တွယ်ချိတ်လိုက်သည်။
တုပိုင်က တီးတိုး ရေရွတ်လိုက်၏။ "အဖေ တစ်ခါက မေမေနင်းရွှဲ့ကို မေးခွန်းတစ်ခု မေးခဲ့ဖူးတယ်။ အဖေ သူ့ကို မေးလိုက်တာက တရားမျှတမှုဆိုတာ ဘာလဲ... ဆိုးယုတ်မှုဆိုတာ ဘာလဲ... အလင်းရောင်ဆိုတာ ဘာလဲ... အမှောင်ထုဆိုတာ ဘာလဲဆိုတာပဲ။ သူ ဘယ်လို ပြန်ဖြေခဲ့လဲ သမီးသိလား။"
ဖန်ရှောင်က စိတ်ဝိညာဉ်မှတစ်ဆင့် ပြတ်သားစွာ ပြောလိုက်၏။ "အဖေက တရားမျှတမှုပဲ ၊ ပြီးတော့ အဖေက အလင်းရောင်ပဲ။ အဖေ လုပ်သမျှက မှန်တယ် ၊ ပြီးတော့ အဖေ့ကို ဆန့်ကျင်တဲ့သူတိုင်းက အမှောင်ထုနဲ့ ဆိုးယုတ်မှုတွေပဲ။"
တုပိုင် အံ့အားသင့်သွားသည်။
ကလေးမက ဆက်ပြော၏။ "ဘာလို့လဲဆိုတော့ သမီးတို့ အားလုံးကလည်း အဲဒီလိုပဲ ယုံကြည်ထားလို့လေ။ သမီးရယ် ၊ ကိုကိုရယ် ၊ မမရယ် ၊ မေမေရယ် ၊ ပြီးတော့ အန်တီတွေ အားလုံးကလည်း အဲဒီလိုပဲ တွေးကြတယ်။ ဒါကြောင့် အဖေ လုပ်စရာရှိတာကိုသာ လုပ်ပါ။"
တုပိုင်က မေးလိုက်သည်။ "ဖန်ရှောင်... သမီးက ကိုကိုနဲ့ မမတို့နဲ့အတူ တာ့နင်အင်ပါယာ ဟင်းလင်းပြင်ဆီ သွားမှာလား။"
ဖန်ရှောင်က ပြတ်သားစွာ ပြန်ဖြေ၏။ "ဟင့်အင်း။ အဖေက ကမ္ဘာပေါ်မှာ ဘယ်နေရာမှ မလုံခြုံဘူး ၊ မြင့်မြတ်တဲ့ နယ်မြေ မရှိဘူးလို့ ထင်နေတာ။ ဒါပေမဲ့ အမှန်တရားက နောက်ဆုံး အောင်ပွဲ မရမချင်း ဘယ်ကမ္ဘာ ၊ ဘယ်ဟင်းလင်းပြင်မှာမှ စစ်မှန်တဲ့ ဘေးကင်းရာ ခိုလှုံခွင့်ဆိုတာ မရှိဘူး။"
သူမက အခိုင်အမာ ဆက်ပြောလာသည်။ "သမီး ဒီမှာပဲ နေမယ်။ ကိုကိုနဲ့ မမလည်း ဒီမှာပဲ နေမှာ။ သမီးတို့ ဘယ်မှ မသွားဘူး။ သမီးတို့က အဖေ ပြန်လာတာကို ဒီမှာပဲ စောင့်နေကြမှာ။"
တုပိုင်က သူမ၏ ခေါင်းလုံးလုံးလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး သူမ၏ ဖောင်းနေသည့် ပါးပြင်လေးအား မေတ္တာအပြည့်ဖြင့် မနမ်းဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။ တကယ့်ကို အဖိုးတန်လှသည့် သမီးလေးပင်။ အလွန်တရာ ပါးနပ်ပြီး ကြင်နာတတ်ကာ ဖြူစင်လွန်းလှပေသည်။
ဖန်ရှောင်က သိချင်စိတ်ဖြင့် တုပိုင်၏ ရင်ဘတ်မှ ဆွဲကြိုးလေးကို မတင်လိုက်ကာ မေးလိုက်သည်။ "အဖေ... ဒါက ဘာလဲ။"
တုပိုင်က ရှင်းပြလိုက်၏။ "သမီးရဲ့ အဖွားက အဖေ့ကို ပေးခဲ့တာ။ အဲဒီနောက် အဖေက သမီးရဲ့မေမေ ရန်ယဲ့ရှောင်ကို ပြန်ပေးခဲ့ပြီး သူက အချိန်တိုင်း အနီးကပ် သိမ်းထားခဲ့တယ်။ မကြာသေးခင်ကမှ သူက အဖေ့ဆီ ပြန်ဆွဲပေးထားတာ။"
ဤသည်မှာ တုပိုင်၏ မိခင်အရင်းက သူ့အတွက် ချန်ထားရစ်ခဲ့သည့် တစ်ခုတည်းသော အမှတ်တရပစ္စည်း ဖြစ်သလို ရန်ယဲ့ရှောင်အား သူ ပေးအပ်ခဲ့သည့် အလွန် နက်ရှိုင်းသော အဓိပ္ပာယ်ရှိသည့် အချစ်သင်္ကေတ တစ်ခုလည်း ဖြစ်သည်။
ဖန်ရှောင်က ဆွဲကြိုးလေးကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။ သူမ၏ မျက်လုံးလေးများဖြင့် မျက်နှာပြင်ပေါ်၌ ထွင်းထုထားသည့် ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများကို လိုက်လံ ကြည့်ရှုနေလိုက်သည်။
သူမက တီးတိုး ပြောလာသည်။ "ဒီအထဲမှာ ကမ္ဘာတစ်ကမ္ဘာလုံး ရှိနေသလို ခံစားရတယ်။ အဖေ့ကို ဆုတောင်းပေးဖို့အတွက် သမီး ဒါလေးကို နမ်းချင်တယ်။"
တုပိုင်က ညင်သာစွာ ခေါင်းညိတိလိုက်၏။
ချစ်စရာ ကလေးမလေးက လျှို့ဝှက်ဆန်းကြယ်သည့် ဆွဲကြိုးလေးကို မတင်လိုက်ပြီး အဆုံးမဲ့ ကောင်းချီးမင်္ဂလာများကို ရိုက်နှိပ်ပေးလိုက်သည့်အလား လေးနက်တည်ကြည်စွာဖြင့် နမ်းရှိုက်လိုက်သည်။
တုပိုင်က တီးတိုး ပြောလိုက်၏။ "နှုတ်ဆက်ခဲ့ပါတယ် သမီးလေး။"
ထို့နောက် လေးလံနေသည့် စိတ်နှလုံးဖြင့် ထိုက်ခန်အင်ပါယာ မြို့တော်မှနေ၍ ထွက်ခွာသွားလိုက်သည်။
**--**--**--**--**--**--**--**
တုပိုင် ငရဲမျှော်စင်၏ ဆဋ္ဌမထပ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာ၏။ သို့သော် ယခုတစ်ကြိမ်၌မူ အခြားဟင်းလင်းပြင်တစ်ခုဆီသို့ သွားမည့် ဟင်းလင်းပြင်တံခါးကို မဖွင့်ခဲ့ချေ။ ထိုအစား ဆဋ္ဌမအထပ်၏ ဖရိုဖရဲဖြစ်နေသည့် ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ဝင်သွားလိုက်သည်။
အထဲ၌ မိနစ်အနည်းငယ်ခန့်သာ နေပြီးနောက် တုပိုင် ပြန် ထွက်လာ၏။ သို့သော် သူ ထွက်ပေါ်လာချိန်၌တွင် လျှို့ဝှက်ဆန်းကြယ်သည့် ဆွဲကြိုးလေးမှာ သူ၏ လည်ပင်းတွင် ရှိမနေတော့ပေ။ ထိုဆွဲကြိုးကို ငရဲမျှော်စင်၏ ဆဋ္ဌမထပ်တွင် တမင်တကာ ချန်ထားရစ်ခဲ့ခြင်း ဖြစ်၏။
ထို့နောက် တောက်ပနေသည့် ရွှေရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ မြောက်ဘက်ရှိ မြင့်မြတ်နယ်မြေဆီသို့ ဦးတည်၍ ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားလိုက်သည်။
**--**--**--**--**--**--**--**
နဂါးစွမ်းအင် အတားအဆီးကို လွယ်ကူစွာ ဖြတ်ကျော်ပြီးနောက် တုပိုင်က မြင့်မြတ်နယ်မြေ ကမ္ဘာလောကထဲသို့ ဝင်သွားလိုက်၏။ သူက ရန်ယဲ့ရှောင် သို့မဟုတ် နဂါးမိန်းကလေး မိုဟန်တို့ဆီသို့ မသွားခဲ့ချေ။ ထိုအစား မေနန်းတော်အတွင်းသို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။
ပြီးခဲ့သည့်အကြိမ်က အိပ်မက်ဆိုး မိစ္ဆာဘုရင်သည် ဤနန်းတော်ကို ကျူးကျော်ဝင်ရောက်စဉ် မြင့်မြတ်နယ်မြေ၏ ဘုရင်မကို သတ်လုနီးပါး ဖြစ်ခဲ့ပြီး ခြံဝင်းအတွင်းရှိ မက်မွန်ပန်းများ အားလုံး ညှိုးနွမ်းသွားခဲ့ရသည်။ သို့သော် ယခုအခါတွင်မူ မက်မွန်ပန်းများက တစ်ဖန် ပြန်လည် ဖူးပွင့်နေကြပြီး ယခင်ကထက်ပင် ပို၍ လှပတောက်ပနေကြသည်။
တုပိုင် အသိပေးလိုက်၏။ "အရှင်မ... ကျွန်တော် ပြန်ရောက်ပါပြီ။"
ဘုရင်မမှာ သိသိသာသာ အံ့အားသင့်သွား၏။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလာသည်။ "အိပ်မက်ဆိုး မိစ္ဆာဘုရင်... သူ သေသွားပြီလား။"
တုပိုင် အတည်ပြုလိုက်သည်။ "အင်း။ သူ သေသွားပါပြီ။"
ဘုရင်မ၏ အသံမှာ ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွား၏။ "ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးမားလှတဲ့ အိပ်မက်ဆိုး မိစ္ဆာကြီးကို မင်း တစ်ယောက်တည်း ဖယ်ရှားနိုင်ခဲ့တယ်ဆိုတာကို ငါ တကယ် မယုံနိုင်ဘူး။ ကမ္ဘာမြေကြီးက အခု လက်တွေ့မှာ လုံးဝ လွတ်မြောက်သွားပြီဆိုတော့ ငါ့ရဲ့ မြင့်မြတ်နယ်မြေ ကမ္ဘာလောကလည်း နောက်ဆုံးတော့ အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးကနေ ကင်းစင်သွားပြီပဲ။"
တုပိုင်က ခေါင်းခါလိုက်၏။ "ကံကြမ္မာ မိစ္ဆာ ကျန်နေပါသေးတယ်။"
ဘုရင်မက ယုံကြည်မှုရှိစွာ ပြန်ဖြေ၏။ "အိပ်မက်ဆိုး မိစ္ဆာ သေသွားပြီဆိုတော့ ကံကြမ္မာ မိစ္ဆာလည်း မကြာခင် ပေါ်လာလိမ့်မယ်။"
တုပိုင်က တည်ငြိမ်စွာ သဘောတူလိုက်သည်။ "ဟုတ်တယ်။ ထွက်လာမှာပါ။" ထို့နောက် သူ၏ လေသံ ပြောင်းလဲသွား၏။ "အရှင်မ... ပြီးခဲ့တဲ့အကြိမ် ကျွန်တော် ဒီကို လာတုန်းက ကျွန်တော့်ကို တွေ့ဖို့ ငြင်းဆန်ခဲ့တယ်။ ဒါပေမဲ့ အခု အိပ်မက်ဆိုး မိစ္ဆာ သေသွားပြီဆိုတော့... အရှင်မရဲ့ မျက်နှာအစစ်အမှန်ကို ကျွန်တော် နောက်ဆုံးတော့ မြင်ခွင့်ရနိုင်မလား။"
ဘုရင်မက နွေးထွေးစွာ ပြောသည်။ "သေချာတာပေါ့ ကလေးရယ်။ မင်းက မြင့်မြတ်နယ်မြေ ကမ္ဘာလောက တစ်ခုလုံးကို ကယ်တင်ပေးခဲ့ပြီး အိပ်မက်ဆိုး မိစ္ဆာကိုလည်း ဖျက်ဆီးခဲ့တာပဲ။ မကြာခင်မှာ ငါ ဒီလးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ဖယ်ချပြီး နန်းစွန့်တော့မှာပါ။ နဂါးသွေးနွယ်ဖွား မှူးမတ်တွေ အားလုံးက မင်းကို ဧကရာဇ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ကြလိမ့်မယ်။"
ထိုသို့ပြောပြီးသည်နှင့် မေနန်းတော် ခြံဝင်း၏ တံခါးကြီးများက တကျွိကျွိမြည်ကာ ဖြည်းညင်းစွာ ပွင့်လာ၏။
တုပိုင် အထဲသို့ ဝင်သွားလိုက်သည်။ ခဏအကြာ၌ ကျောက်စိမ်းမဏ္ဍပ်၏ အတွင်းတံခါးများလည်း ပွင့်လာပြီး ကျောခိုင်းရပ်နေသည့် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။
တုပိုင်က လှေကားထစ်များကို ဖြည်းညင်းစွာ တက်သွားပြီး မဏ္ဍပ်၏ တံခါးခုံကို ဖြတ်ကျော်ကာ ထိုပြိုင်ဘက်ကင်း ပုံရိပ်၏ အနောက်တည့်တည့်၌ ရပ်လိုက်သည်။
ဘုရင်မက ညင်သာစွာ သတိပေးသည်။ "ကလေး... ငါ လှည့်မကြည့်ခင် မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်။"
တုပိုင်က ပြန်ဖြေ၏။ "ကျွန်တော် ပြင်ဆင်ပြီးပါပြီ။"
ဘုရင်မက ဖြည်းညင်းစွာ လှည့်လာပြီး နောက်ဆုံး၌ သူမ၏ မျက်နှာကို ပြလိုက်သည်။
သူမလေးသည် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေပြီး သူမ၏ ရုပ်သွင်မှာ သေမျိုးတို့၏ အလှအပ စံနှုန်းတိုင်းထက် ကျော်လွန်နေ၏။ သို့သော် သူမ၏ အလှအပမှာ လုံးဝ အရေးမပါချေ။ တကယ့်ကို တုန်လှုပ်ဖွယ် ကောင်းသည့် အရာမှာ သူမ၏ မျက်နှာက တုပိုင်၏ ကလေးဘဝ မှတ်ဉာဏ်များထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားသည့် မိခင်အရင်း၏ မျက်နှာနှင့် လုံးဝ ထပ်တူကျနေခြင်းပင်။
ထိုအက်ကွဲနေသည့် မှတ်ဉာဏ်များထဲ၌ သွေးများ ပေကျံနေသည့် အမျိုးသမီးတစ်ဦးက ကလေးငယ်တစ်ဦးကို ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူမ၏ အနောက်ဘက် ကောင်းကင်ယံတွင် မရေမတွက်နိုင်သော မျက်စိကျိန်းမတတ် အလင်းစက်များ လင်းလက်နေခဲ့သည်။
နောက်ထပ် မှတ်ဉာဏ်တစ်ခုတွင်မူ ထိုအမျိုးသမီးကပင် မိဘမဲ့ဂေဟာတစ်ခု၏ အရှေ့တွင် ထွက်ပေါ်လာခဲ့၏။ သူမက ကလေးငယ်ကို တံခါးဝတွင် ညင်သာစွာ ချထားခဲ့ပြီးနောက် ကလေးငယ်၏ လည်ပင်းတွင် လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးဆွဲကြိုးလေးကို ဆွဲပေးခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးမှာ တုပိုင်၏ အစစ်အမှန် မိခင်ပင်။
လက်ရှိအချိန်၌ သူ၏ အရှေ့တည့်တည့်တွင် ရပ်နေသော အမျိုးသမီး၏ မျက်နှာ အသေးစိတ်တိုင်း ၊ ခန္ဓာကိုယ်၏ အင်္ဂါရပ်တိုင်းသည် သူ၏ မှတ်ဉာဏ်များထဲမှ မိခင်ဖြစ်သူနှင့် အတိအကျ တူညီနေလေသည်။
တုပိုင်၏ အသံမှာ လုံးဝ မယုံကြည်နိုင်မှုတို့ဖြင့် တုန်ယင်သွား၏။ "အမေ..."
ဘုရင်မက လက်လှမ်းကာ တုပိုင်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း ကြင်နာစွာ ပြောလာသည်။ "ကလေး... ငါ့ရဲ့ ကလေးလေး..."
သို့သော် နောက်တစ်ခဏမှာပင် သူမ၏ နူးညံ့သည့် လက်ကို ပေါ့ပေါ့ပါးပါးလေး ဝှေ့ယမ်းလိုက်ရာ ထိတ်လန့်ဖွယ်ကောင်းလှသည့် အလင်းနှင့် အရိပ် ဓားသွားတစ်ခု ထွက်ပေါ်လာပြီး တုပိုင်၏ ခေါင်းကို ပခုံးပေါ်မှနေ၍ သပ်ရပ်စွာ ဖြတ်ပစ်လိုက်၏။
ဘုရင်မက တုပိုင်၏ အသက်မဲ့နေသော အလောင်းကို ငုံ့ကြည့်ကာ အရေးမစိုက်သည့်လေသံဖြင့် ပြောလိုက်၏။
"ငြိမ်းချမ်းစွာ အနားယူလိုက်ပါ ကလေးရယ်။ ဒီကမ္ဘာကြီးရဲ့ အမှန်တရားက အရမ်းကို ရက်စက်လွန်းတယ်။ ဘာမှမသိတဲ့ လူမိုက်တစ်ယောက်လို သေသွားတာက မင်းအတွက် အများကြီး ပိုကောင်းပါတယ်ကွယ်။"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။