← Chapters

အခန်း ၁၀၆၈

Vol. 104 Ch. 1068

အခန်း ၁၀၆၈

Vol. 104 Ch. 1068

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၆၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

တုပိုင် ကောက်ချက်ချလိုက်သည်။ "ဒါဆို ခင်ဗျားက သူ့ကို ဖယ်ရှားဖို့ အခွင့်အရေး ယူလိုက်တာပေါ့။ ပြီးတော့ ကျွန်တော်က ခင်ဗျားရဲ့ ကိရိယာ ဖြစ်သွားတယ်။ အိပ်မက်ဆိုး မိစ္ဆာဘုရင်ရဲ့ ရွှေရောင်နဂါးတောင်ဝှေး ဆက်သမှုက အစကတည်းက ထောင်ချောက်မှန်း ခင်ဗျား သိနေခဲ့တာပဲ။ ဒါတောင် ခင်ဗျားက အိမ်ရှေ့စံမင်းသား သေမင်းဆီ သွားနေတာကို လက်ပိုက်ကြည့်နေခဲ့တယ်။ အိပ်မက်ဆိုး မိစ္ဆာဘုရင်က မြင့်မြတ်နယ်မြေကို သတ်ဖြတ်နေတာကို ခင်ဗျား ထိုင်ကြည့်နေခဲ့တယ်။"

ဘုရင်မက ချိုသာစွာ ပြန်ဖြေလိုက်၏။ "ဘာလို့ မကြည့်ရမှာလဲ။"

"မိုဟန်နဲ့ ကျုပ်က နဂါးကို ထိန်းချုပ်ပြီး ဒီကမ္ဘာလောကကြီးကို ကယ်တင်နိုင်မယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ် သေချာနေရတာလဲ။ အိပ်မက်ဆိုး မိစ္ဆာဘုရင်က တစ်ကယ့်ကို မြင့်မြတ်နယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်မှာကို ခင်ဗျား မကြောက်ဘူးလား။"

သူမက ပြော၏။ "မင်းနဲ့ မိုဟန်က မြင့်မြတ်နယ်မြေကို ကယ်တင်နိုင်မလား ဆိုတာကိုတော့ ငါ တကယ် သေချာမသိဘူး။ ဒါပေမဲ့ အိပ်မက်ဆိုး မိစ္ဆာဘုရင်က မဖျက်ဆီးနိုင်ဘူးဆိုတာ ငါ အကြွင်းမဲ့ သေချာတယ်။ အကြောင်းရင်းက ရှုပ်ထွေးသလို ရှင်းလည်း ရှင်းပါတယ်။"

ရုတ်တရက် တုပိုင် သဘောပေါက်သွားသဖြင့် မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွား၏။

ဘုရင်မက အတည်ပြုလိုက်၏။ "ဟုတ်တယ်။ အဖြေက မင်း တွေးနေတာနဲ့ အတိအကျပဲ။ ဒါက သဘာဝပဲ မဟုတ်လား။ ကိုယ့်ရဲ့ ကိုယ်ကျိုးနဲ့ အာဏာအတွက်ဆိုရင် လုံးဝကို ရက်စက်ရမယ်။ ဘာစည်းမျဉ်းမှ ရှိနေလို့ မရဘူး။"

သူမက တောက်ပစွာ ပြုံးကာ ဆက်ပြောသည်။ "မင်းသိလား တုပိုင်။ ငါ့ရဲ့ ဒဏ်ရာဟောင်းတွေက ယုံနိုင်စရာမရှိလောက်အောင် ပြင်းထန်တယ်။ ငါက နှစ်တစ်ရာလောက် သီးသန့်တရားကျင့်ဖို့ ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ ငါ မင်းကို ကျေးဇူးတင်ရမယ်။"

"အရှေ့တိုင်းနဂါးရဲ့ စွမ်းအင်ကို နိုးထစေခြင်းအားဖြင့် မင်းက ငါ့ကို ချက်ချင်း သက်သာလာစေတယ်။ ဒီအလောင်းကောင်ဆီကနေ စွမ်းအားကို ရယူနိုင်တာ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ငါလည်း ရနိုင်တယ်။ ဘာလို့လဲဆိုတော့ ငါက နဂါးအစေခံ တစ်ယောက်မို့လို့ပဲ။"

တုပိုင် မေးလိုက်၏။ "နဂါးအစေခံဆိုတာ အတိအကျ ဘာလဲ။"

ဘုရင်မက ပြန်ဖြေ၏။ "နဂါးမျိုးနွယ်စုနဲ့ ချိတ်ဆက်ထားတဲ့ အစေခံပေါ့။"

တုပိုင်က အထင်တသေး ပြုံးလိုက်သည်။ "ကျွန်ပေါ့"

ကျွန်ဟူသော စကားလုံးကို သုံးလိုက်ချိန်၌ သူမ၏ အသံမှာ ခါးသီးပြီး မုန်းတီးမှုများ ပါဝင်လာသည်။

"မွေးကတည်းက စာချုပ်တစ်ခု ချုပ်ဆိုပြီး ငါတို့ တစ်သက်လုံး နဂါးတွေကို အလုပ်အကျွေးပြုဖို့ ချည်နှောင်ခံထားရတာ။ ကျွန်တစ်ယောက် ဖြစ်ရတာ ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ မင်း နားလည်လား။"

သူမက အေးစက်စွာ ဆက်ပြောသည်။ "ငါ မင်းတို့ကို မုန်းတယ်။ ထူးဆန်းတယ်လို့ ထင်ရပေမယ့် လူသားတွေရဲ့ သမိုင်းကို ပြန်တွေးကြည့်။ နိုင်ငံတစ်ခု လွတ်မြောက်လာတဲ့အခါ ချမ်းသာတဲ့သူတွေနဲ့ မြေပိုင်ရှင်တွေကို အမုန်းဆုံးသူတွေက သူတို့ရဲ့ ကျွန်ဟောင်းတွေပဲ။ သူတို့က သူတို့ရဲ့ သခင်တွေကို အနာဆုံး ပြန်ကိုက်မယ့်သူတွေပဲ။ ဉာဏ်အာရုံ ပွင့်လင်းလာပြီး ယဉ်ကျေးမှု တိုးတက်လာပြီဆိုရင် ဘယ်သူက ကျွန်အဖြစ် ဆက်နေဖို့ ဆန္ဒရှိမှာလဲ။"

"ဒါဆို ကျွန်တော့်အမေက ခင်ဗျားကို ဘယ်တုန်းကမှ မထိခိုက်စေခဲ့ဘဲ ခင်ဗျားအပေါ် အဆုံးမဲ့ ကြင်နာခဲ့တာတောင်မှ ခင်ဗျားက သူ့ကို တိရစ္ဆာန်တစ်ကောင်လို လိုက်သတ်ခဲ့တာပေါ့။"

ဘုရင်မက ရှက်ရွံ့ခြင်းမရှိ ပြန်ဖြေ၏။ "ဟုတ်တယ်။ အဲတာ ဘာမှားနေလို့လဲ။ မင်းအမေ သေဆုံးသွားပြီးနောက်ပိုင်း အရှေ့တိုင်းနဂါးရဲ့ အလောင်းကောင်က မူလစာချုပ်အပေါ် အခြေခံပြီး စွမ်းအင် အတားအဆီးကို သာမန်အတိုင်းပဲ ထိန်းသိမ်းထားနိုင်တော့တာ။"

"ဘယ်သူမှ သူ့ရဲ့ စွမ်းအားကို မသုံးနိုင်ဘူး။ သူ့ရဲ့ အစေခံဖြစ်တဲ့ ငါတောင်မှ မသုံးနိုင်ဘူး။ အိပ်မက်ဆိုး မိစ္ဆာဘုရင်က သူ့ကိုယ်သူ အဲဒါကို ပိုင်စိုးနိုင်မယ်လို့ ထင်ပြီး ယောင်ချာချာ ဖြစ်နေခဲ့တာ။ အဲဒါက မဖြစ်နိုင်ဘူး။ သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအင်ကို နိုးထစေနိုင်တဲ့ တစ်ဦးတည်းသော သက်ရှိက အစစ်အမှန် နဂါးတွေပဲ။"

"ဒါကြောင့် ကျေးဇူးတင်ပါတယ်။ မင်းနဲ့ နဂါးကောင်မလေး မိုဟန်ကိုပေါ့။ မင်းတို့က ငါ့ဒဏ်ရာတွေကို သက်သာစေရုံသာမက ပိုအရေးကြီးတာက အရှေ့တိုင်းနဂါးရဲ့ စွမ်းအားကို အပြည့်အဝ ဖွင့်ပေးလိုက်တာပဲ။"

"နဂါးကို နိုးထဖို့ ကျုပ်ရဲ့ စွမ်းအားကို ခင်ဗျား အသုံးချခဲ့တယ်။ အိမ်ရှေ့စံမင်းသားကို ဖယ်ရှားဖို့ ကျုပ်ကို အသုံးချခဲ့တယ်။ ပြီးတော့ အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို ဖျက်ဆီးဖို့လည်း ကျုပ်ကိုပဲ အသုံးချခဲ့တာပေါ့။"

သူမက နှုတ်ခမ်းမဲ့ကာ ပြော၏။ "အတိအကျပဲ။ မင်းက တကယ်ကို အံ့မခန်းပဲ။ ကယ်တင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ အသုံးဝင်မှုက ကုန်ဆုံးသွားပြီ။ မင်း အခု အေးချမ်းစွာ သေဆုံးနိုင်ပါပြီ။"

တုပိုင်က အိမ်ရှေ့စံမင်းသား မသေဆုံးမီ နောက်ဆုံးပြောခဲ့သော စကားများကို ပြန်အမှတ်ရသွား၏။ ထိုလူက ရူးသွပ်စွာ ရယ်မောခဲ့ပြီး တုပိုင်သည် ကယ်တင်ရှင်တစ်ဦးအဖြစ်မှ ဖျက်ဆီးသူတစ်ဦးအဖြစ်သို့ မလွဲမသွေ ပြောင်းလဲသွားလိမ့်မည်ဟု ကျိန်ဆဲကာ ငရဲပြည်တွင် သူ့ကို စောင့်နေမည်ဟု ပြောဆိုခဲ့သည်။

အိမ်ရှေ့စံမင်းသားသည် အစကတည်းက တုပိုင်အပေါ် နက်ရှိုင်းပြီး အဆိပ်ပြင်းသော အမုန်းတရားများ ကိန်းအောင်းနေခဲ့သည်။ အကြောင်းရင်းမှာ ရန်ယဲ့ရှောင်ကြောင့် သက်သက် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် တုပိုင်သည် မြင့်မြတ်နယ်မြေ၏ အစစ်အမှန် အိမ်ရှေ့စံမင်းသား ဖြစ်နေပြီး သူကမူ အတုအယောင်သက်သက်မျှသာ ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် ထိုလူလိမ်သည် တုပိုင်ကို ချေမှုန်းပြီး အရှက်ခွဲရန် အလွန်အမင်း အသည်းအသန် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

တုပိုင်က သူမကို တည်ငြိမ်စွာ ကြည့်ကာ ပြောသည်။ "အရှင်မ... ခင်ဗျားက အလွန် စွမ်းအားကြီးမားတဲ့ နဂါးအစေခံ တစ်ယောက် ဖြစ်နိုင်ပေမယ့် နဂါးမျိုးနွယ်စု ဥပဒေသအရ ကျွန်တော့်ရဲ့ အာဏာက ခင်ဗျားထက် သာလွန်တယ်။ ဒီမှာ ကျွန်တော်က မသေမျိုးပဲ။"

လှုပ်ရှားမှုတစ်ခုနှင့်အတူ ဘုရင်မသည် သူမ၏ လက်ကို တောင့်တင်းသော ဓားသွားတစ်ခုအဖြစ် ပုံဖော်လိုက်ပြီး တုပိုင်၏ ခေါင်းကို နောက်တစ်ကြိမ် ခုတ်ဖြတ်လိုက်ပြန်၏။

သို့သော် ယခင်ကလိုပင် ခေါင်းအသစ်တစ်ခု လျင်မြန်စွာ ပြန်လည် ထွက်ပေါ်လာသည်။ တုပိုင်က အရှေ့တိုင်းနဂါး၏ စွမ်းအင်ကို ရယူသုံးစွဲနိုင်သရွေ့ သူ့ကို သတ်ရန်မှာ မဖြစ်နိုင်ပေ။

ဘုရင်မက ရေရွတ်လိုက်သည်။ "စိတ်ဝင်စားစရာပဲ... တကယ်ကို အံ့မခန်းပဲ။ မင်းက တကယ်ကို မသေမျိုးပဲ။"

သူမ ရှေ့သို့ တက်လာကာ သူမ၏ လက်များနှင့် ခြေထောက်များကို ညှပ်တစ်ခုကဲ့သို့ တုပိုင်အား တင်းကျပ်စွာ ရစ်ပတ်ထားလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "မလှုပ်နဲ့။"

သူမက ယုယကြင်နာစွာ ခေါ်လိုက်သည်။ "အချစ်ရေ... ရှင် ထွက်လာဖို့ အချိန်တန်ပြီ။ သခင်လေးတုပိုင်ကို ကျွန်မ တစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူး။ သူ့ရဲ့ နဂါးဥပဒေသတွေက အရမ်းကို အစွမ်းထက်လွန်းတယ်။"

အရိပ်ထဲမှ အလွန် သာမန်ရုပ်ဆင်းသဏ္ဌာန်ရှိသော အမျိုးသားတစ်ဦး ထွက်ပေါ်လာ၏။ သူသည် အလွန် ရိုးရှင်းလွန်းလှသဖြင့် လူအုပ်ထဲတွင် ချောမွေ့စွာ ပျောက်ကွယ်သွားနိုင်ပြီး လုံးဝ မှတ်မိနိုင်စရာ အကြောင်းမရှိပေ။

ထိုသာမန်အမျိုးသားက ယဉ်ကျေးစွာ ဦးညွှတ်ကာ ပြောလိုက်သည်။ "ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ခွင့်ပြုပါ။ ကျွန်တော်က ကံကြမ္မာ ပါ။"

ကံကြမ္မာ...။ သူသည် ကံကြမ္မာ မိစ္ဆာပင်။ ကမ္ဘာမြေ ဖျက်ဆီးခံရမှု၏ နောက်ကွယ်မှ စစ်မှန်သည့် ကြိုးကိုင်သူ ၊ ကျောက်ယန်ဖိန်၏ ဆရာသခင်ဖြစ်ပြီး အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို အနိုင်ယူခဲ့သူ ဖြစ်၏။ တုပိုင်၏ အကြီးမားဆုံးသော ရန်သူတော်ကြီးပင်။

သူသည် ကမ္ဘာမြေ၏ အမြင့်မြတ်ဆုံး အရှင်သခင်ကြီး ဖြစ်သည်။

ကမ္ဘာပျက်ကပ်အပြီးတွင် ကျောက်ယန်ဖိန်ရော ၊ အိပ်မက်ဆိုး မိစ္ဆာဘုရင်ပါ ကံကြမ္မာ မိစ္ဆာကို မမြင်တွေ့ခဲ့ရချေ။ ကမ္ဘာမြေ၏ အရှင်သခင်ကြီးသည် သဲလွန်စမကျန် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေခဲ့၏။ သူ့ကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု တုပိုင် လုံးဝ မျှော်လင့်မထားခဲ့ပေ။

ပို၍ ဆိုးရွားသည်မှာ ထိုအကောင်က ဘုရင်မ၏ ချစ်သူ ဖြစ်နေခြင်းပင်။

ဘုရင်မက ညုတုတုအသံဖြင့် ပြောသည်။ "အရမ်းကြီး အံ့သြနေတဲ့ ပုံမပြပါနဲ့။ ငါတို့လို ဉာဏ်ရည်မြင့် သက်ရှိတွေက ကိုယ်ပိုင် အာဏာကို ခိုင်မြဲဖို့အတွက် ဘာမဆို လုပ်မှာပဲ။ အဲဒီတုန်းက ငါက အရမ်း အားနည်းလွန်းတယ်။ မင်းအမေကို လုပ်ကြံဖို့အတွက် ငါ့မှာ မဟာမိတ်တစ်ယောက် လိုအပ်ခဲ့တယ်။ အဲဒီမဟာမိတ်က နတ်သား ပဲ ဖြစ်ဖြစ် ၊ ငရဲသား ပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူးလေ။"

ကံကြမ္မာ မိစ္ဆာက ရှေ့သို့ တိုးလာ၏။ အနေရခက်စေလောက်အောင် ကြော့ရှင်းလှသော အမူအရာများဖြင့် ဘုရင်မ၏ ခါးကို ရင်းနှီးစွာ ဖက်တွယ်လိုက်ပြီး သူမ၏ ရနံ့ကို ရှူရှိုက်ရန် အနီးသို့ ဆွဲယူလိုက်ရာ သူ၏ မျက်နှာထက်၌ နက်ရှိုင်းစွာ ယစ်မူးသွားသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။

ကံကြမ္မာ မိစ္ဆာက ပြောသည်။ "တုပိုင်... မင်း အခုချိန်ဆို လူ့သဘာဝကို နားလည်သင့်နေပြီ။ တရားမျှတမှုဆိုတာ ဘာလဲ။ အဆိုးတရားဆိုတာ ဘာလဲ။ ဒါတွေက မင်း ကယ်တင်ဖို့ ကြိုးစားနေတဲ့ သက်ရှိတွေပဲ။ မင်းက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေကို စောစောကတည်းက လုပ်ထားသင့်တာ။ ကယ်တင်ရှင်တိုင်းက သူတို့ ကယ်တင်ခဲ့တဲ့ လူတွေရဲ့ ဖယ်ရှားတာ ၊ ဝေဖန်တာ နဲ့ နှစ်သောင်းနဲ့ချီပြီး နင်းခြေတာကို ခံရမယ်ဆိုတာကို လက်ခံထားရမယ်။ အဲဒါကြောင့်မို့ တကယ် ကောင်းတဲ့ လူတစ်ယောက်က ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။"

ဘုရင်မက ကံကြမ္မာမိစ္ဆာထံသို့ ဆွဲဆောင်မှုရှိစွာ မှီချလိုက်ကာ ပြောလိုက်သည်။ "ကံကြမ္မာ... ရှင်က လူယုတ်မာပဲ။ ကျွန်မရဲ့ သခင်... တုပိုင်ရဲ့ အမေကို သတ်ဖို့အတွက် ကျွန်မရဲ့ သန့်စင်တဲ့ ခန္ဓာကိုယ်ကို ရှင့်ဆီ ပေးအပ်ဖို့ ဝန်မလေးခဲ့ဘူး။ ဒါပေမဲ့ အဆုံးမှာတော့ အဲဒီ အရူးမ နဂါးဘုရင်မက ကိုယ်ဝန်ရပြီး သူ့ကိုယ်သူ အဲဒီလောက်အထိ အားနည်းသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ နောက်ဆုံး သူ့ကို ကျွန်မ သတ်လိုက်ချိန်မှာ ရှင့်ရဲ့ အကူအညီကိုတောင် မလိုလိုက်ဘူး။"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၆၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters