← Chapters

အခန်း ၁၁၄၁

Vol. 77 Ch. 1141

အခန်း ၁၁၄၁

Vol. 77 Ch. 1141

အခန်း (၁၁၄၁) ကျိန်စာမှော်ဖန်လုံး

လုယန်၏ဝတ်ရုံဖြူပေါ်မှ အရုပ်များ ရင်ဘတ်နေရာတွင်လာစုပြီး ကျင်းချိုင်ဝေကို တိတ်တဆိတ်ကြည့်နေကြသည်။

ကျင်းချိုင်ဝေကလည်း သူတို့ကြည့်နေမည်ကို သိသည်။ မြေတွင်းတစ်ခုထဲ ‌ပြေးအောင်းချင်စိတ်ပေါ်လာသည်။

ရှက်စရာကောင်းလွန်းသည်။

သခင်ရှီက ချုန်းချီမျိုးနွယ်ဖြစ်ကြောင်း သိပြီးနောက် လုယန်စိတ်ထဲတွင် ပထမဆုံးရင်ဆိုင်ခဲ့ရသည့် ကျားနတ်ဆိုးအကြောင်း ပြန်သတိရလာသည်။

ရွှေသန္ဓေတစ်ဝက်ဆင့်ကျားနတ်ဆိုးသည် ချုန်းချီသွေးဆက်နည်းနည်းပါဟန်ရှိသည်။ သရဲထိန်းပညာကို ကျွမ်းကျင်သည်။

သို့ဆိုလျှင် သရဲထိန်းစွမ်းရည်သည် ချုန်းချီမျိုးနွယ်၏ ထူးခြားသည့်စွမ်းရည် ဖြစ်ပုံရသည်။

ကျင်းချိုင်ဝေ ထိုပညာသုံးသည်ကိုတော့ သူတစ်ခါမှမမြင်ဖူး။

မြောင်အာသည် သရဲဝိညာဉ်ဖြစ်ကြောင်း ကျင်းချိုင်ဝေလည်းသိသည်။ သူတို့ချုန်းချီမျိုးနွယ်သည် သရဲထိန်းစွမ်းရည်ပိုင်ဆိုင်သော်လည်း သူ့မျိုုးနွယ်တစ်ယောက်က ထိုကိစ္စမျိုး လုပ်နေမည်ဟု ထင်မထားခဲ့။

သခင်ရှီလည်း သရဲထိန်းပညာကို ကျွမ်းကျင်နေသည်။

"နင် နင် ပေါက်ကရတွေလျှောက်မပြောနဲ့။ ငါတို့အရောင်းမြှင့်တင်တာ ဒီနည်းလမ်းကို သုံးစရာလိုလို့လား"

ကျင်းချိုင်ဝေ ဒေါသထွက်လွန်းသဖြင့် မျက်နှာတ်စခုလုံး နီရဲလာသည်။ ထိုရှီမျိုး..အဲ..ကျင်းမျိုးရိုးကို လည်ပင်းညှစ်သတ်ချင်စိတ်ပေါက်နေသည်။

"ဘိုးဘေးမသိလို့ပါ။ ကျုပ်တို့မှော်ဖန်လုံးတွေက အရည်အသွေးမြင့်တယ်။ သိုလှောင်စရာ နေရာကျယ်သလို ဈေးလည်းချိုတယ်။ အကြမ်းလည်းခံတယ်။

နှစ်နှစ်ဆယ်လောက် မပျက်မစီးဘဲ သုံးလို့ရတယ်။ ကျင်းအန်းမှာ မှော်ဖန်လုံးရောင်းရနှုန်းက စပြီးကျလာပြီ။

ကျုပ်က ကြောက်စရာကောင်းတဲ့ အိပ်မက်ရေပွက်တစ်ခု ဖန်တီးချင်တာပါ။ မြောင်အာတို့က မှော်ဖန်လုံးထဲမှာလှုပ်ရှားတဲ့ ဇာတ်လမ်းမျိုး ဖန်တီးချင်တာ။

အဲဒါမှ ပရိတ်သတ်တုံ့ပြန်မှုကို ကောင်းကောင်းစမ်းသပ်နိုင်မှာလေ"

သခင်ရှီ မျက်ရည်ကျမတတ်ဖြစ်နေသည်။ ကျင်းအန်းမြို့တော်အရောင်းကိုယ်စားလှယ်ဖြစ်၍ ကြီးမားသည့်ဖိအားကို ရင်ဆိုင်နေရသည်။ နည်းလမ်းမျိုးစုံသုံး၍ ဖြေရှင်းရန်ကြိုးစားနေသည်။

"ဒါပေမယ့် ဒီနည်းလမ်းမျိုးတော့ နင်သုံးလို့မရဘူး"

ကျင်းချိုင်ဝေ အံတင်းတင်းကြိတ်၍ပြောသည်။ ထိုကိစ္စမျိုး လုံးဝမဖြစ်ခဲ့သလို သဘောထားလိုက်ချင်သည်။

"နင်က ဒါကို သရဲဇာတ်လမ်းတစ်ခုဖြစ်အောင် လုပ်နေတာ"

"သရဲဇာတ်လမ်းဆိုတာ ဘာလဲ"

သခင်ရှီ ကြောင်တက်တက်ဖြစ်သွားသည်။

"မှောင်ခိုဈေးကွက်မှာ သတင်းပြန့်နေတယ်။ မှော်ဖန်လုံးထဲမှာ သရဲမတစ်ယောက်ပေါ်လာတယ်။ သရဲမကိုကြည့်တဲ့လူတိုင်း ကံဆိုးတယ်တဲ့"

ထိုသတင်းကြောင့် မှော်ဖန်လုံးကို ကျင်းချိုင်ဝေဝယ်ခဲ့ခြင်းဖြစ်သည်။

"ဪ အဲဒီ့ကိစ္စလား။ အဲဒါ ကျုပ်လုပ်တာမဟုတ်ပါဘူး"

သခင်ရှီ ချက်ချင်း သူ့ကိုယ်သူကာကွယ်သည်။

"နင်မလုပ်ရင် ဘယ်သူလုပ်မှာလဲ"

"တကယ်ကျုပ်မဟုတ်ပါဘူး ဘိုးဘေး။ ဒီကိစ္စကို ကျုပ်လည်း စုံစမ်းနေတာပါ"

"တကယ်နင်မဟုတ်ဘူးလား"

"ကျိန်တွယ်ပြီးပြောရဲပါတယ် ကျုပ်မဟုတ်ပါဘူး"

သခင်ရှီ အလေးအနက်ကျိန်တွယ်၍ပြောသည်။ ဘိုးဘေးငယ်ရှေ့တွင် သူလိမ်ညာရဲသည့်သတ္တိမရှိ။

"ကဲ ဟုတ်ပါပြီ။ ထတော့၊ နင်လိမ်ရဲမယ်လို့လည်း ငါမထင်ပါဘူး"

ကျင်းချိုင်ဝေ စကားသံက နွေးထွေးမှုသိပ်မရှိ။ အိမ်ထဲသို့ တန်းဝင်သွားသည်။ လုယန်က နောက်မှလိုက်သည်။

သခင်ရှီက အကောင်းစားလက်ဖက်ရည်များ ချက်ချင်းထုတ်လာပြီး ဘိုးဘေးငယ်နှင့်လုယန်ကို ဧည့်ခံသည်။

သူဧည့်ခံနေချိန်တွင် အခန်းနံရံပေါ်မှ သရဲမလေးငါးယောက်က ခေါင်းပြူ၍ကြည့်ကြသည်။ ဘာတွေဖြစ်နေသည်မသိ။

ဘက်စုံစွမ်းအားကြီးသည့် သခင်ရှီသည် ခုနက ကျင်းချိုင်ဝေရှေ့တွင် ဒူးထောက်နေခဲ့သည်ကို သူတို့မြင်သည်။

"ဘာလို့ နင်လေ့ကျင်ထားတဲ့သရဲတွေအားလုံး မိန်းမတွေဖြစ်နေတာလဲ"

ကျင်းချိုင်ဝေ နည်းနည်းအံ့အားသင့်သွားသည်။

"သရဲမတွေက သရဲထီးတွေထက် ပိုကြောက်စရာကောင်းလို့ပါ ဘိုးဘေးငယ်"

"..."

ကျင်းချိုင်‌ဝေ ထိုကိစ္စ ထပ်မပြောချင်တော့။

"မှောင်ခိုဈေးမှာ ပြန့်နေတဲ့သတင်းက နင်နဲ့မပတ်သက်ဘူးလို့ ပြောတယ်နော်။ အဲဒါဘယ်လိုဖြစ်တာလဲ။ ငါဝယ်လိုက်တဲ့ မှော်ဖန်လုံး မှားနေတာလား"

ဘိုးဘေးငယ် မှော်ဖန်လုံးမှားဝယ်မိပါသည်ဟု သခင်ရှီမပြောရဲ။ ဒေါသထပ်ဆွသလို ဖြစ်လာမည်။ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်လာမည်။

သူတိုက်ရိုက်မဖြေ။ သူ့မှော်လက်စွပ်ထဲမှ မှော်ဖန်လုံးတစ်ခု ထုတ်လိုက်သည်။

"ဒါက ကံဆိုးစေတဲ့ ကျိန်စာမှော်ဖန်လုံးပါ။ ဒီထဲမှာပါတာတွေကို ကျုပ်တစ်ခါကြည့်မိတယ်။ လေးငါးရက်လောက် ကံဆိုးခဲ့ပါတယ်"

ထိုအကြောင်းပြောရသည်ကို သခင်ရှီ နည်းနည်းကြောက်နေဟန်ရှိသည်။ ရွှေသန္ဓေအဆင့်ရှိသည့် သူ့ကိုပင် ကျိန်စာစွမ်းအားက သက်ရောက်သည်။

"ကျုပ်ခံရတာက နည်းပါတယ်။ ကျုပ်ထက်ကျင့်စဉ်အဆင့်နိမ့်တဲ့လူတွေက ပိုပြီးကံဆိုးကြတယ်။ ဒီလိုကျိန်စာမှော်ဖန်လုံးတွေက ကျင်းအန်းမှာတင်မဟုတ်ဘဲ တစ်ခြားမြို့တော်တွေမှာလည်း ပေါ်နေတယ်လို့ကြားတယ်။

ကျင်းအန်းဘုံကျောင်းနဲ့ တစ်ခြားဘုံကျောင်းတွေ အတူပူးပေါင်းပြီး ဒီမှော်ဖန်လုံးတွေကို လိုက်သိမ်းကြတယ်။ ဒါပေမယ့် အပြီးပြတ် မရှင်းလင်းနိုင်ဘူး။ အဆိုးဆုံးက ကျိန်စာကို မယုံကြည်တဲ့လူတွေက ဆက်ကြည့်နေတဲ့ကိစ္စပဲ"

"ဪ..အဲလိုဖြစ်နေတာလား"

လုယန် မျက်မှောင်ကျုံ့သွားသည်။ ဤကိစ္စသည် ပေါ့သေးသေးမဟုတ်။

လုယန် မှော်ဖန်လုံးကိုယူ၍ ဝိညာဉ်စွမ်းအင်ထည့်သွင်းလိုက်သည်။ မှော်ဖန်လုံး၏ပုံရိပ်များ ပေါ်လာသည်။

အစပိုင်းတွင် မှော်ဖန်လုံးပုံရိပ်က ဗလာဖြစ်နေသည်။ ထို့နောက် ကြောက်စရာကောင်းသည့်မျက်နှာနှင့် သရဲမတစ်ယောက် ရေတွင်းထဲမှတွယ်တက်လာသည်။ တကယ်ကြောက်စရာကောင်းသည်။

စွမ်းအားတစ်ခုက ရစ်ပတ်ချည်နှောင်ဖို့ ကြိုးစားနေသည်ကို လုယန်ခံစားမိသည်။ သူ့မသေမျိုးခန္ဓာသည် ယုံကြည်မှုစွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်၍ ထိုစွမ်းအားကို အလိုလိုခုခံနိုင်သည်။

သခင်ရှီအပေါ် ရစ်ပတ်နေသည့် စွမ်းအားကိုလည်း သန့်စင်ရှင်းလင်းသည်။ လုယန်အားမထုတ်ရဘဲ အလိုလိုရှင်းလင်းခြင်းဖြစ်သည်။

"ဟုတ်တယ်။ ဒါက ကျိန်စာပညာပဲ"

လုယန်ဝတ်ရုံပေါ်မှ အစိမ်းရောင်ကြာပွင့်ပေါ်လာပြီး ချင်ဟဲအဖြစ်အသွင်ပြောင်းသွားသည်။

ချင်ဟဲကို သခင်ရှီမမှတ်မိသော်လည်း ထပ်မေမေးရဲ။

"ငါထင်ခဲ့သလိုပဲ။ သုံးဘက်မြင်ပုံရိပ်တွေကနေ ဇာတ်ကွက်အကြောင်းအရာတွေ ပိုပြီးဖြန့်နိုင်တယ်။ ဒါကြောင့် ကံဆိုးစေတဲ့ ကျိန်စာစွမ်းအားကို သုံးနိုင်တာ"

သူတို့အားလုံးထဲတွင် ကျိန်စာပညာနှင့်ပတ်သက်၍ ချင်ဟဲက နားအလည်ဆုံးဖြစ်သည်။

"ဒါကို ကျိန်စာပညာမှန်းမသိရင် ရွှေသန္ဓေအဆင့်တွေတောင် ထောင်ချောက်မိနိုင်တယ်။ ပြီးတော့ ဒီသရဲမက ပုံရိပ်သက်သက်ပါ။ တကယ်မရှိဘူး"

လုယန် ခေါင်းငြိမ့်သည်။ ရွှေသန္ဓေအဆင့်တစ်ယောက်ကို ထောင်ဖမ်းနိုင်သည့်ကျိန်စာဆိုလျှင် အတော်အဆင့်မြင့်သည် သဘောဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းတွင် ရွှေသန္ဓေအဆင့်ကျင့်ကြံသူများ မရှားလှ။ အခြေတည်အဆင့်တွင်ရှိစဉ်က ရွှေသန္ဓေတစ်ဝက်အဆင့် ကျားနတ်ဆိုးကိုပင် သူတိုက်ခိုက်ခဲ့သည်။

သို့သော် အမှန်တော့ ကျင့်ကြံသူ ကိုးဆယ်ရာနှုန်းလောက်က ရွှေသန္ဓေအဆင့်သို့ လုံးဝမရောက်ကြ။ မြို့ငယ်တစ်ခုတွင် ရွှေသန္ဓေအဆင့် ငါးယောက်ပင်ပြည့်ဖို့မလွယ်။

"ဒီကျိန်စာပညာရဲ့ရင်းမြစ်ကို ကျုပ်တို့သေချာစုံစမ်းရမယ်ထင်တယ်"

လုယန်ကပြောသည်။ မှော်ဖန်လုံးမှတစ်ဆင့် ကျိန်စာဖြန့်လျှင် လူပေါင်းများစွာ ထိခိုက်မည့်သဘောရှိသည်။

"စုံစမ်းလို့မရဘူး။ အရင်ကတည်းက ဒီကိစ္စကို ကျုပ်တို့မျိုးနွယ်က အထက်လူကြီးတွေဆီ ကျုပ်သတင်းပို့ခဲ့တယ်။ သူတို့လည်း သဲလွန်စရှာမရဘူး။

ကျိန်စာမှော်ဖန်လုံးကနေတစ်ဆင့် တန်ပြန်ခြေရာခံဖို့ သူတို့ကြိုးစားကြတယ်။ ဒါပေမယ့် ဒီမှော်ဖန်လုံးတွေက လူတွေအများကြီး လက်ဆင့်ကမ်းပြီးရောက်လာတာ။

အထူးသဖြင့် မှောင်ခိုဈေးလိုနေရာမျိုးမှာ ကျိန်စာဘယ်ကလာတယ်ဆိုတာ စုံစမ်းလို့မရနိုင်ဘူး"

"စည်းမျဉ်းစွမ်းအားနဲ့ ခြေရာခံရင်ရော ရနိုင်မလား"

လုယန် သူ့ဘာသာတွေးသည်။ ထို့နောက် ချက်ချင်းခေါင်းခါပြီး ထိုစိတ်ကူးကို မေ့လိုက်သည်။

ကျိန်စာမှော်ဖန်လုံးများသည် အသက်ဖိုးငွေလိုမဟုတ်။

စည်းမျဉ်းစွမ်းအားသည် နယ်ပယ်ကန့်သတ်ချက်ရှိသည်။ တာအိုရှင်ယုက ကျင်းအန်းတွင်ရှိခဲ့သည်။ ကျင်းအန်းက ဘိုးဘေးဘုံကျောင်းနှင့်လည်းနီးသည်။

ယခုကိစ္စက ဗုဒ္ဓနိုင်ငံတစ်ခုလုံး ပြန့်နှံ့နေသည်မှာ သေချာသည်။ စည်းမျဉ်းစွမ်းအားဖြင့် ဖြေရှင်း၍မရနိုင်။

"ဂိုဏ်းသခင်လေး၊ နည်းလမ်းတစ်ခုခုတွေးမိတာရှိလား"

ကျင်းချိုင်ဝေ စိုးရိမ်ပူပန်စွာမေးသည်။ ချုန်းချီမျိုးနွယ်၏ မှော်ဖန်လုံးသုံး၍ ကျိန်စာစွမ်းအားကိုဖြန့်နေသည်။ သူ့တာဝန်မကင်းဟု ခံစားရသည်။

သို့သော် ချုန်းချီတို့ စုံစမ်းခဲ့သည်။ အကျိုးမရှိခဲ့။ ဘယ်ကစတင်စုံစမ်းရမည်ကို သူမတွေးတတ်။

လမ်းပျောက်နေသည်ဟုပြောလျှင် ပိုမှန်မည်။

"နည်းလမ်းတစ်ခုရှိပါတယ်"

လုယန် ခေါင်းငြိမ့်သည်။

"သခင်ရှီပြောတဲ့အတိုင်းဆိုရင် အခု မှောင်ခိုဈေးကွက်မှာ ကျိန်စာမှော်ဖန်လုံးတွေ အများကြီးပြန့်နေတယ်နော်"

"ဟုတ်ပါတယ်"

လုယန် ပြုံးလိုက်သည်။

"ဒါဆို လွယ်ပါတယ်။ တရားခံက ကျိန်စာမှော်ဖန်လုံးတွေ အများကြီးဖြန့်တယ်။ ဒီတော့ ပုံမှန်မှော်ဖန်လုံးတွေ သူအများကြီးဝယ်ထားလို့ပဲ။

အဲဒီ့မှော်ဖန်လုံးတွေကိုလည်း ခင်ဗျားတို့ချုန်းချီမျိုးနွယ်ဆီကပဲ ဝယ်ရမှာလေ။ သခင်ရှီတာဝန်ယူထားတဲ့ မြို့တော်အရောင်းဆိုင်ခွဲလို နေရာတွေက ဝယ်ရမယ်။

ဒီတော့ ကျိန်စာမှော်ဖန်လုံးတွေ စပေါ်လာတဲ့အချိန်လောက်မှာ ချုန်ချီမျိုးနွယ်ဆီက မှော်ဖန်လုံးတွေအများကြီးဝယ်ခဲ့တာ ဘယ်သူလဲ စုံစမ်းကြည့်ရုံပဲပေါ့။

အဲလိုဆို တရားခံကို ရှာနိုင်လောက်တယ်"

*****************************

All Chapters