← Chapters

အခန်း ၁၁၄၄

Vol. 77 Ch. 1144

အခန်း ၁၁၄၄

Vol. 77 Ch. 1144

အခန်း (၁၁၄၄) ကျူးယွီပညာ

"ဒီကျိန်စာရဲ့ အခြေခံသဘောတရားက ကံကြမ္မာမှော်ပညာနဲ့ တစ်ဘက်လူရဲ့ ကံကြမ္မာ၊ သန္ဓေ၊ ချီနဲ့ဝိညာဉ်ကို လွှမ်းမိုးပြီး ခန္ဓာကိုယ်ထဲက ယင်ယန်နဲ့ ဓာတ်ငါးမျိုးမျှခြေကို ဖျက်ဆီးတာပါ။

ကြောင်းကျိုးကံကြမ္မာဆိုတာက ထင်သာမြင်သာရှိပြီး ထိတွေ့ခံစားနိုင်တဲ့အရာတွေနဲ့ ကြောင်းကျိုးဆယ်နွယ်မှု တည်ဆောက်တာပါ။ မှော်ဖန်လုံးက မြင်သာထင်သာရှိတဲ့ ကြောင်းကျိုးဆက်နွယ်မှုတစ်ခုပါ"

ဘိုးဘေးဘုံကျောင်းထဲတွင် ချင်ဟဲက ကျိန်စာပညာအခြေခံသဘောတရားကို ရှင်းပြနေသည်။ အောင်းလင်းနှင့် ကျန်းလျန်ယိက ကျိန်စာပညာနှင့် ရင်းနှီးပြီးဖြစ်သည်။

ထို့ကြောင့်လည်း ရှေးဟောင်းခေတ်တွင် သူတို့တိုက်ခိုက်စဉ်က တစ်ယောက်ဆံပင်တစ်ယောက် ကြားခံအဖြစ်သုံး၍ ကျိန်စာတိုက်ခဲ့ကြခြင်းဖြစ်သည်။

"လုယန်ရဲ့ စိတ်ကူးကို သေချာစဉ်းစားကြည့်ရင် ကျိန်စာပညာနဲ့ ကံကြမ္မာကို တိုးမြှင့်ပြီး ချီ သန္ဓေ ဝိညာဉ် အားကောင်းအောင်လုပ်နိုင်လောက်တယ်။ အဲလိုဆိုရင် ခန္ဓာကိုယ် စွမ်းအားမြင့်လာပြီး ရောဂါတွေ ပျောက်ကင်းသွားမယ်"

နတ်မယ်က ကျိန်စာသင်တန်းကို တက်ရောက်ရန် စိတ်ကူးမရှိ။ သိစိတ်နယ်မြေတွင် မျက်လုံးမှေးစင်း၍ လဲလျောင်းနေသည်။ သို့သော် ချင်ဟဲစကားကြောင့် သိစိတ်နယ်မြေမှ ချက်ချင်းထွက်လာသည်။

"ခန္ဓာကိုယ်စွမ်းအားမြှင့်ပြီး ရောဂါပျောက်အောင် လုပ်နိုင်တယ်ပေါ့"

"နတ်မယ်၊ အဲဒါ ဘာဖြစ်လို့လဲ"

နတ်မယ်အမူအရာ မူမမှန်သည်ကို လုယန်သတိထားမိသည်။

နတ်မယ် ခေါင်းတစ်ဘက်စောင်း၍ ပြန်တွေးနေသည်။

"ချင်ဟဲရှင်းပြတဲ့ နည်းလမ်းက တိမ်ကောပျောက်ကွယ်သွားတဲ့ ကျူးယွီပညာမဟုတ်လား"

"ကျူးယွီပညာဆိုတာ ဘာလဲ"

အားလုံး နတ်မယ်ကို ပြိုင်တူလှည့်ကြည့်ကြသည်။ ချင်ဟဲနှင့်အောင်းလင်းတို့ပင် ထိုမှော်ပညာမျိုးမကြားဖူးကြ။

"ဟမ်..နင်တို့မသိဘူးလား။ ကိုးဆမသေမျိုး သမိုင်းကြောင်းတွေ လေ့လာတဲ့အချိန်တုန်းက ပြောခဲ့ဖူးတယ်လေ။ သူက ပထမဆုံးမသေမျိုးဖြစ်တဲ့လူမဟုတ်လား။

သူပထဆုံးဆိုတာ သက်သေပြဖို့ ရှေးဟောင်းကျမ်းစာတွေ ဒဏ္ဍာရီတွေ မကြာခဏလေ့လာတယ်။ ကူးဖြတ်ခြင်းအဆင့်ထက် ကျော်လွန်တဲ့လူဆိုတာ မရှိဘူးလို့ သူအစကပြောခဲ့တာ။

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းမရေမတွက်နိုင်တဲ့ ခေတ်ကာလ၊ ကျင့်ကြံမှုစနစ်တောင် မပြည့်စုံသေးတဲ့အချိန်န်က ဆေးကုနည်းတစ်ခုရှိခဲ့တယ်။ ဆေးဝါးတွေနဲ့ ကုတာမျိုးမဟုတ်ဘူး။

မှော်ပညာတစ်မျိုးသုံးပြီးကုတာ။ ခန္ဓာကိုယ်ကိုရော ဝိညာဉ်ကိုပါ ကုသနိုင်တယ်။ အဲဒီ့ကုသနည်းကို ကျူးယွီပညာလို့ခေါ်တယ်။ 'မှော်သမားတော်'တွေပဲ အဲဒီ့ပညာကို တတ်ကြတယ်။

ကျူးယွီပညာကို ဘယ်သူတီထွင်ခဲ့တယ် ဘယ်လိုသဘောတရားရှိတယ် ဘယ်လိုပျောက်ကွယ်သွားတယ်ဆိုတာတွေ ဘယ်သူမှမသိဘူး။ ကိုးဆမသေမျိုးတောင် ဒီပညာနဲပတ်သက်ပြီး နောက်ထပ်အချက်အလက်ရှာမတွေ့ဘူး။

အခု‌ နင်တို့သုံးမယ့် ကျိန်စာပြောင်းပြန်နည်းလမ်းက ကျူးယွီပညာနဲ့တူတယ်လို့ မထင်ဘူးလား"

"တကယ်တူနေသလိုပဲ။ စမ်းသပ်ကြည့်လိုက်ရင် အဖြေသိရမှာပါ"

နတ်မယ်၏အမြင်ကို လုယန်ယုံကြည်သည်။

.....

ကျင်းအန်းဆင်ခြေဖုံး။

ကျုန်းချိုက် ကုတင်ပေါ်လဲလျာင်းရင်း တစ်ကိုယ်လုံး ခြစ်ခြစ်တောက်ပူနေသည်။ ယနေ့သူနိုးလာကတည်းက အခြေအနေမကောင်း။ ကုတင်ပေါ်မှ ရေသောက်ရန်ထရပ်ချိန်တွင် တစ်ကိုယ်လုံး ယိုင်ထိုးသွားသည်။

သူပြန်ထိုင်လိုက်သည်။ အားအင်လုံးဝမရှိသလို ခံစားရသည်။

"မနေ့က ငါအလုပ်လုပ်တာ ပင်ပန်းလွန်းလို့များလား"

သူ့နဖူးတွင် ချွေးသီးများထွက်လာသည်။ နေမထိထိုင်မသာဖြစ်နေသည်။ လေပူမိသည့်ရောဂါ ဖြစ်တော့မည်ဟု သူထင်မိသည်။

ထို့နောက် သူ့မြင်ကွင်းများ ဝေဝါးသွားသည်။ နောက်ပြန်လဲကျ၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

အိပ်ပျော်ခါနီးတွင် ဝတ်ရုံဖြူလူငယ်တစ်ယောက် သူ့ကုတင်ဘေးတွင် ပေါ်လာသလိုလို ထင်မိသည်။ မျက်နှာကိုသေချာမမြင်ရ။ အလင်းလွှာတစ်ခု ဖုံးကွယ်ထားသည်။

ဝတ်ရုံဖြူပေါ်မှ တလက်လက်တောက်နေသည့် ကြာပွင့်ရုပ်ကို သူမြင်ရသည်။ ထို့နောက် သူ့အသိစိတ်များ လုံးဝအမှောင်ကျသွားသည်။

"ဝါး...အတော်အိပ်လို့ကောင်းတာပဲ"

ကျုန်းချိုက် အကြောတစ်ချက်ဆန့်၍ သမ်းဝေလိုက်သည် ဘယ်လောက်ကြာအောင် သူအိပ်ပျော်သွားသည်မသိ။ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးပြီး ခါတိုင်းထက်ပို၍ စိတ်များကြည်လင်နေသည်။

"တကယ်အလုပ်ဖြစ်တာပဲ"

လုယန် သူ့ဝတ်ရုံကိုသုံး၍ အားလုံးကို ဘိုးဘေးဘုံကျောင်းသို့ ပြန်ခေါ်လာသည်။

ကျုန်းချိုက်ကိုသာမဟုတ်။ ကျင်းအန်းမြို့မျ လူဆယ်ယောက်ကျော်၏ လေပူထခြင်း၊ အပူရှပ်ခြင်းစသည့် ရောဂါမျိုးစုံ ကုသခဲ့သည်။ ဘာဆေးဝါးမှမလို။ အားလုံးကို ချင်ဟဲ၏ကျိန်စာပညာဖြင့် ကုသခဲ့ခြင်းဖြစ်သည်။

"ဒါဆို ကျိန်စာပြောင်းပြန်ပညာနဲ့ ပျောက်ဆုံးနေတဲ့ကျူးယွီပညာက သဘာဝချင်းအတူတူလို့ ပြောလို့ရပြီပေါ့"

လုယန် မျက်မှောင်ကျုံ့သွားသည်။ တစ်ခုခုလွဲနေသလို ခံစားရသည်။

"နတ်မယ်၊ ကျိန်စာပညာ ဘယ်အချိန်က စပေါ်ခဲ့လဲဆိုတာသိလား"

ကံကြမ္မာမှော်ပညာများသည် သင်ယူတတ်မြောက်ဖို့ခက်သည်။ ကျိန်စာပညာနှင့် ကျူးယွီပညာလည်း ထိုအမျိုးအစားတွင်ပါသည်။

ဘာကြောင့် ကျိန်စာပညာက ရှင်သန်နေပြီး ကျူးယွီပညာက ပျောက်ကွယ်ခဲ့သနည်း...

ပုံမှန်အားဖြင့် ကျိန်စာပညာပျောက်သွားလျှင်ပင် ကျူးယွီပညာ မပျောက်ကွယ်သင့်။

နတ်မယ် ခေါင်းခါသည်။

"ငါမသိဘူး"

အောင်းလင်းကပြောသည်။

"မှော်ပညာအတော်များများက ကျင့်ကြံမှုစနစ် စပေါ်တဲ့အချိန်မှာ တီထွင်ခဲ့တာ။ အဲဒီတုန်းက လူသားမျိုးနွယ်ရှေ့ဆောင်တွေ ကျင့်ကြံနည်းမျိုးစုံ စမ်းသပ်ခဲ့တယ်။

မှော်ပညာဆိုတာက အဲဒီ့ဖြစ်စဉ်ရဲ့ ဘေးထွက်ရလာဒ်တွေပါ။ ကျိန်စာပညာတွေဟာ ကျင့်ကြံမှုစနစ် စတည်ထောင်တဲ့အချိန်မှာ ပေါ်ခဲ့တာဖြစ်မယ်။ ဒါပမယ့် အဲဒီ့ကာလက အရမ်းဝေးကွာလွန်းတယ်။

ငါတို့ရှေးဟောင်းခေတ်က စပြီးနောက်ပြန်ကြည့်မယ်ဆိုရင်တောင် အနည်းဆုံး နှစ်သုံးသိန်းလောက်ကြာခဲ့ပြီ။ ရှေးမှတ်တမ်းတွေဆိုတာ မရှိသလောက်ရှားတယ်။ အဲဒီ့ခေတ်ကာလသမိုင်းတွေကို စကားနဲ့ပဲ လက်ဆင့်ကမ်းခဲ့ကြတာ။

အချက်အလက်အတော်များများက အတည်ပြုလို့မရဘူး"

"ကျွန်မလည်း အမလင်းလိုပဲမြင်တယ်"

ချင်ဟဲက ပြောသည်။

"ကျိန်စာပညာကို ကျွန်မလေ့လာတုန်းက မူလဇစ်မြစ်တွေကို ခြေရာခံဖို့ ကြိုးစားခဲ့တယ်။ ဇစ်မြစ်အစစ်ကို မတွေ့ပေမယ့် ကျိန်စာပညာဟာ အနည်းဆုံး နှစ်နှစ်သိန်းလောက်သက်တမ်းရှိပြီဆိုတာ သိခဲ့ရတယ်"

"ဟုတ်ပါပြီ"

လုယန် နားလည်သည်။ မည်သို့ဆိုစေ ကျင့်စဉ်စနစ်ကို လူသားမျိုးနွယ်က တီထွင်ခဲ့သည်။ ထိုခေတ်အခါက ဘဝရှင်သန်ဖို့ပင် ခက်ခဲသည်။ စာရွက်ပေါ်တွင် မှတ်တမ်းတင်နိုင်ဖို့ဆိုသည်မှာ အလွန်ခဲယဉ်းလိမ့်မည်။

ယခု ရှေးဟောင်းခေတ်အကြောင်း ပြန်တွေးကြည့်လျှင် ဒဏ္ဍာရီတစ်ခုလိုဖြစ်နေသည်။ ထိုရှေးဟောင်းခေတ်မှ ကျင့်စဉ်စနစ်စတင်ခဲ့သည့်အချိန်ကို ပြန်ကြည့်လျှင်လည်း ဒဏ္ဍာရီတစ်ခုပင်ဖြစ်နေလိမ့်မည်။

"ဒါနဲ့..ကိုးဆမသေမျိုးနဲ့ပတ်သက်ပြီး ကျုပ်မေးချင်တာတစ်ခုရှိတယ်"

လုယန်က ပြောသည်။

"ဘာကိုလဲ"

"နတ်မယ်၊ အရိယဖလအယူအစကို ခင်ဗျားတို့စခဲ့တာဆိုတော့ ကူးဖြတ်ခြင်းအဆင့်ကျော်သွားရင် မသေမျိုးအဆင့်လို့ သတ်မှတ်တာလည်း ခင်ဗျားတို့စိတ်ကူးပေါ့"

"ဟုတ်တယ်လေ။ အဲဒါဘာဖြစ်လို့လဲ"

"ဒါဆို မသေမျိုးခန္ဓာဆိုတဲ့အယူအဆက ဘယ်လိုပေါ်လာတာလဲ"

သို့သော် နတ်မယ်အဖြေကို မစောင့်တော့ဘဲ လုယန်က မေးကိုပွတ်၍ သူ့ဘာသာသုံးသပ်သည်။

"ဟုတ်ပြီ၊ အစပိုင်းမှာ လူသားမျိုးနွယ်တွေက ထူးခြားတဲ့ရုပ်ခန္ဓာမျိုးကို မသေမျိုးခန္ဓာလို့ သတ်မှတ်ခဲ့လိမ့်မယ်။ တင်စားပြောတဲ့သဘောပေါ့။ ပြီးတော့ မသေမျိုးခန္ဓာကို ကိုးမျိုးခွဲမယ်"

"တစ်ခြားဖြစ်နိုင်ခြေတစ်ခုလည်း ရှိတယ်။ အရင်တုန်းက ကူးဖြတ်တဲ့အဆင့်တွေဟာ မပြည့်စုံသေးဘူး။ ကူးဖြတ်ခြင်းအဆင့်ရဲ့အထက်မှာ မသေမျိုးအဆင့်ရှိတယ်။ ဒါကြောင့် 'မသေမျိုးခန္ဓာ'ဆိုတဲ့ အယူအဆ ပေါ်လာတာများ ဖြစ်မလား"

***************************

All Chapters