အခန်း ၁၁၄၆
Vol. 77 Ch. 1146
အခန်း (၁၁၄၆) နောက်ကွယ်ကလူ၏ နည်းလမ်းတစ်ခု
"ရှီကျိုး ဘယ်ရောက်သွားတာလဲ"
နှစ်ယောက်လုံး အသက်နှောင်မှော်ရတနာများ အသက်သွင်းထားသော်လည်း ပစ်မှတ်ကမရှိ။
ရှီကျိုးအာရုံခံမိမည်ကို စိုးရိမ်သဖြင့် ဝိညာဉ်အာရုံပင် မဖြန့်ရဲခဲ့။ ယခု ဒုက္ခခံ၍ရောက်လာပြီးမှ တွေ့ချင်သည့်လူကို မတွေ့ရ။
"အကိုကြီးရတဲ့သတင်းက သေချာရဲ့လား"
"သေချာတယ်။ ရှီကျိုး အစောပိုင်းက ဒီနေရာမှာ ရှိခဲ့တာ သေချာတယ်"
အကိုကြီးက ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။ သူ့သတင်းရင်းမြစ်က လုံးဝစိတ်ချရသည်။
"သူနေရာပြောင်းသွားတာဖြစ်မယ်"
"သူမရှိရင်လည်း သွားကြစို့လေ"
ညီငယ်ဖြစ်သူ ထိတ်လန့်နေသည်။ ရှီကျိုးရှိခဲ့သည်မရှိခဲ့သည်နောက်ထား။ လှိုဏ်းဂူက အတော်ခြောက်ခြားစရာကောင်းသည်ဟု ခံစားရသည်။
နှစ်ယောက်လုံး ဝိညာဉ်ပြောင်းအဆင့်ဖြစ်သော်လည်း ပြိုင်ဘက်ကင်းပါရမီရှင်များမဟုတ်။ လောကတွင် မသိသင့်သည့် အရာများစွာရှိသည်။ များများသိလေ အသေမြန်လေဖြစ်မည်။
အယူသည်းသည့် ဒဿနများကို သူ့အကိုကြီးက လက်မခံ။ လှိုဏ်ဂူထဲတွင် သေချာစစ်ဆေးသည်။ သဲလွန်စ တစ်ခုမှမတွေ့သဖြင့် သူကျိန်ဆဲလိုက်သည်။
"သောက်ရေးထဲကွာ။ အကုန်လုံး ရှင်းသွားတာ။ ဘာမှမကျန်ခဲ့ဘူး။ ပြန်ရုံပဲရှိတော့တယ်"
အပြန်လမ်းတွင် စိတ်ဓာတ်ကျနေသည့်သူ့ကို ညီငယ်က စေတနာဖြင့် ဖျောင်းဖျသည်။
"အကောင်းဘက်က တွေးပါအကိုကြီး။ ရှီကျိုးရှိမနေတာလည်း ကံကောင်းတာပဲ။ သူရှိနေရင် သူ့ကျိန်စာပညာတွေ အောက်လမ်းနည်းတွေနဲ့ဆို ကျုပ်တို့ အဲဒီမှာသေချင်သေသွားမှာ"
နှစ်ယောက်လုံး ဝိညာဉ်ပြောင်းအဆင့်များဖြစ်ပြီး လူအင်အားသာသော်လည်း တိုက်ပွဲရလာဒ်ကို တရားသေဆုံးဖြတ်၍မရ။
ဥပမာ ပါရမီရှင်လုယန်လို ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်သူကို တိုက်ခိုက်နိုင်သည့်လူမျိုးနှင့် ကြုံနိုင်သည်။ ထူဆန်းသည့် အချိန်မှော်ပညာ ကံကြမ္မာမှော်ပညာ ကျွမ်းကျင်သူမျိုးနှင့်ကြုံနိုင်သည်။
အကိုကြီးက စိတ်တိုလာဟန်ဖြင့် လက်တစ်ဘက်ဝှေ့ယမ်း၍
"တော်စမ်းပါကွာ။ မင်းကငါ့ကို နှစ်သိမ့်နေတာပါ။ ကျိန်စာပညာတွေက ရှာတွေ့ဖို့လွယ်တာမဟုတ်ဘူးကွ"
.....
သိစိတ်နယ်မြေ။
လုယန် ခဏစဉ်းစားနေပြီး ခေါင်းမော့လာသည်။
"အချိန်မသေမျိုး၊ ခင်ဗျားနဲ့ ယင်ထန်အရှင် ဘယ်သူက ပိုစွမ်းအားကြီးလဲ"
အချိန်မသေမျိုး အံ့အားသင့်သွားသည်။ ထို့နောက် လုယန် မေးချင်သည့်အဓိပ္ပါယ်ကို ချက်ချင်းနားလည်လာသည်။ မလုံမလဲမျက်နှာဖြင့်ပြောသည်။
"ငါက သူတို့သုံးယောက်ထက် စွမ်းအားကြီးတယ်လို့ အမြဲပြောခဲ့ပေမယ့် တကယ်တမ်း တာအိုနားလည်နိုင်စွမ်းကို စဉ်းစားရင် ယင်ထန်နဲ့ငါက သိပ်မကွာဘူး။
မင်းပြောချင်တာက နတ်မယ်နဲ့ယွမ်ကျိက လုံလောက်တဲ့ စွမ်းအားမျိုးရှိလို့ ထူးခြားချက်ကို အာရုံခံနိုင်တယ်။ ငါအာရုံခံနိုင်တာကျတော့ အချိန်နဲ့ပတ်သက်နေတဲ့ကိစ္စဖြစ်နေလို့ ဆိုတဲ့သဘောလား"
လုယန် ခေါင်းငြိမ့်သည်။
"ဟုတ်တယ်။ အဲဒါကို ပြောချင်တာပါ"
ထိုကိစ္စ၏ ဇစ်မြစ်ကို နားလည်နိုင်ဖို့ ပထမဆုံး ယွမ်ကျိ၊ နတ်မယ်နှင့် အချိန်မသေမျိုးတို့ကြားမှ ကွဲပြာခြားနားချက်ကို အရင်ကြည့်ရမည်။
အကြီးဆုံးကွာဟချက်က အချိန်မသေမျိုးသည် လုံလောက်သည့် စွမ်းအားမျိုးမရှိ။ သို့သော် ပြောင်းလဲမှုကို အာရုံခံနိုင်သည်။ ယင်ထန်နှင့် တစ်ခြားမသေမျိုးများက အာရုံခံနိုင်သည်။
ထို့ကြောင့် ဤပြဿနာသည် အချိန်နှင့်ပတ်သက်နေရမည်။
အချိန်မသေမျိုး ခေါင်းငြိမ့်ရန်ပြင်ပြီးမှ တစ်ခုခုလွဲနေကြောင်း နားလည်သွားသည်။
"နေပါဦး၊ မင်းလည်း ဒါကို အာရုံခံမိတယ်မဟုတ်လား"
...မင်းက မသေမျိုးခန္ဓာရထားပေမယ့် ငါ့ထက်တော့ စွမ်းအားပိုမကြီးနိုင်ပါဘူး..
လုယန် ပွင့်လင်းစွာဝန်ခံသည်။
"ကျုပ်က ထာဝရနတ်မယ်ရဲ့ ကောင်းချီးရထားတယ်လေ"
အချိန်မသေမျိုး "..."
ထို့နောက် တစ်ခြားကိစ္စတစ်ခု လုယန်သတိရလာသည်။
"ပြီးတော့ မီးနိုင်ငံခေတ်နှောင်းပိုင်းမှာ ခင်ဗျားအလစ်တိုက်ခိုက်ခံရတယ်။ တိုက်ခိုက်တဲ့လူရဲ့ စွမ်းရည်ဟာ အချိန်နဲ့ ပတ်သက်နေတယ်လို့ ခင်ဗျားသံသယရှိတယ်မဟုတ်လား"
"ဟုတ်တယ်။ ငါအဲလိုပဲ ထင်တယ်"
အချိန်မသေမျိုး ဆက်ပြောသည်။
"အချိန်အရိယဖလနဲ့ ငါစစ်ဆေးကြည့်တယ်။ အချိန်နောက်ပြန်လည်တာမျိုးမရှိဘူး။ အချိန်နောက်ပြန်ရစ်တဲ့စွမ်းရည် မဟုတ်တာသေချာတယ်"
သူ့အရိယဖလအပေါ် အပြည့်အဝယုံကြည်သည်။ နောက်ကွယ်မှလူ ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ သူ့အရိယဖလစွမ်းရည်ကို ပြုပြင်ပြောင်းလဲပြီး သူ့ကိုလှည့်စားနိုင်မည်မဟုတ်။
ထိုသို့ပြောပြီးနောက် အချိန်မသေမျိုး ထရပ်သည်။ လက်နှစ်ဘက်နောက်ပစ်ပြီး သူတို့သုံးယောက်ကိုပတ်၍ လမ်းလျှောက်သည်။ သူအတွေးများ နည်းနည်းရှုပ်ထွေးနေသည်။
အချိန်နှင့်ပတ်သက်သည်။ သို့သော် အချိန်နောက်ပြန်ရစ်သည့်ကိစ္စမျိုးမဟုတ်။ သို့သော် တစ်ခုခုမေ့သွားသလို ခံစားရသည်။ နောက်ကွယ်မှလူက ဘယ်လိုနည်းလမ်းမျိုး သုံးခဲ့သည်မသိ။
"ကျိုးရှီမသေမျိုးမြင်ခဲ့တဲ့ အတိတ်ကလည်း အခုသုံးတဲ့နည်းလမ်းနဲ့ ပတ်သက်နေလောက်တယ်"
လုယန် သူ့ဘာသာရေရွတ်သည်။
သူ့ရေရွတ်သံကိုကြားပြီးနောက် အချိန်မသေမျိုး ရုတ်တရက် ခြေလှမ်းရပ်သွားသည်။ မျက်လုံးများအရောင်တောက်လာသည်။
"ဟုတ်ပြီ၊ ဒါဆို..."
"ဒါဆိုဘာလဲ"
"အချိန်လမ်းကြောင်း။ နောက်ကွယ်ကလူက အချိန်လမ်းကြောင်းကို ပြုပြင်ခဲ့တာပဲ"
"အချိန်လမ်းကြောင်း..."
ယွမ်ကျိ ထိုစကားကို ထပ်ရေရွတ်သည်။ သူတစ်ခါမှမကြားဖူးသည့် စကားလုံးဖြစ်သည်။
လုယန်လည်း အချိန်လမ်းကြောင်းဟု ခန့်မှန်းမိသည်။ သို့သော် ထိုအယူအဆကို အချိန်မသေမျိုးက ဘယ်လိုနားလည်မည်မှန်း သေချာမသိသဖြင့် တီးတိုးရေရွတ်၍ အရိပ်အမြွက်ပေးခဲ့ခြင်းဖြစ်သည်။
အချိန်မသေမျိုး ဆောင့်ကြောင့်ထိုင်၍ သစ်ကိုင်းတစ်ခုဖြင့် မြေပေါ်တွင် အစနှင့်အဆုံးသတ်မရှိသည့် မျဉ်းကြောင်းတစ်ခုဆွဲသည်။
"ဒီမျဉ်းကြောင်းက အချိန်ကိုကိုယ်စားပြုတယ်ဆိုပါတော့"
မှော်စွမ်းအားသုံး၍လည်း သူသရုပ်ပြနိုင်သည်။ သို့သော် သူ့မူလပုံစံက လောကသစ်ပင်ဖြစ်သည်။ ထို့ကြောင့် သစ်ကိုင်းသုံး၍ မြေပေါ်တွင်ရေးခြစ်ရှင်းပြရသည်ကို ပိုသဘောကျသည်။ သူ့ပင်ကိုယ်စရိုက်ဖြစ်သည်။
မျဉ်းကြောင်းပေါ်တွင် အမှတ်တစ်ခုရွေးသည်။
"ဒါက လက်ရှိအချိန်"
ထိုအမှတ်ကို စမှတ်အဖြစ်သုံး၍ စက်ဝိုင်းခြမ်းတစ်ခု နောက်ပြန်ဆွဲသည်။
"အဲဒါကို အချိန်နောက်ပြန်ရစ်တယ်လို့ ခေါ်တယ်။ စက်ဝိုင်းခြမ်းရဲ့ နောက်အစွန်းတစ်ဘက်နဲ့ အချိန်မျဉ်းကြောင်းဆုံတဲ့နေရာဟာ အတိတ်ပဲ။
တန်ချန်ဝူက ဒီလိုအခြေအနေမျိုးပါ။ အတိတ်ကိုပြန်သွားပြီး တစ်ခုခုလုပ်ရင် အနာဂတ်ကပြောင်းလဲသွားမယ်"
အချိန်မသေမျိုးက အတိတ်-အနာဂတ် မျဉ်းကြောင်းကိုဖျက်ပြီး ထိုနေရာနှင့် နည်းနည်းခွာ၍ မျဉ်းကြောင်းအသစ်တစ်ခုဆွဲသည်။
"အနာဂတ်ပြောင်းလိုက်တော့ မူလအနာဂတ်က ပျောက်သွားတယ်။ ဒါက အချိန်နောက်ပြန်စက်ဝန်းရဲ့ အခြေခံသဘောတရားပဲ"
ထို့နောက် အတိတ်အချိန်မှတ်နေရာကို ထောက်ပြပြီး အလေးအနက်လေသံဖြင့်ပြောသည်။
"နောက်ကွယ်ကလူဟာ အချိန်နောက်ပြန်မရစ်ဘဲ အတိတ်နေရာကို တိုက်ရိုက်ပြောင်းပြီး အနာဂတ်ကိုပြုပြင်ခဲ့တာလို့ ငါယူဆတယ်။
ဒါကြောင့် နတ်မယ်နဲ့ယွမ်ကျိက တစ်ခုခုမေ့သွားသလိုမျိုး ခံစားရတာ။ ရှောင်လု ပြောတဲ့စကားကြောင့် ငါပြန်တွေးမိလာတယ်။
ကျိုးရှီမြင်ခဲ့တဲ့ အတိတ်အကြောင်းကို မင်းတို့မှတ်မိသေးလား။ ငါတို့လေးယောက်ရဲ့စရိုက်က လုံးဝပြောင်းသွားတယ်။
နတ်မယ်တစ်ယောက်တည်း အရိယဖလအယူအဆကို တီထွင်ခဲ့တယ်ဆိုတာမျိုး ဖြစ်နေတယ်။
ဒါဟာ နောက်ကွယ်ကလူဖန်တီးခဲ့တဲ့ လောကလမ်းကြောင်းအတုဖြစ်မယ်။ ကျိုးရှီကို သူတမင်ပြခဲ့တာ။ ဟုတ်တယ်၊ အဲလိုတွေးလိုက်ရင် အားလုံးက အဓိပ္ပါယ်ပေါ်လာပြီ"
ပြောရင်းပြောရင်း အချိန်မသေမျိး ပို၍စိတ်လှုပ်ရှားလာသည်။ နှစ်လေးသိန်းကြာမှ နောက်ကွယ်မှလူ၏ နည်းလမ်းတစ်ခုကို အတည်ပြုနိုင်သည်။
"မဟုတ်ဘူး။ ငါအဲလို လွယ်လွယ်နဲ့ ကောက်ချက်ချလို့မဖြစ်သေးဘူး။ ငါမခန့်မှန်းမိတာတစ်ခုခု ရှိနေနိုင်တယ်"
အချိန်မသေမျိုး ချက်ချင်း ပြန်တည်ငြိမ်လာသည်။ လွန်ခဲ့သည့်နှစ်သုံးသိန်းက လုပ်ကြံခံခဲ့ရသည့် အတွေ့အကြုံကြောင့် သူသတိထားတတ်လာသည်။
နောက်ကွယ်မှလူတွင် နားမလည်နိုင်သည့် လျှို့ဝှက်ချက်များစွာရှိသည်။ အလောတကြီးကောက်ချက်ချလျှင် နောက်ထပ်လမ်းမှားသွားနိုင်သည်။
ထိုနည်းလမ်းကို အတည်ပြုဖို့ သက်သေမရှိသေး။
နည်းလမ်းများအကြောင်း စဉ်းစားရင်း အချိန်မသေမျိုး အသံတိတ်သွားသည်။ နတ်မယ်နှင့် ယွမ်ကျိကလည်း စကားမပြောကြ။ ပတ်ဝန်းကျင်က နည်းနည်းတစ်မျိုးဖြစ်လာသည်။
လုယန် လက်မြှောက်၍ ပြောသည်။
"နည်းလမ်းတစ်ခုနဲ့ အတည်ပြုလို့ရလောက်တယ်"
"မင်းမှာဘာနည်းလမ်းရှိလဲ"
အချိန်မသေမျိုး အတော်အံ့အားသင့်သွားသည်။ ထိုကိစ္စ အတည်ပြုဖို့နည်းလမ်းကို သူပင်စဉ်းစားမရ။
ယွမ်ကျိနှင့်နတ်မယ်လည်း လုယန်ကို လှည့်ကြည့်လာသည်။ လုယန်၏နည်းလမ်းကို စိတ်ဝင်စားနေသည်။
အားလုံးက သူ့ကိုယုံကြည်အားကိုးသလို စိုက်ကြည့်နေကြသဖြင့် လုယန် အတော်လေးအနေရခက်သွားသည်။
"ရလောက်တယ်လို့ ပြောတာပါ။ တစ်ခါမှ စမ်းမကြည့်ဖူးသေးဘူး။...အနာဂတ်ကို ခန့်မှန်းတဲ့ပညာ ကျုပ်တတ်ထားပါတယ်"
********************************