← Chapters

အခန်း ၁၁၄၈

Vol. 77 Ch. 1148

အခန်း ၁၁၄၈

Vol. 77 Ch. 1148

အခန်း (၁၁၄၈) ကန့်သတ်ချက်များ

"အချိန်လမ်းကြောင်းကို ပြောင်းတာလား။ တကယ်ရင်ဆိုင်ရခက်တဲ့ စွမ်းရည်မျိုးပဲ"

အချိန်မသေမျိုး မျက်မှောင်ကျုံ့သွားသည်။ ထိုစွမ်းရည်မျိုးသည် ကာကွယ်ဖို့ တကယ်မဖြစ်နိုင်။

"ဒါက သူ့စွမ်းရည်တွေထဲက တစ်ခုပဲရှိသေးတယ်။ နတ်မယ်သေဆုံးခဲ့တာက အချိန်လမ်းကြောင်းပြောင်းလဲတာနဲ့ မဆိုင်လောက်ဘူး"

လုယန်က ပြောသည်။

"ဘယ်လိုမျိုးလဲ။ နတ်မယ်သေသွားတဲ့အချိန်မှာ လောကကြီးက သူ့အကြောင်းမေ့သွားပေမယ့် ငါတို့လေးယောက်က မှတ်မိနေလို့လား။ အချိန်လမ်းကြောင်း ပြောင်းလဲတာဆိုရင် ငါတို့လည်း သူ့အကြောင်း မေ့သွားမယ်ဆိုတဲ့သဘောပေါ့"

"အဲဒါကြောင့်ချည်းတော့ မဟုတ်ဘူး။ အခုထိသိထားသမျှဆို နောက်ကွယ်ကလူက အချိန်လမ်းကြောင်းကို သူဆန္ဒရှိသလို ပြောင်းလဲခဲ့တာမျိုးမဟုတ်ဘူး။

နတ်မယ်သေဆုံးချိန်ကနေ မီးနိုင်ငံပျက်စီးတဲ့အထိ နှစ်တစ်သိန်းအတွင်းမှာ အချိန်လမ်းကြောင်းကို 'ရှေးဟောင်းမသေမျိုးလေးယောက်မရှိ'ဆိုတာမျိုး သူမပြောင်းလဲခဲ့ဘူး။ ဒီတော့ အချိန်လမ်းကြောင်းပြောင်းလဲတဲ့နေရာမှာ ကန့်သတ်ချက်တွေရှိနေတဲ့သဘောပဲ။

ဘယ်လိုကန့်သတ်ချက်တွေလဲဆိုတာတော့ မသိသေးဘူး။ အရမ်းစွမ်းအားကြီးတဲ့ လူတွေအကြောင်း သူမဖျောက်ဖျက်နိုင်တာမျိုး ဒါမှမဟုတ် အရမ်းဝေးကွာလွန်းတဲ့ အချိန်ဆုံမှတ်တွေကို မပြုပြင်နိုင်တာမျိုးဖြစ်မယ်"

ရှေးဟောင်းမသေမျိုးလေးယောက်အကြောင်းကို မဖျောက်ဖျက်နိုင်လျှင် နတ်မယ်အကြောင်း ဘယ်လိုဖျောက်ဖျက်နိုင်ခဲ့သနည်း...

"ဝေးကွာလွန်းတဲ့ အချိန်ဆုံမှတ်တွေကို မပြုပြင်နိုင်ဘူးဆိုတာကို နင်ဘယ်လိုကောက်ချက်ချလိုက်တာလဲ"

နတ်မယ် နည်းနည်းနားရှုပ်သွားသည်။

"ရိုးရှင်းတဲ့ ဥပမာတစ်ခုပေးမယ်။ အချိန်လမ်းကြောင်းပြောင်းပြီး ယင်ထန်မသေမျိုးအကြောင်း သူဖျောက်ဖျက်ဖို့ဆို အလွယ်ဆုံးနည်းလမ်းက ဘာဖြစ်မလဲ။

အကြီးအကဲယင်ထန်ဟာ တစ်ချိန်တုန်းက ယာဇ်ပူဇော်တဲ့အနေ မြေမြှုပ်ခံခဲ့ရတယ်။ သူ့အကြောင်းဖျောက်ဖျက်ဖို့ အလွယ်ဆုံးက သူလွတ်မြောက်မလာဘဲ ဂူသင်္ချိုင်းထဲမှာသေသွားတယ်ဆိုတဲ့ သမိုင်းကြောင်းမျိုးပေါ့။

ဒါပေမယ့် နောက်ကွယ်ကလူက ဒါမျိုးမလုပ်ခဲ့ဘူး။ ဒါကြောင့် ဝေးကွာလွန်းတဲ့ အချိန်ဆုံမှတ်တွေကို သူမပြောင်းလဲနိုင်ဘူးလို့ ကျုပ်ပြောတာ။

အချိန်လမ်းကြောင်းကို ပြောင်းလဲနိုင်တာဟာ ကြောင်းကျိုးအရိယဖလစွမ်းအားနဲ့ အကြောင်းနဲ့အကျိုးကို ပြောင်းပြန်လှန်ပစ်တဲ့စွမ်းရည်လို့ ကျုပ်ယူဆတယ်"

အားလုံး ခေါင်းငြိမ့်ကြသည်။ လုယန်၏ တန်ပြန်တွေးခေါ်မှုက အတော်ယုတ္တိကျသည်။

"ဒါပေမယ့် ဒီတစ်ခါ အချိန်လမ်းကြောင်းကို သူဘာလို့ပြောင်းရသလဲဆိုတာ ကျုပ်စဉ်းစားမရသေးဘူး"

လုယန်အကြည့်က ကျင်းချိုင်ဝေနှင့် သခင်ကျီတို့ပါဝင်သည့် ပုံရိပ်ဆီ ရောက်သွားသည်။

....

"ကျင်းစုန်ရှီ၊ မှောင်ခိုဈေးက ထူးဆန်းတဲ့ဇာတ်လမ်းတွေက နင့်ဆီကနေစခဲ့တယ်ဆိုတာ သေချာလား"

သခင်ရှီ ကြောက်ဒူးတုန်နေသည်ကို လုယန်ထပ်မြင်ရသည်။

လုယန်အကြောင်း သူမသိသော်လည်း ဒေါသတကြီးပြောနေသည့် သူ့ဘိုးဘေးငယ်ရှေ့မှာပင် တည်ငြိမ်စွာနေနိုင်သည့်လူဖြစ်သည်။ ကြောက်စရာကောင်းသည့် စွမ်းအားရှင်ဖြစ်မည်။

"ဟုတ်ပါတယ် ကျုပ်ကြောင့်ပါ"

သခင်ရှီ စိတ်ဓာတ်ကျနေသည်။

ဤကိစ္စ ပြီးခဲ့ပြီမဟုတ်လော...ဘာကြောင့် ထပ်ပေါ်လာသည်မသိ။

သခင်ရှီ လိမ်နေခြင်းမဟုတ်ကြောင်း လုယန် သေချာသိသည်။ သူလည်း မှော်ခိုဈေးသို့ သွားခဲ့သည်။ ထူးဆန်းသည့် သတင်းများကြားခဲ့ရသည်။ သခင်ရှီပြောသည့်စကားများနှင့် ထပ်တူကျနေသည်။

သို့သော် မူလအချိန်လမ်းကြောင်းတွင် သခင်ရှီက ငြင်းခဲ့သည်။ မှော်ခိုဈေးမှ ဇာတ်လမ်းများသည် သူ့လက်ချက်မဟုတ်ဘဲ တစ်ခြားတစ်ယောက်၏လုပ်ရပ်ဖြစ်သည့်သဘောရှိသည်။

နောက်ကွယ်မှလူက ထိုတစ်ခြားတစ်ယောက်အကြောင်းကို ဖုံးကွယ်ချင်ပုံရသည်။

ထို့ကြောင့် ထိုကိစ္စအကြောင်းရင်းကို သခင်ရှိအပေါ် လွှဲပြောင်းလိုက်ခြင်းလော...

......

"ထူးဆန်းတဲ့ဒီဇာတ်လမ်းတွေက ဒီမြို့တော်မှာပဲရှိတာလား။ တစ်ခြားမြို့တော်တွေမှာရော ရှိသေးလား"

"မရှိပါဘူး"

သခင်ရှီ ယုံကြည်ချက်အပြည့်ဖြင့်ဖြေသည်။ မှော်ဖန်လုံးအရောင်းမြှင့်ဖို့ သရဲမကို သူအသုံးချခဲ့သည်။ တစ်ခြားမြို့တော်များအတွက် အရောင်းကိုယ်စားလှယ်တာဝန် ယူမထား။

တစ်ခြားမြို့များတွင် မှော်ဖန်လုံးအရောင်းမြှင့်တင်ခြင်းသည် သူနှင့်မဆိုင်။

..........

လုယန် ခေါင်းငုံ့၍ စဉ်းစားနေသည်။ ထို့နောက် သက်ပြင်းချ၍ ခေါင်းခါသည်။

နောက်ထပ်အဖြေရှာ၍ ရနိုင်တော့မည့်ပုံမပေါ်။ လက်ရှိသဲလွန်စများက ဤအဆင့်ထိသာ ဦးတည်သည်။

ထို့ပြင် နောက်ကွယ်မှလူ ဖုံးကွယ်ချင်သည့် မြင်ကွင်းများကို သူမှန်းဆနိုင်လျှင်ပင် ထိုလူက အချိန်လမ်းကြောင်း ဆက်ပြောင်းချင်ပြောင်းနေနိုင်သည်။

နောက်တစ်ဆင့်အတွက် သဲလွန်စမရှာနိုင်တော့သဖြင့် ယွမ်ကျိနှင့် အချိန်မသေမျိုးလည်း ဆက်မနေကြတော့။

"ရှောင်လု၊ ဝီရိယစိုက်ပြီး ကျင့်ကြံပါ။ စုစည်းခြင်းအဆင့်ကို မြန်မြန်ရောက်အောင်လုပ်ပါ"

ယွမ်ကျိက ထွက်မသွားမီအကြံပေးသည်။ အေးစက်သည့်သူ့မျက်လုံးများက လုယန်နှင့်နတ်မယ်ကို တစ်လှည့်စီကြည့်သည်။ တစ်နေ့နေ့တွင် သူ့ဆရာတူမောင်လေး သူများစကားနားယောင်ပြီး နတ်မယ်နှင့်လက်တွဲသွားမည်ကို နည်းနည်းစိုးရိမ်နေပုံရသည်။

သို့သော် ရှောင်လုမြင်ခဲ့သည် မဖြစ်နိုင်သည့်အနာဂတ်ပုံရိပ်တွင် နတ်မယ်နှင့်ပူးပေါင်းသည့် မြင်ကွင်းပါခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ထိုအနာဂတ်သည် တကယ်ဖြစ်မလာနိုင်။

"အနာဂတ်မြင်ပညာမျိုးတွေကို သိပ်မသုံးနဲ့"

ယွမ်ကျိ ထပ်သတိပေးသည်။ စပ်စုလိုစိတ်ကြောင့် ပိတ်ဆို့ထားသည့်ပုံရိပ်များ ရှောင်လုကြည့်မိမည်ကို စိုးရိမ်သည်။

"ကောင်းပါပြီ"

"ဒါဆို ငါလည်း သွားတော့မယ်။ ဗုဒ္ဓနိုင်ငံမှာ အခက်အခဲတစ်ခုခုကြုံရင် မင်းငါ့ဆီအချိန်မရွေး လာခဲ့လို့ရပါတယ်"

အချိန်မသေမျိုးကပြောသည်။ လုယန် ဗုဒ္ဓနိုင်ငံသို့ရောက်နေသည်ကို ယခုမှသိခြင်းဖြစ်သည်။

ယွမ်ကျိနှင့် အချိန်မသေမျိုး ထွက်သွားပြီးနောက် လုယန် ဘိုးဘေးဘုံကျောင်းထဲသို့ ပြန်ဝင်သည်။

ဘုံကျောင်းဂိတ်တံခါးတွင် ယွမ်မုန်မုန်နှင့်ကျင်းချိုင်ဝေ သစ်ပင်စိုက်နေသည်။ မျက်နှာတွင် ရွှံ့များပေကျံနေသည်။

"မသေမျိုးဝိညာဉ်သစ်သီးကို ဒီလိုနည်းနဲ့စိုက်လို့ရတယ်ပေါ့။ ကောင်းလိုက်တာ"

ယွမ်မုန်မုန်က ကျင်းချိုင်ဝေထံမှ မသေမျိုးဝိညာဉ်ပင်စိုက်သည့်နည်းကို သင်နေခြင်းဖြစ်သည်။

"ဒါပေါ့။ ရေပြင်ညီဝိညာဉ်သီးတွေကို ငါဒီလိုပဲစိုက်ခဲ့တာ။ မသေမျိုးဝိညာဉ်သစ်သီးကို မုန့်ခြောက်ထဲထည့်ရင် ဘယ်လိုအရသာရှိမလဲ ငါသိချင်တယ်"

"ပြန်လာပြီးလား ဒုခေါင်းဆောင်"

ယွမ်မုန်မုန် ခေါင်းမော့ကြည့်သည်။ လုယန်ပြန်လာသည်ကို မြင်ရသည်။ မျက်နှာမှရွံ့များကို လက်မောင်းဖြင့် ပျော်ရွှင်စွာသုတ်လိုက်သည်။ ရွှံများ ပို၍ပေကျံသွားသည်။

"ပြန်လာပြီ။ ခုနက အချိန်မှော်ပညာ နည်းနည်းလေ့ကျင့်ကြည့်တာ။ ဒီဘုံကျောင်းက ငယ်လွန်းတော့ မှော်ပညာအသက်သွင်းဖို့ အဆင်မပြောလို့ အပြင်ခဏထွက်ရတာပါ"

လုယန် ဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။

"အချိန်မှော်ပညာ..ဟုတ်လား။ သိပ်ကောင်းတာပေါ့"

ယွမ်မုန်မုန် အကြီးအကျယ်အံ့အားသင့်သွားသည်။ သူ့တစ်သက်တွင် အချိန်မှော်ပညာကို တစ်ခါမှမမြင်ဖူး။

ဘိုးဘေးဘုံကျောင်းမှ ကြာပလ္လင်ပေါ်ထိုင်ရင်း လုယန်အတွေးများ ရှုပ်ထွေးနေသည်။ သူမြင်ခဲ့သည့် အနာဂတ်ပုံရိပ်များအကြောင်း အဆက်မပြတ် ပြန်စဉ်းစားနေသည်။

"နတ်မယ်၊ ယုံကြည့်မှုစွမ်းအားနဲ့ မသေမျိုးခန္ဓာတစ်ခု ခင်ဗျားတကယ်မတည်ဆောက်နိုင်ဘူးလား"

"မ..မရလောက်ဘူး"

နတ်မယ်မျက်လုံးများက ဂဏာမငြိမ်။ ဘာလုပ်ရမည်မသိ။ လိမ်သည့်အလုပ်ကို သူမကျွမ်းကျင်။

"အဲ ဟုတ်ပြီ။ ချင်ဟဲ၊ ဒီကိုခဏလာဦး"

နတ်မယ် အကြံတစ်ခုရလာသည်။ အပြင်ရောက်နေသည့် ချင်ဟဲကို ဘုံကျောင်းထဲသို့ခေါ်သည်။

"ဂါရဝပြုပါတယ်သခင်"

ချင်ဟဲ လက်မောင်းနှစ်ဘက် ရှေ့တွင်ဝိုက်၍ ခန္ဓာကိုယ်အနည်းငယ်ကိုင်းပြီး အရိုအသေပြုသည်။ လက်မောင်းများက သူ့မျက်နှာကို ကွယ်ထားသည်။ အင်ပါယာအရှင်မမျက်နှာကို မကြည့်သင့်ကြောင်း လက်တွေ့သရုပ်ပြသည်။

"ခုနက ရှောင်ယန်ကပြောတယ်။ ယုံကြည်မှုစွမ်းအားသုံးပြီး မသေမျိုးခန္ဓာ တည်‌ဆောက်လို့ရတယ်တဲ့။ ယုံကြည်မှုစွမ်းအားနဲ့ ပတ်သက်ရင် နင်ကအကျွမ်းကျင်ဆုံးပဲ။ ဒီကိစ္စဖြစ်နိုင်လောက်လား"

"သခင်၊ ဒါက တကယ်..."

"ဟမ်"

နတ်မယ် နှာမှုတ်သံပေး၍ မေးခွန်းထုတ်သည်။

"တကယ်ဖြစ်နိုင်ပါ့မလား..."

ချင်ဟဲ တုံ့ဆိုင်းသွားသည်။ သူ့သခင်မ ဘယ်လိုဆန္ဒမျိုး ရှိနေမှန်း သေချာမသိ။ နတ်မယ်ထံတွင် အချိန်ကြာမြင့်စွာ အလုပ်အကျွေးပြုခဲ့သော်လည်း ယခုလိုအခြေအနေမျိုး တစ်ခါမှမကြုံခဲ့ဖူး။

"ငါကနင့်ကိုမေးနေတာ"

နတ်မယ် လုယန်အကြည့်ကို ရှောင်လွှဲ၍ ချင်ဟဲကို မျက်ရိပ်ပြနေသည်။

"...ဒါက တကယ့်လက်တွေ့မှာ မဖြစ်နိုင်ပါဘူး သခင်"

ချင်ဟဲ အလေးအနက်မျက်နှာဖြင့် ပြောသည်။

"သခင့်ရဲ့ မသေမျိုးခန္ဓာဟာ အတုမရှိမြင့်မြတ်ပါတယ်။ တစ်ချက်ကြည့်မိတာတောင် ပြစ်ဒဏ်ပေးသင့်ပါတယ်။

ယုံကြည်မှုစွမ်းအားသုံးတာဟာ ထပ်တူခန္ဓာမျိုး မရနိုင်တဲ့အပြင် သခင့်ရဲ့ အဖိုးဖြတ်မရတဲ့ခန္ဓာကိုယ်ကို တန်ဖိုးချရာရောက်ပါတယ်။ လုယန်၊ ဒီကိစ္စကို ထပ်မပြောပါနဲ့တော့"

"တကယ်လား၊ တကယ်မဖြစ်နိုင်ဘူးလား"

လုယန် ချင်ဟဲကို သိပ်မသင်္ကာချင်။

"ချင်ဟဲ၊ ခင်ဗျား တစ်ခုခုစိတ်သောကရောက်နေသလိုပဲနော်"

စကားပြောနေချိန်တွင် ချင်ဟဲမျက်ရည်မကျအောင် ထိန်းထားသည်ဟု လုယန်ခံစားနေရသည်။

ချင်ဟဲ တံတွေးကို ကျိတ်မျိုချသည်။ လုယန်ရှေ့တွင် အားနည်းကြောင်းမပြဖို့ ဆုံးဖြတ်လိုက်သည်။

"မဟုတ်ပါဘူး။ ဘာမှစိတ်သောကရောက်စရာ မရှိပါဘူး။ သခင်ရုပ်ခန္ဓာမတည်ဆောက်နိုင်တာကိုတွေးရင်း ဝမ်းနည်းမိလို့ပါ"

*******************************

All Chapters