← Chapters

အခန်း ၁၁၅၀

Vol. 77 Ch. 1150

အခန်း ၁၁၅၀

Vol. 77 Ch. 1150

အခန်း (၁၁၅၀) အနာဂတ်ကြိုမြင်သည့် လောကအရှင်

"ကျုပ်က သွေးနှောမျိုးနွယ်ဖြစ်နေလို့ ခင်ဗျားတို့ ကျုပ်ကိုအမဲလိုက်နေတယ်လို့ ထင်ခဲ့တာ။ ခင်ဗျားတို့နောက်ခံ အင်အားကြီးအဖွဲ့နှစ်ခုက ကျုပ်ရဲ့ရှားပါးသွေးဆက်ကို လူမဆန်တဲ့စမ်းသပ်မှုတွေလုပ်ချင်လို့ ကျုပ်ကိုဖမ်းဖို့ ခင်ဗျားတို့ကို လွှတ်လိုက်တာမဟုတ်ဘူးလား။

ဒါမှမဟုတ် လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်ကြားမှာ ကျုပ်ကိုကြားခံလူအဖြစ် သုံးချင်တာမဟုတ်ဘူးလား"

သိမ်းငှက်နတ်ဆိုးနှင့် လူသန်ကိုယ်တော် တင်းမာခက်ထန်သည့်မျက်နှာဖြင့် သူ့ဆီချဉ်းကပ်လာသည်။ သူ့ကို လူသာမျိုးနွယ်လား နတ်ဆိုးမျိုးနွယ်လားဟု မေးသည်။ ရွေးချယ်ခိုင်းသည်။

သူတို့ အတည်ပြောနေမှန်းသိသည်။ ထို့ကြောင့် အသက်လု၍ သူပြေးခဲ့သည်။

သိမ်းငှက်နတ်ဆိုးက ပင့်သက်တစ်ချက်ရှိုက်လျက်

"မင်းဒီလိုထင်သွားတာလည်း မှားတော့မမှားပါဘူး"

လုယန်ကျိတ်၍ ခေါင်းငြိမ့်သည်။ သူလည်း ထိုသို့ပင်တွေး၍ အခြေအနေပြေလည်သွားအောင် ကြားဝင်စေ့စပ်ပေးလိုခဲ့ခြင်းဖြစ်သည်။

သို့သော် ယွဲ့ချန်ဟဲလို မထင်မရှားလူတစ်ယောက်အနေဖြင့် မျိုးနွယ်နှစ်ခုကြား ကြားခံအဖြစ်ဆောင်ရွက်ပေးဖို့မလို။ ယခု မဟာရှား၊ ဗုဒ္ဓနိုင်ငံ၊ နတ်ဆိုးနိုင်ငံနှင့် အရှေ့ပင်လယ်ကြားတွင် ကြားခံအဖြစ်ဆောင်ရွက်နေသူက 'အရှေ့ပင်လယ်မဟာမိတ်'ဖြစ်သည်။

လုယန် အိပ်ယာပေါ်တွင် ဒဏ်ရာကုနေစဉ်က အင်ပါယာရှား၊ ကျူးထန်နှင့် အောင်းလင်းတို့ မဟာမိတ်သဘေတူစာချုပ်အကြောင်း ဆွေးနွေးနေသည်ကို သူကိုယ်တိုင်မြင်ခဲ့သည်။

ထိုသဘောတူစာချုပ်အကြောင်းသိပြီးနောက် ဗုဒ္ဓနိုင်ငံကလည်း မဟမိတ်အဖွဲ့ထဲ သူတို့သဘောဆန္ဒအလျောက် ဝင်လာသည်။

"ပေါက်တတ်ကရကွာ၊ ငါမင်းကိုစတွေ့ကတည်းက အကြောင်းရင်းကို ရှင်းပြခဲ့သားပဲ။ မင်းက အဖမ်းမခံဘဲ ထွက်ပြေးသွားတာလေ"

လူသန်ကိုယ်တော် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ယွမ်ချန်ဟဲကိုဖမ်းဖို့ ဗုဒ္ဓနိုင်ငံတစ်ဝက်လောက် သူပြေးလွှားခဲ့ရသည်။ ဖိနပ်နှစ်စုံ ပါးသွားသည်။ သူသည်ပင် ဒေါသထွက်နေသည်။

"ခင်ဗျားကကျုပ်ကို အနောက်ကောင်းကင်ဆီ ခေါ်သွားမယ်လို့ပြောခဲ့တာလေ"

"ငါက အနောက်မိုးပျံဘုံကျောင်းကို ခေါ်သွားမယ်လို့ ပြောတာကွ။ ငါ့စကားဆုံအောင် နားမထောင်ဘဲ မင်းက ထွက်ပြေးသွားတာလေ"

ယွဲ့ချန်ဟဲ မလုံမလဲ ခေါင်းကုတ်သည်။ ဘုံကျောင်းကို အမှတ်မှားနိုင်သည့် ဆင်တူနာမည်မျိုး မှည့်ထားသည်က သူတို့အမှားဖြစ်သည်။

"နေပါဦး။ ဒါလည်းမဟုတ်သေးဘူး။ ကျုပ်ကဘာပြစ်မှုကျူးလွန်ခဲ့လို့ ခင်ဗျားတို့က လိုက်ဖမ်းတာလဲ"

"မင်းက အမြီးကိုးချောင်းမြေခွေးမျိုးနွယ်က မင်းသမီးလေးကို ပြန်ပေးဆွဲခဲ့တာလေ။ ဒါကို ငြင်းချင်သေးလို့လား"

"ဘယ်လို...ကျုပ်က အဲဒီ့ကောင်မလေးကို ပြန်ပေးဆွဲတယ်တဲ့လား"

ယွဲ့ချန်ဟဲ မျက်လုံးပြူးသွားသည်။ သူ့မျက်နှာက "ဒါခင်ဗျားတို့ ခေါင်းပြောင်ဘုန်းကြီးတွေ မတရားစွပ်စွဲတာ'ဟု ပြောနေသယောင်ရှိသည်။

သက်ရှိဗုဒ္ဓ လောကအရှင်ရှိနေသည်ဖြစ်၍ ထိုနှစ်ယောက်ကိုရင်ဆိုင်ဖို့ သူမကြောက်။

"သူက သူ့မျိုးနွယ်ကနေ သူ့ဘာသာခိုးထွက်လာတာလေ။ နတ်ဆိုးနိုင်ငံကနေ ဗုဒ္ဓနိုင်ငံအထိ ထွက်ပြေးလာတာပါ။ သူထွက်လာတဲ့အချိန်မှာ ဝိညာဉ်ကျောက်တစ်တုံးတောင် ယူမလာခဲ့ဘူး။

ကျုပ်နဲ့သာမတွေ့ရင် သူအစာငတ်ရေငတ်ဖြစ်ပြီး သေသွားလောက်တယ်။ ပြီးတော့ ဒီကောင်မလေးက တကယ်စေတနာပျက်ချင်စရာပဲ။ အစားသောက်ကောင်းတွေပဲ ရွေးစားတယ်။

သူ့ကြောင့်ကျုပ် ခွက်ဆွဲရလုနီးပါးဖြစ်ခဲ့တာပါ။ နောက်ပိုင်းတော့ သူက မြေခွေးမျိုးနွယ်ရဲ့ မင်းသမီးပါလို့ ကျုပ်ကိုပြောတယ်။ ကျုပ်ကိုပြန်ပို့ခိုင်းတယ်။ ကျုပ်ကုန်ကျသမျှကို ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာပြန်ပေးမယ်လို့ ပြောတယ်။

ဒါပေမယ့် ကျုပ်မိဘတွေကကျုပ်ကို တိတ်တိတ်ပုန်းမွေးခဲ့တာ။ ဒီတော့ တရားဝင်မှတ်ပုံတင်မရှိဘူး။ ပုံမှန်လမ်းကြောင်းအတိုင်း ဗုဒ္ဓနိုင်ငံကနေ ထွက်လို့မရဘူး။ ဒါကြောင့် ကောင်မလေးကို သူ့မိသားစုဆီ စာရေးပြီး မြန်မြန်လာကြိုခိုင်းဖို့ ပြောလိုက်တယ်"

သိမ်းငှက်နတ်ဆိုးမျက်နှာတွင် စိတ်ဝင်စားသည့်အမူအရာမျိုး ပေါ်လာသည်။

"အမြီးကိုးချောင်းမြေခွေးမင်းသမီးက သူ့စာထဲမှာ ဘယ်လိုရေးထားလဲ မင်းသိလား"

"မသိဘူး။ ဘာလို့လဲ။ မြေခွေးမျိုးနွယ်ကလူတွေ သူ့ကိုခေါ်သွားတယ်လေ အဲဒါပဲ အရေးကြီးတာမဟုတ်လား"

သိမ်းငှက်နတ်ဆိုးက စာတစ်စောင့်ထုတ်၍ အားလုံးမြင်သာအောင် ပြလိုက်သည်။ အရေးအသားက ကလေးဆန်သည်။ အဆီအငေါ်မတည့်။

"အဖေနဲ့အမေ။ ဗုဒ္ဓနိုင်ငံက အကိုကြီးတစ်ယောက်အိမ်မှာ သမီးနေတယ်။ သမီးဘေးကင်းပါတယ်။ အကိုကြီးက 'တရားမဝင်'ဆိုလား ဘာလားပြောတယ်။

ထူးခြားတဲ့အခြေအနေတစ်ခုကြောင့် ဗုဒ္ဓနိုင်ငံကနေ သူထွက်သွားလို့မရဘူး။။ သမီးကို အိမ်ပြန်ခေါ်ဖို့ အမေတို့ဆီ စာရေးခိုင်းတယ်။

...ဪ ပြီးတော့ အမေတို့လာရင် ဝိညာဉ်ကျောက်တွေ အများကြီး အများကြီးယူခဲ့ပါ"

"နေပါဦး၊ ဒါဆို မြေခွေးမျိုးနွယ်က ကျုပ်သူ့ကိုပြန်ပေးဆွဲတယ်လို့ ထင်ကြတယ်ပေါ့။ ကောင်မလေးကို လာခေါ်တုန်းက သူတို့ဘာကြောင့် ဘာမှမလုပ်တာလဲ"

ယွဲ့ချန်ဟဲ အံ့အားသင့်သွားသည်။ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်သည် နတ်ဆိုးနယ်မြေတွင် အဓိကမျိုးနွယ်တစ်ခုဖြစ်သည်။ သူ့ကို လက်တစ်ချောင်းတည်းဖြင့် သတ်ပစ်နိုင်သည်။

သိမ်းငှက်နတ်ဆိုးက စာကိုပြန်သိမ်းပြီး အလေးအနက်ပြောသည်။

"မြေခွေးမျိုးနွယ်တွေ မင်းသမီးလေးကို လာခေါ်တုန်းက လှုပ်ရှားဖို့ တွေးခဲ့တယ်။ ဒါပေမယ့် မင်းစွမ်းအားက နိမ့်လွန်းနေတော့ ပြန်စဉ်းစားကြတယ်။

မင်းက အဓိကတရားခံမဖြစ်နိုင်ဘူးလို့ပေါ့။ အဓိကတရားခံက နောက်ကွယ်ကနေ အလစ်တိုက်ဖို့ ချောင်းနေတာဖြစ်မယ်လို့ တွေးကြတယ်လေ။

ဒါကြောင့် ငွေကိုမပေးတော့ဘဲ ချက်ချင်းပြန်သွားကြတာ"

"ဟိုကောင်မလေးက သူ့မိသားစုကို သေချာမရှင်းပြဘူးလား"

ယွဲ့ချန်ဟဲ ဒေါသထွက်လာပြီး အံတင်းတင်းကြိတ်လိုက်သည်။ ထိုကောင်မလေးကို နောက်တစ်ကြိမ်ပြန်တွေ့လျှင် မှတ်လောက်အောင်ဆုံးမမည်ဟု သူတွေးလိုက်သည်။

"မင်းသမီးလေးက အပြန်လမ်းမှာ သူ့ရဲ့ဒုတိယအမြီးပေါက်လာတယ်။ အဲဒီကတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတယ်။ ပြန်နိုးမလာသေးဘူး"

သိမ်းငှက်နတ်ဆိုးလေသံက တဖြေးဖြေးပိုထူးဆန်းလာသည်။ ယွဲ့ချန်ဟဲပြောသည့်စကား အမှန်ဖြစ်မည်ဟု သူယူဆသည်။

အမြီးကိုးချောင်းမြေခွေးမျိုးနွယ်အကြောင်း လုယန်မကြားဖူး။ ထိုမျိုးနွယ်မှ မြေခွေးများသည့် မွေးကတည်းက အမြီးကိုးချောင်းပါလာသည်မဟုတ်။

တဖြေးဖြေး သွေးဆက်နိုးထ၍ အမြီးပေါက်လာခြင်းဖြစ်သည်။ အမြီးအရေအတွက်များလေ မျိုးနွယ်ထဲတွင် အဆင့်အတန်းမြင့်လေဖြစ်သည်။

သွေးဆက်နိုးထပုံ သုံးမျိုးရှိသည်။ ဗီဇပါရမီ ပါလာသူရှိသည်။ အသက်အပိုင်းအခြားတစ်ခုရောက်သည်နှင့် သွေးဆက်အလိုလိုနိုးထလာသည်။

ပြင်ပအကူအညီ ယူရသူရှိသည်။ ရတနာဆေးများ စားရသည်။ သို့မဟုတ် မြေခွေးမျိုးနွယ်၏ စမ်းသပ်ချက်များ ဖြတ်ကျော်ရသည်။

တတိယတစ်မျိုးက စိတ်အခြေအနေ ပြောင်းလဲ၍ သွေးဆက်နိုးထခြင်းဖြစ်သည်။ ဥပမာ ပထမဆုံးအချစ်ကို တွေ့ကြုံရသည့် အချိန်မျိုး...

"ရှောင်ချန်ဟဲ၊ မင်းကဒီကိုရောက်နေတာပဲ"

အဘိုးအိုတစ်ယောက်၏ ခြောက်ကပ်ကပ်စကားသံတစ်ခု အားလုံး၏နားထဲသို့ ဝင်လာသည်။ ခါးကုန်းအဘိုးအိုတစ်ယောက် ဘုံကျောင်းထဲတွင်ပေါ်လာသည်။ တောင်ဝှေးတစ်ချောင်းကို အားပြုနေရသည်။

ထာဝရနတ်မယ်၊ လုယန်၊ အောင်းလင်း၊ ကျန်းလျန်ယိ၊ ချင်ဟဲ၊ ကျင်းချိုင်ဝေနှင့် ယွမ်မုန်မုန်မှလွဲလျှင် ထိုခါးကုန်းအဘိုးအို ဘယ်လိုပေါ်လာသည်ကို ဘယ်သူမှမသိကြ။

အဘိုးအိုက ဘေးလူများကို အရေးမစိုက်။ ဘိုးဘေးဘုံကျောင်းထဲတွင် အေးအေးလူလူလျှောက်နေသည်။ ယွဲ့ချန်ဟဲကို လှည့်ပတ်ကြည့်ရင်း သက်ပြင်းတစ်ချက်ချသည်။

"ရုပ်ချင်းအတော်တူတာပဲ။ ယွဲ့ဖုန် ငယ်ငယ်ကအတိုင်းပဲ"

ယွဲ့ချန်ဟဲ ထိတ်လန့်သွားပြီး အဘိုးအိုကို စိုက်ကြည့်နေသည်။ အချိန်မရွေးတိုက်ခိုက်နိုင်ရန် ပြင်ထားသည်။

"အဘိုး"

"မင်းအဖေပေးခဲ့တဲ့ ကျောက်စိမ်းတံဆိပ်ကို လက်လွှဲပေးမယ်ဆိုရင် မင်းငါ့ကို 'အဘိုး'လို့ခေါ်တာကို ထောက်ထားပြီး မင်းကိုယ်ထဲမှာစီးနေတဲ့ ညစ်ညမ်းတဲ့ လူသားသွေးတွေကို ထည့်မတွက်ဘဲ မင်းအသက်ကို ငါချမ်းသာပေးမယ်"

"ကျုပ်အသက်ကို ချမ်းသာပေးမယ်ပေါ့"

ယွဲ့ချန်ဟဲ လှောင်ပြုံးပြုံးသည်။

"ခင်ဗျားက ဒီကျောက်စိမ်းတံဆိပ်အတွက်နဲ့ ကျုပ်အဖေကို သတ်ခဲ့တာလေ။ အခု ခင်ဗျားက ကျုပ်အသက်ကို ချမ်းသာပေးမယ်တဲ့လား"

အဘိုးအို စိတ်ပျက်လက်ပျက် ခေါင်းခါသည်။

"မင်းက မင်းအဖေလိုပဲ သိပ်ခေါင်းမာပါလား။ ကံလေးတစ်ချက်ကောင်းတာနဲ့ ငါတို့မျိုးနွယ်ကို မျက်လုံးထဲ မထည့်တော့ဘူး။ လူသားမိန်းမနဲ့ ချစ်ကြိုက်ပြီး စွမ်းအားကြီးတဲ့ ငါတို့မျိုးနွယ်သွေးဆက်ကို ညစ်ညမ်းအာင်လုပ်တယ်"

"လူသားတွေက ဝိညာဉ်အားလုံးရဲ့ ခေါင်းဆောင်ပဲ။ နတ်ဆိုးမျိုးနွယ်မှာလည်း မသေမျိုးအစစ်တွေရှိတယ်။ သွေးဆက်မှာ ဘယ်သူကသာတယ် ဘယ်သူကညံ့တယ်ဆိုတာ မရှိပါဘူး..."

လုယန်၏ ပြောပြီးသားစကားသံက ဘုံကျောင်းထဲတွင် ဒုတိယအကြိမ် ပဲ့တင်ထပ်၍ပေါ်လာသည်။

သိမ်းငှက်နတ်ဆိုးနှင့် လူသန်ကိုယ်တော် အံ့အားသင့်သွားသည်။

လောကအရှင်ပြောခဲ့သည့်စကားက သူတို့ကိုရည်ညွှန်းခြင်းမဟုတ်။ ခါးကုန်းအဘိုးအိုကို ရည်ညွှန်းခြင်းဖြစ်သည်။

လက်ရှိကိုကျော်လွန်၍ အနာဂတ်ကို ခန့်မှန်းနိုင်သည်။ ထိုအရာသည် လောကအရှင်၏ ထူးခြားစွမ်းရည်လော...

"ငါကိုများ လာပြီးလှည့်စားရဲတယ်ပေါ့။ သေတယ်ဆိုတဲ့စကားကို နားမလည်သေးဘူးထင်တယ်"

အဘိုးအို ဒေါသထွက်သွားပြီး ကူးဖြတ်ခြင်းအဆင့်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူတို့မျိုးနွယ်သည် ကြီးမားသည့်စွမ်းအားဖြင့် မွေးဖွားလာသူများဖြစ်သည်။

အဆင့်တူထဲတွင် သူ့စွမ်းအားကိုယှဉ်နိုင်သူ မရှိသလောက်ရှားသည်။

"ဒကာတော်၊ ကိုယ်သားမြေးကို သတ်တယ်ဆိုတာ ဆင်ခြင်သိစိတ်ကင်းမဲ့တဲ့လုပ်ရပ်ပဲ"

လုယန် လက်ညှိုးတစ်ချောင်း ဆန့်ထုတ်၍ အဘိုးအိုနဖူးကို ထောက်လိုက်သည်။ အဘိုးအို ကျောက်ရုပ်လိုဖြစ်သွားသည်။

အဘိုးအိုမျက်လုံးထဲတွင် ထိုလက်ညှိုးသည် သာမန်မဟုတ်။ ကောင်းကင်ပြိုနိုင် ဘုံကျောင်းဖျက်နိုင် သူ့ကိုသတ်နိုင်သည့် လက်ညှိုးဖြစ်သည်။

"ငါ့မြေး၊ မင်းက ဒီမှာပုန်းနေတာပဲ။ မင်းအဘိုး မင်းကိုရှာတွေ့ဖို့ အတော်ကြိုးစားခဲ့ရတယ်"

နောက်ထပ် ခြောက်ကပ်ကပ်စကားသံတစ်ခု လွင့်ပျံလာပြီး လူတစ်ယာက် ဘုံကျောင်းထဲတွင် ပေါ်လာပြန်သည်။

"မင်းအမေချန်ခဲ့တဲ့ ကျင့်စဉ်ကျမ်းကို လွှဲပေးပါ။ မင်းအလောင်းပုံမပျက်အောင် ငါထားပေးမယ်။ မင်းအမေလိုမျိုးပေါ့"

သိမ်းငှက်နတ်ဆိုးနှင့် လူသန်ကိုယ်တော်တို့ လုယန်ပထမဆုံးပြောခဲ့သည့်စကားကို တစ်ပြိုင်တည်း ပြန်သတိရလာပြန်သည်။

လောကအရှင်က ဤလောကထဲတွင် ကိုယ်ထင်မပြချင်။ သို့သော် ဒကာတော်သုံးယောက်က ဘုံကျောင်းထဲဝင်၍ ပြဿနာဖြစ်နေကြသည်။

ထို့ကြောင့် လောကအရှင် ကိုယ်ထင်ပြရသည်ဟု ပြောခဲ့သည်။

ထိုဒကာတော်သုံးယောက်ဆိုသည်မှာ သူတို့ကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ယွဲ့ချန်ဟဲနှင့် သူ့အဘိုးနှစ်ယောက်ကို ရည်ညွှန်းခြင်းလော...

****************************

All Chapters