← Chapters

အခန်း ၁၁၅၁

Vol. 77 Ch. 1151

အခန်း ၁၁၅၁

Vol. 77 Ch. 1151

အခန်း (၁၁၅၁) မပြောအပ်ဘူး

ယွဲ့ချန်ဟဲ၏ အမေဘက်မှအဘိုးလည်း ခါးကုန်းအဘိုးအိုလိုပင် ဖြစ်သွားသည်။ အဘိုးအိုနှစ်ယောက် ဘေးချင်းယှဉ်၍ မလှုပ်မယှက် ကျောက်ရုပ်လိုဖြစ်နေသည်။

ထိုနှစ်ယောက်လက်တွင် သွေးစွန်းခဲ့ပြီးဖြစ်သည်။ လူသန်ကိုယ်တော်နှင့် သိမ်းငှက်နတ်ဆိုး အကျဉ်းသားတစ်ယောက်စီရသွားသည်။ လာရသည့်ခရီး အချည်းအနှီးမဖြစ်တော့။

ထိုအဘိုးအိုနှစ်ယောက်၏ ရက်စက်ကြမ်းတမ်းပုံအရဆိုလျှင် ကျူးလွန်ခဲ့သည့် ပြစ်မှုများက တစ်ခုနှစ်ခုမကလောက်။

အစောပိုင်းက လူသန်ကိုယ်တော်နှင့် သိမ်းငှက်နတ်ဆိုးတို့ လုယန်ကို လောကအရှင်ဟု ခေါ်ခဲ့သည်မှာ ယဉ်ကျေးမှုအရသာဖြစ်သည်။ သို့သော် ယခုမတူတော့။ လုယန်သည် လောကအရှင်အစစ်ဖြစ်သည်ဟု တကယ်ယုံကြည်လာသည်။

ထိုပုဂ္ဂိုလ်သည် အနာဂတ်ကိုကြိုမြင်နိုင်စွမ်းရှိပြီး လောကအရှင်ဟုခေါ်သည်ကို မငြင်းခဲ့။ ထိုဗုဒ္ဓသည် တကယ်လောကအရှင်အစစ်ဖြစ်လိမ့်မည်။

လောကအရှင်အစစ်မဟုတ်လျှင်ပင် လောကအရှင်နှင့် ပတ်သက်နေသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်ဖြစ်မည်။

ထိုသို့တွေးရင်း လူသန်ကိုယ်တော် စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံးတုန်ရင်လာသည်။ သူ့သက်တမ်းတလျှောက် လောကအရှင်နှင့်တွေ့ခွင့်ရမည်ဟု အိပ်မက်ပင်မမက်ဖူးခဲ့။

လုယန် သက်ပြင်းချသည်။ ယွဲ့ချန်ဟဲ၏ဆွေမျိုးများ တစ်ယောက်ပြီးတစ်ယောက် ပြဿနာလာရှာခဲ့၍ တော်သေးသည်။ တကယ်အလိုက်သိကြသည်။

မသေမျိုးတစ်ယောက်၏ အကူအညီမပါဘဲ ပြဿနာကို သူဖြေရှင်းလိုက်နိုင်သည်။

ယွဲ့ချန်ဟဲ မြေပေါ်တွင်ဒူးထောက်၍ လောကအရှင်ကို လေးလေးစားစား ရှိခိုးဦးညွှတ်၍ မေးသည်။

"လောကအရှင်၊ ဒီကျောက်စိမ်းတံဆိပ်ထဲမှာ ဘာရှိတာလဲ"

လောကအရှင်က အဓိပ္ပါယ်ပါပါပြုံးသည်။

"မပြောအပ်ဘူး"

ယွဲ့ချန်ဟဲ မော့ကြည့်သည်။ လေးနက်တည်ငြိမ်သည့် လောကအရှင်၏မျက်လုံးနှင့် ဆုံရသည်။ သူ့စိတ်ထဲ တုန်ခါသွားသည်။ လောကအရှင်ပြောလိုသည့်အဓိပ္ပါယ်ကို နားလည်သလိုလို နားမလည်သလိုလို ခံစားရသည်။

သူတကယ်ကံကောင်းသည်ဟု တွေးမိသည်။ လောကအရှင်နှင့် ကံရေစက်ကုန်သွားပြီဖြစ်ကြောင်း သူနားလည်သည်။ လောကအရှင်တစ်ခုခုထပ်ပြောလျှင် သူ့ကံကြမ္မာ ဆိုးဝါးသွားနိုင်သည်။

လောကအရှင်က သူ့ကိုဉာဏ်အလင်းပြပြီး သူ့အဓိကရန်သူနှစ်ယောက်ကို ရှင်းပေးခဲ့သည်ကပင် ကံကောင်းသည်ဟု ဆိုနိုင်ပြီဖြစ်သည်။ နောက်ထပ် သူဘာမှဆက်မမေးရဲတော့။

အမှန်တော့ ကျောက်စိမ်းတံဆိပ်ကို တစ်ချက်ကြည့်ရုံဖြင့် ကူးဖြတ်ခြင်းစွမ်းအားရှင်တစ်ယောက်၏ အမွေအနှစ်ဖြစ်ကြောင်း လုယန်တန်းသိသည်။ အတော်ကောင်းသည့် ရတနာဖြစ်သည်။

သို့သော် တစ်ချို့အရာများက ရှင်းအောင်ပြောလွန်းလျှင် တန်ဖိုးလျော့သည်။

"အကိုသိမ်းငှက်။ အားတဲ့အချိန်ကျရင် ဗုဒ္ဓနိုင်ငံကို လာခဲ့ပါ။ ကျုပ်ဆန်ပြုတ်ကျွေးပါ့မယ်"

လူသန်ကိုယ်တော်က ဗုဒ္ဓနိုင်ငံနယ်စပ်တွင် သိမ်းငှက်နတ်ဆိုးကို နှုတ်ဆက်ရင်းပြောသည်။

ဆန်ပြုတ်အရသာကို ပြန်တွေးမိသဖြင့် သိမ်းငှက်နတ်ဆိုး ချက်ချင်းလက်ခါသည်။

"နေပါစေ နေပါစေ။ ကျေးဇူးတင်ပါတယ်။ နတ်ဆိုးနိုင်ငံကို မင်းလာတာက ပိုကောင်းလိမ့်မယ်။ ငါဧည့်ခံပါ့မယ်"

လူသန်ကိုယ်တာ်က ယွဲ့ချန်ဟဲ၏ အဖေဘက်မှအဘိုးကို အနောက်မိုးပျံဘုံကျောင်းသို့ခေါ်သွားသည်။ သူ့သရုပ်မှန်ကို အတည်ပြုသည်။ ထို့နောက် ပဲဝါဘုံကျောင်းတွင် ဖြစ်ခဲ့သည့်ကိစ္စကို ချက်ချင်းအစီရင်ခံသည်။

နောက်ဆုံးတွင် ထိုသတင်းက မိန်ယွဲ့ဆီရောက်သွားသည်။

"ဘယ်လို၊ လောကအရှင်ပေါ်လာပြီး အချိန်မှော်ပညာစွမ်းရည်ကို ပြခဲ့တယ်ပေါ့"

စွေ့ယွဲ့အရှင်၏လုပ်ရပ်ဖြစ်မည်ဟု ကိုယ်တော်မိန်ယု အရင်ဆုံးတွေးမိသည်။ သို့သော် မဖြစ်နိုင်ကြောင်း သူချက်ချင်းနားလည်လာသည်။

စွေ့ယွဲ့အရှင်သည် နောက်ကွယ်မှသာ လှုပ်ရှားတတ်သည်။ သူ့အကြောင်း လူသိခံမည်မဟုတ်။

မဟာဝိဟာရခန်းမတွင် မိန်ယုပြောသည့်သတင်းကို စွေ့ယွဲ့အရှင်(အချိန်မသေမျိုး) နားထောင်နေသည်။ သူ့မျက်နှာတွင် ထူးဆန်းသည့်အမူအရာမျိုး ပေါ်လာသည်။

ခဏအသံတိတ်နေပြီးနောက် သူပြန်ပြောသည်။

"အသိအကျွမ်းဟောင်းတစ်ယောက် လုပ်တာပါ။ ထားလိုက်ပါ"

မည်သို့ဆိုစေ လုယန်ကို အနာဂတ်ဗုဒ္ဓဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် သူ့ကို လောကအရှင်ဟုခေါ်ခြင်းသည် မှားသည်ဟုမဆိုသာ။

အစပိုင်းတွင် ပဲဝါဘုံကျောင်းသတင်းက အနီးအနားမြို့တော်တစ်ချို့တွင်သာ ပျံ့နှံ့သည်။ သို့သော် အနောက်မိုးပျံဘုံးကျောင်းမှ သတင်းရပြီးနောက် ပဲဝါဘုံကျောင်းဒဏ္ဍာရီက ဗုဒ္ဓနိုင်ငံတစ်ခုလုံးသို့ အသံတိတ်ပျံ့နှံ့သွားသည်။

ပဲဝါဘုံကျောင်းကိစ္စ သိသူပိုများလာသည်။ လုယန်ကလည်း စည်းမျဉ်းစွမ်းအားဖြင့် ပဲဝါဘုံကျောင်းကို ဗုဒ္ဓနိုင်ငံကန္တာရထဲတွင် နေရာစုံပြောင်း၍ ပေါ်လိုက်ပျောက်လိုက်ဖြစ်အောင် လုပ်နေသည်။

ထို့ကြောင့် ပို၍လျှို့ဝှက်ဆန်းကြယ်သလို ဖြစ်လာသည်။ ပဲဝါဘုံကျောင်းကိုတွေ့ခွင့်ရဖို့ ကံကြမ္မာပေါ်သာ မူတည်နေသလိုဖြစ်လာသည်။

ပဲဝါဘုံကျောင်းထဲ ဝင်ဖူးသူ နည်းနည်းသာရှိသော်လည်း ဘုံကျောင်းထဲမှထွက်လာသူတိုင်း ကြီးမားသည့်အကျိုးကျေးဇူး ရကြသည်။ စုစည်းခြင်းအဆင့်များပင် အကျိုးကျေးဇူးများစွာရသည်။

ကူးဖြတ်ခြင်းအဆင့်သို့ တက်မည့်လမ်းစကို မြင်လာသည်ဟု ပြောကြသည်။

ပဲဝါဘုံကျောင်းသို့ ဝင်လာသူတိုင်းကို လောကအရှင်ကသိနေပြီး သူတို့ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးသည်ဟု ပြောကြသည်။

လုယန် အခွင့်အရေးများ ချီးမြှင့်သည်က ပဲဝါဘုံကျောင်းနာမည်ကြီးဖို့ မဟုတ်။ သူ့စည်းမျဉ်းသုံးသည့်စွမ်းရည်ကို လေ့ကျင့်ခြင်းဖို့သာဖြစ်သည်။ ဘုံကျောင်းနာမည်ကြီးလာသည်က မထင်မှတ်ဘဲ‌ပေါ်လာသည့် ရလာဒ်ဖြစ်သည်။

"ဒါပေမယ့် နာမည်ကြီးလာပြီးနောက်ပိုင်း နင်အတော်လေးပြုံးပျော်နေတာကို ငါမြင်သလားလို့"

နတ်မယ် တွေးမရဖြစ်နေသည်။ ပဲဝါဘုံကျောင်း နာမည်ကျော်လာကတည်းက လုယန်သည် မကြာခဏ လက်ဖက်ရည်ဆိုင်တစ်ခုသို့သွား၍ လက်ဖက်ရည်တစ်အိုးမှာပြီး ဘေးလူများဆွေးနွေးသည်ကို ငြိမ်၍နားထောင်နေတတ်သည်။

ဥပမာ လုယန်ယခု လက်ဖက်ရည်ဆိုင်တစ်ခုတွင် ထိုင်နေသည်။ အကြိမ်ကြိမ်ထပ်ဖျော်ထားသဖြင့် အရသာလုံးဝမရှိတော့သည့် လက်ဖက်ရည်ကို တစ်ငုံချင်းသောက်နေသည်။

"ဒါက သူတစ်ပါးကို ကူညီရလို့ဝမ်းသာတဲ့ ပီတိအပြုံးပါ"

လုယန်က နတ်မယ်ကို အလေးအနက် ဖြေရှင်းချက်ပေးသည်။

"မင်းတို့ကြားပြီးပြီလား။ ပဲဝါဘုံကျောင်းက လူတွေကိုကိုယ်ဝန်ရအောင်လည်း ကူညီနိုင်တယ်တဲ့။ သခင်စုန့်ရဲ့မိန်းမက ဗုဒ္ဓနဲ့ရေစက်ရှိတယ်။ ပဲဝါဘုံကျောင်းကိုသွားပြီးနောက်ပိုင်း သူ့ဗိုက်က ချက်ချင်းဖောင်းလာတယ်လို့ပြောတယ်"

လုယန်အပြုံးများ ချက်ချင်းရပ်တန့်သွာသည်။ ကောလဟာလများဖြန့်နေကြသည်။ သခင်စုန့်မိန်းမဆိုသည်က ဘယ်သူမှန်းမသိ။ ပဲဝါဘုံကျောင်းက ကိုယ်ဝန်ဆောင်သည့်ကိစ္စများနှင့် ဘယ်တုန်းကများ ပတ်သက်ခဲ့ဖူးသနည်း...

ဘုံကျောင်းနှင့်မသက်ဆိုင်သည့် အကြောင်းအရာများ လက်ဖက်ရည်ဆိုင်တွင် တစ်ခါတစ်လေ ကြားရတတ်သည်။ သို့သော် ထိုအသေးအဖွဲပြဿနာများကို လုယန်မေ့ပစ်နိုင်စွမ်းရှိသည်။

"ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ်။ - ဒီလက်ဖက်ရည်ဆိုင်မှာ ပဲဝါဘုံကျောင်းနဲ့ပတ်သက်တဲ့ မဟုတ်မမှန် ကောလဟာလတွေ ငါမကြားနိုင်စေရ"

ယခု ကောင်းသတင်းများကိုသာ သူကြားရတော့သည်။

"ဗုဒ္ဓနိုင်ငံက တကယ့်နေရာကောင်းတစ်ခုပဲ"

လုယန် အကြောတစ်ချက်ဆန့်လိုက်သည်။ ဤလက်ဖက်ရည်ဆိုင်က သိပ်စိတ်ဝင်စားစရာမကောင်းလှ။ တစ်နေကုန်ထိုင်ပြီးနောက် သူနည်းနည်းငြီးငွေ့လာသည်။

လက်ဖက်ရည်ဆိုင်ထိုင်ရင်း အထိန်းချုပ်လွတ်၍ ဒုန်းစိုင်းပြေးလာသည့် မြင်းရထားကို သူတားပေးရချိန်မျိုး၊ မောက်မာသည့် သခင်မလေးများကို သင်ခန်းစာပေးရချိန်မျိုး၊ သိုင်းပညာထိပ်သီးနှစ်ယောက် လက်ရည်ယှဉ်သည်ကို ကြည့်ရချိန်မျိုး၊ ခိုးရပါပစ္စည်းများ သူ့လက်ထဲထည့်ပြီး မဟုတ်မမှန်စွပ်စွဲသည့် သူခိုးများကို ဖမ်းဆီးရချိန်မျိုး၊ သူ့မသေမျိုးစွမ်းအားထုတ်ပြပြီး နာမည်ကျော်အောင်လုပ်ရချိန် စသည့်အချိန်မျိုးတွင်သာ သူနည်းနည်းပျော်ရသည်။

ပဲဝါဘုံကျောင်းသို့ ပြန်ရောက်ချိန်တွင် အောင်းလင်းနှင့်ကျန်းလျန်ယိက ကိစ္စတစ်ခု အတူတူအကောင်အထည်ဖော်ဖို့ သူ့ကိုစိတ်အားထက်သန်စွာ ဖိတ်ခေါ်သည်။

'အကိုလုက စည်းမျဉ်းတွေကို ကျွမ်းကျင်သလောက်ရှိနေပြီ။ ကျွန်မယောက်ျားကို ရင်ဆိုင်ဖို့ ကျွန်မတို့သုံးယောက်ပေါင်းပြီး တိုက်ခိုက်လို့ရမယ့် နည်းလမ်းတစ်ချို့ လေ့ကျင့်ကြမလား"

"ဘယ်လို..."

လုယန် ကြောက်ချွေးပြန်သွားသည်။ သူတို့ယောက်ျားကို ပညာပေးချင်သည့်ကိစ္စ ဘာကြောင့်သူ့ကို ဆွဲခေါ်နေကြသည်မသိ။

သူအသံတိတ်နောက်ဆုတ်သွားပြီး တောင်းပန်သည့်အပြုံးမျိုးပြုံးသည်။

"မိသားစုကိစ္စတွေထဲ ကျုပ်ဝင်မပါတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်"

"နင့်ကိုယ်နင် အပြင်လူလို့ ဘာကြောင့်တွေးနေတာလဲ ရှောင်ယန်။ နင်က ရှောင်လင်းနဲ့ လျန်ယိရဲ့ အကိုကြီးပဲလေ။ ငါတို့မိသားစုဝင်ပါပဲ"

ရှောင်ယန် ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်လွန်းသည်ဟု နတ်မယ်ယူဆသည်။

လုယန်က စိတ်မကောင်းသည့်မျက်နှာဖြင့် ခေါင်းခါသည်။

"အရိူးသားဆုံးပြောရရင် ကျုပ်က မသေမျိုးခန္ဓာပိုင်ဆိုင်ထားပေမယ့် ဒီစွမ်းအားကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘူး။ ကျုပ်တို့သုံးယောက် အတူလေ့ကျင့်ရင် တစ်ယောက်ယောက်ကို မတော်တဆထိခိုက်အောင်လုပ်မိမှာ စိုးရိမ်တယ်။

ဥပမာ၊ ဒီဗုဒ္ဓလက်ဝါးကိုကြည့်ပါ"

လုယန် ကျယ်လောင်စွာမန်သွင်းအော်ဟစ်လိုက်သည်။ ကြီးမားသည့် ရွှေရောင်ဗုဒ္ဓလက်ဝါးက ကောင်းကင်မှကျလာသည်။ အဆုံးမရှိကျယ်ပြန့်သည်။ ထိုလက်ဝါးထဲတွင် ဘုံကျောင်းများစွာ ထည့်သွင်းနိုင်သည်။

ဗုဒ္ဓအသံတော် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

ထို့နောက် ဗုဒ္ဓလက်ဝါးရိပ်က လေထဲတွင် အစိတ်အပိုင်းများအဖြစ် ကြေမွပျက်စီးသွားပြီး ကန္တာရပေါ်ကျလာသည်။ မြေပြင်တလျှောက် တုန်ခါသွားသည်။

အစိတ်အပိုင်းတစ်ခုသည် မြို့တော်တစ်ခုကို ဖျက်ဆီးနိုင်စွမ်းရှိသည်။

"ပြီးတော့ ဒီခြေတစ်လှမ်းမိုင်ချီပညာကိုလည်း ကြည့်ပါဦး"

လုယန် ရှေ့သို့ခြေတစ်လှမ်းတိုးသည်။ မြေပြင်ကိုချုံ့လိုက်သည်။

နောက်ထပ်သုံးလေးရက်အကြာတွင် ဖုန်မှုန်အလူးလူးဖြင့် ပင်ပန်းနွမ်းနယ်နေသည့်ပုံစံဖြင့် ဘုံကျောင်းသို့ သူပြန်သည်။

သူ့ကြုံနေရသည့်အဖြစ်က တကယ်မလွယ်ဟု အောင်းလင်းနှင့်ကျန်းလျန်ယိတို့ မြင်လာမည်။ မသေမျိုးခန္ဓာကို သူကောင်းကောင်းမထိန်းချုပ်နိုင်သေးဟု တွေးကြမည်။

အတူလေ့ကျင့်ဖို့ သူ့ကို နောက်ထပ်ခေါ်ကြတော့မည်မဟုတ်။

သို့သော် ထိုခဏမှာပင် ရေခဲချောက်ကမ်းပါးတစ်ခု၏ အထက်လေဟာနယ်သို့ သူရောက်လာသည်။

သူအတွေးနစ်သွားသည်။ ဗုဒ္ဓနိုင်ငံတွင် ထိုမျှအေးသည့်နေရာမျိုး ရှိသလော..

*****************************

All Chapters