အခန်း ၁၁၅၂
Vol. 77 Ch. 1152
အခန်း (၁၁၅၂) နေ့ရက်ကောင်းများ အဆုံးသတ်ပြီ
"ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်၊ ပြန်လာပြီလား...အဲ...ဘယ်သူမှပါမလာဘူးလား"
ယွမ်မုန်မုန် ဘိုးဘေးဘုံကျောင်းထဲမှ ပြေးထွက်လာသည်။ အောင်းလင်းနှင့်ကျန်းလျန်ယိကိုသာ တွေ့ရသည်။
"ထူးဆန်းတယ်။ ဒုခေါင်းဆောင်အသံကို ငါကြားလိုက်ပါတယ်။...အမအောင်းလင်း၊ အမလျန်ယိ၊ ခေါင်းဆောင်နဲ့ဒုခေါင်းဆောင်ကို တွေ့မိသေးလား"
ကျန်းလျန်ယိမျက်နှာတွင် ထူးဆန်းသည့် အမူအရာမျိုးပေါ်နေသည်။ သူဘယ်လိုရှင်းပြရမှန်းမသိ။ ခဏစဉ်းစားပြီးနောက် တုံ့ဆိုင်းဆိုင်းလေသံဖြင့် ပြန်ဖြေသည်။
"သူတို့ခိုးရာလိုက်ပြေးသွားကြပြီထင်တယ်"
......
ဗုဒ္ဓနိုင်ငံမှာ ဒီလောက်အေးတဲ့နေရာမျိုးရှိလား"
လုယန် စဉ်းစားနေသည်။ သူ့ခြေထောက်အောက်တွင် သဲမြေမရှိတော့။ အလွန်တရာနက်ရှိုင်းသည့် ရေခဲချွန်များနှင့် ချောက်နက်တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။
"နတ်မယ်၊ ဘာတွေဖြစ်နေတာလဲ။ ဗုဒ္ဓနိုင်ငံနယ်နိမိတ်ကနေ ကျုပ်ဘယ်လိုကျော်လာတာလဲ"
"အင်း...ကြည့်ရတာ နင်မသေမျိုးဖြစ်လာလို့ နင်သုံးတဲ့ခြေတစ်လှမ်းမိုင်ချီပညာက စွမ်းအားတိုးလာပုံပဲ။ ဒါကြောင့် ဗုဒ္ဓနိုင်ငံအပြင်ဘက်ကို ရောက်လာတာဖြစ်မယ်"
နတ်မယ်က လေသံအေးအေးဖြင့် ရှင်းပြသည်။
"နင်က ဗုဒ္ဓနိုင်ငံကနေ ထွက်ခဲ့ပေမယ့် နင့်မသေမျိုးခန္ဓာက ဗုဒ္ဓနိုင်ငံကနေ မထွက်နိုင်ဘူးလေ။ ဒါကြောင့် ဒီလိုအခြေအနေဖြစ်လာတာ"
အခြေအနေမကောင်းတော့။ ခုနက အောင်းလင်းနှင့် ကျန်းလျန်ယိကို သူလိမ်ညာခဲ့သည်။ မသေမျိုးဖြစ်ပြီးနောက် မှော်ပညာများကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးဟု ပြောခဲ့သည်။
ယခု လိမ်ခဲ့သည့်စကားအတိုင်း အမှန်ဖြစ်လာသည်။ ဗုဒ္ဓနိုင်ငံအပြင်ဘက်သို့ တန်းရောက်လာသည်။ သူအတော်နောင်တရမိသည်။ မှန်သည်။ လိမ်ညာခြင်း၏ အကျိုးဆက်ကို သူခံနေရပြီဖြစ်သည်။
အရင်က အမှန်တစ်ဝက်ပါသည့် မုသားများသာ သူပြောခဲ့သည်။ ဘာအမှားအယွင်းမှ မဖြစ်ခဲ့ဖူး။
သူ့ဘေးပတ်လည်တွင် ရေခဲမှုန်ပြည့်နေသည့် ကောင်းကင်နှင့် ရေခဲဖုံးမြေပြင်များသာရှိသည်။ ခြေထောက်အောက်မှ ချောက်နက်ကလည်း မိုင်ထောင်ချီနက်ရှိုင်းသည်။
မြောက်ပိုင်းအေးခဲနယ်မြေသို့ သူရောက်လာဟန်တူသည်။
ဤနေရာသည် ကျင့်ကြံသူလောကတွင် နာမည်ကျော်သည့် လူသူအရောက်အပေါက်နည်းသည့်နေရာဖြစ်သည်။
"ဗုဒ္ဓနိုင်ငံမှာ ပျော်ရတဲ့ရက်က သိပ်မရှိသေးဘူး။ အခုထွက်လာခဲ့ရပြီပေါ့"
လုယန် ဝမ်းနည်းပက်လက်ပြောသည်။
နတ်မယ်က သူ့လက်ထောက်ကို နှစ်သိမ့်သည်။
"ပျော်ပျော်နေပါ ရှောင်ယန်၊ ငါနတ်မယ် နင့်ဘေးမှာရှိနေရင် နေ့တိုင်း ပျော်စရာကောင်းတဲ့နေ့ပါပဲ"
ထိုစကားကြောင့် လုယန်စိတ်ထဲ ပို၍ပင်ဝမ်းနည်းလာသည်။
မတတ်နိုင်တော့။ လောလောဆယ် ထိုကိစ္စများ အရေးမစိုက်နိုင်သေး။ အပေါ်သို့ပျံတက်ဖို့ ကြိုးစားရုံသာရှိသည်။
သူတို့နှစ်ယောက် စကားပြောနေချိန်တွင် လုယန်က အောက်ခြေမမြင်ရသည့် ချောက်နက်တစ်ခုထဲသို့ ကျဆင်းနေခြင်းဖြစ်သည်။
သို့သော် သူမကြောက်။ သူ့ကျင့်စဉ်အဆင့်က အခြေတည်အဆင့်သို့ရောက်နေသည်။ ပျံသန်းနိုင်စွမ်းရှိသည်။
"မဟုတ်သေးဘူး။ ငါဘာလို့ပျံလို့မရတာလဲ"
နတ်မယ်က မေးစေ့ကိုပွတ်၍ ပြန်ပြောသည်။
"ချောက်နက်အောက်ခြေမှာ ပျံသန်းတာကို ထိန်းချုပ်တဲ့ မှော်စက်ဝန်းတစ်ခုရှိတယ်ထင်တယ်"
လုယန် မျက်ခုံးလှုပ်သွားသည်။ ကံကြမ္မာဆိုးတို့သည် ဘယ်တော့မှတစ်ကိုယ်တည်းမလာတတ်။ တားမြစ်ပညာကို သူချက်ချင်းသုံးသည်။
"သေဟန်ဆောင်ပညာစွမ်းအား"
သေဆုံးသည့်အခြေအနေသို့ သူရောက်သွားသည်။ မြေပေါ်သို့ အရှိန်ပြင်းစွာကျသည်။
သေဟန်ဆောင်ပညာမှော်အစွမ်းကို ပြန်သိမ်းလိုက်ချိန်တွင် ချောက်နက်အောက်ခြေသို့ သူရောက်ပြီဖြစ်သည်။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်မှလွဲ၍ အားလုံးအဆင်ပြေသည်။
ခန္ဓာကိုယ်လှုပ်ရှားရသည်မှာ အခက်အခဲမရှိ။
လိမ္မော်ရောင် မီးအိမ်တစ်ခု သူ့ရှေ့တွင် ဝဲကျလာသည်။ မုတ်ဆိတ်မွှေးနှင့် သက်လတ်ပိုင်းလူတစ်ယောက် ရုတ်တရက်ပေါ်လာပြီး စိုးရိမ်နေသည့်မျက်နှာဖြင့် သူ့ကိုကြည့်သည်။
လုယန်မျက်လုံးပွင့်သည်ကိုမြင်ချိန်တွင် ထိုလူလန့်ခုန်သည်။
"ကောင်လေး၊ မင်းဒီလောက်အမြင့်ကြီးက ကျလာတာတောင် အသက်ရှင်နေသေးတယ်ပေါ့"
လုယန်လည်း အံ့အားသင့်သွားသည်။ ချောက်နက်အောက်ခြေတွင် လူများရှိနေသည်။ ဤချောက်နက်သည် ဤဒေသတွင် နာမည်ကြီးသည့်နေရာတစ်ခုလားမသိ။
"ငါကမုရုံယွီပါ။ မင်းနာမည်ဘယ်လိုခေါ်လဲ ကောင်လေး"
ပြုတ်ကျခဲ့သည့်အဖြစ်ကို ကိုယ့်ကိုယ်ကို ရှက်နေသဖြင့် လုယန် နာမည်တုသုံးလိုက်သည်။
"ကျုပ်က မုန်ကျင်းကျိုးပါ"
မုန်ယုံယွီ မျက်ခွံလှန်၍ကြည့်သည်။ လုယန်လိမ်နေမှန်း သူသိသည်။ မုန်ကျင်းကျိုးသည် နာမည်ကျော်ပါရမီရှင်ဖြစ်သည်။
ထိုပါရမီရှင်မျိုးက ဤနေရာသို့ လာစရာအကြောင်းမရှိ။
"မင်းနာမည်က လုယန်ပါလို့ပဲ ပြောလိုက်ပါလားကွာ"
"...ကျုပ်နာမည် လုယန်ပါ"
မုန်ယုံယွီက လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။
"ကောင်းလေး၊ မင်းဘယ်လိုပြုတ်ကျလာတာလဲ"
လိမ်ညာမိ၍ တန်ပြန်ခံစားရသည့် အကျိုးဆက်ကို သင်ခန်းစာရထားသဖြင့် လုယန် အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်သည်။
"ဗုဒ္ဓနိုင်ငံမှာ မသေမျိုးဖြစ်လာပြီးနောက်ပိုင်း နဂါးဘိုးဘေးနဲ့ ဖီးနစ်ဘိုးဘေးကို မှော်ပညာတစ်ချို့ ကျုပ်လက်တွေ့သရုပ်ပြတယ်။
အဲဒါ ကျုပ်သတိပေါ့ဆသွားလို့ စွမ်းအားကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘဲ လေဟာနယ်လမ်းကြောင်းကနေ ဒီကိုရောက်လာတာပါ။
ဒါနဲ့...ဒါက ဘယ်နေရာလဲ"
မုန်ယုံယွီ မုတ်ဆိတ်ကိုသပ်၍ လုယန်ကို ကြည့်နေသည်။ ပို၍ကရုဏာသက်လာသည်။ ထိုမျှမြင့်မားသည့်နေရာမှ ပြုတ်ကျသည်ဆိုလျှင် အသက်ကယ်မှော်အဆောင်များဖြင့်ပင် ကယ်တင်နိုင်မည်မဟုတ်။
အတော်သနားစရာကောင်းသည်။ ထိုလူငယ်က အသက်မသေသော်လည်း အကြီးအကျယ် စိတ်တုန်လှုပ်သွားခဲ့ဟန်ရှိသည်။ ဗုဒ္ဓနိုင်ငံအကြောင်း မသေမျိုးဖြစ်ခဲ့သည့်အကြောင်းများ တတွတ်တွတ်ပြေနေသည်။
မိသားစုကြီးတစ်ခုအတွင်း အချင်းချင်းတိုက်ခိုက်မှုမျိုးလော...မိသားစုအမွေခံကို ချောက်နက်ထဲတွန်းချခဲ့သည့် အဖြစ်မျိုးလော...
"ဒီနေရာက မေ့ပျောက်ဝိညာဉ်ချောက်နက်ပါ"
"မေ့ပျောက်ဝိညာဉ်ချောက်နက်...ဒါက မြောက်ပိုင်းတိုက်နယ်ထဲက နေရာလား"
လုယန် ဤနေရာအကြောင်း တစ်ခါမှမကြားဖူး။
"ဒါပေါ့၊ ဒါက မြောက်ပိုင်းတိုက်နယ်ပဲလေ"
လုယန် တွေးသည်။ မြောက်ပိုင်းအေးခဲနယ်မြေသည် အလွန်ခေါင်သည့်နေရာဖြစ်မည်။ သူသည် နာမည်ကျော်တစ်ယောက်ဖြစ်သည်။ သို့သော် သူ့ရှေ့မှလူက သူန့ာမည်ကိုသာသိပြီး သူ့ရုပ်ရည်ကို မြင်ဖူးပုံမပေါ်။
"ကောင်လေး၊ ...မင်းကို 'ကောင်လေး'လို့ ခေါ်နေရတာ သိပ်မကောင်းဘူး။ မင်းနာမည်ကို မှတ်မိလား"
"ကျုပ်နာမည်က တကယ်လုယန်ပါ"
လုယန် စိတ်ပျက်လက်ပျက်ပြောသည်။ တာအီုလမ်းစဉ်ဂိုဏ်း၏ ကျောက်စိမ်းတံဆိပ်ကို ထုတ်ပြလိုက်သည်။
သို့သော် မုရုံယွီက ထိုမျှအဆင့်မြင့်သည့် ကျောက်စိမ်းတံဆိပ်မျိုးကို တစ်ခါမှမမြင်ဖူး။ ထိုကောင်လေးက လုယန်ကို အလွန်လေးစား၍ ပုံစံတူတံဆိပ်တစ်ခု ဖန်တီးထားခြင်းဖြစ်မည်ဟု ယူဆသည်။
မုန်ရုံယွီ ခေါင်းကိုလေးပင်စွာခါယမ်းလိုက်သည်။
"မင်းက အတိတ်မေ့နေတာပဲ။ လောလောဆယ် ငါမင်းကို ရှောင်လုလို့ခေါ်မယ်လေ။ အဆင်ပြေမလား"
"ပြေပါတယ်"
အခေါ်အဝေါ်ကို လုယန်အရေးမစိုက်။
"ရှောင်လု၊ မင်းငါနဲ့လိုက်ခဲ့မလား။ ငါ့ပုံစံကိုပဲ မကြည့်နဲ့။ တကယ်တော့ငါက ကျားဟိန်းသံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ ငါတို့ဂိုဏ်းမှာ ဂိုဏ်းဝင်ရှစ်ရာရှိတယ်"
မုရုံယွီက ကြွားလုံးထုတ်သည်။
ဂိုဏ်းဝင်ရှစ်ရာရှိသည့် ဂိုဏ်းတစ်ဂိုဏ်းသည် အတော်ဩဇာရှိပေလိမ့်မည်။ သို့သော် မုရုံယွီ၏ ကျင့်စဉ်အဆင့်က သိပ်မမြင့်လှ။ ရွှေသန္ဓေအခြေခံအဆင့်သာရှိသည်။
"လိုက်ခဲ့မယ်လေ"
လုယန် စဉ်းစားသည်။ မြောက်ပိုင်းနယ်မြေနှင့် သူလုံးဝမရင်းနှီးသေး။ နယ်ခံတစ်ယောက်နောက်သို့လိုက်သွားပြီး နယ်မြေအကြောင်းလေ့လာသည်က အဆင်ပြေလောက်သည်။
မုရုံယွီ မီးအိမ်ကိုငြှိမ်းပြီး ရှေ့မှလျှောက်သည်။ လုယန်က သူ့နောက်မှလိုက်သွားသည်။
မုရုံယွီစကားအရ မေ့ပျောက်ဝိညာဉ်ချောက်နက်တွင် နတ်ဆိုးသားရဲများ လှည့်လည်သွားလာနေသည်။ မီးအိမ်ထွန်းထားလျှင် သားရဲများကို လက်ယပ်ခေါ်သလိုဖြစ်မည်။ အန္တရာယ်များသည်။
မေ့ပျောက်ဝိညာဉ်ချောက်နက်၏ ထူးခြားသည့်ပတ်ဝန်းကျင်ကြောင့် အဖိုးတန်ဆေးမြစ်များ နေရာတိုင်းပေါက်ရောက်နေသည်။ မုရုံယွီက သောကပျောက်မြက်ဟုခေါ်သည် ဝိညာဉ်မြစ်တစ်မျိုး လာရှာခြင်းဖြစ်သည်။
ချောက်နက်ထဲတွင် ပျံသန်း၍မရ။ ထို့ကြောင့် သူ့တပည့်များကို ကြိုးဖြင့်ထိန်း၍ အောက်သို့ချခိုင်းခဲ့သည်။ ဆေးပင်ရပြီးလျှင် သူ့တပည့်များက သူ့ကိုပြန်ဆွဲတင်မည်။
သူ့တပည့်များက ကျင့်စဉ်အဆင့်နိမ့်သည်။ နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရလျှင် သေသွားဖို့သာရှိသည်။ ထို့ကြောင့် မတတ်သာသဖြင့် ဆေးမြစ်ရှာဖို့ ကိုယ်တိုင်ဆင်းခဲ့ရသည်။
တာအိုလမ်းစဉ်ဂိုဏ်း ဆေးစိုက်ခင်းတွင် သောကပျောက်မြက်ပင်များကို လုယန်မြင်ဖူးသည်။ ဆေးဘုရင်လေးများ၏ စောင့်ရှောက်မှုကြောင့် ထိုဆေးမြစ်များက ပေါင်းပင်ကဲ့သို့ အုံလိုက်ကျင်းလိုက်ပေါက်နေသည်။
"တွေ့ပြီ"
မုရုံယွီ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ မနီးမဝေးတွင် ငွေရောင်တလက်လက်တောက်ပနေသည့် ဝိညာဉ်မြက်တစ်ချို့ရှိသည်။ သူရှာနေသည့် သောကပျောက်မြက်ပင် ဖြစ်သည်။
"သုံးပင်တောင်ရှိတယ်ဆိုတော့ အတော်ကံကောင်းတာပဲ"
မုရုံယွီ မြက်ပင်ကို သွားနှုတ်ရန်ပြင်သည်။ ထိုစဉ် မြက်ပင်ဆီမှ ခြေသံများကြားလိုက်ရသည်။ မြစိမ်းရောင်မျက်လုံးတစ်စုံက အမှောင်ထုထဲတွင် တလက်လက်တောက်ပနေသည်။ နဖူးထိပ်တွင် ပြာလဲ့လဲ့ရေခဲသလင်းကွက်တစ်ခုရှိသည်။
"ရေခဲလွင်ပြင်ဝံပုလွေပဲ"
မုရုံယွီ ထိတ်လန့်တကြား နောက်ဆုတ်သွားသည်။ ရွှေသန္ဓေနောက်ဆုံးအဆင့်ကျင့်ကြံသူပင် ရေခဲဝံပုလွေများနှင့်တွေ့လျှင် သူသေကိုယ်သေရင်ဆိုင်တိုက်ခိုက်ရသည်။
မုရုံယွီ သူ့ကိုယ်သူအားတင်း၍ တိုက်ခိုက်ရန်ပြင်သည်။ ထိုစဉ် အစွယ်ဖြဲ၍မာန်ဖီနေသည့် ရေခဲဝံပုလွေက ထိတ်လန့်သွားသည့်အသွင်မျိုးပေါ်လာသည်။ တအီအီအော်မြည်၍ တဖြေးဖြေးနောက်ဆုတ်သွားသည်။
နတ်ဆိုးသားရဲများသည် အာရုံခံနိုင်စွမ်း ထက်မြက်သည်။ မုရုံယွီနောက်တွင် တည်ငြိမ်စွာရပ်သေည့် လူငယ်၏ကိုယ်ထဲမှ ကြောက်စရာကောင်းသည့် ဖြစ်တည်မှုနှစ်ခုကို သူအာရုံခံမိသည်။
ထိုစွမ်းအားရှင်နှစ်ယောက်သည် သူတို့ဘိုးဘေးများ သေမတတ်ကြောက်ရွံ့ခဲ့ရသည့် အဓိပဓိပုဂ္ဂိုလ်များဖြစ်သည်။
သွေးဆက်ထဲမှ အကြောက်တရားကို မထိန်းချုပ်နိုင်သဖြင့် ရေခဲလွင်ပြင်ဝံပုလွေ အမြီးကုပ်၍ နောက်လှည့်ထွက်ပြေးသွားသည်။
မုရုံယွီ မင်သက်မိ၍ ကျန်ခဲ့သည်။
လုယန်စဉ်းစားသည်။ ဤနေရာသို့ရောက်မလာမီက အောင်းလင်းနှင့်ကျန်းလျန်ယိကို သူတွေ့ခဲ့သည်။ ထိုဝံပလွေသည် သူတို့စွမ်းအင်ရောင်ကို အာရုံခံမိ၍များလော..
***************************