အခန်း ၁၁၅၃
Vol. 77 Ch. 1153
အခန်း (၁၁၅၃) ကျားဟိန်းသံဂိုဏ်း၏ တပည့်ရှစ်ရာ
ရေခဲဝံပုလွေ ဘာကြောင့်ထွက်ပြေးသွားသည်ကို မုရုံယွီမသိသော်လည်း အသက်ဆက်နိုင်ပြီဖြစ်၍ ကံကောင်းသည်ဟု သူတွေးသည်။ တစ်ခြားအကြောင်းများကို ထပ်မစဉ်းစားတော့။
"ကျုပ်ကြောင့် လန့်သွားတာဖြစ်မယ်။ ကျုပ်က အမြဲတမ်းကံကောင်းတဲ့လူပါ"
လုယန်က နာမည်ကောင်းဝင်ယူသည်။ ကောင်းမှုပြုလျှင် ကောင်းကျိုးရသည်ဟု သူယူဆသည်။
မုရုံယွီ ရှောင်လုကို တအံ့တဩကြည့်ပြီး ပြန်စဉ်းစားသည်။ ရှောင်လုပြောသည့်စကား ဖြစ်နိုင်ခြေရှိကြောင်း နားလည်လာသည်။ ပုံမှန်အခြေအနေဆိုလျှင် သူသေနေပြီးဖြစ်မည်။
ထိုပုံမှန်အခြေအနေနှင့် ကွဲပြားသည်က ထိုကောင်လေးရှိနေသည့်တစ်ချက်သာရှိသည်။
ထိုမျှမြင့်မားသည့် ချောက်ကမ်းပါးထက်မှ ပြုတ်ကျသော်လည်း ရှောင်လုမသေခဲ့။ သူကံက တကယ်ကောင်းသည်ဟု ဆိုနိုင်သည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ အခုချိန်ကစလို့ မင်းရဲ့ကံကြမ္မာကိုပဲ ငါတို့အားကိုးရတော့မယ်"
ချောက်နက်ထဲဆက်နေလျှင် နောက်ထပ်အန္တရာယ်များ ကြုံလာနိုင်ကြောင်း မုရုံယွီသိသည်။ ယခုတစ်ကြိမ် ရေခဲဝံပုလွေနှင့်ကြုံသည်။ နောက်တစ်ကြိမ်ဆိုလျှင် နတ်ဝိညာည်အဆင့်ကျင့်ကြံသူကို တစ်စစီဆုတ်ဖြဲပစ်နိုင်စွမ်းရှိသည့် လအရိပ်ကောင်းကင်ခြင်္သေ့နှင့် ကြုံရနိုင်သည်။
သောကပျောက်မြက်ပင်များကို အမြန်နှုတ်၍ လုယန်ကိုခေါ်ပြီး တပည့်များရှိသည့်နေရာသို့ သွားသည်။
ကြိုးတစ်ချောင်း ချောက်ကမ်းပါးအထက်မှ တွဲလောင်းကျနေသည်။ မုရုံယွီ၏တပည့်များ ချထားပေးခြင်းဖြစ်သည်။
"ငါအရင်တက်မယ်။ ပြီးမှ ငါ့နောက်ကနေ မင်းတက်ခဲ့ပါ"
မုရုံယွီညွှန်ကြားသည်။ နှစ်ယောက်လုံး တစ်ပြိုင်တည်းတက်၍ အလွဲအချော်တစ်ခုခုဖြစ်လျှင် နှစ်ယောက်လုံး ပြုတ်ကျလိမ့်မည်။
မုရုံယွီ ကြိုးကိုသေချာတွဲခို၍ တက်သွားသည်။ ချောက်ကမ်းပါးထက်သို့ ရောက်လာသည်။ ထို့နောက် လုယန်လည်း ချက်ချင်းတက်လာသည်။ သူ့လှုပ်ရှားမှုက မုရုံယွီထက်ပင် မြန်ဆန်သည်။
အခြေတည်အဆင့်သို့ ကျနေသော်လည်း လုယန်၏ ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းက မုရုံယွီထက် များစွာသာလွန်သည်။
လက်ရှိလုယန်သည် မူလအခြေတည်အဆင့်ကလုယန်ကို တိုက်ခိုက်လျှင်ပင် အလွယ်တကူအနိုင်ယူနိုင်သည်။ ထို့ကြောင့်လည်း ကျင့်စဉ်အဆင့်ထိန်းချုပ်ထားသည့် အဆင့်မြင့်ကျင့်ကြံသူများက အဆင့်တူထဲတွင် ပြိုင်ဘက်ကင်းစွမ်းရည်မျိုး ရှိနေခြင်းဖြစ်သည်။
"ဂိုဏ်းချုပ်၊ အဆင်ပြေရဲ့လား"
ချောက်ကမ်းပါးထက်မှ တပည့်သုံးယောက်က မုရုံယွီကို စိုးရိမ်တကြီးမေးသည်။
"ကံကောင်းလို့ အသက်မသေတာကွာ"
ချောက်ကမ်းပါးထက်သို့ရောက်မှ မုရုံယွီ သက်ပြင်းချနိုင်သည်။ သောကပျောက်မြက်ပင်သုံးပင်ကို ထုတ်လိုက်သည်။
"သုံးပင်တောင်ရခဲ့တယ်ပေါ့"
တပည့်သုံးယောက် ဝမ်းသာသွားသည်။
"ကြိုးးကိုဆက်ထိန်ထားပါ။ နောက်တစ်ယောက် တက်လာဦးမှာ"
"အောက်မှာ တစ်ယောက်ရှိသေးတယ်ပေါ့"
"ဟုတ်တယ်။ သနားစရာကောင်းတဲ့ကောင်လေးပါ။ နာမည်က ရှောင်လုတဲ့။ ဦးနှောက်ပျက်နေတယ်"
စကားမဆုံးမီ လုယန်ရောက်လာသည်။ မုရုံယွီ၏တပည့်သုံးယောက်က သူ့ကို ကရုဏာသက်သည့်မျက်လုံးများဖြင့် ဝိုင်းကြည့်နေသည်။
..နေပါဦး ဂိုဏ်းချုပ်မု၊ ကျုပ်ဦးနှောက်ပျက်တယ်ဆိုတဲ့စကားမျိုး ထပ်မပြောဘဲနေလို့မရဘူးလား...
လုယန် တပည့်သုံးယောက်ကို တစ်ချက်ကြည့်သည်။ တစ်ယောက်က အခြေတည်အဆင့်။ ကျန်နှစ်ယောက်က ချီအဆင့်ဖြစ်သည်။
မုရုံယွီ မူရွှဲ့မြို့တော်သို့ တပည့်လေးယောက်နှင့်အတူဝင်သည်။ မြို့တော်နံရံက ထူထဲသည့်ရေခဲများ ဖုံးလွှမ်းနေသည်။ ထိုရေခဲများသည် မူရွှဲ့မြို့တော် စတည်ထောင်ကတည်းက နှစ်တစ်ထောင်ကျော်အတွင်း လုံးဝအရည်မပျော်ခဲ့ကြောင်း မုရုံယွီက ရှင်းပြသည်။
မြောက်ပိုင်းအေးခဲနယ်မြေတွင် နှစ်တစ်သောင်းရေခဲဆိုသည်မှာ အထူးအဆန်းမဟုတ်။
မြောက်ပိုင်းနယ်မြေသည် လူနေကျဲပါးသည်။ တစ်စုတစ်စည်းတည်း အုပ်ချုပ်သည့်စနစ်မျိုးမရှိ။ မြို့တော်များက အချင်းချင်းအဆက်အသွယ် နည်းကြသည်။ လွန်ခဲ့သည့်သုံးလေးနှစ်က ကျင့်ကြံသူလောကတွင် ဖြစ်ခဲ့သည့်ကိစ္စများသည် ဤနေရာတွင် သတင်းထူးအဖြစ် ရှိနေဆဲဖြစ်သည်။
"ဘယ်လို၊ အနောက်မိုးပျံဘုံကျောင်းမှာ မသေမျိုးတစ်ဝက်တိုက်ပွဲဖြစ်ခဲ့တယ်ပါ့။ နတ်ဆိုးမြို့တော်မှာလည်း မသေမျိုးတိုက်ပွဲတစ်ခု ဖြစ်ခဲ့တာလား"
လမ်းဘေးတွင် ပြောဆိုနေသည့်စကားသံများကြောင့် မုရုံယွီ အံ့အားသင့်သွားသည်။ အနောက်မိုးပျံဘုံကျောင်းနှင့် နတ်ဆိုးမြို့တော်ဆိုသည်မှာ အဓိပဓိစွမ်းအားရှင်များ စုဝေးသည့် ဗဟိုအချက်အချာများဖြစ်သည်။ လုံခြုံဘေးကင်းသည့်နေရာမျိုးဟု ဆိုနိုင်သည်။
ယခုကြည့်ရသည်မှာ မူရွှဲ့မြို့တော်ထက်ပင် ပိုအန္တရာယ်များနေသယောင်ရှိသည်။
လုယန်တွေးနေသည်။ ကြုံရသည့် အခြေအနေအရ မြောက်ပိုင်းနယ်မြေမှလူများသည် သူလေဟာနယ်သန့်စင်အဆင့်သို့ ရောက်သွားသည့်အဖြစ်ကို သိကြသေးဟန်မတူ။
ဤနယ်မြေသည် တကယ်ခေါင်သည်။ သူ့ဆရာ၏ရန်သူများပင် ရှိမည်မထင်။
ထို့နောက် လမ်းဘေးတစ်နေရာတွင် ဆုကြေးထုတ်ထားသည့် တာအိုရှင်ဝစီပိတ်၏ အလိုရှိကြော်ငြာစာရွက်ကို သူတွေ့လိုက်ရသည်။
"ဒါကဘာလဲ"
မုရုံယွီက တီးတိုးပြောသည်။
"မြို့တော်သခင်က တာအိုရှင်ဝစီပိတ်နဲ့ ရန်ငြှိုးရှိတယ်လို့ ပြောကြတယ်။ လုယန်ကို မင်းလေးစားမှန်း သိပေမယ့် မသိသလိုပဲ ငါဟန်ဆောင်လိုက်မယ်။ ဒါပေမယ့် မြို့တော်သခင်သာ ဒီအကြောင်းသိသွားလို့ကတော့ မင်းဘဝဇာတ်သိမ်းပြီပဲ"
လုယန် နဖူးကိုလက်ဖြင့်အုပ်လိုက်သည်။
..ဆရာ..ဘဝမှာ တစ်ခါလောက်များ ရိုးရိုးသားသားမနေခဲ့ဖူးဘူးလား။ မြောက်ပိုင်းနယ်မြေမှာတောင် ရန်သူတွေရှိနေတယ်ပေါ့။ ဘာလို့ကျုပ်လို မနေနိုင်ရတာလဲ။
နေရာတိုင်းကို လှည့်ပတ်သွားလာနေပေမယ့် လူတွေအပေါ် ကျုပ်မေတ္တာထားတယ်။ ရန်သူတစ်ယောက်မှမရှိဘူး...
"ကောင်းပါပြီ၊ လုယန်နာမည်ကို ကျုပ်ဆက်မသုံးတော့ပါဘူး"
"ဒါဆို ငါမင်းကို ဘယ်လိုခေါ်ရမလဲ"
"လုဝါ"
......
"ရောက်ပြီ"
မုရုံယွီက လုယန်ကို အဆောက်အဦးတစ်ခုဆီ ဦးဆောင်ခေါ်သွားသည်။
အဆောက်အဦးတွင် ဆိုင်းဘုတ်တစ်ခုရှိသည်။
"ကျားဟိန်းသံသိုင်းကျောင်း"
ဂိတ်တံခါးတွင် လူသစ်ခေါ်သည့် ကြော်ငြာတစ်ခုရှိသည်။ သင်တန်းသုံးလစာ စာရင်းသွင်းလျှင် လဝက်စာလျှော့ကြေးရမည်။ တစ်နှစ်စာ စာရင်းသွင်းလျှင် သုံးလစာလျှော့ကြေးရမည်။
သိုင်းကျောင်းထဲသို့ ဝင်ပြီးနောက်တွင် လက်သီးသိုင်း အားကျိုးမာန်တက် လေ့ကျင့်နေသည့် ကလေးတစ်စုကို တွေးရသည်။ သံပြိုင်အော်ဟစ်သံများ ထွက်ပေါ်နေသည်။
မကြာခဏဆိုသလို လူတစ်ယောက်ယောက်က ကလေးတစ်ယောက်နှင့်အတူ လာစုံစမ်းသည်။
"စာရင်းသွင်းသင့်မသွင်းသင့် မဆုံးဖြတ်ခင် ခုနစ်ရက် အခမဲ့သင်တန်းတက်လို့ရတယ်ဆိုတာ တကယ်လား"
"..ဆရာမုရုံ၊ ဆရာတို့ ကျားဟိန်းသံဂိုဏ်းမှာ ဂိုဏ်းဝင်ရှစ်ရာရှိတယ်လို့ ပြောခဲ့သလားလို့"
မုရုံယွီက နည်းနည်းရှက်သွားဟန်ရှိသည်။
"ကျုပ်တို့မှာ ဂိုဏ်းအပြင်တပည့်တွေ အများကြီးရှိပါတယ်။ ဂိုဏ်းဝင်ဖို့ သတ်မှတ်ချက်တွေကလည်း နည်းနည်းနိမ့်ပါတယ်။
ဒါပေမယ့် မြောက်ပိုင်းနယ်မြေက အရမ်းအန္တရာယ်များတော့ ကလေးတွေအတွက် ဘဝရှင်သန်ဖို့ သိုင်းပညာတစ်ချို့သင်ပေးတာ ပိုကောင်းမယ်လို့ ကျုပ်တို့တွေးမိလို့ပါ။
ကံကောင်းထောက်မပြီး ဝိညာဉ်မြစ်ရှိတဲ့ ကလေးတစ်ယောက်တွေ့ရင်တော့ ကျုပ်တို့က ဂိုဏ်းရဲ့အတွင်းတပည့်အဖြစ် လက်ခံပေးပါတယ်"
....
"လောလောဆယ် မင်းနေစရာမရှိရင် ငါတို့သိုင်းကျောင်းမှာ သိုင်းပညာလာသင်ပါလား"
မုရုံယွီက အကြံပြုသည်။ လုယန်သည် အခြေတည်အဆင့်ဖြစ်ကြောင်း သူသိသည်။ ကျားဟိန်းသံဂိုဏ်းတွင် ဒုတိယစွမ်းအားအကြီးဆုံးဟု ဆိုနိုင်သည်။
အပြင်လူဖြစ်၍ ဂိုဏ်းထဲသို့ တိုက်ရိုက်တန်းခေါ်လာလျှင် မသင့်တော်။ သို့သော် လုယန်လို အရည်အချင်းရှိသည့် တစ်ကိုယ်တော်စွမ်းအားရှင်မျိုးကို မစည်းရုံးနိုင်လျှင်လည်း သိုင်းကျောင်းအတွက် နစ်နာသည်။
ထို့ကြောင့် သိုင်းပညာသင်ပေးဖို့ အကြံပြုခြင်းဖြစ်သည်။
"ကောင်းပြီလေ"
ကလေးများ၏ ကျားဟိန်းသံလက်သီးသိုင်းကွက်များကို လုယန် ခဏစောင့်ကြည့်သည်။ အရိပ်တုလက်သီး၊ ခြင်္သေ့ဟောက်သံလက်သီးများနှင့် တူသလိုရှိသည်။ သူသင်ကြားပေးဖို့အခက်အခဲမရှနိုင်။
ထိုထက်အရေးကြီးသည့်အချက်က လောကတွင် စွမ်းအားအကြီးဆုံးကျားဖြစ်သည့် ကျင်းချိုင်ဝေနှင့် သူရင်းနှီးထားသည်။
မုရုံယွီက လုယန်နေဖို့ ဝိညာဉ်စွမ်းအင်စုစည်းဖို့ အတော်ကောင်းမွန်သည့်နေရာတစ်ခု စီစဉ်ပေးသည်။ လက်ရှိလုယန်အတွက် အသုံးမဝင်သော်လည်း မုရုံယွီ၏ အလေးထားမှုက ထင်ရှားနေသည်။
လုယန် အခန်းထဲဝင်ပြီးနောက် လှဲအိပ်၍ သေဟန်ဆောင်ပညာကိုသုံးသည်။ သူ့အခြေအနေကို ဂိုဏ်းသို့ သတင်းပို့သည်။
လက်ရှိအနေအထားဖြင့် အကူအညီတောင်းရမည်ကို သူနည်းနည်းရှက်သည်။ ထို့ကြောင့် အခြေအနေကို တိုက်ရိုက်မပြော။ သူပို့သည့်သတင်းထဲမှ စကားအရိပ်အမြွက်ကို နားလည်ပြီး သူ့ကိုပြန်ခေါ်ဖို့ ဂိုဏ်းမှ လူတစ်ယောက်လွှတ်လိမ့်မည်ဟု သူမျှော်လင့်သည်။
သူ့အမသုံး ကန်ထန်သည် လေဟာနယ်သန့်စင်အဆင့်တွင် မှော်ပစ္စည်းတစ်ချို့သုံး၍ နတ်ဆိုးနယ်မြေ၌ လေ့ကျင့်ခဲ့သည်။ စုစည်းခြင်းအဆင့်များကို ရင်ဆိုင်နိုင်သည်။
သို့သော် သူ့လက်ထဲတွင် ဘာမှော်အဆောင်မှမရှိ။ အတော်အန္တရာယ်များသည်။
"အကိုတိုင်၊ ရွှမ်ယွမ်ဓားသခင်က..အဲ..အကိုလုယန်က ထပ်'သေ'ပြန်ပြီ"
ကုကျန်ယဲ့ တိုင်ပုဖန်ကို သတင်းပို့သည်။ တိုင်ပုဖန် အံ့အားသင့်သွားသည်။
ထိုကောင်လေးလုယန် ဗုဒ္ဓနိုင်ငံတွင် မသေမျိုးဖြစ်နေသည်မဟုတ်လော။ ဘယ်လိုပြဿနာကြုံ၍ သေဟန်ဆောင်ပြန်သည်မသိ။
"မြောက်ပိုင်းအေးခဲနယ်မြေကို သူမတော်တဆ ရောက်သွားတယ်လို့ အကိုလုယန်ကပြောတယ်"
"မြောက်ပိုင်းနယ်မြေကို သူကဘယ်လိုရောက်သွားတာလဲ"
တိုင်ပုဖန် စဉ်းစားသည်။ ဂြိုလ်မွှေထားသည့်ပြဿနာ များလွန်း၍ မြောက်ပိုင်းနယ်မြေတွင် နှစ်တစ်သောင်းရေခဲ သွားရှာခြင်းလော...
ထိုရေခဲဖြင့် ကိုယ့်ကိုယ်ကို အေးခဲအောင်လုပ်၍ နှစ်သောင်းချီကြာအောင် ဇာတ်မြှုပ်အိပ်စက်လိုခြင်းလော...
တိုင်ပုဖန် လုယန်အခြေအနေကို ယွမ်ကျိထံသို့ ချက်ချင်းသတင်းပို့သည်။
"ရှောင်လုက မြောက်ပိုင်းနယ်မြေကို သွားတာလား။ သူ့စိတ်ကူးက ကောင်းသားပဲ"
"စိတ်ကူးကောင်းတယ်..ဟုတ်လား"
"ဗုဒ္ဓနယ်မြေက သူ့အတွက် သက်တောင့်သက်သာဖြစ်လွန်းပြီး စိန်ခေါ်မှုတွေမရှိဘူးလို့ ခံစားရလို့ဖြစ်မယ်။ ဒါကြောင့် စိန်ခေါ်မှုတွေကြားမှာ သူ့စွမ်းရည်ကို လေ့ကျင့်ဖို့ မြောက်ပိုင်းနယ်မြေကိုသွားတာ"
"ဒါပေမယ့် အဲဒီကို မတော်တဆရောက်သွားတာလို့ ညီလေးလုက ပြောတယ်နော်"
ယွမ်ကျိ လက်ခါပြသည်။ သူလုံးဝစိတ်မပူ။
"ရှောင်လုက အမြဲတမ်း ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တယ်လေ။ ဒါကြောင့် တစ်ဘက်လူကြားကောင်းအောင် အဲလိုပြောတာပါ"
*****************************