အခန်း ၁၁၅၄
Vol. 77 Ch. 1154
အခန်း (၁၁၅၄) ဆရာလုဝါ
"အကိုတိုင်က ငါ့ကိုလာခေါ်ဖို့ တစ်ယောက်ယောက်တော့ လွှတ်လိုက်မယ်ထင်တာပဲ"
လုယန်တွေးနေသည်။ သဘောကောင်းသည့် အကိုတိုင်သည် အန္တရာယ်များသည့် မြောက်ပိုင်းနယ်မြေတွင် သူ့ကို တစ်ယောက်တည်းပစ်မထားလောက်ဟု သူယုံကြည်သည်။
"ဂိုဏ်းက လူမလွှတ်ခင် ခပ်လျှိုလျှိုနေရမယ်။ သာမန်လောကထဲက သာမန်လူလိုနေရမယ်"
"လုယန်ရှိလား"
တံခါးအပြင်ဘက်မှ မုရုံယွီ၏အသံပေါ်လာသည်။
"ဝင်ခဲ့ပါဗျာ"
မုရုံယွီ ပြုံး၍ဝင်လာသည်။
"ဒီမှာနေရတာအဆင်ပြေရဲ့လား။ တစ်ခုခု အခက်အခဲရှိရင် ငါ့ကိုပြောပါ။ ဒီမိုးသောက်လမ်းမှာ ငါ့နာမည်က နည်းနည်းတော့ဩဇာရှိပါတယ်"
"ပြေပါတယ်၊ ဒီမှာနေရတာ အတော်ကောင်းပါတယ်"
လုယန် မုရုံယွီအတွက် လက်ဖက်ရည်ငှဲ့ပေးသည်။ သူသည် နူးညံ့သည့်မိန်းကလေးများလိုမဟုတ်။ နေစရာရှိလျှင် ဘယ်မှာနေရသည်ဖြစ်စေ အဆင်ပြေသည်။
မုရုံယွီ လက်ဖက်ရည်ခွက်ကို လှမ်းယူရင်း အံ့အားသင့်နေသည်။ အစောပိုင်းက လုယန်ကို အခြေတည်အဆင့်ဖြစ်ကြောင်း သူခွဲခြားနိုင်သည်။ ယခု လုယန်၏ကျင့်စဉ်အဆင့်ကို သူခွဲခြားမရ။
ကျင့်စဉ်အဆင့်ဖုံးကွယ်နိုင်သည် မှော်ပစ္စည်းတစ်ခုခု ရှိနေသလားမသိ။
ဤလုဝါသည် အင်အားကြီးမိသားစုတစ်ခုမှလာသူဖြစ်မည်။ အသက်ကယ်ရတနာများစွာ ရှိနေသည်မှာ သဘာဝကျသည်။
"ရှောင်လု၊ ဒါက မင်းသင်ရမယ့် သိုင်းကျမ်းပါ"
မုရုံယွီက လှပသေသပ်သည့် လက်သီးကျမ်းတစ်အုပ် ထုတ်ပေးသည်။ ကျားဟိန်းသံဂိုဏ်း၏ ကျားလက်သီးသိုင်းပညာဖြစ်သည်။
လုယန် စာအုပ်ကို လှန်ကြည့်သည်။ ခြင်္သေ့ဟောက်သံလက်သီးပညာနှင့်တူကြောင်း ချက်ချင်းသိလိုက်သည်။ သို့သော် သိုင်းကွက်များက ပိုရိုးရှင်းလွယ်ကူသည်။ အခြေခံအဆင့်ဖြစ်သည်။
ထိုစာအုပ်မျိုးသည် တာအိုလမ်းစဉ်ဂိုဏ်းကျမ်းစာတိုက်တွင် သာမန်စာအုပ်အဖြစ်သာ သတ်မှတ်လိမ့်မည်။
"ဂိုဏ်းချုပ်မု၊ ဒီလက်သီးကျမ်းက အပြည့်အစုံမဟုတ်ဘူးထင်တယ်"
"အမြင်စူးရှသားပဲ။ ဒါက သေမျိုးတွေနဲ့ ချီအဆင့်ကျင့်ကြံသူတွေ လေ့ကျင့်ရမယ်သိုင်းပညာပါ။ အခြေတည်အဆင့်နဲ့ ရွှေသန္ဓေအဆင့်လက်သီးပညာကို လေ့ကျင့်ချင်ရင် ငါတို့ကျားဟိန်းသံဂိုဏ်းရဲ့ အတွင်းတပည့်ဖြစ်ဖို့လိုတယ်။
တကယ်တော့ လက်သီးသိုင်းကျမ်းအပြည့်အစုံလည်း ငါတို့မှာမရှိပါဘူး။ ငါတို့ဘိုးဘေးတွေရဲ့ စကားအရ ဒီကျားလက်သီးပညာကို ရှေးဟောင်းစွမ်းအားရှင်တစ်ယောက်ဆီကနေ ဆင်းသက်လာတာတဲ့။ မိုးမြေကိုတုန်ခါစေတဲ့ ချုန်းချီမျိုးနွယ်ရဲ့ ဟိန်းဟောက်သံကို စောင့်ကြည့်လေ့လာပြီး ထူးခြားတဲ့ဒီလက်သီးသိုင်းကို သူတီထွင်ခဲ့တာလို့ ပြောကြတဘ်။
ဒါပေမယ့် ခေတ်အဆက်ဆက်လက်ဆင့်ကမ်းလာပြီးနောက်မှာ အခု ပထမအဆင့်လက်သီးပညာသုံးခုပဲ ကျန်တော့တယ်။ ဘယ်အချိန်ကျမှ လက်သီးပညာအပြည့်အစုံကို ရနိုင်မယ်ဆိုတာ မသိတော့ပါဘူး"
မုရုံယွီစကားသံတွင် ဝင့်ကြွားရိပ်နည်းနည်းပါသည်။ ကျားဟိန်းသံဂိုဏ်း၏ သမိုင်းရှည်ကြာခဲ့သည့် အဆင့်မြင့်အမွေအနှစ်အကြောင်း မသိမသာကြွားလုံးထုတ်နေသည်။ လုယန်သူတို့ဂိုဏ်းကို ဝင်ချင်လာအောင် ဆွဲဆောင်နေခြင်းဖြစ်သည်။
ရင်းနှီးနေသည့် ကိုးကားချက်တစ်ခုကို လုယန်သတိထားမိသည်။
"ရှေးဟောင်းခေတ် ချုန်းချီမျိုးနွယ်ဘိုးဘေးတဲ့လား။...ကျင်းချိုင်ဝေလား"
"သူ့အဖေပါ။ လက်သီးကျမ်းတီထွင်တဲ့အချိန်က ကျင်းချိုင်ဝေ မသေမျိုးတစ်ဝက်မဖြစ်သေးဘူး"
နတ်မယ်က ပြောသည်။
"ဪ၊ ဟုတ်ပြီ။ ကျုပ်မှတ်မိပြီ"
ချုန်းချီမျိုးနွယ်သို့ ပထမဆုံးသွားခဲ့စဉ်က ချုန်းချီဘိုးဘေး၏ပုံရိပ်ကို ဘိုးဘေးဂူသင်္ချိုင်းတွင် သူမြင်ခဲ့ရသည်။
ကျူးထန်၏ ကိုယ်ပွားပုံရိပ်ကို နောက်ဆုတ်သွားအေင် ခြိမ်းခြောက်နိုင်ခဲ့သည်။ ရှေးဟောင်းခေတ်တွင် ဘယ်လာက်ဩဇာကြီးခဲ့ကြောင်း သိသာနေသည်။
"ကဲ..အားလုံးပဲ။ ငါ့နာမည်က လုဝါပါ။ မင်းတို့ကို ကျားလက်သီးသိုင်းပညာသင်ပေးဖို့ ငါတာဝန်ယူထားတယ်။ မင်းတို့ငါ့ကို ဆရာလုလို့ ခေါ်လို့ရပါတယ်"
ကျားဟိန်းသံဂိုဏ်း၏ ဝတ်စုံကို လုယန်ဝတ်ထားသည်။ ဟိန်းဟောက်နေသည့် ကျားခေါင်းရုပ်ပုံ ရင်ဘတ်တွင်ရှိသည်။ 'ကျား'ဟူသည့်စာလုံးက နောက်ကျောဘက်တွင်ရှိသည်။
သူ့သင်တန်းသားများကို မိတ်ဆက်သည်။
"မင်္ဂလာပါ ဆရာလု"
လက်သီးသိုင်းပညာလာသင်သူများသည် ကလေးများချည်းမဟုတ်။ ဆယ့်လေးဆယ့်ငါးအရွယ် ဆယ်ကျော်သက်များလည်းပါသည်။
"မင်းတို့သင်ထားတဲ့ လက်သီးသိုင်းကို တစ်ယောက်ချင်း ကစားပြပါ။ ဒါမှ မင်းတို့ဘယ်လိုလေ့ကျင့်ထားတယ်ဆိုတာ ငါသိရမှာ"
သင်တန်းသားများက လက်သီးသိုင်းကို စိတ်အားထက်သန်စွာ ကစားပြသည်။ ပုံမှန်အရိုးခံစိတ်ဖြင့်သာ လေ့ကျင့်ထားကြောင်း ပေါ်လွင်နေသည်။
ဆန်းတော့မဆန်းလှ။ ဝေးလံခေါင်သီသည့် မြောက်ပိုင်းနယ်မြေတွင် သိုင်းပညာသင်ခြင်းသည် အနိုင်ကျင့်မခံရဖို့နှင့် ဘဝနေထိုင်မှုအခြေအနေ တိုးတက်ဖို့ဖြစ်သည်။
အားလုံးက စိတ်အားထက်သန်နေသော်လည်း လှုပ်ရှားမှုများက တောင့်တင်းလွန်းနေသည်။ အရင်သင်ပေးခဲ့သည့် သူတို့ဆရာကလည်း ချီအဆင့်သာရှိသည်။ ထို့ကြောင့် ဤရလာဒ်မျိုးဖြစ်နေသည်ကို အပြစ်ပြော၍မရ။
တစ်ဦးချင်း၏လှုပ်ရှားမှုကို လုယန် သေချာအကဲခတ်သည်။ ပြုပြင်ပေးရမည့် ဟာကွက်များကို မှတ်သားသည်။ ဆရတစ်ယောက်ဖြစ်လာပြီဖြစ်၍ အလေးမထား၍မရ။
"လှုပ်ရှားတာတွေ မဆိုးပါဘူး။ ဒါပေမယ့် အားအရှိန်လျော့နေသေးတယ်"
လုယန် တည်ငြိမ်စွာ မှတ်ချက်ပေးသည်။
လူငယ်များက သူ့စကားကို သိပ်လက်ခံချင်ပုံမပေါ်။ လုယန် ဘာမှမပြောတော့။ ကျောက်စိမ်းတံဆိပ်ထဲမှ မှော်ဖန်လုံးတစ်ခုထုတ်လိုက်သည်။
မှော်ဖန်လုံးထဲသို့ ဝိညာဉ်စွမ်းအင် ထည့်သွင်းသည်။ ခြောက်ခြားစရာကောင်းသည့် ကျင်းချိုင်ဝေ၏ ချုန်းချီပုံရိပ် ရုတ်တရက် ပေါ်လာသည်။ သင်တန်းသားများ အတော်ကြောက်သွားကြသည်။
ထို့ပုံရိပ်သည် ချုန်းချီမှော်ဖန်လုံးများ အရောင်းမြှင့်တင်ဖို့ ကျင်းချိုင်ဝေ ဖန်တီးထားသည့် ပုံရိပ်ဖြစ်သည်။ ချုန်းချီများသည် သရုပ်ဆောင်ပညာ သိပ်မကောင်းကြသော်လည်း မျိုးနွယ်ဝင်များကိုယ်တိုင် သရုပ်ဆောင်ကြသည်။
"အရင်ဆုံး ဒီအိပ်မက်ရေပွက်ပုံရိပ်ကို သုံးလေးရက်လောက် လေ့လာပါ။ ပြီးမှ မင်းတို့လက်သီးသိုင်းကို လေ့ကျင့်ပါ"
"ဒါက အလယ်ပိုင်းတိုက်နယ်က အိပ်မက်ရေပွက်ပုံရိပ်ဆိုတာလား"
"ဒါပေမယ့် အိပ်မက်ရေပွက်ပုံရိပ်ကို မှော်ဖန်လုံးနဲ့ပြတယ်လို့ ငါမကြားဖူးဘူး"
ထိုလူငယ်များသည် အိပ်မက်ရေပွက်ကို မကြည့်ဖူးကြ။ နောက်ဆုံးဖန်တီးချက်ဖြစ်သည့် မှော်ဖန်လုံးပြကွက်ဆိုလျှင် ပိုဝေးသေးသည်။
ထို့ကြောင့် ဆွေးနွေးပြောဆိုသံများ သိပ်မကြာမီ ငြိမ်ကျသွားသည်။ ချုန်းချီမျိုးနွယ်၏ နာမည်ကျော်ပြကွက်ကို အာရုံစိုက်၍ ကြည့်ကြသည်။
လုယန်အမြင်အရ ထိုပြကွက်သည် အတော်လေးချဲ့ကားထားသည်ဟု ထင်မိသည်။ သို့သော် သင်တန်းများသား စိတ်ဝင်စားနေလျှင် ပြဿနာမရှိ။
"ဒီလိုဟာမျိုးကို ဘယ်သူကြည့်ချင်မှာလဲ။ သက်သက်အချိန်ဖြုန်းနေတာပဲ။ ဒါကိုကြည့်မယ့်အစား လက်သီးသိုင်းပဲ သွားလေ့ကျင့်တော့မယ်"
လူငယ်တစ်ယောက်က မကျေမနပ်ထရပ်၍ တံခါးကိုဆောင့်ပိတ်ပြီး ကျောင်းထဲမှထွက်သွားသည်။ လုယန်၏လုပ်ရပ်များကို သူနားမလည်နိုင်တော့။
ထိုလူငယ်နာမည်က ကုန်းချီဖြစ်ကြောင်း လုယန်မှတ်မိသည်။ ဤသင်တန်းသားအုပ်စုတွင် လက်သီးသိုင်းအကောင်းဆုံးဖြစ်သည်။
.....
"ဒီနေ့တော့ ဒီလောက်ပါပဲ။ အတန်းပြီးပြီ"
လုယန် လက်ခုပ်တီး၍ ကြေငြာပြီး ကျောင်းသားများကို ပြန်လွှတ်လိုက်သည်။
ထိုစဉ် မုရုံယွီက သူ့ဆီလျှောက်လာပြီး တီးတိုးပြောသည်။
"ရှောင်လု၊ ဒီရက်ပိုင်း မိဘတွေက ငါတို့ကို လာတိုင်တယ်။ မင်းက ကလေးတွေကို လက်သီးသိုင်းကောင်းကောင်းမသင်ဘဲ ခပ်ပေါ့ပေါ့နေပြီး သင်တန်းချိန်တစ်ဝက်လောက်ကို အိပ်မက်ရေပွက်ပဲ ပြထားတယ်လို့ ပြောကြတယ်"
"ဘယ်သူလဲ၊ ကုန်းချီရဲ့ မိဘတွေလား"
ဤရက်ပိုင်းအတွင်း အိပ်မက်ရေပွက်ကို စပြသည်နှင့် ကုန်းချီထပြန်သွားလေ့ရှိသည်။ လက်သီးသိုင်းအတွက် အကူအညီဖြစ်စေရန် ခဏဆက်ကြည့်ဖို့ပြောသော်လည်း ကုန်းချီက လုံးဝနားမထောင်။
"ဘယ်သူလဲဆိုတာက အရေးမကြီးဘူး။ ဒီလိုပြောနေကြတာ တစ်ယောက်တည်းဟုတ်ဘူး။ ရှောင်လု၊ ငါပြောမယ်။ ငါတို့ကျင့်ကြံသူတွေက အများကောင်းကျိုးကိုဆောင်ရွက်ပြီး အဆက်အသွယ်ကောင်းတွေ ဖန်တီးရတာ။
ကျောင်းသားတွေကို သင်တဲ့အခါ ပျင်းနေလို့မဖြစ်ဘူး"
လုယန် ရယ်လိုက်သည်။
"ကုန်းချီအပြင်မှာရှိတယ်မဟုတ်လား။ သူ့ကို ကျောင်းသားတစ်ယောက်ရွေးပြီး လက်ရည်စမ်းခိုင်းလိုက်ပါ။ အခြေအနေကြည့်ကြတာပေါ့"
သူ့ဝိညာဉ်အာရုံတွင် ကုန်းချီ၏မိဘများလည်း ကျောင်းအပြင်ဘက်တွင်ရှိသည်ကို မြင်နေရသည်။ နှစ်ယောက်လုံးက ချီအဆင့်ကျင့်ကြံသူများဖြစ်သည်။
"ကောင်းပြီလေ"
မုရုံယွီက ကုန်းချီနှင့်သူ့မိဘများကို ကျောင်းထဲသို့ခေါ်လိုက်သည်။ ကုန်းချီမိဘများက အခြေတည်အဆင့်ရှိသည့်လုယန်ကို အံ့ဩမိကြသည်။ သို့သော် ငယ်ရွယ်ပြီး တဇွတ်ထိုးဆန်သည့် ကုန်းချီက ထိုအချက်ကို အရေးမစိုက်။
"ဘာလဲ၊ မင်းက ငါသင်တဲ့နည်းကို သဘောမကျဘူးပေါ့"
လုယန်က ကုန်းချီကို ပြုံးစေ့စေ့ကြည့်၍ မေးသည်။
"ခင်ဗျားက ကျုပ်တို့အချိန်ကို အလဟဿဖြုန်းနေတာပဲ"
ကုန်းချီ ဒေါသတကြီးပြန်ပြောသည်။ သို့သော် လုယန်က စိတ်ထဲမထား၊
"ဒါဆို မင်းအတန်းဖော်တွေထဲက မင်းကြိုက်တဲ့တစ်ယောက်ရွေးပြီး လက်ရည်စမ်းကြည့်ပါလား"
"ကောင်းပြီလေ။ ရှစ်ယီ၊ မင်းနဲ့ငါလေ့ကျင့်ရအောင်"
အခေါ်ခံရသည်ကို ရှစ်ယီ မအံ့ဩမိ။ သူသည် ကုန်းချီပြီးလျှင် လက်သီးသိုင်းအတော်ဆုံးလူဖြစ်သည်။
နှစ်ယောက်သား ကိုယ်ဟန်ခင်းသည်။ ကုန်းချီက အရင်လှုပ်ရှားသည်။ သူ့လက်သီးချက်က လေလိုလျင်မြန်သည်။ လေတိုးသံခပ်တိုးတိုး ထွက်ပေါ်လာသည်။
"ဝေါင်း"
သို့သော် အားလုံးအံ့အားသင့်သွားကြသည်။ ရှစ်ယီက နောက်မှလှုပ်ရှားသော်လည်း တုံ့ပြန်မှုက ပိုမြန်သည်။ လက်သီးချက်မှ ကျားဟိန်းသံတစ်ခုပေါ်လာသည်။
ပြီးခဲ့သည့်ရက်ပိုင်းကနှင့်စာလျှင် များစွာတိုးတက်လာသည့်သဘောဖြစ်သည်။
လုယန်မရောက်မီ လွန်ခဲ့သည့်ဆယ်ရက်က သူတို့နှစ်ယောက် လက်ရည်ယှဉ်ခဲ့သည်။ ကုန်းချီက ရှစ်ယီထက် အပြတ်အသတ်ပိုသာသည်။ သို့သော် အချိန်တိုဆယ်ရက်အတွင်း အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။
ယခု ရှစ်ယီက ကုန်းချီကို အဆက်မပြတ် ဖိအားပေးနေသည်။
အအံ့ဩဆုံးလူက မုရုံယွီဖြစ်သည်။ ရှစ်ယီလက်သီးမှ ထွက်လာသည့် ကျားဟိန်းသံသည် ကျားလက်သီးပညာ သူကျွမ်းကျင်ကြောင်း သက်သေဖြစ်သည်။ သင်တန်းသားအုပ်စုများစွာထဲတွင် အလွန်ရှားပါးသည့် အောင်မြင်မှုဖြစ်သ်ည။
တစ်ခုတည်းသောအာနည်းချက်က ရှစ်ယီ၏ ကျားဟိန်းသံသည် သိပ်မပီပြင်သေး။ အရွယ်ရောက်ပြီးသည့် ကျားတစ်ကောင်၏ ခွန်အားပြည့်ဟိန်းဟောက်သံမျိုးနှင့် မတူသေး။
******************************