အခန်း ၁၁၅၅
Vol. 77 Ch. 1155
အခန်း (၁၁၅၅) ကျားကိုမောင်းသွင်း၍ ဝံပုလွေမျိုခိုင်းသည်
ရှစ်ယီကို ကုန်းချီ လုံးဝမယှဉ်နိုင်ဘဲ ချက်ချင်းရှုံးသွားသည်။
ကျောင်းသားများထံမှ တအံ့တဩပြောဆိုရေရွတ်သံများ ပေါ်ာလသည်။ အမြဲမပြတ်တိုးတက်နေသည့် ကုန်းချီက ရှစ်ယီကို ရှုံးသွားသည်။
"ရှောင်လု၊ ဒါ မင်းသင်ထားတာလား"
မုရုံယွီ မျက်လုံးအပြူးသားဖြင့် လုယန်ကို စိုက်ကြည့်နေသည်။ ရက်ပိုင်းသာကြာသေးသည်။ သူကိုယ်တိုင်သင်လျှင်ပင် ထိုရလာဒ်မျိုး ပေါ်မလာနိုင်။
"အဓိကအချက်က ကျုပ်ကောင်းကောင်းသင်ပေးခဲ့ဆိုတာပါပဲ။ ကလေးတွေက နားလည်နိုင်စွမ်း အတော်ကောင်းကြပါတယ်။ ရှစ်ယီတင်မဟုတ်ဘူး။ တစ်ခြားကလေးတွေလည်း အများကြီးတိုးတက်လာတယ်"
"မင်းဘယ်လိုသင်တာလဲ"
ထို့နောက် မုန်ရုံယွီ အကြောင်းရင်းကို ချက်ချင်းနားလည်လာသည်။ လုယန်ပုခုံးကို ဝမ်းသာအားရ ကိုင်လှုပ်သည်။
"အိပ်မက်ရေပွက်ပဲ...မင်းသူတို့ကို အိပ်မက်ရေပွက်ပြခဲ့လို့မဟုတ်လား"
"ကဲ ကျုပ်ကိုကိုင်လှုပ်မနေပါနဲ့တော့။ ဒါကိုကြည့်လိုက်ရင် ခင်ဗျားနားလည်သွားမှာပါ"
လုယန် ခပ်ညှင်းညှင်းရယ်၍ မြေပေါ်မှ မှော်ဖန်လုံးကို ကောက်လိုက်သည်။ သင်တန်းလည်းဆင်းပြီးဖြစ်သည်။ အခြေအနေကလည်း ဤအဆင့်ထိရောက်လာသည်။ မှော်ဖန်လုံးသိမ်းဆည်းဖို့ သူအချိန်မရခဲ့။
ခံ့ညားထည်ဝါသည် ရှေးဟောင်းချုန်းချီပုံရိပ် မုရုံယွီရှေ့တွင်ပေါ်လာပြီး အင်ပါယာဟန်ပန်ဖြင့် ဟိန်းဟောက်နေသည်။
"ဒါ...ဒါက ချုန်းချီလား"
ကျင်းချိုင်ဝေကို မုရုံယွီမသိ။ ဒဏ္ဍာရီကျားမျိုးနွယ်များထဲတွင် စွမ်းအားအကြီးဆုံးသည် ချုန်းချီမျိုးနွယ်ဖြစ်ကြောင်းသာသိသည်။
"ဒီမှော်ဖန်လုံးကို ဘယ်ကရလာတာလဲ"
"ချုန်းချီမျိုးနွယ်ရဲ့ ဘိုးဘေးငယ်က လက်ဆောင်ပေးတာပါ"
"ငါက အတည်မေးနေတာ"
"ကျုပ်လည်း အတည်ပြောနေတာပါ"
လုယန် အမှန်အတိုင်းထုတ်မပြောလိုမှန်းသိသဖြင့် မုရုံယွီ ဆက်မမေးတော့။ မှော်ဖန်လုံးကို သူအတော်သဘောကျနေသည်။
ဤမှော်ဖန်လုံးသည် ရှစ်ယီအတွက်သာမဟုတ်။ သူ့အတွက်လည်း အကျိုးရှိသည်။
သက်ရှိချုန်းချီတစ်ကောင်ကို သူ့တစ်သက်တွင် တစ်ခါမှမမြင်ဖူးခဲ့။
"ရှောင်လု...အဲ..မဟုတ်ဘူး။ မိတ်ဆွေလု၊ ဒီမှော်ဖန်လုံးကို ရောင်းမလား"
"ဘာတွေရောင်းဖို့ပြောနေတာလဲ။ ဒါက သိပ်အဖိုးတန်တဲ့ပစ္စည်းလည်းမဟုတ်ပါဘူး။ ခင်ဗျားကို အလကားပေးလိုက်မယ်"
လုယန်၏ မှော်ဖန်လုံးက မူရင်းမှော်ဖန်လုံးဖြစ်သည်။ ဈေးကွက်တွင် ရောင်းနေသည့် မှော်ဖန်လုံးများနှင့်မတူ။ ချုန်းချီစွမ်းအားကို အကောင်းဆုံး ပြသထားသည့် ပုံရိပ်ဖြစ်သည်။
"ဒါက..ဒါကတော့ ငါဘယ်လိုလက်ခံလိုဖြစ်မှာလဲ။..ငါမင်းကို အခြေတည်အဆင့်နဲ့ ရွှေသန္ဓေအဆင့် လက်သီးကျမ်းတွေပေးမယ်လေ"
ဤအတိုင်းပေးလိုက်လျှင် မုရုံယွီ လက်ခံဖို့ တွန့်ဆုတ်နေမည်မှန်း လုယန်သိလိုက်သည်။ သူ့ဘက်မှ တစ်ခုခုလက်ခံလိုက်မှ မုရုံယွီ စိတ်ရှင်းလောက်သည်။
"ကောင်းပြီလေ။ ဒါပေမယ့် သင်တန်းအတွက် ဒါကိုသုံးရဦးမယ်။ သင်တန်းပြီးရင် ခင်ဗျားယူလို့ရပါတယ်"
"ဒါပေါ့ ဒါပေါ့"
မုရုံယွီ ပျော်သွားသည်။
"ဘယ်လိုလဲ ရှောင်ကုန်း၊ မင်းသင်တန်းဆက်ဆက်မှာလား"
ရှစ်ယီ၏ တိုးတက်မှုသည် လုယန်ကျေးဇူးကြောင့်ဖြစ်ကြောင်း ယခု ကုန်းချီနားလည်နေပြီဖြစ်သည်။ အခွင့်အရေးကြီးတစ်ခု သူလက်လွတ်သွားသည်။
မြေပေါ်တွင် ချက်ချင်းဒူးထောက်၍ တောင်းပန်သည်။
"ကျုပ်တောင်းပန်ပါတယ် ဆရာလု။ သင်တန်းကို ကျုပ်အချိန်မှန်တက်ပါ့မယ်။ သင်တန်းမပြီးမချင်း လုံးဝမပြန်တော့ပါဘူး"
"ရပါပြီ ရပါပြီ။ ဒူးထောက်ဖို့မလိုပါဘူး"
လုယန် စွမ်းအားသုံး၍ ဆွဲထူလိုက်သည်။
"ဆရာလု၊ ဒီကလေးရဲ့ ရှေ့ရေးအတွက်က ဘယ်လိုလဲ..."
ကုန်းချီ၏မိဘများက တောင်ပန်သည့်အပြုံးဖြင့် ရှေ့တိုးလာသည်။ ကုန်းချီကို ဆက်မသင်တော့ဟု လုယန်ငြင်းလိုက်မည်ကို စိုးရိမ်နေကြသည်။
"ခင်ဗျားတို့ သင်တန်းကြေးပေးပြီးသားပဲ။ ရှောင်းကုန်း သင်တန်းလာတက်ရင် ကျုပ်သင်ပေးမှာပါ"
"သူတက်ရမှာပေါ့။ သူသင်တန်းမတက်ရင် ကျုပ်ကိုယ်တိုင်သူ့ကိုရိုက်မယ်"
ကုန်းချီဖခင်က ယတိပြတ်ကြေငြာသည်။
"ဟုတ်ပါပြီ။ သင်တန်းဆင်းပြီးရင် ခင်ဗျားတို့နှစ်ယောက် ခဏနေကြဦး။ ကျုပ်မေးစရာတစ်ခုရှိလို့ပါ"
သင်တန်းဆင်းပြီးနောက် ကျောင်းသားများနှင့် မုရုံယွီတို့ ထွက်သွားကြသည်။ ကုန်းချီမိဘများက လုယန်အခန်းသို့ ရင်တထိတ်ထိတ်ဖြင့် လျှောက်လာသည်။ ကုန်းချီကို ကျောင်းအပြင်ဘက်တွင် ထားခဲ့သည်။
အခန်းထဲရောက်သည်နှင့် ကုန်းချီမိဘများက စိုးရိမ်ပူပန်နေသည့်မျက်နှာဖြင့် သူတို့မှော်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်များထုတ်၍ လုယန်ကို ပေးရန်ပြင်သည်။
"ခင်ဗျားတို့ နားလည်မှုလွဲနေပြီ။ ကျုပ်က ဒါတွေလိုချင်လို့မဟုတ်ဘူး။ ကုန်းချီကိုမွေးတုန်းက အမှားအယွင်းတစ်ခုခုဖြစ်ခဲ့လား သိချင်လို့ပါ။ သူ့ကိုယ်ထဲမှာ အေးခဲချီဓာတ်တွေ လွန်ကဲနေသလိုပဲ"
လုယန်ထိုမေးခွန်းမေးမည်ဟု ကုန်းချီမိဘများ ထင်မထားကြ။ သို့သော် နောက်ဆုံးတွင် ကုန်းချီဖခင်က အမှန်အတိုင်းထုတ်ပြောဖို့ ဆုံးဖြတ်လိုက်သည်။
"အင်း...ကျုပ်တို့ အမှန်အတိုင်းပဲ ပြောမှထင်ပါတယ်။ တကယ်တော့ ကုန်းချီက ကျုပ်တို့သားအရင်းမဟုတ်ပါဘူး။ မြို့ပြင်မှာ အမဲလိုက်သွားရင်း သူ့ကိုတွေ့ခဲ့တာပါ။
ကျုပ်တို့တွေ့တဲ့အချိန်မှာ ကုန်းချီမျက်နှာက ပြာနှမ်းနေတယ်။ ဒီကလေး အပြင်မှာအေးခဲပြီးသေသွားမှာကို ကျုပ်တို့မကြည့်ရက်ဘူး။ ဒါကြောင့် အိမ်ကိုခေါ်လာတယ်။
ဂျင်းစွတ်ပြုတ်နဲ့ တစ်ခြားဆေးတွေ သူ့ကိုကျွေးတယ်။ ဒါပေမယ့် သူ့အသားအရေက ပိုကောင်းမလာဘူး။ သူ့ကိုကယ်ဖို့ မြို့ထဲက သမားတော်တွေအားလုံးကို လိုက်ရှာတယ်။
ဒါပေမယ့် ဒီကလေးက အေးခဲချီအဆိပ်(ရေခဲအဆိပ်)သင့်နေတာလို့ သမားတော်တွေက ပြောတယ်။ စောစောသေမယ့်လက္ခဏာတဲ့။ အသက်ဆယ့်ခြောက်နှစ်ထက် မကျော်နိုင်ဘူးလို့ ပြောကြတယ်။
အဲဒီ့နောက်ပိုင်း ဒီကလေးအသက်ရှင်နိုင်ဖို့ ကျုပ်တို့ နည်းလမ်းမျိုးစုံရှာခဲ့တယ်။ ရိုးရာဆေးနည်းတစ်ခုမှာ ယန်ဓာတ်ပြည့်ဝစေတဲ့ လက်သီးသိုင်းကို လေ့ကျင့်ရင် အေးခဲချီကို သန့်စင်နိုင်တယ်ဆိုတာ တွေ့ရတယ်။
ဒါကြောင့်သူ့ကို ဒီကျောင်းမှာ လက်သီးသိုင်း လေ့ကျင့်ခိုင်းခဲ့တာပါ"
"ရှောင်ကုန်းက ဒီအကြောင်းသိလား"
"ကျုပ်တို့သူ့ကို မပြောရဲဘူး။ သူ့ခန္ဓာကိုယ်က အားနည်းလို့ ဆေးများများသောက်ပြီး လက်သီးသိုင်း ပိုလေ့ကျင့်ဖို့လိုတယ်လို့ပဲ ပြောထားတယ်။ ဒါပေမယ့် ဒီကလေးက ဉာဏ်ထက်တယ်။ သူတစ်ခုခု ရိပ်မိချင်ရိပ်မိနေနိုင်တယ်။
ဆရာလုက လက်သီးသိုင်းမသင်ပေးပဲ အချိန်ဖြုန်းနေတယ်လို့ သူမြင်ခဲ့တာကလည်း ဒီကိစ္စကြောင့်ပဲ ဖြစ်မယ်ထင်တယ်"
ဝမ်းနည်းစရာကိစ္စပြောပြရခြင်းဖြစ်၍ ကုန်းချီမိခင်က ငိုနေသည်။
"ဘယ်လူယုတ်မာကများ ရှောင်ချီအေးခဲအဆိပ်သင့်အောင် နှင်းတောထဲမှာ ပစ်ထားခဲ့လဲမသိတော့ပါဘူး"
လုယန် ခေါင်းခါသည်။
"ဒါက သူ့ကိုနှင်းတောထဲမှာ ပစ်ထားခဲ့လို့ ဖြစ်တာမဟုတ်ဘူး။ သူက ရွှမ်ယွမ်ရေခဲချီအဆိပ်သင့်နေတာ။ ဒီလိုအဆိပ်ချီမျိုး ဒီနားတစ်ဝိုက်မှာ တွေ့ရခဲတယ်။
ဒါပေမယ့် သိပ်ပြဿနာမရှိပါဘူး။ ကျုပ်သင်ပေးတဲ့အတိုင်း လက်သီးသိုင်းလေ့ကျင့်ရင် သူ့ကိုထဲက အေးခဲချီတွေ ပျောက်သွားမှာပါ"
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်ဆရာလု"
လင်မယားနှစ်ယောက် ချက်ချင်းဒူးထောက်၍ အရိုအသေပြုသည်။ ကုန်းချီသည် သူတို့သားအရင်းမဟုတ်သော်လည်း ဆယ့်ငါးနှစ်ကြာအောင် ပြုစုပျိုးထောင်ခဲ့သဖြင့် သားအရင်းလိုပင် သံယောဇဉ်တွယ်နေသည်။
"ရပါတယ်။ ငွေ့အတွက်လုပ်ပေးတာမဟုတ်ဘူးလို့ ကျုပ်ပြောပြီးပြီပဲ။ ဒါက မျှတတဲ့အပေးအယူမျိုးပါ။ ကျေးဇူးတင်ဖို့ မလိုပါဘူး"
ကုန်းချီကို ကူညီပြီးနောက် ကုန်းချီ၏မိဘများကိုပါ သူကူညီရဦးမည်။ သူကိုယ်တိုင်က မိသားစုဝင်တစ်ယောက်လို ဖြစ်နေသည်။
ပုံမှန်အတိုင်းသွားလျှင် ကုန်းချီ သေချာပေါက် ဆယ့်ခြောက်နှစ်ထက်ပို၍ အသက်ရှင်မည်မဟုတ်။ သို့သော် လုယန်ရှိနေပြီဖြစ်၍ ဤအေးခဲချီကိစ္စသည် ပြဿနာမရှိတော့။
အမှန်တော့ အကောင်းဆုံးဖြေရှင်းနည်းသည် လောင်မုန်လက်ကို ဓားဖြင့်လှီး၍ သွေတစ်စက်ထုတ် ရေဖြင့်ရောပြီး ကုန်းချီကို တစ်ခါစိမ်ခိုင်းလိုက်ရုံသာဖြစ်သည်။
သေချာပေါက် ကုသနိုင်သည်။ သို့သော် လောင်မုန်က အနီးတွင်မရှိ။ လိုက်ရှာဖို့လည်း နည်းနည်းခက်နေသည်။ လက်သီးသိုင်းလေ့ကျင့်ခြင်းကသာ အဆင်အပြေဆုံးဖြစ်သည်။
ကုန်းချီ၏မိဘများကို နှုတ်ဆက်လိုက်ပို့ပြီးနောက် လုယန် ကိုယ့်ကိစ္စကိုယ် အာရုံစိုက်သည်။
"နတ်မယ်၊ ခင်ဗျား အသက်ကယ်ပညာရပ်တစ်ခုခု တတ်ထားလား"
ရက်အတော်ကြာပြီဖြစ်သည်။ အကိုတိုင်က လူမလွှတ်သေး။ ကိုယ့်ကိုယ်ကိုသာ အားကိုးရမည့်သဘောရှိသည်။
"အသက်ကယ်ပညာလား။ သေဟန်ဆောင်ပညာရှိတယ်လေ"
"...တိုက်ခိုက်လို့ရတဲ့ အသက်ကယ်ပညာမျိုးရှိလား"
ရန်သူက ဉာဏ်ရည်နိမ့်လျှင် အကြောင်းမဟုတ်။ သို့သော် နတ်မယ်ထက်ဉာဏ်ရည်မြင့်သည့် ရန်သူမျိုးနှင့်ကြုံလျှင် သေဟန်ဆောင်ပညာသည် အလုပ်မဖြစ်လောက်။
"သေဟန်ဆောင်ပညာကို နင်သုံးလိုက်လေ။ ငါနင့်ခန္ဓာကိုယ်ကိုထိန်းချုပ်ပြီး ကူတိုက်ပေးမယ်"
"တစ်ခြားနည်းလမ်းရှိသေးလား"
နတ်မယ် အံတင်းတင်းကြိတ်၍ ပြတ်သားစွာဆုံးဖြတ်ထားဟန်ဖြင့် ပြောသည်။
"လိုအပ်လာရင် ငါ့ဝိညာဉ်သန္ဓေကို စတေးလိုက်မယ်။ မသေမျိုးခန္ဓာတစ်ခု အတင်းတည်ဆောက်ပြီး နင့်ကိုကယ်မယ်"
လုယန် အတော်လန့်သွားသည်။ ထိုအဆင့်ထိ မလိုအပ်ကြောင်း အမြန်ပြောသည်။
"အင်း ဒါဆိုလည်း အန္တရာယ်ကြုံလာရင် ကျုပ်ကလုယန်ပါလို့ အော်လိုက်။ မူရွှဲ့မြို့တော်သခင်က သေချာပေါက် လာကယ်လိမ့်မယ်"
လုယန် အသံတိတ်သွားသည်။ နတ်မယ်သည် ဝံပုလွေကိုမျိုဖို့ ကျားကိုမောင်းသည့် ဗျူဟာမျိုးပင် တတ်ကျွမ်းနေသည်။ သူတို့စတွေ့စဉ်က နတ်မယ် ထိုဗျူဟာမျိုး အသုံးချတတ်ပုံမပေါ်။
သူနှင့်အတူ အချိန်ကြာမြင့်စွာ ရှိခဲ့သဖြင့် နတ်မယ် တဖြေးဖြေး မသိမသာ ဉာဏ်ရည်တိုးလာခြင်းလော...
"မြို့တော်သခင်ကိုယ်တိုင်က ဒုက္ခပေးလာရင် ဘယ်လိုလုပ်မလဲ"
"နင့်မှာ ရန်သူတွေအများကြီးရှိလို့ လက်စားချေချင်ရင် အလှည့်ရောက်အောင်စောင့်ပါလို့ သူ့ကိုပြောလိုက်ပေါ့"
"ဒါဆို တစ်ခြားရန်သူတွေ ရောက်လာရင်ရော"
"ယင်ထန်မသေမျိုးကို အော်ဆဲလိုက်။ သူတုံ့ပြန်လာလိမ့်မယ်။ သေချာပေါက် ကောင်းကင်လျှပ်စီးကို ဆွဲခေါ်လာပြီး နင့်ကိုကယ်လိမ့်မယ်"
"ယင်ထန်မသေမျိုး အဲလိုလှုပ်ရှားလို ပိုပြီးစွမ်းအားမြင့်တဲ့ ရန်သူတွေရောက်လာရင်ရော။..ဥပမာ မဟာချန်ခေတ် စွမ်းအားရှင်မျိုးပေါ့"
"လိုအပ်လာရင် ငါ့ဝိညာဉ်သန္ဓေကို စတေးပြီး..."
********************************