← Chapters

အခန်း ၁၁၅၆

Vol. 78 Ch. 1156

အခန်း ၁၁၅၆

Vol. 78 Ch. 1156

အခန်း (၁၁၅၆) အသက်ကယ်နည်း

နတ်မယ်သည် ကျားမောင်းဝံပုလွေမျိုသည့်နည်းလမ်းများ စိတ်ကူးပေါ်သည်မှာ တိုက်ဆိုင်ခြင်းဖြစ်သည်။ ကြောင်ကန်းကြွက်သေတွေ့သည့် သဘောသာဖြစ်သည်။

"အမသုံးနည်းလမ်းအတိုင်း မှော်အဆောင်သုံးရင် လေဟာနယ်သန့်စင်အဆင့်ကို ငါဘေးကင်းကင်းဖြတ်ကျော်နိုင်မှာပါ"

လုယန် မှတ်မိနေသေးသည်။ နတ်ဆိုးနိုင်ငံတွင် ကန်ထန်သည် လက်တစ်ချောင်းမှမလှုပ်ဘဲ မှော်ပစ္စည်းသက်သက်ဖြင့် နတ်ဆိုးမျိုးနွယ်များ နောက်ဆုတ်သွားအောင် ခြိမ်း‌ခြောက်နိုင်ခဲ့သည်။

"မှော်ပစ္စည်းသုံးတာက တကယ်ကောင်းတဲ့စိတ်ကူးပါပဲ"

နတ်မယ် ခေါင်းငြိမ့်ထောက်ခံသည်။

"ဟုတ်တယ်။ ညီလေးလီလို မှော်သံချပ်ကာ သန့်စင်တာမျိုးလေ။ တိုက်ပွဲသံချပ်ကာက ရန်သူကို အလိုလို တန်ပြန်တိုက်ခိုက်တယ်။

သံချပ်ကာစွမ်းအားက သူ့ကိုယ်ပိုင်တိုက်ခိုက်စွမ်းအားနဲ့ ခွဲမရလောက်အောင်တူတယ်"

လုယန် စိတ်အားထက်သန်စွာပြောသည်။

လုယန်စကားကြောင့် နတ်မယ်လည်းစိတ်အားထက်သန်လာပြီး ဆက်ပြောသည်။

"ဒါမှမဟုတ် စွမ်းဆောင်ရည်မတူတဲ့ မှော်လက်နက်တွေ ဖန်တီးတာမျိုးပေါ့။ ယင်နဲ့ယန်ကို စုပ်ယူနိုင်တဲ့ ဘူးသီးခြောက်၊ ရေပန်းထုတ်နိုင်တဲ့ ကျောက်စိမ်းပုလင်း၊ မီးမှုတ်ထုတ်နိုင်တဲ့ ဆေးအိုး၊ လေပြင်းဖန်တီးနိုင်တဲ့ ယပ်တောင်...

ယင်ယန်ဓာတ်ငါးမျိုး မှော်ပညာတွေ အသင့်ရှိရင် ဘယ်ရန်သူမျိုးတွေ့တွေ့ ငါတို့ဖြေရှင်းနိုင်တယ်"

နှစ်ယောက်သား ပြောရင်းပြောရင်း ပို၍စိတ်အားတက်ကြွလာသည်။ မှော်ပစ္စည်းများသုံးခြင်းသည့် တကယ့်စိတ်ကူးကောင်းတစ်ခုဖြစ်သည်။

လုယန်က နတ်မယ်ကို စိတ်အားထက်သန်စွာလှည့်ကြည့်၍

"ကျုပ်က ပစ္စည်းသွန်းပညာမတတ်ဘူး။ ခင်ဗျားတတ်သလား နတ်မယ်"

နတ်မယ်လည်း လုယန်ကို စိတ်အားထက်သန်စွာလှည့်ကြည့်သည်။

"ငါလည်းမတတ်ဘူး"

သူတို့နှစ်ယောက် အချင်းချင်းစိုက်ကြည့်နေသည်။ ထို့နောက် ချက်ချင်းဣန္ဒေပြန်ဆည်ကြသည်။

ကိုယ်တိုင် ကြိုတင်ပြင်ဆင်မထားမိသည်ကို လုယန် ဝမ်းနည်းမိသည်။ မြောက်ပိုင်းနယ်မြေသို့ ရောက်လာမည်မှန်း ကြိုသိခဲ့လျှင် ညီလေးလီကို အသက်ကယ်မှော်ပစ္စည်းတစ်ချို့ ကြိုတင်ဖန်တီးခိုင်းခဲ့မည်ဖြစ်သည်။

ထိုမျှဝေးလံခေါင်သီသည့်မူရွှဲ့မြို့တော်တွင် ပစ္စည်းသွန်းပညာရှင်တစ်ယောက်ကို ရှာတွေ့ဖို့လည်း ဖြစ်နိုင်စရာမရှိ။

"ရှောင်ယန်၊ ယင်ထန်ကို သုံးလေးခွန်းလောက် အော်ဆဲလိုက်လို့ရတာပဲ။ သူတုံ့ပြန်လာမှာပါ။ ငါတို့ကို လာရှာမှာသေချာတယ်။ အဲဒါဆို ငါတို့အတွက် ပစ္စည်းသွန်းပညာရှင်ရပြီပေါ့"

လုယန် အိမ်အပြင်ဘက်သို့ ထွက်သည်။ ခြံထဲမှ သစ်ပင်တစ်ပင်ခုတ်၍ အခန်းထဲသို့ ပြန်ယူလာသည်။

ပစ္စည်းသွန်းပညာမတတ်သော်လည်း အလားတူပညာမျိုးကို သူအသုံးပြုနိုင်သည်။

ချင်ဖုန်းဓားကိုထုတ်၍ သစ်ပင်ကို ခွဲထုတ်သည်။ သစ်သားဓားများ ဖန်တီးသည်။ ထို့နောက် ဓားချီထည့်သွင်းသည်။

"ရပြီ"

ယခုလက်ရှင်တွင် သူသည် စုစည်းခြင်းအဆင့်စွမ်းအားရှိသည်။ ထည့်သွင်းသည့် ဓားချီကလည်း စုစည်းခြင်းအဆင့်ရှိသည်။ နတ်ဝိညာဉ်အဆင့်တွင် ဖူလင်းညီအမအတွက် မှော်အဆောင်အဖြစ် သစ်သားဓားများ သူပေးခဲ့ဖူးသည်။

ယခု လေဟာနယ်သန့်စင်အဆင့်ရောက်နေသဖြင့် သစ်သားဓားဖန်တီးရသည်က သူ့အတွက် ပိုလွယ်ကူလာသည်။

ဓားချီများကို သစ်သားဓားများထဲသို့ သူထည့်သွင်းနေသည်။ စွမ်းအားမြင့်သစ်သားဓားမှော်အဆောင်များစွာ ဖန်တီးသည်။ သို့သော် ထိုသို့လုပ်နေရသည်က နည်းနည်းဒုက္ခများသလို ခံစားလာရသည်။

သစ်ပင်စိုက်ပညာသုံး၍ ကိုယ်ပွားတစ်ခုဖန်တီးလိုက်သည်။ ကိုယ်ပွားက ချင်ဖုန်းဓားကိုင်၍ သစ်သားဓားများလုပ်သည်။ ဓားချီများထည့်သွင်းသည်။ လုယန်က တစ်ခြားကိစ္စများကို အာရုံစိုက်သည်။

"စိတ်ချရအောင် နောက်ထပ်အသက်ကယ်မှော်အဆောင်တစ်ခု ထပ်လုပ်ဦးမှပဲ"

...

"မင်းတို့ကြားပြီးပြီလား။ လမ်းပေါ်မှာ ဆုကြေးဝရမ်းကြောငြာတစ်ခု အသစ်တိုးလာတယ်တဲ့"

သိုင်းကျောင်းသင်တန်းသားများ အတန်းမစမီ အဖွဲ့ငယ်များ စုစည်း၍ လမ်းပေါ်မှ သတင်းသစ်အကြောင်း ပြောနေကြသည်။

"ဘယ်လို၊ မြို့တော်သခင်က ဆုကြေးအသစ်ထုတ်ပြန်ပြီလား။ ကြော်ငြာစာရွက်က ဘယ်မှာလဲ။ ငါတို့အိမ်ပြတင်းပေါက်ကာဖို့ အဲဒီ့စာရွက်ကို သွားခွာချင်တယ်။

ပြီးခဲ့တဲ့တစ်ခေါက် တာအိုရှင်ဝစီပိတ်ကြော်ငြာတုန်းက ငါတို့ စာရွက်လုံးဝမရလိုက်ဘူး"

"ဘာဆုကြေးဝရမ်းကြော်ငြာလဲကွာ။ မင်းတို့ စာမဖတ်တတ်ဘူးလား။ အဲဒါ လူပျောက်ကြော်ငြာကွ"

ကုန်းချီက ပြောသည်။

"လူပျောက်ကြော်ငြာ၊ ဟုတ်လား"

"ဟုတ်တယ်။ မုန်မိသားစုသခင်လေး မုန်ကျင်းကျိုးက အိပ်ရင်းလမ်းလျှောက်တတ်တဲ့ အကျင့်ရှိတယ်တဲ့။ အခု သူပျောက်သွားလိူ့ တာအိုလမ်းစဉ်ဂိုဏ်းနဲ့ မုန်မိသားစုပူးပေါင်းပြီး လူပျောက်ကြော်ငြာထုတ်တာ။

မုန်ကျင်းကျိုးကို ဘေးကင်းကင်းနဲ့ တာအိုလမ်းစဉ်ဂိုဏ်းကို ပြန်ပို့နိုင်ရင် ဝိညာဉ်ကျောက်တစ်သန်းဆုကြေးပေးမယ်တဲ့"

"ဝိညာဉ်ကျောက်တစ်သန်း...ငွေဘယ်လောက်ကို ပြောတာလဲ"

ကျောင်းသားများ တအံ့တဩဖြစ်နေသည်။ ထိုမျှများပြားသည့် ငွေပမာဏမျိုးကို ပိုင်ဆိုင်ဖို့မဆိုထားနှင့်။ ကြားပင်မကြားဖူးကြ။

ကုန်းချီမိသားစုသည် သူတို့ထဲတွင် ချမ်းသာသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် ထိုမိသားစု၏ပိုင်ဆိုင်မှုပင် ဝိညာဉ်ကျောက်တစ်ရာမပြည့်။

"ကဲ၊ စကားပြောတာတွေ တော်လောက်ပြီ။ အတန်းစမယ်"

လုယန် လက်ခုပ်တီး၍ လှမ်းအော်လိုက်သည်။

လမ်းပေါ်မှလူပျောက်ကြော်ငြာကို သူကပ်ထားခြင်းဖြစ်သည်။ သူအန္တရာယ်ကြုံ၍ သူလုပ်ထားသည့် သစ်သားဓားအရေအတွက်ထက် ရန်သူအင်အားက ပိုများနေလျှင် မုန်ကျင်းကျိုးအဖြစ် ဟန်ဆောင်ဖို့ သူဆုံးဖြတ်ထားသည်။

သူ့ရုပ်ဖျက်မျက်နှာဖုံးသည် ကူးဖြတ်ခြင်းအဆင့်များကိုပင် လှည့်စားနိုင်စွမ်းရှိသည်။

နန်းမြို့တော်တွင် မုန်မိသားစု၏နာမည်က သိပ်မကောင်းလှ။ တာအိုလမ်းစဉ်ဂိုဏ်းနာမည်ထက် နည်းနည်းသာနိမ့်သည်။ သို့သော် အပြင်လောကတွင် မုန်မိသားစုနှင့် ငွေရေးကြေးရေး ပတ်သက်မှုကင်းရှင်းသူဟူ၍ ရှိနိုင်မည်လော။

လုယန် ကျောင်းသားအရေအတွက်ကို စိတ်ထဲမှ ရေကြည့်သည်။ နှစ်ယောက်ပျောက်နေသည်။

"ဖန်ကျိကောနဲ့ လျိုယွီမလာပါလား။ သူတို့ဘာဖြစ်လို့မလာလဲဆိုတာ သိတဲ့လူရှိလား"

သူသင်ကြားခဲ့သည်မှာ ရက်အတော်ကြာပြီဖြစ်သည်။ အစောပိုင်းရက်များတွင် ကုန်းချီတစ်ယောက်သာ အတန်းပျက်သည်။ တစ်ခြားဘယ်သူမှ အတန်းမတက်ဘဲ မနေကြ။

ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါသည်။ ထိုနှစ်ယောက် သင်တန်းပျက်သည့်အကြောင်းရင်းကို သူတို့လည်းမသိ။

"ဆရာလု၊ လျိုယွီအိမ်မှာ တစ်ခုခုဖြစ်လို့ထင်တယ်။ ဖန်ကျိကောက လျိုယွီနဲ့ အတူနေတယ်လို့ကြားတယ်"

ကုန်းချီက ပြောသည်။

ရှစ်ယီကလည်း

"ဟုတ်တယ်၊ ကျုပ်အခုမှ သတိရတယ်။ လျိုယွီက ပြောဖူးတယ်။ အစက ဒီသင်တန်းကို ဖန်ကျိကောက မတက်ချင်ဘူးတဲ့။ လျိုယွီအတင်းဆွဲခေါ်လို့ သူလာတက်တာ"

ထိုနှစ်ယောက် အမြဲတပူးတွဲတွဲနေသည်။ သူတို့ကို 'လင်မယား'ဟု အတန်းဖော်များက မကြာခဏ စနောက်ကြသည်။ လျိုယွီက ရှက်သွေးဖြာ၍ အသံတိတ်နေပြီး ဖန်ကျိကောက ခပ်တင်းတင်းငြင်းလေ့ရှိသည်။

လက်သီးသိုင်းတိုးတက်နှုန်းတွင် ဖန်ကျိကောက သာမန်သာဖြစ်သည်။ လျိုယွီလောက်ပင် မတော်။

လုယန် ခေါင်းတစ်ချက်ငြိမ့်၍ မှော်ဖန်လုံးကို ဆက်ပြသည်။

"မင်းတို့ ဒါကိုကြည့်နေပါ။ ကုန်းချီ၊ အားလုံးကို ငါ့ကိုယ်စား စောင့်ကြည့်ထားပါ။ လျိုယွီအိမ်ကို ငါသွားစုံစမ်းဦးမယ်"

ဖန်ကျိကောကို လုယန် သေချာမှတ်မိသည်။ ထိုကောင်လေးသည် ချီအလတ်တန်းဆင့်အဖြစ် တမင်ပြထားခြင်းဖြစ်သည်။ သူ့စွမ်းအားအစစ်က ချီနောက်ဆုံးအဆင့်ရှိသည်။

သာမန်ကျောင်းသားအုပ်စုထဲတွင် ထူးခြားသူဖြစ်ပြီး ချီဖုံးသည့်ကွယ်မှော်အဆောင်တစ်ခု အမြဲဆောင်ထားသည်။

......

လျိုယွီ၏အိမ်တွင်

"ညီမယွီ၊ မင်းငါ့ကြောင့် စိတ်ဒုက္ခရောက်ရတာပါ"

ပုံမှန်ဆိုလျှင် မျက်နှာတင်းတင်းနေတတ်သည့် ဖန်ကျိကောက ယခုလုံးဝစိတ်ဓာတ်ကျနေသည်။ သူ့အခြေအနေသူ ဖြေရှင်းဖို့ နည်းလမ်းစုံကြိုးစားခဲ့သည်။ သို့သော် နောက်ဆုံးတွင် လျိုယွီကို သူပြဿနာထဲ ဆွဲခေါ်မိသည်။

"ကိစ္စမရှိပါဘူး။ ငါနင့်ကို အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဒီကိစ္စပြီးသွားရင်တော့ နင့်အကြောင်း ငါ့ကိုအားလုံးပြောပြရမယ်"

လျိုယွီက ဖန်ကျိကောမျက်နှာကိုကိုင်၍ ပြောသည်။

ဖန်ကျိကော မချိပြုံးပြုံးသည်။ ကိစ္စပြီးသွားလျှင်...

ဤကိစ္စပြီးသွားသည့်အထိပင် သူတို့အသက်ရှင်နိုင်ပါ့မည်လော...

"ငါ့ကိုကတိပေပါ"

လျိုယီ၏ ကန်ရေလိုကြည်လင်သည့် မျက်လုံးများကိုကြည့်၍ ဖန်ကျိကော ပြတ်သားစွာဆုံးဖြတ်၍ အလေးအနက် ခေါင်းငြိမ့်လိူက်သည်။

"ကောင်းပြီလေ။ ငါ့အတိတ်အကြောင်းအားလုံး မင်းကိုပြောပြပါ့မယ်"

ထိုစဉ် ရုတ်တရက် သူမျက်နှာပျက်သွားသည်။ လျိုယီရှေ့တွင် ကာရပ်လိုက်သည်။ ဝင်လာမည့်တိုက်ခိုက်မှုများကို သတိဖြင့်စောင့်ကြည့်နေသည်။

"သခင်လော်၊ အဖွဲ့က ခင်ဗျားကိုလွှတ်လိုက်မယ်လို့ ထင်မထားဘူး"

သခင်လော်၏ လှောင်ရိပ်ပါသည့် အေးစက်စက်စကားသံက မြောက်လေပြေနှင့်အတူ သူတို့နားထဲသို့လွင့်ပျံလာသည်။

"ဖန်ရှား၊ သရဲသတ်မဟာမိတ်ကနေ အသက်ရှင်လျက် ထွက်ပြေးနိုင်မယ်လို့ မင်းထင်နေတယ်။ ငါယုံတောင်မယုံနိုင်ဘူးကွာ။

နောက်ဆုံးစမ်းသပ်မှုမှာ အကောင်းဆုံးသူငယ်ချင်းကိုသတ်ခဲ့တဲ့ ဖန်ရှားက ကျိကောလို့ နာမည်ပြောင်းပြီး မိန်းမချောတစ်ယောက်နဲ့ အတူနေတယ်။

သာမန်လူတွေနဲ့အတူ ရူးကြောင်ကြောင်ကျားလက်သီးသိုင်းကို သင်နေတယ်ပေါ့။ မင်းအဆင့်က ဒီလောက်တောင်နိမ့်ကျသွားပြီလား။

ငါကိုယ်တိုင်သာ မမြင်ခဲ့ရရင် ယုံမိမှာတောင်မဟုတ်ဘူး"

"ခင်ဗျားပါးစပ်ပိတ်ထားစမ်း"

သခင်လော်စကားက အရှိုက်ကိုထိသွားသဖြင့် ဖန်ကျိကော အော်ဟစ်လိုက်သည်။

"ဖန်ရှား၊ မင်းကလုပ်ကြံရေးပညာတွေမှာ ပါရမီထူးတဲ့လူဖြစ်နေလို့ ငါအခွင့်အရေးတစ်ခုပေးမယ်။ မင်းဘေးက ကောင်မလေးကိုသတ်လိုက်။

ပြီးရင် ကျားဟိန်းသံသိုင်းကျောင်းက ကျောင်းသားတွေဆရာတွေ အားလုံးသတ်လိုက်။ မင်းက အရင်ကဖန်ရှားဆိုတာ သက်သေပြပါ။

ဒါဆို ငါမင်းအသက်ကို ချမ်းသာပေးမယ်။ သရဲသတ်မဟာမိတ်ကို ပြန်ဝင်ခွင့်ပေးမယ်"

"စိတ်ကူးယဉ်မနေနဲ့ကွ"

ဖန်ကျိကော ဒေါသတကြီးအော်လိုက်သည်။ သူ့အပေါ် ခံစားချက်အကြောင်း နားလည်ဖို့ သင်ပေးခဲ့သူမှာ လျိုယွီဖြစ်သည်။ သိုင်းကျောင်းမှ သင်တန်းဖော်များဖြစ်သည်။

ထိုလူများကို သူဘယ်လို ဒုက္ခပေးနိုင်မည်နည်း။

"မလုပ်နိုင်ဘူးပေါ့။ လုပ်ကြံရေးပညာတွေ ငါကိုယ်တိုင် မင်းကိုသင်ခဲ့တာ။ ဒီနေ့ မင်းတတ်ထားတဲ့ပညာတွေ ငါကိုယ်တိုင် ပြန်သိမ်းရတော့မယ်ထင်တယ်.."

သခင်လော် သက်ပြင်းချသည်။ ထို့နောက် သူ့စွမ်းအင်ရောင် ပျောက်ကွယ်သွားသည်။ အေးစိမ့်သည့် လေပြေသာ ဆက်လက်တိုက်ခတ်နေသည်။

ဖန်ကျိကော ပတ်ဝန်းကျင်ကို သတိဖြင့်ကြည့်နေသည်။ နဖူးမှထွက်လာသည့် ချွေးသီးများက မြောက်ပြန်လေကြောင့် ချက်ချင်းခြောက်သွေ့သွားသည်။

သခင်လော်သည် အခြေတည်အဆင့်ဖြစ်သည်။ သူက ချီပြည့်စုံခြင်းအဆင့်ဖြစ်သည်။ မှန်ကန်သည့် အခွင့်အရေးမျိုးသာရလျှင် သခင်လော်ကို လုပ်ကြံရေးပညာများဖြင့် သူသတ်ဖြတ်နိုင်ခြေရှိသည်။

သခင်လော် ဘယ်နေရာမှ ပေါ်လာမည်ကို မသိနိုင်။

နောက်ဆုံးပြောသွားသည့်စကားတွင် စတင်တိုက်ခိုက်တော့မည့် အဓိပ္ပါယ်မျိုးပါသလိုရှိသည်။

ဖန်ကျိကောကိုင်ထားသည့် လက်ကောက်ဝတ်က ပို၍တင်းကြပ်လာသည်ကို လျိုယွီခံစားရသည်။ သို့သော် ဖန်ကျိကော အာရုံပျက်မည်စိုး၍ သူစကားမပြောရဲ။

ခြံဝင်းတံခါး ကျွီခနဲပွင့်သွားသည်။ လုယန်ဝင်လာသည်။ လူငယ်စုံတွဲကိုကြည့်သည်။

"မင်းတို့ တစ်ခုခုပြဿနာကြုံလို့လား။ ဘာလို့ အတန်းမတက်ကြတာလဲ"

********************************

All Chapters