အခန်း ၁၁၅၇
Vol. 78 Ch. 1157
အခန်း (၁၁၅၇) သရဲသတ်မဟာမိတ်
ဖန်ကျိကောက လျိုယွီ၏လက်ကောက်ဝတ်ကို ဆွဲထားသည်ကိုကြည့်၍ လုယန်ပြုံးလိုက်သည်။ စေတနာအပြည့်ဖြင့် သတိပေးသည်။
"မင်းတို့ရဲ့ ပထမဆုံးအချစ်စိတ်တွေပေါ်လာတာက ကောင်းပါတယ်။ ဒါပေမယ့် မင်းတို့အသက်က ငယ်သေးတယ်။ သိုင်းသင်တာဖြစ်ဖြစ် ကျင့်ကြံတာဖြစ်ဖြစ် တိုးတက်နှုန်းမြန်အောင် ကျောက်ကပ်စွမ်းအင်ကို ထိန်းသိမ်းထားဖို့လိုတယ်။
ငါ့မိတ်ဆွေတစ်ယောက်ရှိတယ်။ သူက ကျင့်ကြံဖို့အတွက် မိန်းမတွေနဲ့ ဝေးဝေးရှောင်တယ်။ ကျင့်စဉ်နှုန်းတိုးတက်တာ အရမ်းမြန်လွန်းလို့ သူ့ကိုတွေ့တဲ့လူတိုင်းက မဟာကပ်ရဲ့ ပါရမီရှင်ဆိုပြီး ချီးကျူးကြတယ်။ အခုတလော သူ့တန်ဖိုးက ဝိညာဉ်ကျောက်တစ်သန်းထိ တက်သွားတယ်လို့တောင် ငါကြားတယ်"
လုယန်၏ သတိပေးစကားကြောင့် သူ့အပြုအမူ နည်းနည်းရိုင်းသွားမှန်း ဖန်ကျိကော နားလည်လာသည်။ လျိုယွီလက်ကို ချက်ချင်းလွှတ်ပေးလိုက်သည်။
သို့သော် အဆင်မပြေသေး။ ကိစ္စများ မပြီးသေး။
"သတိထားပါ ဆရာလု၊ ဒီနားမှာ လူသတ်သမားတွေရှိတယ်"
ဆရာလုလည်း အခြေတည်အဆင့်ဖြစ်သည်။ သို့သော် အဆင့်တူ လုပ်ကြံရေးသမားတစ်ယောက်နှင့် ရင်ဆိုင်ရလျှင် သေဘေးမှလွတ်ဖို့ အတော်ခက်ခဲသည်။
"လူသတ်သမားလား။ ဘယ်မှာလဲ"
လုယန် လန့်သွားသည်။ ဤလူသတ်သမား ဘယ်ကလာသည်မသိ။ သူသည် စုစည်းခြင်းအဆင့်သာရှိသည်။ ကူးဖြတ်ခြင်းအဆင့်ထက်ကျော်သည့် လုပ်ကြံရေးသမားမျိုးနှင့် ရင်ဆိုင်ရလျှင် သူရှင်သန်နိုင်ခြေ နည်းသည်။
သူတို့သုံးယောက် ခြံဝင်းထဲတွင် အတော်ကြာအောင် ရပ်နေသည်။ သို့သော် သခင်လော်၏ အရိပ်အယောင်ကို မမြင်ရ။
ဖန်ကျိကော တွေးရခက်သွားသည်။ ဤအဖြစ်သည် သိပ်မူမမှန်။ ဘာကြောင့် သခင်လော် မလှုပ်ရှားသည်မသိ။ ဆရာလုကို အခြေတည်အဆင့်မှန်းသိ၍ မလှုပ်ရှားရဲခြင်းလော..
မဖြစ်နိုင်။ သခင်လော်တွင် ထိုအကျင့်မျိုးမရှိ။ တာဝန်များကို အမြဲတမ်းပြီးမြောက်အောင် လုပ်ဆောင်လေ့ရှိသည်။ သူလုပ်ကြံသတ်ဖြတ်ခဲ့သည့် အခြေတည်အဆင့်များ ဆယ်ယောက်ပင်မက။ အခက်တွေ့၍ နောက်ဆုတ်သွားခြင်းတော့ မဖြစ်နိုင်။
"ကဲပါ၊ ကဲပါ။ သင်တန်းသွားကြတော့။ မင်းတို့မိဘတွေ ငွေရှာရတာ လွယ်တာမဟုတ်ဘူး။ ဒီလိုတွေအကြောင်းပြပြီး အတန်းလစ်လို့မရဘူး"
လုယန် စိတ်ဆိုးဟန်ဆောင်၍ သူတို့နှစ်ယောက်ကို သင်တန်းသွားတက်ဖို့ ဖိအားပေးသည်။
သူတို့သုံးယောက် သိုင်းကျောင်းသို့ပြန်ရောက်ချိန်တွင် ချုန်းချီပြကွက်က ပြီသွားပြီဖြစ်သည်။ သင်တန်းပထမပိုင်း ပြီးသွားသည်။
အခုရက်ပိုင်းတွင် လုယန်က သင်တန်းပထမပိုင်းကို အိပ်မက်ရေပွက်ကြည့်ခိုင်းပြီး ဒုတိယပိုင်းတွင် လက်သီးပညာသင်ပေးသည်။
ဖန်ကျိကော သင်တန်းချိန်တလျှောက်လုံး အာရုံလွင့်နေသည်။ သင်တန်းပြီးချိန်အထိ သခင်လော်ဘယ်ရောက်သွားသည် ဘာကြောင့်မလှုပ်ရှားသည်ကို သူစဉ်းစားမရ။
လျိုယွီ၏အိမ်သို့ ပြန်ရောက်ချိန်တွင် သဘောတူထားသည့်အတိုင်း သူ့အတိတ်အကြောင်းကို အမှန်အတိုင်းပြောပြသည်။
"အမှန်တော့ ငါမွေးကင်းစအရွယ်ကတည်းက ငါ့ကို သရဲသတ်မဟာမိတ်က ပြုစုပျိုးထောင်ခဲ့တာ။ ငယ်ကတည်းက လုပ်ကြံရေးပညာတွေ လေ့ကျင့်ပေးတယ်...
ငါတို့သရဲသတ်မဟာမိတ်ဟာ လမ်းမှန်အဖွဲ့အစည်းတစ်ခုလို့ အမြဲထင်ခဲ့တာ။ ငါတို့သတ်တဲ့လူတွေဟာ သေသင့်တဲ့လူတွေလို့ တွေးခဲ့တာ။ ဒါပေမယ့် နောက်ဆုံးစမ်းသပ်ပွဲမျှာ သရဲသတ်မဟာမိတ်ရဲ့ သရုပ်မှန်ကို ငါသိခဲ့ရတယ်။
ဒါကြောင့် ယတိပြတ် ဆုံးဖြတ်ချက်ချပြီး ငါထွက်ပြေးခဲ့တာ..."
အတိတ်အကြောင်းပြောရင်း သခင်လော်အကြောင်း သူတွေးနေမိပြန်သည်။
....
ထိုအချိန်တွင် သခင်လော်က သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲခံထားရသည်။ မြောက်ပိုင်းနယ်မြေသည် တစ်နှစ်ပတ်လုံးနှင်းကျသည်။ သခင်လော်ခေါင်းပေါ်တွင် ထူထဲသည့်နှင်းများ ဖုံးအုပ်နေသည်။
"အမှန်အတိုင်းရှင်းပြဖို့ အဆင်သင့်ဖြစ်ပြီလား"
လုယန် သခင်လော်ကို အောက်သို့ချပြီး အခန်းထဲသို့ ဒရွတ်တိုက်ဆွဲခေါ်သွာားသည်။
သခင်လော်က အကြောက်တရားပြည့်နေသည့်မျက်လုံးများဖြင့် လုယန်ကိုကြည့်သည်။ ဝါရင့်လုပ်ကြံရေးသမားတစ်ယောက်ဖြစ်၍ လုပ်ငန်းမစမီ ဖန်ကျိကော၏အပေါင်းအသင်းများအကြောင်း သူသေချာစုံစမ်းခဲ့သည်။ အသစ်ရောက်လာသည့် ဤသိုင်းဆရာအကြောင်းလည်း ပါသည်။
ဆရာလုဝါသည် အခြေတည်အဆင့်ရှိသည်။ နောက်ခံဇစ်မြစ် မသိရ။ ဗဟုသုတများသည်။ စာပေကျွမ်းကျင်သည်။
"ကောင်လေး၊ မင်းအခု ငါ့ကိုလွှတ်ပေးရင် အခုဖြစ်ခဲ့တဲ့ကိစ္စကို ငါမေ့လိုက်မယ်။ မင်းက အကြားအမြင်ဗဟုသုတများတဲ့လူဆိုတော့ ငါတို့သရဲသတ်မဟာမိတ်အကြောင်း ကြားဖူးမှာပါ.."
"ဘာရယ်၊ သရဲသတ်မဟာမိတ်ဆိုတာ ဘာလဲ"
သိထားသမျှ အဖွဲ့အစည်းများအကြောင်း လုယန် ပြန်စဉ်းစားသည်။ သရဲသတ်မဟာမိတ်ဟူသည့်နာမည်မျိုး လုံးဝကြားဖူး။
"သရဲသတ်မဟာမိတ်ကိုတောင် မသိဘူးပေါ့။ တကယ်ဘာမှမသိနားမလည်တဲ့ကောင်ပဲ။ မင်းက ဗဟုသုတများတယ်လို့ တစ်ခြားလူတွေက ပြောကြတယ်။ ကြည့်ရတာ တကယ်လည်း ဟုတ်ပုံမရပါဘူး။
ငါတို့သရဲသတ်မဟာမိတ်ကို ကိုးငရဲဂိုဏ်းက ထောက်ပံ့ထားတာကွ။ ငါတို့မဟာမိတ်ကို ဆန့်ကျင်တဲ့လူမှန်သမျှ အရိုးတောင်မကျန်အောင် ပျောက်ကွယ်သွားကြတယ်"
"မင်းက ကိုးငရဲဂိုဏ်းကလား"
လုယန် အံ့အားသင့်သွားသည်။ ကိုးငရဲဂိုဏ်းသည် ကောင်းမွန်သည့် စီးပွားရေးလမ်းကြောင်းများ ရှာတွေ့ထားပြီးဖြစ်သည်။ ဘာကြောင့် ဤအလုပ်မျိုး ဆက်လုပ်နေကြသည်မသိ။
ထိုသို့တွေးမိသဖြင့် လုယန်အချိန်ကုန်မခံတော့။ သခင်လော်ကို ချက်ချင်းဝိညာဉ်မှတ်ဉာဏ်ရှာဖွေသည်။ သရဲသတ်မဟာမိတ်၏နောက်ကြောင်းကို နားလည်လာသည်။
သခင်လော် အလကားသက်သက်ခြိမ်းခြောက်နေခြင်းမဟုတ်။ သရဲသတ်မဟာမိတ်သည် တကယ်ပင် ကိုးငရဲဂိုဏ်း၏ လက်အောက်ခံဖြစ်သည်။
လုယန် ကိုးငရဲအမိန့်တံဆိပ်ကိုထုတ်၍ သတင်းလှမ်းပို့သည်
"သရဲသတ်မဟာမိတ်က လုပ်ကြံရေးသမားတစ်ယောက် ကျုပ်ကိုသတ်ဖို့ကြိုးစားတယ်။ သူတို့က ကိုးငရဲဂိုဏ်းရဲ့ လက်အောက်ခံလို့ပြောတယ်။ ဒီကိစ္စကို ခင်ဗျားတို့ စုံစမ်းရင်ကောင်းမယ်။
ကျုပ်တို့ကြားမှာ နားလည်မှုလွဲစရာတွေ ဖြစ်မလာစေချင်ဘူး"
ထို့နောက် သခင်လော်အလောင်းကိုကြည့်၍ ဘာဆက်လုပ်ရမည်ကို သူစဉ်းစားသည်။
"မတတ်နိုင်ဘူးလေ။ မြေဩဇာအဖြစ်ပဲ သုံးရမှာပေါ့"
လုယန် ခြံထဲတွင် ကျင်းတစ်ခုတူးသည်။ အစောပိုင်းက သစ်သားဓားများလုပ်ရန် ခုတ်ထားသည့် သစ်ပင်နေရာကို တူးခြင်းဖြင်သည်။
သခင်လော်ကို မြေမြှုပ်၍ မြေပေါ်တွင် သစ်ပင်ပေါက်တစ်ခု စိုက်သည်။
သူ့သစ်ပင်စိုက်ပညာက သစ်ပင်များ ချက်ချင်းကြီးထွားအောင်မလုပ်နိုင်။ သို့သော် အခြေတည်အဆင့်အလောင်း၏အဟာရဖြင့် ထိုသစ်ပင် မြန်မြန်ကြီးလာပေလိမ့်မည်။
...
"သရဲသတ်မဟာမိတ်က ငါတို့ကိုးငရဲဂိုဏ်းရဲ့ လက်အောက်ခံတဲ့လား"
ကိုးငရဲတံဆိပ်ပေါ်မှစာကိုကြည့်၍ မူပိုင်ယိ ထိတ်လန့်တုန်လှုပ်သွားသည်။
သိပ်မကြာသေးခင်က ကူးဖြတ်ခြင်းအဆင့်သို့ သူရောက်ခဲ့သည်။ သို့သော် တံဆိပ်ပေါ်မှ ပေါ့ပေါ့ပါးပါးရေးထားသည့်စာကြောင်းကိုကြည့်၍ ထိတ်လန့်နေဆဲဖြစ်သည်။
ဂိုဏ်းသခင်လေးလုက သူ့ကို လှမ်းသတိပေးနေသည်။
သို့သော် ပြဿနာက သရဲသတ်မဟာမိတ်ကို သူမသိ။
ဒုဂိုဏ်းချုပ်ကျောက်ရိုးကို သူခေါ်လိုက်သည်။ ကျောက်ရိုးလည်း သရဲသတ်မဟာမိတ်ဆိုသည့် အဖွဲ့အစည်းကို မကြားဖူး။
ထို့ကြောင့် ဒုဂိုဏ်းချုပ်သုံးယောက်လုံးကိုခေါ်ပြီး သရဲသတ်မဟာမိတ်၏နောက်ကြောင်းကို ရှာဖွေစုံစမ်းခိုင်းသည်။
"တွေ့ပြီ၊ တွေ့ပြီ"
ဒုဂိုဏ်းချုပ်တစ်ယောက်က ဝမ်းသာအားရပြောသည်။
"ဒီမဟာမိတ်ရဲ့ နောက်ကြောင်းက ဘာလဲ"
အားလုံး စိတ်ဝင်စားသွားသည်။
"လန်ခဲ့တဲ့ နှစ်သုံးသောင်းက နယ်မြေဂိုဏ်းသခင်တစ်ယောက်ကနေ စခဲ့တာ။ သူ့သားမက်က ကျင့်စဉ်ပါရမီ နည်းနည်းရှိတယ်။ မဟာရှားမှာနေရတာ စိတ်ကျဉ်းကြပ်တယ်လို့ ယူဆပြီး မြောက်ပိုင်းနယ်မြေကိုသွားတယ်။
အဲဒီမှာ သရဲကိုးကောင်မဟာမိတ်ဆိုတဲ့ အဖွဲ့အစည်းတစ်ခု တည်ထောင်တယ်။ ဒီသရဲကိုးကောင်မဟာမိတ်အောက်မှာ 'သရဲ'နာမည်နဲ့ အဖွဲ့ခွဲကိုးခုရှိတယ်။ သရဲကြမ်း၊ သရဲသတ်၊ သရဲသေ အဲဒါမျိုးတွေပေါ့။
သရဲသတ်မဟာမိတ်ဆိုတာ အဲဒီ့ထဲက တစ်ခုပဲ။ သရဲကိုးကောင်မဟာမိတ်ခေါင်းဆောင်က နတ်ဝိညာဉ်အဆင့်လို့ ဖြစ်လောက်တယ်။ နှစ်တိုင်း ကျုပ်တို့ဆီကို လက်ဆောင်ပို့တယ်။ ဒီတော့ ကျုပ်တို့ရဲ့ လက်အောက်ခံသဘောမျိုးပါပဲ"
မူပိုင်ယိမျက်နှာတွင် ထူးဆန်းသည့်အရိပ်မျိုးပေါ်လာသည်။
"ဒါဆို နတ်ဝိညာဉ်အဆင့်ခေါင်းဆောင်ရှိတဲ့ ငါတို့လက်အောက်ခံ လူသတ်အဖွဲ့အစည်းတစ်ခုရဲ့ အမည်အသိလူသတ်သမားတစ်ယောက်က.. မသေမျိုးနှစ်ယောက်နဲ့ မသေမျိုးတစ်ဝက်လေးယောက်နောက်ခံရှိတဲ့ ဂိုဏ်းသခင်လုကို လုပ်ကြံဖို့ကြိုးစားတယ်ပေါ့"
ဘာကြောင့် ထိုအဖွဲ့အစည်းက သူတို့ဂိုဏ်းနှင့် လာပတ်သက်နေသည်မသိ။
"ဂိုဏ်းချုပ်၊ ကျုပ်တို့ဘာလုပ်မလဲ"
မူပိုင်ယိ ဒေါသဖြင့်စိုက်ကြည့်သည်။
"ဘာလုပ်ရမလဲကွ။ သရဲကိုးကောင်မဟာမိတ်ကို ချက်ချင်းရှင်း။ ဘာလက်အောက်ခံအဖွဲ့အစည်းလဲ။ ဒီလောက်အသေးအဖွဲ့ အင်အားစုလောက်က ငါတို့နဲ့ ဘာပတ်သက်စရာရှိလဲ။
...ဒုဂိုဏ်းချုပ် ကျောက်ရိုး၊ မင်းတာဝန်ယူလိုက်"
"ဟုတ်ကဲ့"
ကျောက်ရိုး ချက်ချင်းတာဝန်ခွဲပေးသည်။
"ဟော်ဟွာရှန်း ပါးနပ်တဲ့ နတ်ဝိညာဉ်အဆင့် လူနှစ်ဆယ်ခေါ်ပြီး မြောက်ပိုင်းတိုက်နယ်ကိုသွားပါ။ ပြီးတော့ တွေ့ရာလူကို လျှောက်မသတ်နဲ့။ အကြောင်းမရှိဘဲ လူသတ်တာမျိုးကို ဂိုဏ်းသခင်လုက သဘောမကျလောက်ဘူး"
"ဟုတ်ကဲ့"
"ရှောင်လျို၊ နတ်ဝိညာဉ်အဆင့် လူနှစ်ဆယ်စုလိုက်။ မြောက်ပိုင်းကိုသွားမယ်"
"ဟုတ်ကဲ့"
...
"ဪ သခင်ဟော်ပါလား။ ဘယ်လေတိုက်လို့များ ဒီကိုရောက်လာတာလဲ"
ဟော်ဟွာရှန်း လာလည်ကြောင်းကြားသည်နှင့် သရဲကိုးကောင်မဟာမိတ်ခေါင်းဆောင် အတော်ထိတ်လန့်သွားသည်။ အဝတ်အစားပင် ကောင်းကောင်းမဝတ်နိုင်ဘဲ အိပ်ခန်းထဲမှ အမြန်ထွက်လာပြီး ကြိုဆိုနှုတ်ဆက်သည်။
ဟော်ဟွာရှန်းကိုကြည့်၍ မဟာမိတ်ခေါင်းဆောင် ရင်ထိတ်နေသည်။ မလေးမစးလုံးဝမလုပ်ရဲ။ ဤအဆင့်မြင့်ပုဂ္ဂိုလ် မြာက်ပိုင်းနယ်မြေသို့ ဘာကြောင့်ရောက်လာသည်မသိ။
သခင်ဟော်ဟွာရှန်းသည် ဒုဂိုဏ်းချုပ်သခင်ကျောက်ရိုး၏ အလေးပေးခံထားရသူဖြစ်သည်။ အသားကင်လုပ်ငန်း၏ တာဝန်ခံချုပ်ဖြစ်သည်။ ဒုဂိုဏ်းချုပ်က သူ့ကို ဘယ်လောက်အလေးထားမှန်း သိသာသည်။
ဟော်ဟွာရှန်း ပြန်မဖြေ။ မဟာမိတ်ခေါင်းဆောင်ကို အေးစက်စက်ကြည့်နေသည်။ မဟာမိတ်ခေါင်းဆောင် တုန်လှုပ်သွားပြီး ချက်ချင်းဒူးထောက်လိုက်သည်။ တစ်ခြားသရဲကိုးကောင်အဖွဲ့ဝင်များလည်း ဒူးထောက်ကြသည်။
"သခင်ဟော်၊ ဘာ...ဘာတွေဖြစ်လို့လဲ..."
"နောင်ဘဝကျရင် အကြောင်းအကျိုးခွဲခြားတတ်တဲ့မျက်လုံးမျိုးပါလာပြီး မထိသင့်တဲ့လူကို သွားမထိမိပါစေနဲ့လို့ မင်းဆုတောင်းပေါ့ကွာ"
******************************