အခန်း ၁၁၅၈
Vol. 78 Ch. 1158
အခန်း (၁၁၅၈) ဇွဲမလျှော့
"အခုတလော မြို့ပြင်မှာ နတ်ဆိုးသားရဲအရေအတွက် ဘာကြောင့်အများကြီးလျော့သွားလဲဆိုတာ မင်းတို့တွေးမိကြလား။ ဒါက ကပ်ဆိုးတစ်ခုရောက်လာတော့မယ့် လက္ခဏာများလား"
"အကြောင်းရင်းကိုသိရင် မြို့တော်သခင်က ငါတို့ကိုလွှတ်ပြီး စုံစမ်းခိုင်းနေပါ့မလားကွာ"
အဖွဲ့ဝင်တစ်ယောက်က ပြန်ပြောသည်။
လူခုနစ်ယောက်ပါသည့် ကင်းထောက်အဖွဲ့ ရေခဲနှင့်နှင်းများကြားတွင် ဖြတ်လျှော်ကနေသည်။ အားလုံးက အဆင့်တူနတ်ဆိုးသားရဲများကို အနိုင်ယူနိုင်သည့် ဝါရင့်ကျင့်ကြံသူများဖြစ်သည်။
သားရဲအရေအတွက် လျော့ပါးသွားခြင်း၏အကြောင်းရင်ကို စုံစမ်းဖို့ မြို့တော်သခင်က လွှတ်လိုက်ခြင်းဖြစ်သည်။
မြေပြင်နှင့်ကပ်၍ သူတိူ့ပျံသန်းနေသည်။ ဝတ်ရုံဖြူများ ဝတ်ထားသည်။ စွမ်းအင်ရောင်ဖုံးကွယ်သည့် အဆင့်မြင့်မှော်အဆောင်များ ဝတ်ရုံထဲတွင် ကပ်ထားသည်။
မှော်ာလက်နက်များ သူတို့ခါးတွင် ချိတ်ထားသည်။ လက်ထဲတွင် သံလိုက်အိမ်မြှောင်များရှိသည်။
မူရွှဲ့မြို့နှင့်ဝေးလာလေ နတ်ဆိုးသားရဲများ ပိုတွေ့လာရလေဖြစ်သည်။
သူတို့စွမ်းအင်ဖုံးကွယ်နည်းက အတော်အဆင့်မြင့်သည်။ သူတို့ထက်ကျင့်စဉ်တစ်ဆင့်မြင့်သည့် နတ်ဆိုးသားရဲများပင် သတိမထားမိအောင် ဖြတ်ကျော်လာနိုင်သည်။
ရုတ်တရက် သူတို့ရှေ့မြင်ကွင်းတစ်ခုလုံး အမှောင်ကျသွားသည်။ တောင်ကုန်းတစ်ခုစာခန့် ကြီးမားသည့် သတ္တဝါတစ်ကောင်ပေါ်လာပြီး နှင်းငွေ့များ မှုတ်ထုတ်လိုက်သည်။
ကျင့်ကြံသူတစ်ယောက် အချိန်မီမရှောင်နိုင်သဖြင့် ထိုနှင်းငွေ့ထိ၍ ချက်ချင်းရေခဲရုပ်ထုဘဝ ပြောင်းသွားသည်။
အဖွဲ့ခေါင်းဆောင် မော့ကြည့်သည်။ ထိုသတ္တဝါနှင့် မျက်လုံးချင်းဆုံရသည်။ ထိုသားရဲသရုပ်မှန်ကို သူချက်ချင်းသိလိုက်သည်။
"ရေခဲဆင်နတ်ဆိုးဘုရင်ပဲ။ ပြေးကြဟေ့"
ရေခဲဆင်ကိုမြင်သည်နှင့် လူအားလုံး လိပ်ပြာလွင့်မတတ်ဖြစ်သွားသည်။ ရေခဲလွင်ပြင်တွင် ရှင်သန်နေထိုင်ခဲ့သည့် သူတို့အတွေ့အကြုံများ၊ နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ခဲ့သည့်အတွေ့အကြုံများ လုံးဝအသုံးမဝင်တော့။
ခေါင်းဆောင်အော်ဟစ်သတိပေးလိုက်မှ သူတို့အသိပြန်ဝင်လာသည်။ စွမ်းအင်ရောင်ဖုံးကွယ်ဖို့ အရေးမစိုက်နိုင်တော့ဘဲ ချက်ချင်းထွက်ပြေးသည်။
မြွေတစ်ကောင်၏လျှာနှစ်ခွ ရုတ်တရက်ဆန့်ထွက်လာသည်။ နောက်ထပ်လူတစ်ယောက် ဆွဲယူသွားသည်။
ရေခဲနှင့်နှင်းများကြားတွင် ပုန်းကွယ်နေသည့် မြွေဖြူတစ်ကောင်ဖြစ်သည်။ ပုံမှန်မျက်လုံးဖြင့် သတိထားမိဖို့မလွယ်။ ထိုမြွေဖြူရှိနေမှန်း သူတို့လုံးဝမသိကြ။
"ဒါက မြွေဖြူနတ်ဆိုးဘုရင်ပဲ"
ရေခဲလွင်ပြင်၏ ဒဏ္ဍာရီနတ်ဆိုးသားရဲများ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာသည်။ အားလုံးက နတ်ဆိုးဘုရင်အဆင့်ဖြစ်သည်။ အဖွဲ့သားအားလုံး ဆင်ခြင်တွေးခေါ်နိုင်စွမ်းပျောက်ကွယ်၍ မင်သက်မိနေကြသည်။
.......
"လူစုမကွဲစေနဲ့ဟေ့။ နောက်ကျမကျန်ခဲ့စေနဲ့"
ဆရာလုဝါက အနီရောင်အလံငယ်တစ်ခုကို ဝှေ့ယမ်း၍ အော်ပြောသည်။ သင်တန်းသားများစုစည်း၍ လေ့ကျင့်ရေးခရီးစဉ် ထွက်လာခြင်းဖြစ်သည်။
"ထူးဆန်းတယ်။ သူတို့က ကျားဟိန်းသံသိုင်းကျောင်းကလူတွမဟုတ်လား။ ဘာလို့မြို့တော်ကထွက်သွားတာလဲ"
မူရွှဲ့မြို့တော် တံခါးစောင့်နှစ်ယောက် တီးတိုးပြောဆိုနေကြသည်။
"မသိဘူးလေ"
သိုင်းကျောင်းအဖွဲ့ထွက်သွားပြီး သိပ်မကြာမီ ဒဏ်ရာအပြင်းအထန်ရထားသည့် ကင်းထောက်ခေါင်းဆောင် ဒယိမ်းဒယိုင်ဖြင့် ရောက်လာသည်။ မြို့တော်ဂိတ်တံခါးရှေ့တွင် လဲကျသွားသည်။
အစောင့်နှစ်ယောက်က သူ့အခြေအနေကို ချက်ချင်းစစ်ဆေးကြသည်။
အစောင့်တစ်ယောက်လက်ထဲတွင်လှဲနေရင်း ကင်းထောက်ခေါင်းဆောင်က သူလာခဲ့သည့်လမ်းဆီ တုန်တုန်ရင်ရင်ဖြင့် လက်ညှိုးထိုးပြသည်။
"မြို့တော်သခင်ကို ချက်...ချင်းသတင်းပို့ပါ။ သားရဲကပ်ဆိုး လာနေပြီ..."
"ဘာရယ်။ သားရဲကပ်ဆိုး...ဟုတ်လား"
အစောင့်များ ထိတ်လန့်သွားသည်။ သားရဲကပ်ဆိုက်လျှင် အလွန်ကြောက်စရာကောင်းသည်ဟု ပြောကြသည်။ သို့သော် မူရွှဲ့မြို့တွင် ထိုသားရဲကပ်ဆိုက်သည့်အဖြစ်မျိုး သူတို့တစ်ခါမှမကြုံခဲ့ဖူး။
"နေဦး၊ ခုနက ကျားဟိန်းသံသိုင်းကျောင်းအဖွဲ့က အဲဒီ့ဘက်ကိုသွားတာမဟုတ်လား"
.......
မူရွှဲ့မြို့အပြင်ဘက်တွင် ကျောင်းသားသုံးဆယ်ကျော်ကို လုယန်ဦးဆောင်နေသည်။ အားလုံးက နှင်းလူသားများလို ထူထဲသည့် အနွေးအင်္ကျီများဝတ်ထားသည်။ လုယန်တစ်ယောက်သာ ကျားဟိန်းသံအမှတ်တံဆိပ်ပါသည့် ဝတ်ရုံရှည်ကိုဝတ်ထားသည်။
တစ်ခြားလူများနှင့် ပုံစံကွဲနေသည်။
"ဆရာလု၊ ဒီလိုလက်တွေ့ကွင်းဆင်းပြီးလေ့ကျင့်တာက နည်းနည်းအန္တရာယ်မများလွန်းဘူးလား"
ကျောင်းသားတစ်ယောက်က ထိတ်လန့်နေဟန်ဖြင့် မေးသည်။ ယနေ့မနက် သူတို့အားလုံး စိတ်အားတက်ကြွစွာ သင်တန်းကျောင်းသို့ရောက်လာချိန်တွင် ဆရာလုက တောထဲတွင် နတ်ဆိုးသားရဲများ သွားသတ်မည်ဟုပြောသည်။
နတ်ဆိုးသားရဲ။
သူတို့မိဘများပင် နတ်ဆိုးသားရဲကိုမြင်သည်နှင့် ထွက်ပြေးကြလိမ့်မည်။ သူတို့က ဘယ်လိုသတ်နိုင်မည်နည်း...
"ကျားလက်သီးသိုင်းကို မင်းတို့လေ့ကျင့်နေတာ ကြာပြီ။ စွမ်းရည်တိုးတက်မှုကို စမ်းသပ်ရမယ့်အချိန်ရောက်ပြီ။ စိတ်မပူပါနဲ့။ မင်းတို့အတွက် စွမ်းအားကြီးလွန်းတဲ့သားရဲမျိုးကို ငါမရွေးပါဘူး"
ကျောင်းသားများထံမှ ညည်းညူသံထွက်လာသည်။ စွမ်းအားကြီးသည့်ဆရာလုကိုယ်တိုင် ကြီးကြပ်နေသော်လည်း ထိန်းချုပ်မရသည့် အခြေအနေမျိုးကြုံလာခဲ့လျှင် မခက်လော...
ကျောင်းသားများ၏အတွေးကို ဆရာလု အရေးမစိုက်။ အလံကိုင်၍ ရှေ့သို့ဆက်လျှောက်သည်။ ကျောင်းသားမျာလည်း သူ့နောက်မှလိုက်သွားရသည်။
"ဒီနားမှာ ဝံပုလွေခြေရာတွေရှိတယ်။ ဒီဘက်ကိုသွားတာဖြစ်မယ်"
လုယန် ဆောင့်ကြောင့်ထိုင်၍ ဘာမှမရှိသည့် နှင်းပြင်ကို လက်ညှိုးထိုးပြပြီး ဝါရင့်မုဆိုးတစ်ယောက်ကဲ့သို့ ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။
"ဆရာ၊ ဒီမှာ ဘာခြေရာမှလည်းမရှိပါလား"
"ခြေရာတွေကို နှင်းဖုံးသွားပြီလေ။ မင်းတို့ကငယ်သေးတော့ ဘယ်မြင်နိုင်မလဲ။ ဒါပေမယ့် ဆရာက ဒီနှင်းတွေအောက်ကခြေရာတွေကို မြင်ရတယ်"
ကျောင်းသားများ လုယန်ကို လေးစားသည့်အကြည့်ဖြင့် မော့ကြည့်ကြသည်။
သူတို့အမူအရာကိုကြည့်၍ လုယန်ကျေနပ်သွားသည်။ ဝိညာဉ်အာရုံဖြင့် အာရုံခံမိထားသည့် ဝံပုလွေနတ်ဆိုးဆီ ဦးဆောင်ခေါ်သွားသည်။
အတော်ဝေးဝေးထိ လျှောက်လာပြီးနောက် လုယန် လက်သီဆုပ်ကိုမြှောက်၍ အားလုံးရပ်ရန် အချက်ပြသည်။
မလှမ်းမကမ်းမှ ကျောက်တုံးကြီးတစ်ခုဆီ လက်ညှိုးထိုးပြသည်။
"ဟိုကျောက်တုံးကြီးကိုတွေ့လား။ အဲဒီ့ကျောက်တုံးနောက်မှာ ဝံပုလွနတ်ဆိုးတစ်ကောင်ရှိတယ်။ ငါ့အတွေ့အကြုံအရ ပြောရရင် ချီဒုတိယအဆင့်နတ်ဆိုးဝံပုလွေဖြစ်မယ်။
မျက်လုံးတစ်ဘက်ကန်းနေတယ်။ ခြေတစ်ဘက်မသန်ဘူး။ သူ့အုပ်စုကနေ နှင်ထုတ်ခံထားရတဲ့ သင်းကွဲဝံပုလွေပဲ"
ဖန်ကျိကော တွေးရခက်သွားသည်။ အတွေ့အကြုံဆိုသည်က ထိုမျှတိကျသလော..
"ကုန်းချီနဲ့ရှစ်ယီ၊ မင်းတို့နှစ်ယောက် ကျန်တဲ့လူတွေကိုဦးဆောင်ပြီး နတ်ဆိုးဝံပုလွေကို ဝိုင်းတိုက်ပါ"
"ဟုတ်ကဲ့"
ကုန်းချီနှင့်ရှစ်ယီ ပြိုင်တူအော်လိုက်သည်။ အကြောက်တရားနှင့်စိတ်လှုပ်ရှားမှု ရောထွေးနေသည်။
ဖန်ကျိကောတစ်ယောက်သာ တည်တည်ငြိမ်ငြိမ်ရှိသည်။ ချီပြည့်စုံခြင်းအဆင့်ဖြစ်၍ ချီအဆင့်နတ်ဆိုးသားရဲများကို သူအလွယ်တကူ တိုက်ခိုက်အနိုင်ယူနိုင်သည်။
"ရှောင်ဖန်၊ ဒီကိုလာဦး"
လုယန်က ဖန်ကျိကောကို ထင်းရှူးပင်တစ်ပင်အောက်သို့ ခေါ်သည်။
"မင်းက သူတို့နဲ့တိုက်ခိုက်ဖို့မလိုဘူး။ မင်းရင်ဆိုင်ဖို့အတွက် အခြေတည်အဆင့်နတ်ဆိုးသားရဲတစ်ကောင် ငါရှာပေးမယ်"
ဖန်ကျိကော အကြီးအကျယ်အံ့အားသင့်ပြီး နောက်သို့ခြေနှစ်လှမ်းဆုတ်သွားသည်။ အပြောင်းအလဲမရှိသည် လုယန်မျက်နှာကို စိုက်ကြည့်နေသည်။
မဖြစ်နိုင်။ ဆရာလုက သူ့ကျင့်စဉ်စွမ်းအားအမှန်ကို ဘယ်လိုထိုးဖောက်မြင်သည်မသိ။ ရွှေသန္ဓေအဆင့်ဖြစ်သည့် ဆရာမုရုံပင် မရိပ်မိခဲ့။
သခင်လော် သူ့ကိုဒုက္ခဆက်မပေးတော့ခြင်းသည် သခင်လုက ရှင်းပစ်ခဲ့၍များလား...
ထိုသို့တွေးမိသဖြင့် ဖန်ကျိကောအသံကိုနှိမ့်၍ အလေးအနက်သတိပေးသည်။
"ဆရာလု၊ ပျားအုံကို တုတ်နဲ့သွားမထိုးသင့်ဘူး။ သခင်လော်ကို ဆရာအရေးစိုက်ချင်မှစိုက်မယ်။ ဒါပေမယ့် သူ့နောက်မှာ အင်အားတေင့်တင်းတဲ့ သရဲသတ်မဟာမိတ်ရှိတယ်။
အဲဒီ့အဖွဲ့အစည်းအထက်မှာ သရဲကိုးကောင်မဟာမိတ်ရှိတယ်။ ဆရာ့ကို သူတို့ မိုးဆုံးရေဆုံး အမဲလိုက်ကြလိမ့်မယ်"
လုဝါလိုဆရာကောင်းတစ်ယောက် သူ့ကြောင့် အသက်အန္တရာယ်ကြုံနိုင်သည့် အခြေအနေရောက်နေသဖြင့် ဖန်ကျိကဲ အတော်စိတ်မကောင်းဖြစ်မိသည်။
"ကဲပါ ကောင်လေး၊ ဒီအကြောင်း သိပ်တွေးပူမနေပါနဲ့။ မင်းရဲ့ နတ်ဆိုးသားရဲကိုသာ သွားတိုက်ခိုက်ပါ"
ထိုအချိန်ကျမှ ကိုယ့်အခက်အခဲကိုယ် ဖန်ကျိကောပြန်တွေးမိလာသည်။ သူသည် ချီပြည့်စုံခြင်းအဆင့်သာရှိသည်။ အခြေတည်အဆင့်သားရဲကို မတိုက်ခိုက်ဖူးသေး။
သူတတ်ထားသည့် လုပ်ကြံရေးပညာများက နတ်ဆိုးသားရဲများကို ရင်ဆိုင်ရာတွင် အသုံးမဝင်။
"မြောက်ဘက်ကို တစ်မိုင်လောက်သွားလိုက်။ အခြေတည်အစောပိုင်းအဆင့် နှင်းမြေခွေးတစ်ကောင် မင်းတွေ့လိမ့်မယ်။ သွားတိုက်ခိုက်ပါ"
လုယန် ဖန်ကျိကော၏ကျောပြင်ကိုပုတ်၍ အမြန်သွားရန် တိုက်တွန်းသည်။
ဖန်ကျိကောထွက်သွားပြီးနောက် လုယန် မေးကိုပွတ်ရင်း စဉ်းစားသည်။
"ဒါနဲ့ မူရွှဲ့မြို့တော်ပတ်ဝန်းကျင်အခြေအနေက ဒီလောက်တောင်သာယာတယ်ပေါ့။ နတ်ဆိုးသားရဲတစ်ကောင်တွေ့ဖို့ အတော်ကြာအောင် ရှာလိုက်ရတယ်။ တွေ့တဲ့သားရဲတွေကလည်း ကျင့်စဉ်စွမ်းအားသိပ်မမြင်ဘူး။
...နတ်မယ်၊ ဒီအခြေအနေကို ဘယ်လိုမြင်လဲ"
"အာဝူး...အာဝူး... အခုငါက ဝံပုလွေဖြစ်နေတယ်လေ...အာဝူး.."
သိစိတ်နယ်မြေတွင် ကြီးမားသည့်နှင်းပွင့်နှင်းချပ်များကျလျက် မဟာပဲဝါတော်ဝင်နန်းတော်ကို ဖုံးလွှမ်းနေသည်။ နန်းတာ်ခေါင်မိုးများကို မမြင်ရ။ နန်းတ်ေအပြင်ဘက်တွင်လည်း နှင်းများကျနေသည်။
မြေပြင်မှ နန်းပလ္လင်အထိ အရာအားလုံး နှင်းဖုံးနေသည်။
နတ်မယ်က ဝံပုလွေဖြူဝတ်စုံဝတ်၍ နှင်းထဲတွင် ဟိုခုန်ကူး ဒီခုန်ကူး လုပ်နေသည်။ ဝံပုလွေလိုအူ၍ လက်သည်းများကို ဝှေ့ယမ်းကုတ်ခြစ်နေသည်။ လုယန် သူ့ကို လှည့်မေးလာသည်နှင့် ချက်ချင်းခုန်အုပ်သည်။
"ခင်ဗျားဘာလုပ်နေတာလဲ"
လုယန် ခြေလှမ်းယိုင်သွားပြီးနောက် ချက်ချင်းသတိထားမိလာသည်။ နတ်မယ်က နတ်ဆိုးသားရဲမွှေးပွအင်္ကျီဖြင့် သူ့ကိုထွေးပွေ့ထားသည်။
"ဒါက သိုးသားရေဝတ်စုံပဲ"
"သို့ရေခြုံတဲ့ဝံပုလွေဆိုတဲ့ စကားပုံရှိတယ်မဟုတ်လား။ အခုငါက ဝံပုလွေ၊ နင်ကသိုးပဲ။ ငါတို့နှစ်ယောက်ရဲ့ရင်းနှီးမှုကို ဘယ်သူမှဖျက်ဆီးလို့မရဘူး"
******************************