← Chapters

အခန်း ၁၁၅၉

Vol. 78 Ch. 1159

အခန်း ၁၁၅၉

Vol. 78 Ch. 1159

အခန်း (၁၁၅၉) နောင်တမရှိစေရ

"အရှင်မရဲ့ ပင်ကိုယ်ပါရမီက အစကတည်းက သန့်ရှင်းစင်ကြယ်ပါတယ်။ မြင့်မားတဲ့ ဉာဏ်ပါရမီတွေနဲ့ ရှေးဘိုးဘေးတွေရဲ့ စကားပုံပေါ်အခြေခံပြီး အဓိပ္ပါယ်အသစ်တွေ ဖော်ထုတ်နိုင်တယ်။

လောကရဲ့ စာပေပညာရှင်အားလုံးအတွက် အတုယူစရာပါပဲ။ ကျုပ်ပြန်ရောက်ရင် အမချင်ဟဲကို အရှင်မအသစ်တီထွင်လိုက်တဲ့ စကားပုံအဓိပ္ပါယ်ကို သမိုင်းမှတ်တမ်းတင်ဖို့ ပြောပါ့မယ်။

ဒါမှ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်မယ်။ အုပ်ချုပ်သူနဲ့လက်အောက်ခံအဖြစ် ကျုပ်တို့နာမည်တွေ နှစ်တစ်ထောင်ကြာအောင် တည်တံ့ပါလိမ့်မယ်"

အကြံပေးအမတ်အနေဖြင့် နတ်မယ်နားလည်မှုလွဲနေသည့် အဓိပ္ပါယ်ကို လုယန်ရှင်းပြဖို့ စိတ်ကူးခဲ့သည်။ သို့သော် သူပြန်စဉ်းစားသည်။ အင်ပါယာအရှင်မ၏ စကားသည် မှားစရာအကြောင်းမရှိ။

ထိုကိစ္စသည် အမှားမဟုတ်။ အရှင်မကိုယ်တိုင် တီထွင်လိုက်သည့် စကားပုံအဓိပ္ပါယ်ဖြစ်သည်။

တကယ် သမိုင်းမှတ်တမ်းတင်ထိုက်သည်။

"ဟီးဟီးဟီး၊ ငါ့ကိုချီးကျူးတဲ့အခါ နင်အားနာနေဖို့မလိုပါဘူး"

လုယန်၏ အလေးအနက်ချီးကျူးစကားများကြောင့် နတ်မယ်နည်းနည်းရှက်လာပြီး ခေါင်းကုတ်၍ သွားဖြဲရယ်နေသည်။

"ကျားလက်သီး"

မပီပြင်သေးသည့် ကျားဟိန်းသံများ ပဲ့တင်ထပ်၍ ပေါ်လာသည်။ တိုးညှင်းသည်။ ထိတ်လန့်တုန်လှုပ်စရာ ဩဇာရိပ်မျိုးမပါ။

ခြေမသန်သည့် တစ်ဘက်ကန်းဝံပုလွေသည် ကျောင်းသားများ စတင်ဝန်းရံပိတ်ဆို့လာချိန်က သိပ်အရေးမစိုက်ခဲ့။ သေမျိုးများက သူတို့သဘောဆန္ဒအလျောက် သူ့ကိုအစာလာကျွေးနေသည်ဟု တွေးခဲ့သည်။

သို့သော် ကျားလက်သီးနှစ်ချက်ထိပြီးနောက် ပုံမှန်မဟုတ်ကြောင်း နားလည်လာသည်။

လက်သီးတစ်ချက်နှစ်ချက်ဆိုလျှင် အရေးစိုက်စရာမရှိ။ သို့သော် ကျောင်းသားသုံးဆယ့်နှစ်ယောက် လက်သီးခြောက်ဆယ့်လေးလုံးဒဏ်ကို သူမခံနိုင်။

သင်းကွဲဝံပုလွေ ဒေါသထွက်သွားသည်။ ပိတ်ဆို့ထားသည့် စည်းဝိုင်းကို ဖောက်ထွက်ရန် ကြိုးစားသည်။ သူထိုသို့လှုပ်ရှားချိန်ကို ကုန်းချီနှင့်ရှစ်ယီက အသင့်ရပ်စောင့်နေသည်။

ကုန်းချီ၏မိဘနှစ်ပါးလုံး ကျင့်ကြံသူများဖြစ်သည်။ ရှစ်ယီက မုဆိုးမျိုးရိုးမှ ဆင်းသက်လာသည်။ အရိုင်းသားရဲများ နတ်ဆိုးသားရဲများကို ခုခံတိုက်ခိုက်ဖူးသည့် အတွေ့အကြုံရှိသည်။

"ကျားလက်သီး"

"ဝေါင်း"

"ဝေါင်း

ကျားဟိန်းသံ အဆက်မပြတ် ထွက်ပေါ်နေသည်။ အားလုံး၏လက်သီးပညာက သိသိသာသာတိုးတက်နေသည်။

ဆရာလု တကယ်အပင်ပန်းခံ၍ သေချာအားစိုက်ထားကြောင်း ယခုမှ ကုန်းချီနားလည်လာသည်။ ဆရာလုက သူတို့ကျားဟိန်းသံကို မရင့်ကျက်သေးသည့်အသံမျိုးဖြစ်အောင် တမင်တကာ ဖန်တီးထားသည်။

ရန်သူက သိပ်အရေးမစိုက်ဘဲ ပေါ့ပေါ့ဆဆနေခဲ့သည်။ ရန်သူအငိုက်ဖမ်းဖို့ ဗျူဟာချထားသည်။ မတိုက်ခိုက်မီကတည်းက အောင်ပွဲရဖို့ သေချာနေသည်။

သင်းကွဲဝံပုလွေ မချိတင်ကဲအော်ဟစ်၍ သူ့ဝိညာဉ်က ငရဲလမ်းသို့ ထွက်ခွာသွားသည်။ ကျောင်းသားများ ရုတ်တရက် မင်သက်မိနေကြသည်။ သူတို့မိဘများပင် လုပ်နိုင်စွမ်းမရှိသည့်ကိစ္စကို သူတို့လုပ်ခဲ့သည်။

ထို့နောက် ပျော်ရွှင်စွာအော်ဟစ်သံများ ပေါ်လာသည်။

နတ်ဆိုးဝံပုလွေက ချီဒုတိယအဆင့်ဖြစ်သည်။ သူ့အမွှေးအမျှင်များက ကျားလက်သီးဒဏ်ကြောင့် ပျက်စီးသွားသည်။ သို့သော် နတ်ဆိုးဝံပုလွေဖြစ်၍ ဈေးကွက်တွင်ရောင်းလျှင် ဈေးကောင်းရသေးသည်။

"ဝံပုလွေကို ပြောင်းပြန်အရေဆုတ်ပါ"

ရှစ်ယီက မုဆိုးမျိုးရိုးဖြစ်၍ ထိုအပိုင်းတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။ သူကိုယ်တိုင် အမဲဖျက်ရင်း တစ်ခြားလူများကို ညွှန်ကြားသည်။

ထို့နောက် ဖန်ကျိကော ပြန်ရောက်လာသည်။ တစ်ကိုယ်လုံး သွေးများစွန်းထင်းနေသည်။

"အောင်မြင်ခဲ့လား"

လုယန် တင်ပျဉ်ခွေထိုင်ရင်းမှ ပြုံး၍မေးသည်။

"အောင်မြင်ပါတယ်"

အားလုံး ပြုံးပျော်နေကြသည်။ ထိုစဉ် လုယန် ရုတ်တရက် မျက်နှာပျက်သွားပြီး ချက်ချင်းလှုပ်ရှားလိုက်သည်။

နှင်းလုံးနှင့်တူသည့်အရာတစ်ခု မြေကြီးထဲမှ ထိုးထွက်လာပြီး ကျောင်းသားများဆီ လွင့်ပျံလာသည်။ အားလုံး ထိတ်လန့်တကြား အော်ဟစ်ကြသည်။

"ဘုန်း"

လုယန် သူတို့ရှေ့တွင်ပေါ်လာသည်။ သူ့လက်သီးချက်ကြောင်း နှင်းလုံးကွဲကြေသွားသည်။

ယုန်တစ်ကောင်ဖြစ်သည်။ ချီအဆင့်ရှိသည်။

"အသားစားနတ်ဆိုးယုန်ပဲ"

ရှစ်ယီ ထိတ်လန့်သွားသည်။

နတ်ဆိုးယုန်တစ်ကောင်းတည်းဆိုလျှင် သိပ်ကိစ္စမရှိ။ သို့သော် အသားစားနတ်ဆိုးယုန်များသည် အမြဲတမ်း အစုအဖွဲ့လိုက်နေကြသည်။

ဖန်ကျိကောလည်း မျက်နှာပျက်သွားသည်။ နတ်ဆိုးသားရဲများအကြောင်း သူလေ့လာထားသည်။ ထိုနတ်ဆိုးယုန်မျိုး တစ်ကောင်တွေ့လျှင် လုပ်စရာတစ်ခုသာရှိသည်။

အသက်လု၍ ပြေးရမည်။

မှန်သည်။ နောက်ထပ် နတ်ဆိုးယုန်များ နှင်းဖုံးတောင်ကုန်းများပေါ်မှ ထပ်ဆင်းလာသည်။ နီရဲသည့်မျက်လုံးများဖြင့် လုယန်ကို စိုက်ကြည့်နေသည်။

ယုန်အုပ်စုခေါင်းဆောင်က အခြေတည်အဆင့်ရှိသည်။

လုယန်နဖူးတွင် ချွေးစေးများထွက်လာသည်။ ကျောရိုးထဲမှ စိမ့်တက်လာသည်။ အခြေတည်အဆင့် ယုန်နတ်ဆိုးတစ်ကောင်နှင့် ချီအဆင့်ယုန်နတ်ဆိုးများ တစ်ရာနီးပါးရှိသည်။

ထိုအင်အားသည် ရွှေသန္ဓေကျင့်ကြံသူတစ်ယောက်ကိုပင် အနိုင်ယူနိုင်စွမ်းရှိသည်။

ယခု သူ့ကျင့်စဉ်အဆင့်ကလည်း အခြေတည်အဆင့်သို့ ကျနေသည်။ ထိုနတ်ဆိုးယုန်အုပ်စုကို ဘယ်လိုရင်ဆိုင်နိုင်မည်နည်း။

ဤတစ်ကြိမ် သူ့ဘဝဇာတ်သိမ်းတော့မည်ထင်သည်။

သူသေရသည်က ကိစ္စမရှိ။ သို့သော် ကလးများ ဒုက္ခမဖြစ်စေရ။

"မြန်မြန်ပြေးကြ။ သူတို့ကို ငါထိန်းထားမယ်"

လုယန် နောက်လှည့်၍ လေးနက်တည်ကြည့်သည့်လေသံဖြင့် အော်ဟစ်လိုက်သည်။ သူ့မျက်လုံးတွင် ပြတ်သားသည့်အရိပ်များ ပေါ်လွင်နေသည်။

နတ်ဆိုးယုန်တစ်ကောင် သူမမြင်နိုင်သည့် နေရာတစ်ခုမှ ခုန်ဝင်လာသည်။ သူ့လက်သီးချက်ကြောင့် လွင့်ထွက်သွားသည်။

"ဆရာလု"

"ပြေးကြမယ်လေ။ မင်းမမြင်ဘူးလား။ ငါတို့ရှိနေရင် ဆရာလုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရုံပဲရှိမယ်"

"ငါတို့ဘာမှမကူညီနိုင်ဘူး။ ကောင်းကင်ကောင်းချီးကြောင့် ဆရာလု ဘေးကင်းမှာပါ"

ကုန်းချီနှင့်ရှစ်ယီတို့ မျက်ရည်ကို ကြိုးစား၍ထိန်းသည်။ ခံစားချက်များကြောင့် ရင်ထဲတွင်ဆို့နင့်နေသည်။

ကုန်းချီနှင့်ရှစ်ယီစကား မှန်သည်ဟု ကျန်သည့်ကျောင်းသားများ တွေးကြသည်။ ဆရာလုနာမည်ကို အော်ခေါ်ရင်း နောက်ဆုတ်သွားသည်။

ဤတစ်ကြိမ် ဆရာလုကို နောက်ဆုံးနှုတ်ဆက်ရခြင်းဖြစ်မည်ဟု ခံစားကြရသည်။

ဖန်ကျိကဲတစ်ယောက်သာ တွေးမရဖြစ်နေသည်။ တစ်ခုခုလွဲနေသလို သူခံစားရသည်။ ခုနက ဆရာလုလက်သီးဖြင့် သေသွားသည့်နတ်ဆိုးယုန်သည် အခြေတည်အဆင့် ယုန်နတ်ဆိုးခေါင်းဆောင်ပင်မဟုတ်လော...

လုယန်မျက်လုံးများ နီရဲလာပြီး ယုန်အုပ်စုထဲသို့ တရကြမ်းပြေးဝင်တိုက်ခိုက်သည်။

အောင်းလင်းနှင့်ကျန်းလျန်ယိတို့၏ စွမ်းအင်ရောင်သာ ရှိနေသေးလျှင် ထိုနတ်ဆိုးယုန်အုပ်စုကို ခြောက်လှန့်နိုင်လောက်သည်။ သို့သော် မြောက်ပိုင်းနယ်မြေသို့ ရောက်ခဲ့သည်မှာ အတော်ကြာပြီဖြစ်၍ ထိုစွမ်းအင်ရောင်များ မရှိနိုင်တော့။

ကိုယ့်ကိုယ်ကို အားကိုးရုံသာရှိသည်။

"ငါမင်းတို့ကို အစွမ်းကုန်ထုတ်သုံးပြီး တိုက်ခိုက်မယ်ကွ"

ချီအဆင့်ယုန်နတ်ဆိုးများကို သူလျှော့မတွက်ရဲ။ ယနေ့အထိ သူလျှောက်လှမ်းခဲ့သည့် ကျင့်စဉ်ခရီးတွင် နတ်ဆိုးသားရဲအဆင့်မျိုးစုံနှင့် တိုက်ခိုက်ဖူးသည်။

သို့သော် ချီအဆင့်နတ်ဆိုးသားရဲများနှင့် တစ်ခါမှမတိုက်ခိုက်ဖူးသေး။

မကြုံဖူးသည့် နတ်ဆိုးသားရဲများနှင့်ရင်ဆိုင်ရသည်ဖြစ်၍ သူအရမ်း'အရေးမစိုက်'သင့်။

ခေါင်းဆောင်သေသွားးသည်ကို မြင်ပြီးနောက် နတ်ဆိုးယုန်များ ကြောက်လန့်တကြားထွက်ပြေးကြသည်။

လုယန် တရစပ်လိုက်၍ တိုက်ခိုက်သည်။ သို့သော် အဝေးတစ်နေရာမှ ရုတ်တရက်ပေါ်လာသည့်အသံများဆီ သူအာရုံရောက်သွားသည်။

နတ်ဆိုးယုန်များပြေးထွက်သွားသည့်ဘက်မှ နှင်းလုံးများ ထိုးတက်လာသည်။ နတ်ဆိုးသားရဲတစ်အုပ် သူရှိရာဘက်သို့ ပြေးလာသည်။

ရှေ့ဆုံးတွင် ရေခဲလွင်ပြင်ဝံပုလွေအုပ်ဖြစ်သည်။ သူတို့နောက်တွင် အလွန်ကြီးမားသည့် နတ်ဆိုးသားရဲများ ပါလာသည်။ နှင်မှုန်များဖုံးလွှမ်းနေသဖြင့် အမျိုးအမည်ကို ခွဲခြားမရ။

နတ်ဆိုးယုန်များက သူ့ကိုမနိုင်သဖြင့် တပ်ကူခေါ်လိုက်ခြင်းလော...

"နတ်မယ်၊ ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ ဒီလောက်နတ်ဆိုးသားရဲတွေအများကြီး ဒီဘက်ကိုပြေးလာတာလဲ"

အစောပိုင်းက နတ်ဆိုးသားရဲများ ရှာမတွေ့ခဲ့သည့်အကြောင်းရင်းကို လုယန်နားလည်လာသည်။ အားလုံးကသူ့ကို ဤနေရာတွင် စောင့်နေကြခြင်းဖြစ်သည်။

အရှင်မနတ်မယ်က ဝံပုလွေဖြူဝတ်ရုံဖြင့် ပလ္လင်ပေါ်တွင် ထိုင်နေသည်။

"ကြည့်ရတာ သားရဲကပ်ဆိုးနဲ့တူတယ်။ ဒီလိုသားရဲကပ်တစ်ခုဖြစ်လာနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်။ နတ်ဆိုးဘုရင်အသစ်တစ်ယောက်က သူ့ဩဇာကိုပြတာမျိုး၊ မြို့တော်ထဲမှာ သူတို့ကိုဆွဲဆောင်နေတဲ့အရာ တစ်ခုခုရှိနေတာမျိုး၊ ဒါမှမဟုတ် သူတို့နေတဲ့နေရာ ကျူးကျော်ခံရတာမျိုးတွေပေါ့။

ရှေးဟောင်းခေတ်မှာ ကိုးဆမသေမျိုးက ရွှေကျီးကန်းတွေမွေးဖို့ လိုက်ဖမ်းတုန်းကလည်း ဒီလိုက်ကပ်ဆိုးမျိုးဖြစ်ဖူးတယ်။ ကောင်းကင်တစ်ခုလုံး နေလုံးတွေ ပျံဝဲနေတယ်"

...ငါက သင်တန်းချိန်ပြင်ပ လက်တွေ့လေ့ကျင့်မှုလေးလုပ်ပေးဖို့ အပြင်ထွက်လာရုံပါ။ အခုတော့ ကျောင်းသားတွေတောင် ကောင်းကောင်းလေ့ကျင့်ခွင့်မရပါလား..

မတတ်နိုင်ဘူး။ အရင်ဆုံး ဒီနတ်ဆိုးဝံပုလွေတွေ နတ်ဆိုးယုန်တွေကို ရှင်းရမှာပဲ....

နတ်ဆိုးယုန်များက ပေါ့ပါးသွက်လက်သည်။ ဝံပုလွေအုပ်ကြားတွင် ဘယ်ညာခုန်ကူး၍ သားရဲအုပ်အတွင်းထဲသို့ ပြေးဝင်သွားသည်။

လုယန် မနားတမ်းဆက်လိုက်သည်။ ရေခဲဝံပုလွေခေါင်းဆာင် ရွှေသန္ဓေအဆင့်နတ်ဆိုးက သူ့လက်သီးချက်ကြောင့် ဦးခေါင်းပွင့်ထွက်သွားသည်။

ရဲဝံ့သည့် ဝံပုလွေအုပ်က သူတို့ခေါင်းဆောင်အတွက် လုယန်ကို လက်စားချေရန်ကြိုးစားသည်။ အားလုံး လုယန်လက်သီးချက်ကြောင့် သေဆုံးသွားသည်။

ထို့နောက် ဝက်ဝံအုပ်စု ဝင်လာသည်။ မီတာသုံးဆယ်ခန့်မြင့်သည်။ စွမ်းအားကြီးသည်။ ထူထဲသည့် အရေပြားရှိသည်။ ဝံပုလွေအုပ်ထက် အရေအတွက်များသည်။

နတ်ဝိညာဉ်အဆင့်ဝက်ဝံနတ်ဆိုးများလည်း ပါလာသည်။ လုယန်က အခြေတည်အဆင့်သာရှိသဖြင့် ရင်ဆိုင်တိုက်ခိုက်ဖို့ ခက်ခဲသည်။

သူ့သစ်သားဓားများကို အသက်သွင်း၍ တိုက်ခိုက်သည်။ ဝက်ဝံအုပ်တစ်ခုလုံး ကောက်ပင်ရိတ်သကဲ့သို့ အတုံးအရုံးလဲကျသွားသည်။ အသံပင်မထွက်နိုင်ကြ။

သစ်သားဓားများက ဓားချီတစ်ချက်သာထုတ်လွှတ်ပြီး ကြေမွပျက်စီးသွားသည်။ နောက်တစ်ကြိမ်အသုံးပြု၍မရ။ လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ သစ်သားဓားငယ်များ ထပ်ထုတ်သည်။

နောက်ပိုင်းတွင် သစ်သားဓားများ ထိုသို့ထုတ်နေရသည်ကို သူငြီးငွေ့လာသည်။ ဓားအားလုံး အိတ်ထဲမှသွန်ချသည်။ သိစိတ်ဝိညာဉ်ဖြင့် ထိန်းချုပ်ပြီ သူ့နောက်ဘက် လေထဲတွင်ဖြန့်၍ သစ်သားဓားတောအုပ်တစ်ခု ဖန်တီးလိုက်သည်။

မြောက်ပိုင်းနယ်မြေမှ မြို့တော်များအတွက် သားရဲကပ်တစ်ခုသည် ကျိန်စာတစ်ခုဖြစ်သည် မဟာနတ်ဆိုးဘုရင်အဆင့် သားရဲများရှိသလို မရေမတွက်နိုင်သည့် နတ်ဆိုးသားရဲအုပ်များရှိသည်။ လူသားမျိုးနွယ်များ ကြက်သီးထလောက်သည်။

သို့သော် ဘယ်လောက်အရေအတွက်များသည်ဖြစ်စေ ဤနတ်ဆိုးသားရဲများ လုယန်ကို မယှဉ်နိုင်ကြ။

သားရဲကပ်ကို အလွယ်တကူ သူဖြတ်ကျော်သွားသည်။ သူ့လက်ညှိုးနှစ်ချောင်းကို ရှေ့သို့ဆတ်ခနဲ ဆတ်ခနဲ လက်ညှိုးထိုးရုံသာဖြစ်သည်။ သစ်သားဓားငယ်များ လွင့်ပျံသွားသည်။ နတ်ဆိုးများ အုပ်လိုက်လဲကျသွားသည်။

နောက်ဆုံးတွင်၊ ဆင်ခြင်ဉာဏ်နည်းသည့် နတ်ဆိုးသားရဲများပင် အသိနည်းနည်းဝင်လာသည်။ ရှေ့ဆက်မတိုးရဲတော့ဘဲ အားနည်းသလိုထင်ရသည် လူသားမျိုးနွယ်ကို ထိတ်လန့်တုန်လှုပ်စွာကြည့်နေကြသည်။

"ဟိုနတ်ဆိုးယုန်တွေ ဘယ်ရောက်သွားတာလဲ"

နတ်ဆိုးယုန်များက မြန်ဆန်လွန်းသည်။ သားရဲအုပ်ကြားတွင် ရှာဖွေဖို့ခက်သည်။ အထူးသဖြင့် လုယန်က သစ်သားဓားဖြင့် တိုက်ခိုက်နေရသဖြင့် ထိုသတ္တဝါငယ်များကို မမီလိုက်။

"တွေ့ပြီ"

လုယန် နဖူးကိုလက်ဖြင့်မိုး၍ ကြည့်လိုက်သည်။ မလှမ်းမကမ်းမှ နတ်ဆိုးယုန်များကို တွေ့သည်။

"ဝှီး"

သစ်သားဓားများစွာ လွင့်ပျံထိုးဖောက်၍ နတ်ဆိုးယုန်အုပ်စု၏ ဝိညာဉ်များကို နှုတ်ယူသွားသည်။

လနဖူးမှ မရှိသည့်ချွေးကို သူသုတ်လိုက်သည်။ ယခုမှ ကိစ္စပြီးသွားသည်။ လွယ်ကူလှသည်မဟုတ်။

"ဘုန်း"

ဆင်တစ်ကောင် ခြေဆောင့်သံပေါ်လာသည်။ ထူးထဲသည့်မြေပြင် တုန်ခါသွားသည်။ လုယန်လှမ်းကြည့်သည်။

ကြီးမားသည့်သဏ္ဌာန်တစ်ချို့ နှင်းမြူထဲမှထွက်လာသည်။ သူတို့မူလအသွင် ပေါ်လာသည်။

တောင်ကုန်းတစ်ခုစာခန့်ကြီးမားသည့် ရေခဲဆင်များ။ မြေပေါ်တွင်ဖြတ်သွားလျှင် အက်ကြောင်းထင်ကျန်ခဲ့သည့် မြွေဖြူများ။

ဓားကဲ့သို့ချွန်ထက်သည့် သွားစွယ်များရှိပြီး တစ်ချက်ခုန်လိုက်ရုံဖြင့် တောင်ထိပ်ရောက်သွားမည့် ကျားဘုရင်များ။ ရေခဲပြင်ကို ပင်လယ်ပြင်လိုထိုးခွဲနိုင်သည့် ဝေလငါးများ...

မူရွှဲ့မြို့တော်အစောင့်များပင် ထို‌ရေခဲလွင်ပြင် နတ်ဆိုးဘုရင်များကိုမြင်လျှင် ကြောက်ဒူးတုန်သွားလောက်သည်။

ရေခဲဆင်က အဖြူရောင်နှင်းငွေ့များ မှုတ်ထုတ်လိုက်သည်။ ထိုနှင်းမြူများသည် ရေခဲဆင်၏ နတ်ဆိုးစွမ်းအင်ပါသည့် ဝင်သက်ထွက်သက်များဖြစ်နေသည်။

လုယန် အလိုလို ဆတ်ခနဲ လက်ညှိုးထိုးလိုက်သည်။ သို့သော် သစ်သားဓားများပျံထွက်မလာတော့။ နောက်လှည့်ကြည့်သည်။ သစ်သားဓားငယ်များ ကုန်နေပြီဖြစ်သည်။

"ဂါး...ဂါး..."

"အူး...အူး..."

မဟာနတ်ဆိုးဘုရင်များ အသံမျိုးစုံအော်မြည်၍ လုယန်အဖြစ်ကို လှောင်ပြောင်နေသည်။ သူတို့ကိုခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသော်လက်နက်ဖြစ်သည့် သစ်သားဓားငယ်များမရှိတော့။

ထိုအခြေတည်အဆင့်လူသားက သူတို့ကို ဘာလုပ်နိုင်မည်နည်း။

မဟာနတ်ဆိုးဘုရင်များ၏ ရယ်သံက သားရဲအုပ်ကြားသို့ပျံ့နှံ့သွားသည်။ နတ်ဆိုးသားရဲအားလုံး လိုက်ရယ်ကြသည်။

ထိုမြင်ကွင်းကိုကြည့်၍ လုယန် စိတ်လျှော့၍ သက်ပြင်းချသည်။ ကျောက်စိမ်းတံဆိပ်ထဲမှ နောက်ထပ်သစ်သားဓားငယ်တစ်အိတ် ထုတ်လိုက်သည်။

အစောပိုင်းက သုံးခဲ့သည့်ဓားများက သူစုစည်းခြင်းအဆင့်တွင် သန့်စင်ခဲ့ခြင်းဖြစ်သည်။ ယခုထုတ်သည့်ဓားများက ကူးဖြတ်ခြင်းအဆင့်တွင် သန့်စင်ခဲ့ခြင်းဖြစ်သည်။

နတ်ဆိုးသားရဲဘုရင်တို့၏ ရယ်သံများ တိခနဲရပ်သွားသည်။

******************************

All Chapters