← Chapters

အခန်း ၁၁၆၃

Vol. 78 Ch. 1163

အခန်း ၁၁၆၃

Vol. 78 Ch. 1163

အခန်း (၁၁၆၃) မြောက်ပိုင်းတိုက်နယ် နံပတ်တစ်ဓားသမား

အသံနှင့်လုယန်တို့ ပြောနေသည့်စကားများကို နားထောင်နေရင်း စုယွမ် အနေရခက်လာသည်။ ဘေးလူတစ်ယောက်လို ဖြစ်နေသဖြင့် ဉာဏ်အလင်းလက်ဖက်ရည်ကို တစ်ငုံ့သောက်လိုက်သည်။

သူ့ခြေလက်များနျှင့် ခန္ဓာကိုယ်တစ်ခုလုံး ပျောက်ကွယ်သွားသလိုထင်ရသည်။ လှုပ်ရှားမှုတိုင်း ပေါ့ပါးလွယ်ကူနေသလို ခံစားရသည်။

"ဒါ...ဒါက.."

အသံရှင်အံ့အားသင့်သွားသည်။ သူ့သက်တမ်းတလျှောက် ဉာဏ်အလင်းလက်ဖက်ရည်ကို အကြိမ်ကြိမ်သောက်ခဲ့ဖူးသည်။ သို့သော် ဤလက်ဖက်ရည်၏ အာနိသင်ကို လုံးဝမမီ။

ဤလက်ဖက်ရွက်၏သက်တမ်း ဘယ်လောက်ရှိပြီမသိ။

ထိုမျှအဆင့်မြင့်သည့် လက်ဖက်ရည်မျိုး မြောက်ပိုင်းတိုက်နယ်တွင်မရှိ။ ထိုလက်ဖက်ရွက်မျိုးကို အလွယ်တကူထုတ်သုံးနိုင်သူသည်လည်း သာမန်မဖြစ်နိုင်။

"မင်းဘယ်သူလဲ"

အသံရှင်၏စကားတွင် မာန်ဝင့်သည့်အရိပ်မျိုး မရှိတော့။ လုယန်နောက်ခံသည် သူထင်ထားသည်ထက် များစွားအဆင့်မြင့်ကြောင်း နာလည်သွားသည်။

သူအသက်ရှိစဉ်က အဆင့်အတန်းနှင့် တန်းတူရှိသူဖြစ်မည်။ ထိုထက်လည်း ပိုအဆင့်မြင့်နိုင်သည်။

သူ့ထက်အဆင့်မြင့်သူဆို၍ ကူးဖြတ်ခြင်းအဆင့်များသာရှိသည်။

"တစ်ခြားတစ်ယောက်အကြောင်းကို မေးချင်ရင် ကိုယ့်ကိုယ်ကို အရင်မိတ်ဆက်သင့်တာပေါ့"

အသံရှင် သက်ပြင်းရှည်တစ်ချက်ချသည်။

"မင်းပြောတာမှန်ပါတယ်။ ဒါပေမယ့် ငါ့အကြောင်းကို ငါတကယ်မေ့နေပြီ"

လုယန်မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။

"ဒါဆို ခင်ဗျားမှတ်မိတာ ဘာရှိလဲ"

"ငါက မြောက်ပိုင်းတိုက်နယ်က စုစည်းခြင်းထိပ်ဆုံးအဆင့်စွမ်းအားရှင်တစ်ယောက်ပါ။ အန္တရာယ်တစ်ခုနဲ့ ကြုံခဲ့တယ်။ မြို့တော်ထဲက နှင်းတွေကြားမှာ အေးခဲနေတဲ့သူတောင်းစားလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပူးကပ်ဖို့ကြိုးစားခဲ့တယ်။

ဒါပေမယ့် ထင်မထားတာက ပူးကပ်ပြီးတော့ ငါအိပ်မောကျသွားတယ်။ သူတောင်းစားလေးက အသက်ပြန်ရှင်လာတယ်"

ထိုစကားကြောင့် စုယွမ် အတော်အံ့အားသင့်သွားသည်။

"အဲဒီ့သူတောင်းစားလေးဆိုတာက..."

"မင်းပေါ့"

စုယွမ် မင်သက်မိသွားသည်။ သူ့ကလေးဘဝမှတ်ဉာဏ်များက အတော်ဝေဝါးနေသည်။ ဘာတွေဖြစ်ခဲ့သည်ကို သူမမှတ်မိ။

"အန္တရယ်တစ်ခု ကြုံခဲ့တယ်ဆိုတော့ ဘယ်လိုအန္တရာယ်မျိုးလဲ"

"ငါသေချာမမှတ်မိဘူး။ ရန်သူက အရမ်းစွမ်းအားကြီးလို့ ငါမယှဉ်နိုင်ဘူးဆိုတာပဲ မှတ်မိတယ်"

စုစည်းခြင်းအဆင့်တစ်ယောက် ထွက်ပြေးပြီး တစ်ခြားခန္ဓာပူးကပ်ရလောက်အောင် ဖိအားပေးနိုင်သူသည် သူ့ဆရာဝစီပိတ်လိုစွမ်းအားရှင် သို့မဟုတ် ကူးဖြတ်ခြင်းအဆင့် စွမ်းအားရှင်တစ်ယောက်သာ ဖြစ်လိမ့်မည်။

"စုယွမ်၊ မင်းအိမ်မျှာ ပြဿနာကြီးကြီးမားမားမရှိဘူးဆိုတော့ ငါစိတ်အေးသွားပါပြီ"

သတင်းထပ်မရနိုင်တော့သဖြင့် လုယန် ထွက်သွားရန်ပြင်သည်။

စုယွမ် အံ့ဩသွားသည်။ ဤအခြေအနေသည် ပြဿနာမရှိဟု တကယ်သတ်မှတ်နိုင်သလော...

"ဒီမှာပဲ ရပ်ကြတာပေါ့"

လုယန် ထွက်မသွားမိ အကြံပေးသည်။

"ဒီအသံရှင်က မင်းကိုဒုက္ခမပေးပေမယ့် သူပြောသမျှအားလုံးကို မျက်စိမှိတ်ပြီးမယုံနဲ့။ သူကိုယ်တိုင် ခုနက ပြောခဲ့တယ်လေ။ မင်းကအတွေ့အကြုံ နုသေးတယ်။ ဆိုးသွမ်းယုတ်ညံ့တဲ့လူ့စရိုက်တွေကို နားမလည်သေးဘူး။ မင်းသတိထားသင့်တယ်"

"မင်း..."

အသံရှင် ဒေါသထွက်သွားဟန်ရှိသည်။

သို့သော် လုယန်က မကြားချင်ယောင်ဆောင်၍ အိမ်ထဲမှ ထွက်သွားသည်။

....

"ဆိုင်ရှင်၊ ကန်စွန်းဥကင် တစ်ခုပေးပါ"

အပြန်လမ်းတွင် လုယန် နားရွက်နှစ်ဘက်ကို လက်ဖြင့်ပွတ်၍ နီရဲလာအောင်လုပ်သည်။ တစ်ခြားလူများလို အအေးဒဏ်ခံနေရသလို ဟန်ဆောင်သည်။

"အစက ငါသတိမထားမိဘူး။ စုယွမ်ရဲ့ ဝိညာဉ်က အတော်အားကောင်းသလိုပဲ"

ကန်စွန်းဥစားရင်း လုယန်တွေးနေသည်။

ကြွပ်ရွနေသည့် ကန်းစွန်းဥခွံကို ခွာလိုက်ချိန်တွင် စားချင်စဖွယ် အဝါရောင်အသား ပေါ်လာသည်။ အငွေ့များ ဖြေးညှင်းစွာတက်လာပြီး လေအေးထဲတွင် နှင်းစက်ငယ်များအသွင်ပြောင်း၍ ကျနေသည့်နှင်းစက်များနှင့် ရောယှက်သွားသည်။

သူတစ်ကိုက်ဝါးလိုက်သည်။ နူးညံ့စေးပိုင်၍ ချိုမွှေးသည့်အရသာက လျှာအကြောများထဲ စိမ့်ဝင်သွားသည်။

စုယွမ်၏ဝိညာဉ်က စုစည်းခြင်းအဆင့်သို့ရောက်နေသည်။ ထိုအဖြစ်ကိုခွဲခြားမြင်နိုင်သည့် ကျင့်ကြံသူမျိုး မူရွှဲ့မြို့တော်တွင်မရှိ။ လုယန်လည်း ကူးဖြတ်ခြင်းအဆင့်သို့ ရောက်နေ၍သာ သတိထားမိခြင်းဖြစ်သည်။

"စုစည်းခြင်းအဆင့်ပဲဆိုတော့ ပြဿနာမရှိနိုင်ပါဘူး"

သိစိတ်နယ်မြေတွင် နတ်မယ်က စက်ဝိုင်းခြမ်းပုံရေခဲအိမ်ငယ်တစ်လုံး တည်ဆောက်၍ အိမ်ထဲတွင် ပျင်းရိပျင်းတွဲ လဲလျောင်းနေသည်။ အအေးဓာတ်ကို လုံးဝခံစားရပုံမပေါ်။

"ဒါက စရိုက်ကွဲလက္ခဏာပဲ"

တစ်ယောက်ယောက် ပူးကပ်ထားသည်ဆိုလျှင် ပူးကပ်သူက လုယန်နှင့်နတ်မယ်လို သိစိတ်နယ်မြေတွင် စုယွမ်နှင့် တစ်ချိန်လုံးစကားပြောနေပေလိမ့်မည်။

ထို့ကြောင့် ထိုအသံရှင်သည်လည်း စုယွမ်ကိုယ်တိုင်သာဖြစ်မည်။

ထိုသို့ကောက်ချက်ချရခြင်းမှာ စုယွမ်ကိုယ်ထဲတွင် ဝိညာဉ်တစ်ခုသာရှိသောကြောင့်ဖြစ်သည်။

လွန်ခဲ့သည့်ဆယ်နှစ်က အသံရှင်သည် ပြင်းထန်သည့်တိုက်ပွဲတစ်ခု ကြုံခဲ့လိမ့်မည်။ ရှုံးနိမ့်ပြီးနောက် မူရွှဲ့မြို့ထဲမှ သေဆုံးနေသည့် သူတောင်းစားတစ်ယောက်ခန္ဓာကိုယ်ကို ဝင်ပူးကပ်ခဲ့သည်။

အသံရှင်ဒဏ်ရာအပြင်းအထန်ရထား၍ သို့မဟုတ် သူတောင်းစားလေး၏ခန္ဓာကိုယ်က အားနည်းလွန်း၍ ပူးကပ်ချိန်တွင် အမှားအယွင်းတစ်ခု ရှိခဲ့ခြင်းဖြစ်မည်။

အသံရှင် အိပ်မောကျသွားသည်။ မှတ်ဉာဏ်များလည်း ပျောက်ကွယ်သွားသည်။ သိစိတ်ဝိညာဉ်တစ်စကွဲထွင်၍ စုယွမ်ဆိုသည့် သူတောင်းစားအသစ်ဖြစ်လာခြင်းဖြစ်မည်။

ယခု စုယွမ်က ကျားလက်သီးသိုင်းလေ့ကျင့်နေသည်။ အဖိုဓာတ်ယန်စွမ်းအင်ကြောင့် ထိုအသံနိုးထလာခြင်းဖြစ်မည်။

အသံရှင်က စုယွမ်သည် သူ့စရိုက်ကွဲတစ်ခုဖြစ်ကြောင်း နားလည်ဟန်မတူ။

ထိုအသံက စုယွမ်ကို အဆက်မပြတ်စည်းရုံးသွေးဆောင်လာနိုင်သည်။ သူ့စွမ်းအားကို လက်ခံဖို့ ဖျောင်းဖျနိုင်သည်။ စုယွမ်လက်ခံလျှင် အသံရှင်က စုယွမ်ခန္ဓာကိုယ်ကို ထိန်းချုပ်နိင်မည်။

သို့မဟုတ် စုယွမ်က သွေးဆောင်မှုကို ဆန့်ကျင်ပြီး အသံရှင်၏စွမ်းအားကို ရယူလိမ့်မည်။

နောက်ဆုံးရလာဒ်က စုယွမ်၏ရွေးချယ်မှုအပေါ် မူတည်သည်။

.....

"မင်းတို့ကြားပြီးပြီလား။ ရွှဲ့ရှီလုန်က ငါတို့မူရွှဲ့မြို့ကို လာနေပြီတဲ့"

သင်းတန်းနားချိန်တွင် ကျောင်းသားများစုရုံး၍ တီးတိုးပြောနေကြသည်။ သူတို့မျက်နှာတွင် အံ့ဩရိပ်များပေါ်နေသည်။ ရွှဲ့ရှီလုန်၏နာမည်က သူတို့အပေါ် များစွာလွှမ်းမိုးထားကြောင်း ထင်ရှားနေသည်။

"မကောင်းတဲ့လူတွေကို အပြစ်ပေးပြီး မကောင်းဆိုးဝါးတွေကို ရှင်းပစ်တယ်ဆိုတဲ့ သူရဲကောင်းရွှဲ့ရှီလုန်လား"

ကုန်းချီ စိတ်အားထက်သန်စွာပြောသည်။ ရွှဲရှီလုန်၏နာမည်သည် မြောက်ပိုင်းတိုက်နယ်တွင် တရားမျှတမှုကို ကိုယ်စားပြုသည်။ လူငယ်အားလုံး သူ့ကိုလေးစားကြသည်။

သူသည် မြောက်ပိုင်းတိုက်နယ်တွင် နံပတ်တစ်ဓားသမားဖြစ်သည်။ ထိုနာမည်တစ်ခုတည်းကပင် လေးစားထိုက်သည်။

"ဟုတ်တယ်။ သူပဲ။ သားရဲကပ်ဖြစ်တုန်းက ကျန်ခဲ့တဲ့ အဓိပဓိဓားသခင်ရဲ့ ဓားချီကို စိတ်ဝင်စားလို့ လေ့လာချင်လို့ ဒီကိုလာတာလို့ ပြောကြတယ်"

"တစ်ချိန်က သူနဲ့ပါရမီရှင်လုယန် လက်ရည်ယှဉ်ခဲ့ဖူးတယ်လို့လည်းကြားတယ်။ အဲဒါ တကယ်လား"

ရှစ်ယီလည်း စိတ်လှုပ်ရှားနေသည်။

"တကယ်ပေါ့။ ဓားမျှော်စင်က ကျင်းပတဲ့ ဓားပွဲတော်မှာ လက်ရည်ယှဉ်ခဲ့တာ။ အဲဒီ့ပွဲတော်က ပါရမီရှင်လုယန် ယှဉ်ခဲ့တဲ့ ပြိုင်ဘက်တွေထဲမှာ ဓားမျှော်စင်အမွေခံ မိန်ထိုက်ကလွဲရင် ရွှဲ့ရှီလုန်က စွမ်းအားအကြီးဆုံးတဲ့"

ကုန်းချီကပြောသည်။ သူ့မိဘများက ကျင့်ကြံသူဖြစ်၍ ကျင့်ကြံသူလောကအကြောင်း သာမန်လူများထက်ပိုသိသည်။

ထိုမျှစွမ်းအားမြင့်သူများ တစ်ယောက်ချင်းယှဉ်ပြိုင်သည့်ပွဲမျိုးသည် အမြဲတမ်း လူအများစိတ်ဝင်စားကြသည့် ဇာတ်လမ်းတစ်ခုဖြစ်သည်။ အထူးသဖြင့် ရွှဲ့ရှီလုန်နှင့်လုယန်တို့ ပြိုင်ပွဲမျိုးကို စိတ်ဝင်စားကြသည်။

သူတို့နာမည်က မြောက်ပိုင်းတိုက်နယ်သာမက ကျင့်ကြံသူလောကတစ်ခုလုံးတွင် ကျော်ကြားသည်။

ရွှဲ့ရှီလုန်။

ထိုနာမည်ကြားသည်နှင့် လုယန် ခဏမင်သက်မိသွားသည်။ ကုန်းချီပြောသည့်စကားကြောင့် ရွှဲ့ရှီလုန်အကြောင်း သူပြန်သတိရလာသည်။

မှန်သည်။ ဓားပွဲတော်တွင် ရွှဲ့ရှီလုန်သည် သူကြုံခဲ့ရသည့် အင်အားကြီးပြိုင်ဘက်ဖြစ်သည်။ တစ်ခြားပြိုင်ပွဲဝင်များကို ဓားတစ်ချက်ဖြင့် သူအနိုင်ယူခဲ့သော်လည်း ရွှဲ့ရှီလုန်ကို အနိုင်ရဖို့ စွမ်းအားပြည့်ထည့်ထားသည့် ဓားသုံးချက် ထုတ်သုံးခဲ့ရသည်။

"ကဒ၊ စကားပြောတာတွေရပ်တော့။ သင်တန်းပြန်စမယ်"

လုယန် ‌အော်လိုက်သည်။ စိတ်ဝင်တစား ဆွေးနွေးနေသည့် ကျောင်းသားများ စိတ်မပါ့တပါဖြင့် သင်တန်းပြန်တက်ကြရသည်။

ရုတ်တရက် သိုင်းကျောင်း၏ဂိတ်တံခါး ပွင့်သွားသည်။ လေအေးများလှိမ့်ဝင်လာသည်။ ဝတ်ရုံနက်ဓားသမားတစ်ယောက်ဝင်လာပြီး တံခါးကို အမြန်ပြန်ပိတ်သည်။

ရွှဲ့ရှီလုံ စိတ်သက်သာရာရသွားသည်။ မထင်မှတ်ဘဲ လူတစ်ယောက်က သူ့ကိုမှတ်မိသွားပြီး တအံ့တဩလှမ်းအော်ခဲ့သည်။ လမ်းပေါ်သို့ လူများ အုပ်လိုက်ရောက်လာသည်။

ဤမြို့တော်နှင့် သူအကျွမ်းတဝင်မရှိသဖြင့် နီးရာခြံဝင်းထဲ ခဏဝင်ခိုလိုက်ရသည်။

ရွှဲ့ရှီလုန် နောက်လှည့်လာချိန်တွင် သူ့ကို ကျောင်းသာသုံးဆယ့်သုံးယောက် မျက်လုံးခြောက်ဆယ့်ခြောက်လုံးက စိုက်ကြည့်နေသည့်သို့ တွေ့လိုက်ရသည်။ သူနည်းနည်း အနေရခက်သွားသည်။

ထို့နောက် သင်တန်းပေးနေသည့်ဆရာကို သူမြင်ရသည်။ အသံတိတ် ခြေလေးငါးလှမ်း နောက်ဆုတ်သည်။ တံခါးအောက်ခံဘောင်ကို ခလုတ်တိုက်မိမတတ်ဖြစ်သွားသည်။

"ခင်ဗျား..."

ခေါင်းပေါ်မှဆိုင်းဘုတ်ကို သူချက်ချင်းမော့ကြည့်သည်။ မှန်သည်။ သိုင်းကျောင်းတစ်ခုဖြ်စသည်။ မြို့တော်သခင်၏ အိမ်တော်မဟုတ်။

"ကဲ အာရုံစိုက်ကြပါ။ ဒီလူက ဆရာ့မိတ်ဆွေတစ်ယောက်ပါ"

လုယန်က အတန်းသားများကို တည်ငြိမ်စွာအော်ပြောပြီးနောက် ရွှဲ့ရှီလုန်ကို ပြန်လှည့်ကြည့်သည်။

"တိတ်တိတ်နေပါ။ ငါ့သင်တန်းကို မနှောက်ယှက်နဲ့။ သင်တန်းပြီးမှ စကားပြောကြတာပေါ့"

ရွှဲ့ရှီလုန် ကျောက်ရုပ်လိုခေါင်းငြိမ့်သည်။

*************************************

All Chapters