အခန်း ၁၁၆၄
Vol. 78 Ch. 1164
အခန်း (၁၁၆၄) ဆရာသစ်
"နှုတ်ဆက်ပါမယ် ဆရာလု"
သင်းတန်းဆင်းချိန်တွင် ကျောင်းသားများ ကိုယ့်အစုနှင့်ကိုယ် အိမ်ပြန်ကြသည်။ ကျောင်းသားတိုင်းက တံခါးမှဖြတ်သွားချိန်၌ ထောင့်တစ်နေရာတွင် အသံတိတ်ထိုင်နေသည့် ဝတ်ရုံနက်ဓားသမားကို လှည့်ကြည့်သွားကြသည်။
ကျောင်းသားအားလုံးထွက်သွားပြီးနောက် ရွှဲ့ရှီလုန် စကားစပြောသည်။
"အကိုလုယန်က အတော်ပျော်နေပုံပဲ"
စကားပြောချင်သည့်စိတ်ကို ရွှဲ့ရှီလုန် အတော်ကြာအောင် အောင့်အီးသည်းခံခဲ့ရသည်။
ဓားကျင့်ကြံသူများသည် စကားသိပ်မပြောကြ။ တာအိုရှင်ဝစီပိတ်နှင့် လုယန်ကတော့ ချွင်းချက်ဖြစ်သည်။
အမှန်တော့ ရွှဲ့ရှီလုန် ဘယ်လိုစကားစပြောရမည်ကို မသိ။ လုယန်က ကျောင်းသားတစ်စုကို လက်သီးသိုင်းသင်ပေးနေသည်။ အကြောင်းမသိသူများအဖို့ ဘာမှသိပ်မထူးခြားဟု ယူဆကြလိမ့်မည်။
ဘာကြောင့် သူတို့ကိုသင်ပေးနေတာလဲ...ကျုပ်ကိုသင်ပေးစမ်းပါ...သိုင်းကျောင်းက သင်တန်းတစ်ခုစာအတွက် ငွေဘယ်လောက်ယူသလဲ။ ကျုပ်စာရင်းသွင်းမယ်...
"ဘဝအတွေ့အကြုံယူရုံပါပဲ။ နှင်းတာအိုရှင်...မင်းနာမည်က မြောက်ပိုင်းတိုက်နယ်မှာ အတော်ဩဇာညောင်းတဲ့ပုံပဲ"
လုယန် စနောက်လိုက်သည်။
ဓားမျှော်စင်မှ ဓားပွဲတော်ကျင်းပချိန်တွင် ရွှဲ့ရှီလုန်သည် မြောက်ပိုင်းတိုက်နယ်၌ နာမည်သိပ်မကြီးသေး။ သို့သော် မတွေ့ဖြစ်သည့် လေးငါးနှစ်အတွင်း ရွှဲ့ရှီလုန်နာမည်က တဟုန်ထိုးကျော်ကြားလာသည်။
မြောက်ပိုင်းတိုက်နယ် နံပတ်တစ်ဓားသမားဟူသည့်ဘွဲ့ကို ရလာသည်။
ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်ဖြစ်၍ မြောက်ပိုင်းတိုက်နယ်တွင် ခေါင်းမော့လမ်းလျှောက်နိုင်သည့် ပါရမီမျိုးလည်း တကယ်ပိုင်ဆိုင်ထားသည်။ မဟာနတ်ဆိုးဘုရင်တစ်ကောင်နှင့် ရင်ဆိုင်ရလျှင်ပင် သူအထိအခိုက်မရှိထွက်ပြေးနိုင်စွမ်းရှိသည်။
"ဒါက လူတွေချဲ့ကားပြီးပြောကြတာပါ။ ကျုပ်က အကိုလုလောက် နာမည်မကျော်ပါဘူး"
ရွှဲ့ရှီလုန် အမှန်အတိုင်းဝန်ခံသည်။ မြောက်ပိုင်းတိုက်နယ်တွင်သာ သူကျော်ကြားသည်။ ထိုတိုက်နယ်မှလွန်လျှင် ဘယ်သူ့မှ သူ့အကြောင်းသိမည်မဟုတ်။
လုယန်က ထိုသို့မဟုတ်။ တစ်လောကလုံးတွင် နာမည်ကျော်သည်ဟု ပြောရမည်။
ရွှဲ့ရှီလုန် ပြောစရာအကြောင်းရင်းတစ်ခု ရသွားသကဲ့သို့ ချက်ချင်းစကားစသည်။
"ရေခဲဆင်နတ်ဆိုးဘုရင်အလောင်းမှာ ကျန်ခဲ့တဲ့ဓားချီက တကယ်အံ့ဩစရာပဲ။ ကျုပ်စုစည်းခြင်းအဆင့်ရောက်ရင်တောင် ဒီလိုဓားချက်မျိုး မထုတ်နိုင်လောက်ဘူး။ ကျုပ်တို့မြောက်ပိုင်းတိုက်နယ်မှာ ဒီလိုစွမ်းအားရှင်မျိုးရှိမယ် မထင်ခဲ့ဘူး။
မဟာနတ်ဆိုးလေးကောင်ကို ဓားတစ်ချက်စီသုံးပြီး သေသေသပ်သပ် အပြတ်ရှင်းခဲ့တာ။ ကျန်ခဲ့တဲ့ ဓားချီတွေကလည်း လျော့မသွားဘူး။ ဒုမြို့တော်သခင်မာက ဒီဓားချီမြင်တော့ သူ့ကိုယ်သူအတော်ရှက်သွားတယ်ကြားတယ်။
ဓားချီကိုသွားထိလို့ ဒဏ်ရာအပြင်းအထန်ရပြီး ဓားကျင့်ကြံမှုကို လက်လျှော့လုနီးပါးဖြစ်သွားတယ်တဲ့။
လေဟာနယ်သန့်စင်အဆင့်ကို ကျုပ်တက်နိုင်ဖို့ အဓိကသော့ချက်ဟာ ဒီမူရွှဲ့မြို့မှာရှိနေတယ်လို့ ကျုပ်ခံစားရတယ်။ ဒီဓားချီကိုလေ့လာပြီး သဘောတရားနည်းနည်းလောက် နားလည်ရင် ကျုပ်ဓားစွမ်းရည်က အဆင့်သစ်တစ်ခု တက်သွားမှာသေချာတယ်။
ဒါနဲ့..အကိုလုက ဘာလို့မူရွှဲ့မြို့တော်ကို ရောက်နေတာလဲ။ ဟိုဓားချီကို လာကြည့်တာပဲလား"
"အင်း..အဲဒီ့ဓားချီက ငါချန်ခဲ့တာပါ"
"အဟွတ် အဟွတ်"
ရွှဲ့ရှီလုန် ရုတ်တရက် လည်ပင်းအစ်သလိုခံစားရပြီး ချောင်းအသည်းအသန်ဆိုးလာသည်။ ရှက်စိတ်ကြောင့် ပါးနှစ်ဘက်နီရဲသွားသည်။
"အကို့ဓားချီပေါ့"
ရွှဲ့ရှီလုန်အမူအရာကိုကြည့်၍ လုယန်နည်းနည်းအံ့ဩသွားသည်။
"မင်းမသိဘူးလား။ အခုငါက လေဟာနယ်သန့်စင်အဆင့်လေ။ ဒါကြောင့် သေမျိုးလောကအတွေ့အကြုံယူတဲ့အနေနဲ့ ဒီမှာလာနေတာပါ"
"အကိုလုက လေဟာနယ်သန့်စင်အဆင့်လား"
ရွှဲ့ရှီလုန် ချောင်းဆိုးသံပို၍ပြင်းထန်လာသည်။ ဓားပွဲတော်ကျင်းပစဉ်က သူသည် ဝိညာဉ်ပြောင်းအလတ်တန်းဆင့်ဖြစ်သည်။ လုယန်က အခြေခံအဆင့်ဖြစ်သည်။
ထိုနောက်ပိုင်း တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနှင့် သူနှင့်သူ့အကိုကို လသံလွင်နန်းတော်က ဖမ်းဆီးခဲ့သည်။ လနန်းတော်အကူအညီကြောင့် သူ့နှင်းအင်ပါယာသွေးဆက် နိုးထခဲ့သည်။
မြောက်ပိုင်းနယ်မြေတွင် အပြင်းအထန်ကျင့်ကြံလဲ့သညါ။ သို့သော် လုယန်၏ကျင့်စဉ်အဆင့်က သူ့ထက်ဘာကြောင့် သာနေသည်မသိ။
"ဒါလည်း မဟုတ်သေးဘူး။ အကိုက လေဟာနယ်သန့်စင်အဆင့်ဆိုရင် စုစည်းခြင်းအဆင့်ထိပဲ ကျင့်စဉ်တက်နိုင်မှာမဟုတ်လား။ ဒီလိုဓားချက်မျိုးကို မထုတ်နိုင်လောက်ပါဘူး"
"ဪ..အဲဒါလား။ ငါလေဟာနယ်သန့်စင်အဆင့်တက်တုန်းက တစ်ခါမှမရှိခဲ့ဖူးတဲ့ ကောင်းကင်ဆင်းရဲကို အမှတ်မထင်ကြုံခဲ့ရတယ်လေ။
ဒါကြောင့် ငါ့လေဟနယ်သန့်စင်အဆင့်က တစ်ခြားလူတွေနဲ့ နည်းနည်းကွဲပြားသွားတယ်။ ငါ့ကျင့်စဉ်အပြောင်းအလဲက ချီအဆင့်နဲ့ကူးဖြတ်ခြင်းအဆင့်ကြားမှာရှိတယ်"
ရွှဲ့ရှီလုန် ကျောက်ရုပ်လိုဖြစ်သွားသည်။ မူရွှဲ့မြို့တော်သို့ သူမလာခဲ့သင့်။ သူ့တာအိုနှလုံးက အားကောင်းသော်လည်း ထိုသို့အဆက်မပြတ် အံ့ဩတုန်လှုပ်ရသည့်အဖြစ်မျိုးကို ခံနိုင်ရည်မရှိ။
"အခုလောလောဆယ် အကိုလု ဒီမြို့တော်မှာ နေဦးမှာလား"
"ငါ့လက်ရှိကျင့်စဉ်အဆင့်က မတည်ငြိမ်သေးတော့ တစ်ခြားနေရာတွေသွားရင် အန္တရာယ်ရှိနိုင်တယ်။ လောလောဆယ်တော့ ဒီသိုင်းကျောင်းမှာပဲနေဦးမယ်"
"သိုင်းကျောင်းက လူသစ်ခေါ်သေးလား။ ကျုပ်ဒီမှာနေလို့ရလောက်လား"
ရွှဲ့ရှီလုန် စိတ်အားထက်သန်စွာမေးသည်။ အစက မူရွှဲ့တွင် အချိန်အတော်ကြာအောင်နေပြီး မဟာနတ်ဆိုးအလောင်းမှ ဓားချီကိုလေ့လာဖို့ စိတ်ကူးခဲ့သည်။
သို့သော် လုယန်ရှိနေပြီဖြစ်၍ ဓားချီကို သွားကြည့်စရာမလိုတော့။
"ဆရာမုရုံကို သွားမေးရမယ်ထင်တယ်။ ဪ...ဆရာမုရုံဆိုတာ ကျားဟိန်းသံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။
ရွှဲ့ရှီလုန် အတည်ပြောနေခြင်းဖြစ်ကြောင်း လုယန် နားလည်သည်။ သို့သော် ကိစ္စမရှိ။ ဘယ်သူ့ကိုသင်ရသင်ရ သိပ်အရေးမကြီး။
ရွှဲ့ရှီလုန် အဝတ်အစားများ သပ်ရပ်အောင်ပြုပြင်ပြီးနောက် ကျားဟိန်းသံဂိုဏ်းချုပ်ကို သွားတွေ့သည်။
မုရုံယွီသူ့ကိုမှတ်မိမည်ကိုလည်း မစိုးရိမ်။ မြောက်ပိုင်းတိုက်နယ်တွင် သူ့နာမည်က ကျော်ကြားသော်လည်း သူ့မျက်နှာကို တကယ်မြင်ဖူးသူ မရှိသလောက်ရှားသည်။
လမ်းပေါ်တွင် လူတစ်ယောက်သူ့ကိုမှတ်မိ၍ လှမ်းအော်ခဲ့သည့်အဖြစ်က တိုက်ဆိုင်သွားခြင်းဖြစ်သည်။
သို့သော် အရေးအကြီးဆုံးအကြောင်းရင်းက... ရုပ်ဖျက်ပညာကို သူမတတ်။
ဓားကျင့်ကြံသူတို့သည် ပွင့်လင်းစွာလှုပ်ရှားလေ့ရှိသည်။ ရုပ်ဖျက်ပညာ ကိုယ်ပျောက်ပညာ စွမ်းအင်ဖုံးကွယ်ပညာများကို စိတ်မဝင်စားကြ။
မုရုံယွီ၏ အိမ်တော်က သိုင်ကျောင်းခန်းမနောက်ဘက်တွင် ရှိသည်။ လုယန်က ရွှဲ့ရှီလုန်ကို ခေါ်သွားသည်။
"ဆရာမုရုံ၊ အထဲမှာရှိလား"
"ဝင်ခဲ့ပါ"
လုယန်နှင့် ရွှဲ့ရှီလုန် ဝင်သွားသည်။
"ရှောင်လု၊ ဒါက ဘယ်သူလဲ"
"ကျုပ်မျိုးရိုးနာမည်က ရှုပါ ဆရာမုရုံ။ ဆရာလုရဲ့မိတ်ဆွေပါ။ သိုင်းကျောင်းမှာ သိုင်းပညာသင်ပေးချင်လို့ပါ"
မုရုံယွီ အတော်အံ့အားသင့်သွားသည်။
"မင်းက ရှောင်လုမိတ်ဆွေလား။...ရှောင်လု၊ မင်းမှတ်ဉာဏ်တွေ ပြန်ရလာပြီပေါ့"
"..နည်းနည်းပဲ ပြန်ရတာပါ"
သက်တမ်းရင့်သူဖြစ်၍ မုရုံယွီ အခြေအနေကို ချက်ချင်းနားလည်သည်။ ရှောင်လုက မှတ်ဉာဏ်တစ်ချို့သာ ပြန်ရလာခြင်းဖြစ်သည်။ အလွန်အကျွံ လှုံ့ဆောင်မှုမပေးသင့်။ ဖြေးဖြေးချင်း မှတ်ဉာဏ်ပေါ်ဖို့သာ ကြိုးစားရမည်။
ရှောင်လုကို စောင့်ရှောက်ပေးဖို့ သူ့မိတ်ဆွေက သိုင်းကျောင်းတွင်ခဏနေဖို့ ဆုံးဖြတ်ထားသည်။
"ဆရာရွှဲ့ရဲ့ ကျင့်စဉ်အဆင့်ကဘာလဲ။ ဘယ်လိုသိုင်းပညာမျိုး သင်မှာလဲ"
"အခြေတည်...အခြေတည်အစောပိုင်းအဆင့်ပါ။ ဓားပညာကို ကျုပ်နည်းနည်းနားလည်ပါတယ်။ အဲဒီ့ပညာသင်ပါမယ်"
"ဓားပညာတော့ အဆင်မပြေလောက်ဘူး"
မုရုံရွှဲ့ ခေါင်းခါသည်။
"ဓားတွေက ဈေးကြီးတယ်လေ။ ဒီကိုလာတက်တဲ့ ကျောင်းသားအများစုရဲ့ မိဘတွေက ဆင်းရဲကြတယ်။ ငွေများများမတတ်နိုင်ဘူး။ ဓားဝယ်ဖို့တောင် မတတ်နိုင်ကြဘူး။ ဒီတော့ ဓားပညာသင်*သ် သူတို့အတွက် အကျိုးမရှိနိုင်ဘူး"
ရွှဲ့ရှီလုန် အကူအညီတောင်းသည့်မျက်လုံးဖြင့် လုယန်ကို လှည့်ကြည့်သည်။ ဓားပညာမသင်လျှင် သူတစ်ခြားဘာသင်ရမည်နည်း။ တိုက်ခိုက်ချိန်တွင် ကိုယ့်ဝတ်စုံသွေးမစွန်းအောင် ကိုယ်ဟန်ထိန်းသည့်နည်းလမ်းများ သင်ရမည်လော...
လုယန် ရွှဲ့ရှီလုန်ကိုယ်စား ဝင်ပြောသည်။
"ထွန်ခြစ်ပညာ၊ ဂေါ်ပြားပညာတွေ သူသင်နိုင်ပါတယ်"
"ထွန်ခြစ်ပညာ...ဂေါပြားပညာ...အား အဲဒါ အဆင်ပြေလောက်တယ်"
မုရုံယွီမျက်လုံးများ အရောင်လက်လာသည်။ ရှောင်လု၏မိတ်ဆွေသည် တကယ်စွယ်စုံရသူဖြစ်သည်။
ထွန်ခြစ်များ ဂေါ်ပြားများသည် လယ်ယာသုံးပစ္စည်းများဖြစ်သလို အရေးပေါ်အခြေအနေတွင် လက်နက်အဖြစ်လည်း သုံးနိုင်သည်။ သို့သော် ထိုလက်နက်များကိုင်သည့် ကျင့်ကြံသူ အတော်ရှားသည်။ မူရွှဲ့မြို့တော်တွင် ထိုလက်နက်ပညာတတ်ကျွမ်းသူ သိပ်မရှိ။
ငါက ထွန်ခြစ်ပညာတွေ..ဂေါပြားပညာတွေ တတ်တယ်တဲ့လား..
ရွှဲ့ရှီလုံး ပြန်စဉ်းစားသည်။ တကယ်တတ်ကျွမ်းသည်ဟု ခံစားမိလာသည်။ ဘယ်လမ်းစဉ်လျှောက်လျှောက် မဟာတာအိုသာ ပန်းတိုင်ဖြစ်သည်။ သူသည် ဓားပညာကို စိတ်နှစ်၍ ဝိညာည်ပြောင်းအဆင့်ထိရောက်အောင် ကျင့်ကြံထားသူဖြစ်သည်။
တစ်ခြားလက်နက်များကိုလည်း ဓားနှင့်ယှဉ်တွေး၍ နားလည်နိုင်စွမ်းရှိသည်။ ကျောင်းသားအုပ်စုတစ်ခုကိုသင်ဖို့ ကောင်းကောင်းလုံလောက်သည်။
"လစာအနေနဲ့ တစ်လကို ဝိညာဉ်ကျောက်ငါးတုံးပေးမယ်ဆိုရင် အဆင်ပြေလောက်မလား"
"ပြေပါတယ်"
ရွှဲ့ရှီလုန် ငွေကို သိပ်အရေးမစိုက်။
"ဒါဆို ရှောင်လုအခန်းဘေးမှာ မင်းနေလို့ရတယ်"
တရားဝင်သိုင်းဆရာအဖြစ် သတ်မှတ်ပြီးဖြစ်၍ သိုင်းကျောင်းတွင် တရားဝင်နေခွင့်ရလာသည်။ လုယန်ကို ဓားပညာနှင့်ပတ်သက်၍ လမ်းညွှန်ချက်များ တောင်းခံနိုင်သည်။
"အကိုလုယန်၊ ဓားပညာနဲ့ ပတ်သက်ပြီး ကျုပ်မရှင်းတာတစ်ချို့..."
လုယန် ရွှဲ့ရှီလုန်ကို တစ်ချက်စိုက်ကြည့်သည်။
"ဘာဓားပညာလဲ။ ထွန်ခြစ်ပညာတွေ ဂေါ်ပြားပညာတွေ မင်းတတ်ပြီးပြီလား။ ကိုယ့်ဘာသာ အရင်သွားလေ့ကျင့်ထားပါ။ အဲလိုလုပ်မထားရင် မနက်ဖြန် ကလေးတွေကို မင်းဘယ်လိုသင်မှာလဲ"
"ဟုတ်ကဲ့"
ကျားဟိန်းသံသိုင်းကျောင်းသို့ စဝင်သည့်နေ့တွင် ထွန်ခြစ်နှင့်ဂေါ်ပြားသုံးနည်းကို ရွှဲ့ရှီလုန် လေ့လာရသည်။
************************************