အခန်း ၁၁၆၆
Vol. 78 Ch. 1166
အခန်း (၁၁၆၆) မခိုင်သေးသည့်တံခါး
ပင်းဝေ့နှင့်ပင်းဝေ ကြောက်ဒူးတုန်နေသည်။ မျက်ရည်ကျမတတ်ဖြစ်နေသည်။
သူတို့လည်း ရွှဲ့ရှီလုန်လို ဝိညာဉ်ပြောင်းနောက်ဆုံးအဆင့်များဖြစ်သည်။ သူတို့နှစ်ယောက်ပူးပေါင်းလျှင် စုစည်းခြင်းအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသည်။
သို့သော် ရွှဲ့ရှီလုန်က စုစည်းခြင်းအဆင့်များကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် ဓားကျင့်ကြံသူဖြစ်သည်။
စုစည်းခြင်းအခြေခံအဆင့်များနှင့် လက်ရည်တူယှဉ်နိုင်သည်ဟု ပြောကြသည်။ နတ်ဆိုးဘုရင်နှင့်ပင် တိုက်ခိုက်ခဲ့သည်ဟု ကောလဟာလများပေါ်နေသည်။ ထိုပြုင်ဘက်နှစ်ယောက်လုံး အနိုင်မရခဲ့ကြဟု ဆိုသည်။ ရွှဲ့ရှီလုန်လည်း ဒဏ်ရာမရ။
ရွှဲ့ရှီလုန် ဓားတစ်ချက်ခုတ်လျှင် သူတို့နှစ်ယောက် သေမည်မဟုတ်သော်လည်း ဒဏ်ရာအပြင်းအထန်ရပေလိမ့်မည်။
သို့သော်ယခု ရွှဲ့ရှီလုန်က ဘာကြောင့် ထွန်ခြစ်တစ်ချောင်းကိုင်ထားမှန်းမသိ။
ပင်းဝေ့နှင့်ပင်းဝေ့ မှော်လက်စွပ်ထဲမှ သံချောင်းများ တူများထုတ်၍ တံခါးကိုပြင်ကြသည်။ ထုရိုက်သံများ ပေါ်လာသည်။
မျိုးနွယ်ခေါင်းဆောင်၏ နောက်လိုက်လူယုံများဖြစ်၍ လူသတ်မီးရှို့သည့်အလုပ်များမှအစ တံခါးပြင် ဖိနပ်ပြင်သည့်အလုပ်များထိ အားလုံးကျွမ်းကျင်သည်။
ရွှဲ့ရှီလုန် စောင့်ကြည့်နေသဖြင့် သာမန်သစ်သားကို မသုံးရဲကြ။ နဂါးသွေးသစ်သားများကို ရင်နာနာဖြစ်ထုတ်၍ တံခါးအသစ်တစ်ခု ဖန်တီးသည်။
နဂါးသွေးသစ်သား။ ဝိညာဉ်ပြောင်းအဆင့် မှော်အဆောင်များလုပ်ဖို့ ထိပ်တန်းကုန်ကြမ်းဖြစ်သည်။
"ဆရာရွှဲ့၊ သင်တန်းကို ဆက်သင်ပါ။ ကျုပ်တို့ ဆက်ပြီးအနှောက်အယှက်မပေးတော့ပါဘူး"
ပင်းဝေ့နှင်ပင်းဝေ ဦးညွှတ်အရိုအသေပြု၍ သိုင်းကျောင်းထဲမှ ခေါင်းငုံ့ခါးကိုင်း၍ ထွက်သွားသည်။
မူရွှဲ့မြို့ပြင်သို့ ရောက်ပြီးနောက် ချက်ချင်းရေနဂါးအသွင်ပြောင်း၍ အရှိန်ကုန်တင်ပြီးထွက်ပြေးကြသည်။ အံ့ဩနေသည့် လမ်းသွားလမ်းလာများကို အရေးမစိုက်တော့။
ရေခဲနဂါးမျိုးနွယ်ခေါင်းဆောင် ရေခဲစင်မြင့်ပေါ်တွင် ထိုင်နေသည်။ သူ့အသွင်က တည်ကြည်ခံ့ညားသည်။ ဩဇာရိပ်လွှမ်းသည်။ ရေခဲနဂါးမျိုးနွယ်တွင် သူသည် အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။
သုံးစားမရသည့် လူယုံနှစ်ယောက်၏ အစီရင်ခံချက်ကြောင့် သူမျက်မှောင်ကျုံ့သွားသည်။
"ရွှဲ့ရှီလန်က ဟိုခွေးသူတောင်းစားလေးကို သိုင်းကျောင်းမှာ ထွန်ခြစ်သိုင်းပညာ သင်ပေးနေတယ်ပေါ့"
"မှန်ပါတယ်သခင်"
ပင်းဝေ့နှင့်ပင်းဝေ မျက်ရည်စက်လက်ဖြင့် ပြန်ဖြေသည်။ အဆက်မပြတ်ဦးညွှတ်၍ ကြောက်စရာမြင်ကွင်းကို ပြန်ပြောသည်။
"ကျုပ်တို့ဆက်နေရင် ဟိုအာဏာပါးကွက်သားရဲ့ဓားချက်နဲ့ ကျုပ်တို့အပိုင်းပိုင်းပြတ်ထွက်သွားမယ်လို့ ခံစားခဲ့ရပါတယ်"
မျိုးနွယ်ခေါင်းဆောင် အေးစက်စက်နှာခေါင်းရှုံ့သည်။
"သူရဲဘောကြောင်တဲ့ကောင်တွေ။ အခြေအမြစ်မရှိ ကြောက်နေကြတာပဲ။ လက်တွေ့အခြေအနေကိုတောင် မသုံးသပ်နိုင်ကြတော့ဘူးလား။ ရွှဲ့ရှီလုန် မူရွှဲ့ကိုလာတာ ဟိုအဓိပဓိဓားသခင်ချန်ခဲ့တဲ့ ဓားချီကိုလေ့လာဖို့ပဲဖြစ်မယ်။
သိုင်းကျောင်းကို ယာယီတည်းခိုစရာအဖြစ်အသုံးချပြီး အားတဲ့အချိန်မှာ သိုင်းကွက်နည်းနည်းသင်ပေးရုံပဲဖြစ်မှာပါ။ ဟိုခွေးသူတောင်းစားကို ရွှဲ့ရှီလုန်တပည့်လို့ မင်းတို့တကယ်ထင်နေကြတာလား"
ရှစ်ယီသည် ရေခဲနဂါးမျိုးနွယ်နှင့် ပတ်သက်နေသူဖြစ်သည်။ အပြင်လူကို လက်စဖျောက်ခိုင်းခြင်းထက် သူ့လူယုံများကိုခိုင်းသည်က ပိုကောင်းသည်။
"ကြည့်ရတာ ငါကိုယ်တိုင် လှုပ်ရှားရတော့မယ်ထင်တယ်"
မျိုးနွယ်ခေါင်းဆောင် အချိန်မဆွဲ။ မူရွှဲ့မြို့တော်သို့ ချက်ချင်းသွားသည်။
စုစည်းခြင်းအဆင့် ဝါရင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ ရွှဲ့ရှီလုန်လို တက်သစ်စ လူသတ်စွမ်းအားရှင်များကို သူမကြောက်။
မြေပေါ်သို့ဆင်းပြီးနောက် လူအသွင်ပြောင်းလိုက်သည်။ လူသတ်ရိပ်ကိုပင် ဖုံးကွယ်မထား။ ဘေးမှဖြတ်သွားသူတိုင်း ထိုစမ်းအင်ရောင်ကို ထိတ်လန့်သဖြင့် ရှောင်ဖယ်သွားကြသည်။
ကျားဟိန်းသံသိုင်းကျောင်းသို့ သူတန်းသွားသည်။ တံခါးကိုကန်ဖွင့်လိုက်သည်။ တံခါးရွက်များ အစိတ်စိတ်အမွှာမွှာကြေမွသွားသည်။
"ရွှဲ့မျိုးရိုး...ငါ့လက်အောက်ခံနှစ်ယောက်ကြောက်တိုင်း ငါကြောက်တယ်လို့မထင်..."
"ရှောင်ရှစ်၊ လက်သီးထိုးတဲ့အချိန်မှာ မင်းစိတ်ခံစားချက်အတိုင်း လှုပ်ရှားပါ။ ခန္ဓာကိုယ်ကို အရမ်းတောင့်မထားနဲ့"
ရှစ်ယီ၏ ဟာကွက်များကို လုယန် ထောက်ပြနေသည်။
ရှစ်ယီက ဇွဲကောင်းကောင်းဖြင့်လေ့လာသည်။ ဆရာလုလမ်းညွှန်ချက်အတိုင်း အားလုံးလုပ်သည်။ ကျားလက်သီးပညာကြောင့် သူ့သွေးဆက်နိုးထလာခြင်းဖြစ်သည်ဟု သူယူဆသည်။
ကျောင်းသားများအားလုံး ရေခဲနဂါးမျိုးနွယ်ခေါင်းဆောင်ကို လှည့်ကြည့်သည်။
လုယန်လည်း လှမ်းကြည့်သည်။
လုယန်မျက်နှာကို သေချာမြင်ရပြီးနောက် မျိုးနွယ်ခေါင်းဆောင် ရေခဲချောက်နက်ထဲ ကျသွားသလိုခံစားရသည်။ တစ်ကိုယ်လုံး ရေခဲရုပ်ထုလို့ တောင့်တင်းသွားသည်။
ရေခဲနဂါးမျိုးနွယ်သည် နဂါးမျိုးနွယ်ခွဲတစ်ခုဖြစ်သည်။ ကံကောင်းထောက်မ၍ အရှေ့ပင်လယ် နဂါးအိုအင်ပါယာမွေးနေ့ပွဲသို့ သူတက်ခွင့်ရခဲ့သည်။ လုယန်နှင့်နဂါးဘိုးဘေး နဂါးပုလဲထဲမှပေါ်လာသည်ကို ကိုယ်တွေ့မြင်ခဲ့သည်။
နဂါးဘိုးဘေးအောင်းလင်းက သူ့ကိုနှိုးခဲ့သည့် ကိစ္စအတွက် လုယန်ကိုပင် ကျေးဇူးတင်စကားဆိုခဲ့သည်။
လုယန်သည် တာအိုလမ်းစဉ်ဂိုဏ်း၏ နောက်တက်လာမည့်ခေါင်းဆောင်ဟုလည်း သူသတင်းကြားသည်။ ကောင်းကင်သခင်ကွေ့ယန်နှင့် နဂါးဘိုးဘေးတစ်ယောက်ဖြစ်သည့် အောင်းယာ၏တာအိုလက်တွဲဖော် ပင်လယ်တာအိုသခင်တို့က လုယန်ကို များစွာအလေးထားသည်။
ထို့ပြင် လုယန်သည် ယနေ့ခေတ်၏ နံပတ်တစ်ပါရမီရှင်ဖြစ်သည်။ အလွန်အင်အားတောင့်တင်းသည့် နောက်ခံမျိုးရှိသည်။
ထိုနောက်ခံထဲတွင် သူအနိုင်ယူနိုင်မည့်လူ တစ်ယောက်မှမရှိ။
"ခင်ဗျားဘာလုပ်နေတာလဲ"
လုယန် မျက်မှောင်ကျုံ့သွားသည်။ သူ့သင်တန်း နှောက်ယှက်ခံရသည်။
မျိုးနွယ်ခေါင်းဆောင်က ဒေါသထွက်နေဟန်ဖြင့်
"ကျုပ်လက်အောက်ခံနှစ်ယောက်က ခိုင်းလိုက်ရင် ဘယ်တော့မှတာဝန်မကျေဘူး။ သူတို့ပြင်ထားတဲ့ ဒီတံခါးကိုကြည့်ဦး။ လုံးဝမခိုင်ဘူး။ တစ်ချက်ကန်လိုက်တာနဲ့ ကွဲထွက်သွားတယ်။ တကယ်ရှက်စရာကောင်းတာပဲ။ ကျုပ်ကိုယ်တိုင် လာစစ်ဆေးမိလို့ တော်သေးတာပေါ့။
စိတ်ချပါ။ ဒီတံခါး တကယ်ခိုင်ခံ့သွားအောင် ကျုပ်ပြန်ပြင်ပေးပါ့မယ်"
ထိုသို့ပြောရင်း မှော်လက်စွပ်ထဲမှ သံချောင်းများ တူများနှင့် နှစ်တစ်သောင်းသက်တမ်းရှိသည့် နဂါးခွေသစ်သားကို ထုတ်သည်။
နှစ်တစ်သောင်းနဂါးခွေသစ်သားသည် ရေခဲနဂါးမျိုးနွယ်၏ အဓိကရတနာတစ်ခုဖြစ်သည်။ ထိုသစ်သားမျိုးထုတ်သုံးရတိုင်း သူရင်နာသည်။
မကြာမီ သိုင်းကျောင်း၏ သစ်သားတံခါးအသစ်တစ်ခု တပ်ဆင်၍ပြီးသွားသည်။ ရေခဲနဂါးခေါင်းဆောင် ကြိုးစားပြုံးပြ၍ နောက်ဆုတ်ထွက်သွားသည်။
"ဆရာ့သင်တန်းကို ထပ်ပြီးမနှောက်ယှက်တော့ပါဘူး။ ဆက်သင်လို့ရပါပြီ"
သိုင်းကျောင်းအပြင်ဘက်ရောက်သည်နှင့် ရေခဲနဂါးအသွင်ပြောင်းပြီး သူ့မျိုးနွယ်ဆီ ချက်ချင်းပြေးသည်။ ကြုံခဲ့ရသည့်အဖြစ်ကြောင့် သူတုန်လှုပ်နေဆဲဖြစ်နေသည်။
"အဖေ၊ ဟိုခွေးသူတောင်းစားလေးကို သတ်ခဲ့ပြီလား"
မျက်နှာဖြူရော်နေသည့် သားဖြစ်သူက ယိုင်နဲ့နဲ့ခြေလှမ်းများဖြင့် လျှောက်လာပြီး မပွင့်တပွင့်ပြုံး၍ သူ့ဖခင်ရေခဲနဂါးခေါင်းဆောင်ကိုမေးသည်။
ပင်းဝူအလှကို သူအရင်ကတည်းက သဘောကျခဲ့သည်။ သို့သော် ပင်းဝူက သူ့ကိုခါးခါးသီးသီးငြင်းသည်။ သူ့ဖခင်ကိုယ်တိုင် ဖျောင်းဖျခဲ့သည့်တိုင် မရ။
ပင်းဝူစိတ်ထဲတွင် သူ့သားအကြောင်းသာ တွေးနေခြင်းဖြစ်မည်။
ယခု သူ့ဖခင်က ထိုကောင်လေးကိုသတ်၍ သံယော်ဇဉ်ကြိုးကို ဖြတ်တောက်ခဲ့သည်။ ပင်းဝူ သူ့ဘက်သို့ အာရုံရောက်လာလိမ့်မည်။
"ဖျောင်း"
မျိုးနွယ်ခေါင်းဆောင် သူ့သားမျက်နှာကို ဖြတ်ရိုက်လိုက်သည်။
"ဘာခွေးသူတောင်းစားလဲ။ အပြောအဆိုဆင်ခြင်စမ်း။ သူက ငါတို့မျိုးနွယ် လျှို့ဝှက်လေ့ကျင်ပေးထားတတဲ့ အမွေခံသားတော်ကွ"
"ဘယ်လို"
သားဖြစ်သူ မျက်နှာကိုလက်ဖြင့်ပွတ်ရင်း မင်သက်မိသွားသည်။
မျိုးနွယ်ခေါင်းဆောင်က ဘာမှထပ်ရှင်းမပြ။ တားမြစ်အကျဉ်းထောင်သို့ ချက်ချင်းသွား၍ ပင်းဝူကိုလွှတ်ပေးသည်။ လုယန် သူ့အပေါ် အငြှိုးအတေးတစ်ခု မထားစေချင်။
သူတို့ရေခဲနဂါးမျိုးနွယ်၏ အကြီးဆုံးအိပ်မက်က နဂါးစစ်တစ်ကောင်မွေးထုတ်ပေးပြီး နဂါးနန်းတော်သို့ ဝင်နိုင်ဖို့ဖြစ်သည်။ လုယန်ကို သွားရန်စမိလျှင် သူ့စကားတစ်ခွန်းဖြင့် ရေခဲနဂါးမျိုးနွယ်၏အိပ်မက် ပျက်စီးသွားနိုင်သည်။
"ပင်းဝူ။ မင်းရဲ့သားနဲ့ယောက်ျားကို ဒီကိုခေါ်လာပေးရမလား။ ဒါမှမဟုတ် မင်းသူတို့ဆီ သွားတွေ့မလား"
ပင်းဝူက မျိုးနွယ်ခေါင်းဆောင်ကို မယုံမရဲကြည့်သည်။ သဘောထားပြောင်းလဲသွားပုံက ရုတ်တရက်ဆန်လွန်းသည်။ လှည့်ကွက်တစ်ခုဖြစ်နေမည်ကို စိုးရိမ်သည်။
"သူတို့ဆီသွားမယ်"
ရှစ်ယီအိမ်ပြန်ရောက်ချိန်တွင် အရက်ဖြတ်ထားသည့် သူ့ဖခင်က သောကကိုအရက်နှင့်မျှောချပြီး စားပွဲပေါ်မှောက်နေသည်ကို မြင်လိုက်ရသည်။
သူ့မိန်းမကိစ္စကို သူကျိတ်မှိတ်မျိုသိပ်ထားခဲ့သည်။ သို့သော် သူ့သားကို ပြန်ပြောပြလိုက်ရသဖြင့် အတိတ်မှတ်ဉာဏ်များ ပြန်ပေါ်လာသည်။ သူ့နာကျင်မှုကို အရက်ကသာ သက်သာအောင်လုပ်နိုင်သည်။
ရှစ်ယီသက်ပြင်းချသည်။ တစ်ချိန်တည်းမှာပင် တိုက်ခိုက်လိုစိတ်များလည်း တဟုန်ထိုးမြင့်တက်လာသည်။
ရေခဲနဂါးမျိုးနွယ်လည်း သူအရေးမစိုက်။ သူ့အသက်ကို ရင်းနှီးရလျှင်ပင် သူ့အမေကို ရအောင်ကယ်တင်မည်။
ကျားလက်သီးသိုင်းလေ့ကျင့်လျှင် သူ့သွေးဆက်ကို လှုံ့ဆောင်နိုင်ကြောင်း သူသတိထားမိသည်။ ဘာကြောင့်မှန်းတော့မသိ။ ထိုလက်သီးသိုင်းသည် သူ့အမေကိုကယ်နိုင်ဖို့ အဓိကသော့ချက်ဖြစ်လာမည်ဟု ခံစားနေရသည်။
ရုတ်တရက် အိမ်တံခါးပွင့်သွားသည်။ မြောက်ပြန်လေများ လှိမ့်ဝင်လာသည်။ နှင်းမှုန်များ အိမ်ထဲသို့လွင့်ပျံလာသည်။ မိန်းမလှတစ်ယောက် တံခါးဝတွင်ရပ်နေသည်။ အာပျော်မျက်နှာဖြင့် မျက်ရည်ကိုဖုံးကွယ်ထားသည်။
မုဆိုးရှစ်၏မြင်ကွင်းများ မှုန်ဝါးသွားသည်။ ဆယ့်ငါးနှစ်ခန့် ပျောက်ကွယ်သွားခဲ့သည့် ပုံရိပ်ကို ပြန်မြင်ရသလို ခံစားရသည်။
"ပင်းအာ"
....
စားပွဲပေါ်တင်ထားသည့် ဂုဏ်ပြုအလံကိုကြည့်၍ မုရုံယွီ အတွေးနက်နေသည်။ သူ့တပည့်များက ထိုအလံအကြောင်း ဘာမှမသိဟု ပြောသည်။ ထို့ကြောင့် ဆရာလုနှင့် ဆရာရွှဲ့ကို သူခေါ်လိုက်သည်။
အလံကိုလက်ညှိုးထိုးပြ၍ သူမေးသည်။
"ရှစ်ယီယီမိသားစုက ဒီပိုးသားအလံ ငါတို့သိုင်းကျောင်းကို ပို့လိုက်တာ။ သူတို့မိသားစု ပြန်ပေါင်းစည်းနိုင်အောင် ကူညီခဲ့တဲ့အတွက် ငါတို့ကိုကျေးဇူးတင်တယ်လို့ ပြောတယ်။ ဒီကိစ္စရဲ့အကြောင်းရင်းကို မင်းတို့သိကြလား"
ဆရာနှစ်ယောက်က မုရုံယွီကို အူတူတူမျက်နှာဖြင့်ကြည့်၍ ခေါင်းခါသည်။
"ပြီးတော့ ငါတို့သိုင်းကျောင်းတံခါးကို အသစ်ပြုပြင်ထားတယ်။ အဲဒါ မင်းတို့လူငှားပြီးလုပ်ခိုင်းခဲ့တာလား"
ဆရာနှစ်ယာက် အူတူတူကြည့်၍ ခေါင်းခါကြပြန်သည်။
"ကျုပ်တို့ဘယ်သူ့ကိုမှ မငှားခဲ့ပါဘူး"
မုရုံယွီ သက်ပြင်းချသည်။ လောကတွင် စိတ်ရင်းစေတနာကောင်းသူ တကယ်ထိုမျှပေါများနေသလော...
*****************************