အခန်း ၁၁၆၉
Vol. 78 Ch. 1169
အခန်း (၁၁၆၉) ကျားဟိန်းသံဂိုဏ်းခေါင်းဆောင်
"မြောက်ပိုင်းနယ်မြေကိုရောက်ကတည်းက ငါ့ကျင့်စဉ်အဆင့်ကိုဖုံးကွယ်ပြီး သိုင်းကျောင်းတစ်ခုမှာ လက်သီးသိုင်းသင်ပေးနေတာ။ နေထွက်ချိန်ကနေ နေဝင်ချိန်အထိ ပုံမှန်ကိစ္စတွေနဲ့ပဲ လည်ပတ်နေတာ"
လုယန်စကားကြောင့် မုန်ကျင်းကျိုးပျော်သွားသည်။ ထိုအခြေအနေအရဆိုလျှင် ဤနေရာသည် ဘေးကင်းသည့်သဘောဖြစ်သည်။
"ဒါဆို မြောက်ပိုင်းနယ်မြေကို ရောက်လာကတည်းက တိုက်ပွဲတစ်ခါမှ မကြုံသေးဘူးပေါ့"
"အင်း...အဲလိုလည်းမဟုတ်ပါဘူး။ တစ်ပွဲတော့ကြုံတယ်"
"တိုက်ပွဲတစ်ပွဲလောက်က ကိစ္စမရှိပါဘူး။ မင်းပြိုင်ဘက်က ဘယ်သူလဲ"
"မဟာနတ်ဆိုးဘုရင်လေးကောင်နဲ့ သားရဲကပ်အတွက် ဖွဲ့စည်းထားတဲ့ နတ်ဆိုးသားရဲတွေပါ"
"...မင်းမြောက်ပိုင်းနယ်မြေကို လောကအတွေ့အကြုံလာယူတယ်ဆိုတာ သေချာရဲ့လား"
"အဲဒါက အရေးမကြီးပါဘူးကွာ။ သွားကြစို့။ ငါတို့သိုင်းကျောင်းကို လိုက်ခဲ့ပါ။ မဟာနတ်ဆိုးဘုရင်တွေ နတ်ဆိုးသားရဲတွေကို ကြုံခဲ့တာက မထင်မှတ်ဘဲ ဖြစ်ခဲ့တာ။ ဒီသိုင်းကျောင်းကမှ ငါတကယ် လောကအတွေ့အကြုံယူတဲ့နေရာပါ"
"မင်းသိုင်းကျောင်းမှာနေတယ်ဆိုတာ ငါကြားပါးတယ်"
မုန်ကျင်းကျိူးကပြောသည်။ အကိုတိုင်က လုယန်သေဟန်ဆောင်၍ ပို့သည့်သတင်း သူ့ကိုပြောပြခဲ့သည်။ လုယန်သည် မြောက်ပိုင်းနယ်မြေ မူရွှဲ့မြို့တော်မှ သိုင်းကျောင်းတစ်ခုတွင်ရှိနေသည်ဟု ပြောသည်။
"ငါတို့သိုင်းကျောင်းနာမည်က ကျားဟိန်းသံသိုင်းကျောင်းတဲ့။ ကျားဟိန်းသံဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခုပေါ့"
လုယန် မုန်ကျင်းကျိုးကို သိုင်းကျောင်းသို့ ခေါ်သွားသည်။ ဂိတ်စောင့်'ရှောင်ဟော်'က တာဝန်ကျေပွန်စွာ စောင့်ကြပ်နေသည်။ အပြင်လူများကို ဝင်ခွင့်လုံးဝမပေး။
"လောင်မုန်၊ ငါမိတ်ဆက်ပေးမယ်။ ဒါက ငါတို့သိုင်းကျောင်းရဲ့ တံခါးစောင့် ရှောင်ဟော်တဲ့"
မနေ့ညက သိုင်းကျောင်းခုခံကာကွယ်ရေးအစီအမံများ ဟော်ဟွာရှန်း တစ်ညလုံးပြင်ဆင်ခဲ့သည်။ များစွာကြိုးစားအားထုတ်ခဲ့ရသည်။ ထို့ကြောင့်ယခု နည်းနည်းငြီးစီစီဖြစ်နေသည်။
လုယန်က 'လောင်မုန်'ဟု ခေါ်သံကြားသည်နှင့် သူချက်ချင်းမျက်လုံးပြူးသွားသည်။
လုယန်လောင်မုန်ဟုခေါ်မည့် တစ်ဦးတည်းသောလူမှာ မုန်မိသားစု၏အကြီးဆုံးသား မုန်ကျင်းကျိုးမှလွဲ၍ တစ်ခြားလူမဖြစ်နိုင်။
ယခု မုန်ကျင်းကျိုးကျင့်စဉ်စွမ်းအားက စုစည်းခြင်းအဆင့်သို့ရောက်နေသည်။ ဟော်ဟွာရှန်း၏ ကျင့်စဉ်အဆင့်ကို ထိုးဖောက်မြင်ရသဖြင့် သူနည်းနည်းအံ့အားသင့်သွားသည်။
ဝိညာဉ်ပြောင်းအဆင့် တံခါးစောင့်။
တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးက နှစ်တစ်သောင်းနဂါးခွေသစ်သားဖြင့်လုပ်ထားသည်။
"ဒါက နှင်းတာအိုရှင် ရွှဲ့ရှီလုန်ပါ"
"ရွှဲ့ရှီလုန်၊ ဒါက မုန်ကျင်းကျိုးပါ။ သူ့အကြောင်း မင်းကြားဖူးလောက်ပါတယ်"
ရွှဲ့ရှီလုန် ခဏမင်သက်မိနေပြီးနောက် အလေးအနက်ဦးညွှတ်နှုတ်ဆက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် အကိုမုန်"
မုန်ကျင်းကျိုး ပြန်၍ဦးညွှတ်နှုတ်ဆက်သည်။ တဖြေးဖြေးသူပို၍ အံ့ဩလာသည်။ ဝိညာဉ်ပြောင်းထိပ်ဆုံးအဆင့်က သိုင်းသင်ပေးသည့် ဆရာတစ်ယောက်ဖြစ်နေသည်။
သေးငယ်သည့် ဤသိုင်းကျောင်းလေးတွင် နဂါးများကျားများ ပုန်းအောင်းနေသည်။ သို့ဆိုလျှင် ကျားဟိန်းသံဂိုဏ်းချုပ်သည် ဘယ်လိုလူဖြစ်မည်နည်း။ ကျင့်စဉ်စွမ်းအား အဆင့်မြင့်သူတစ်ယောက်သာဖြစ်လိမ့်မည်။
"ဒါက မုရုံယွီပါ။ ကျားဟိန်းသံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့"
မုန်ကျင်းကျိုး မုရုံယွီကို အတော်ကြာအောင် စိုက်ကြည့်နေသည်။ မင်သက်မိနေသည်။
ရွှေသန္ဓေအဆင့်တဲ့လား...
"ခင်ဗျားကျင့်စဉ်အဆင့်က တကယ့်အမှန်ရောဟုတ်ရဲ့လား"
မုရုံယွီ အံ့အားသင့်သွားပြီး ထရပ်သည်။ စိတ်ဝင်စားသွားဟန်ဖြင့် ပြုံးလာသည်။ မုန်ကျင်းကျိုးကို လှည့်ပတ်ကြည့်၍ အကဲခတ်သည်။
"ရှောင်လု၊ မင်းမိတ်ဆွေက အတော်ထူးခြားတာပဲ။ ငါ့ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ထားမှန်း သူရိပ်မိတယ်"
မုန်ရုံယွီ သူတို့ရှေ့တွင် ရပ်နေဆဲဖြစ်သည်။ မျက်နှာကတည်ငြိမ်သည်။ သို့သော် ဝင့်ကြွားရိပ်နည်းနည်းပါသည်။
"ဟုတ်တယ်။ တစ်ခြားလူတွေကို ငါက အခြေတည်ထိပ်ဆုံးအဆင့်လို့ အမြဲပြောခဲ့ပေမယ့် အမှန်တော့ ရွှေသန္ဓေအခြေခံအဆင့်ကိုရောက်ခဲ့တာ အတော်ကြာပါပြီ။
မင်းက နည်းနည်းလေးယိုစိမ့်ထွက်နေတဲ့ ငါ့ရဲ့ရွှေသန္ဓေစွမ်းအားကိုတောင် အာရုံခံနိုင်တယ်။ တကယ်အံ့ဩစရာပဲ"
လုယန်နှင့်မုန်ကျင်းကျိုးတို့နှစ်ယောက်လုံး အံ့ဩသည့်အမူအရာမျိုး ပြိုင်တူပြကြသည်။ မုရုံယွီ အတော်သဘောကျသွားသည်။
"ရှောင်မုန်၊ မင်းလည်း အခြေတည်အဆင့်ရှိတာ ငါသိတယ်။ ဒီမှာခဏလောက် ဆရာလုပ်ပေးပါလား"
လုယန်မပြောမီ မုရုံယွီက သူ့ဘာသာ စပြောလာသည်။
မုရုံယွီသည် ဉာဏ်ရည်ထက်မြက်သည်။ အတွေ့အကြုံရင့်သည်။ ရှင်းပြစရာမလိုဘဲ ကိစ္စအတော်များများကို ခန့်မှန်းနိုင်သည်။ ရှောင်မုန်နှင့် ရှောင်ရွှဲ့သည် မှတ်ဉာဏ်အပြည့်မရသေးသည့် ရှောင်လုကို အဖော်ပြုရန် ရောက်လာကြခြင်းဖြစ်မည်။
ရှောင်လုကို ဖြေးဖြေးချင်းမှတ်ဉာဏ်ပြန်ရအောင် ကူညီနေခြင်းဖြစ်မည်။
"ဘယ်လို၊ ကျုပ်ကိုလား၊ ဆရာလုပ်ရမယ်ပေါ့"
လုယန်က မုန်ကျင်းကျိုးကိုယ်စား ပြောပေးသည်။
"ဆရာမုရုံက ဉာဏ်အမြော်အမြင်ရှိတာပဲ။ ကျုပ်လည်း ဒီကိစ္စပြောတော့မလို့ပါ။ ကျောင်းသားတွေက လက်သီးသိုင်းတိုင်းတက်တာမြန်တယ်။ ဒါပေမယ့် အားလုံးကို ကျုပ်တစ်ယောက်တည်း သင်ပေးဖို့ကျတော့ခက်တယ်။
လောင်မုန်ကျုပ်ကို ကူညီမယ်ဆိုရင် ဖိအားနည်းနည်းလျော့သွားတာပေါ့။ ကျုပ်ညီရဲ့လက်သီးပညာက အတော်ထူးခြားတယ်။ ပွဲဦးထွက်ကတည်းက သူ့ကိုယှဉ်နိုင်တဲ့လူ တစ်ယောက်မှမတွေ့သေးဘူး"
"ဒါဆို သိပ်ကောင်းတာပေါ့။ ဆရာမုန်၊ ဆရာရွှဲ့လိုပဲ လစာအနေနဲ့ တစ်လကို ဝိညာဉ်ကျောက်ငါးတုံးရမယ်"
"..ကောင်းပါပြီ"
လုယန်တို့ ထွက်သွားပြီးနောက် မုရုံယွီမျက်လုံးတွင် အရောင်တစ်ချက်လက်လာသည်။
"သူ့ကံကြမ္မာက သိပ်ကောင်းတယ်လို့ ရှောင်လုကပြောတယ်။ အဲဒါ တကယ်အမှန်ဖြစ်မယ်ထင်တယ်။ သူဒီကိုရောက်ပြီး နှစ်လအတွင်း သိုင်းကျောင်းက အခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်ရလာတယ်။
ချီတတိယအဆင့် တံခါးစောင့်တစ်ယောက်ရတယ်။ တံခါးအသစ်တွေလည်း ရခဲ့တယ်"
မုန်ကျင်းကျိုး စဉ်းစားသည်။ တစ်လလျှင် ဝိညာဉ်ကျောက်ငါးတုံးသည် မဆိုးလှ။ အရင်က ငွေရဖို့အတွက် သူ့သွေးကိုထုတ်ရောင်းခဲ့ရသည်။
ထိုကိစ္စက ထုတ်ပြောဖို့ နည်းနည်းရှက်စရာကောင်းသည်။ ယခုအလုပ်က မတူတော့။ သူ့စွမ်းရည်ဖြင့် ရသည့်ငွေဖြစ်သည်။
"လောင်မုန်၊ မင်းနဲ့တိုင်ပင်စရာတစ်ခုရှိတယ်"
"ဘာကိစ္စလဲ"
"ကျောင်းသားတစ်ယောက်က သိုင်းပါရမီကောင်းတယ်။ ဒါပေမယ့် အေးခဲချီအဆိပ်သင့်နေတယ်။ မင်းရဲ့သွေးတစ်စက်လောက်ထုတ်ပေးပြီး သူ့ကိုကုသပေးလို့ရမလား"
...ဒါဆို ငါသခင်လေးက တစ်လကို ဝိညာဉ်ကျောက်ငါးတုံးရဖို့ သွေးထုတ်ရောင်းရဦးမယ့်သဘောလား..
ခြံထဲတွင် သူတို့စကားပြောနေစဉ် မြင်းဖြူတစ်ကောင် နံရံပေါ်ခုန်ကျော်၍ ဝင်လာသည်။ ခေါင်းကိုဆတ်ခနဲခါလိုက်သည်။ သူ့လည်ဆံမွှေးများ လှုပ်ရှားသွားသည်။
"အကိုမာ"
လောင်မာက တစ်ကိုယ်လုံးအဖြူရောင်ဖြစ်သည်။ နှင်းလွင်ပြင်နှင့် ထပ်တူကျနေသည်။ လုယန်တို့နှစ်ယောက်ကို တစ်ချက်လှမ်းကြည့်သည်။ သို့သော်ဘာမှမပြော။
ထိုစဉ် နံရံအပြင်ဘက်မှ ကျယ်လောင်သည့်အော်ဟစ်သံများပေါ်လာပြီး ဟော်ဟွာရှန်းပြေးဝင်လာသည်။
"ဆရာတို့၊ မြင်းတစ်ကောင် ကျုပ်တို့သိုင်းကျောင်းထဲခုန်ဝင်သွားတယ်"
ကင်းလှည့်နေသည့် သူ့တပည့်များထံမှ သတင်းပို့လာသဖြင့် သူချက်ချင်းလာစစ်ဆေးခြင်းဖြစ်သည်။
ထိုမြင်းဖြူသည် ပေါ့ပါးလျှင်မြန်သည်။ နတ်ဝိညာဉ်အဆင့်လူနှစ်ဆယ် ထိုမြင်းဖြူမဝင်အောင် မတားနိုင်ကြ။
"ဘာမှမဖြစ်ဘူး။ ဒီမြင်းက လောင်မုန်နဲ့အတူလာတာ။ သူဒီမှာခဏနေလိမ့်မယ်"
ဟော်ဟွာရှန်း ခြံဝင်းထဲသို့ မျက်လုံးဝေ့ကြည့်ပြီး အကြံပြုသည်။
"ကျုပ်တို့သိုင်းကျောင်းထဲမှာ မြင်းဇောင်းမရှိဘူး။ မြင်းဇောင်းတစ်ခု ဆောက်လိုက်ရမလား။ စိတ်ချပါဆရာတို့။ မြင်းဇောင်းက အကောင်းစားဖြစ်စေရမယ်"
"ဒါဆို ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ"
"ဒုက္ခမဟုတ်ပါဘူး ဆရာ။ ဒါက ကျုပ်တာဝန်ပါ"
လုယန်တို့နှစ်ယောက် ထွက်သွားပြီးနောက် ဟော်ဟွာရှန်း လေချွန်လိုက်သည်။ ဝတ်ရုံနက်လူတစ်စု အုတ်ခဲများ ပျဉ်ပြားများသယ်၍ နံရံကို ကျော်တက်လာသည်။
"ခေါင်းဆောင်"
"မင်းတို့အားလုံး ဘာလုပ်ရမယ်ဆိုတာ သိတယ်မဟုတ်လား"
"ဟုတ်ကဲ့။ အချိန်တိုအတွင်း အကောင်းဆုံးမြင်းဇောင်းကို ဆောက်ရမှာပါ"
"ဟုတ်တယ်။ တစ်ခြားလူတွေ မမြင်အောင် ဂရုစိုက်ပါ"
"ဟုတ်"
လောင်မာက ရေခဲနေသည့်မြေပြင်ကို ခွာဖြင့်ရှပ်သည်။ ရေခဲလွှာဖုံးနေသည့် မြက်ရိုင်းများပေါ်လာသည်။ တစ်ကိုက်ဝါး၍ အမြီးကိုတဖျတ်ဖျတ်ခါသည်။
မြောက်ပိုင်းအေးခဲနယ်မြေမှမြက်များ၏ အရသာက တမူထူးခြားသည်။
....
သင်တန်းစချိန်တွင် လုယန်က လက်သီးသိုင်းဆရာ ဆရာမုန်ကို မိတ်ဆက်ပေးသည်။ သင်တန်းနားချိန်တွင် မုန်ကျင်းကျိုးကို ဘေးသို့ဆွဲခေါ်လာသည်။
"ကုန်းချီကိုယ်ထဲက အေးခဲချီကို ငါ့သွေးနဲ့ဖယ်ရှားပေးဖို့ မင်းပြောနေတာလား"
"ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ"
"သောက်လခွမ်းပဲ။ ဒီကောင်လေး အရင်က အေးခဲချီအဆိပ်ရှိတာမှန်တယ်။ ဒါပေမယ့်အခု ကျားလက်သီးသိုင်း နေ့တိုင်းလေ့ကျင့်ခဲ့လို့ အေးခဲချီတွေ ကုန်သလောက်ဖြစ်သွားပြီ။
နောက်ထပ်ရက်နည်းနည်းထပ်လေ့ကျင့်လိုက်ရင် အားလုံးရှင်းသွားမှာ"
"တစ်ရက်လော ပိုစောပြီး ရှင်းနိုင်တာပေါ့"
"ပြီးနောက် မင်းကျောင်းသားတွေက ဘယ်လိုကောင်တွေလဲ။ တစ်ယောက်က လူသားခန္ဓာမှာ ရေခဲနဂါးသွေးဆက်နိုးထလာတယ်။ နောက်တစ်ယောက်က ဝိညာဉ်စွမ်းအား ကြောက်စရာကောင်းလောက်အောင် မြင့်နေပြီး တစ်ယောက်တည်း စကားပြောနေတယ်"
"မင်းနားမလည်လို့ပါ။ 'သာမန်ပြည်သူ'လို့ပြောပြီး အတော်သာမန်ဆန်တဲ့လူတွေကို ငါတို့ရည်ညွှန်းကြပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ပြီး အတိအကျတူနိုင်မှာလဲ။
ဒီကျောင်းသားတွေလည်း သာမန်မဟုတ်တဲ့လူ နည်းနည်းပါတဲ့ သာမန်ကျောင်းသားတွေပါပဲ။ အတွေးမလွန်ပါနဲ့"
မုန်ကျင်းကျိုး ခဏတွေသွားသည်။ လုယန်စကားက နည်းနည်းယုတ္တိကျသည်ဟု ခံစားရသည်။
"ဒါက သေမျိုးလောကထဲကနေရလာတဲ့ မင်းရဲ့အတွေးအမြင်တွေလား"
"မင်းကိုအရူးလုပ်ဖို့ အခုမှငါစဉ်းစားလိုက်တာပါ"
********************************