အခန်း (၂၈၁-၂၈၂)
Vol. 16 Ch. 281-282
အခန်း(၂၈၁)
ဤအခိုက်အတန့်တွင် ယင်ဝိညာဉ်ဂိုဏ်းဝင်များအားလုံး၏ မျက်နှာများသည် ဖြူလျော်နေကြချေပြီ။
သာ၍ဆိုးသည်က အကြီးအကဲများဖြစ်ကြပြီး ၎င်းတို့၏မျက်နှာထက်တွင် အတိုင်းထက်အလွန် ထိတ်လန့်တုန်လှုပ်ခြင်းများ အထင်အသား ဖြစ်ထွန်းနေတော့သည်။
၎င်းတို့သည် နက်ဖြန်ကျရောက်မည့် တိုက်ပွဲအတွက် ဆုတ်ခွာရမည့် လမ်းကြောင်းများကိုပင် ကြိုတင်စီမံထားခဲ့ကြပြီးဖြစ်၏။
လက်ရှိ ၎င်းတို့၏အင်အားဖြင့်ဆိုလျှင် ကောင်းကင်ဘုံမျှော်စင်မှ လူများကို ယှဉ်ပြိုင်ရန် ခဲယဉ်းလှသည်ကို ကောင်းစွာနားလည်ထားကြသဖြင့် ၎င်းတို့၏ ထက်မြက်လှသော အရှိန်အဝါကို ယာယီအားဖြင့် ရှောင်ကွင်းရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပေသည်။
သို့ရာတွင် မိစ္ဆာအိုဟန်၏ ဝိညာဉ်အလောင်းကောင်ကိုမူ စိတ်တိုင်းကျ ရွှေ့ပြောင်း၍ မရနိုင်ချေ။
ဤနေရာ၌ အမြောက်အမြားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို ထုတ်လွှတ်ပေးနိုင်သည့် သဘာဝမိစ္ဆာမျက်စိတစ်ခု တည်ရှိနေပြီး ယင်းသည်ပင် လျှင် ယင်ဝိညာဉ်ဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်ပေသည်။
မိုးသောက်အလင်းရောင် ပေါ်ထွန်းသည်နှင့်တစ်ပြိုင်နက် နှမြောတသဖြစ်ရသော်လည်း ၎င်းတို့အနေဖြင့် မိစ္ဆာမျက်စိကို စွန့်လွှတ်ကာ မိစ္ဆာအိုဟန်၏ ဝိညာဉ်အလောင်းကောင်ကို ယူဆောင်၍ ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်ရမည်ဖြစ်ရာ ယနေ့ညတွင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို တတ်နိုင်သမျှ အများဆုံး စုပ်ယူထားလိုကြခြင်း ဖြစ်သည်။
မျှော်လင့်မထားဘဲ ထိုဖြောင့်မတ်သော လမ်းစဉ်မှ လူများသည် ယနေ့ညတွင်ပင် ၎င်းတို့အား လာရောက်တိုက်ခိုက်ကြသဖြင့် အငိုက်မိသွားကြရတော့သည်။
ပေါက်ကွဲမှု၏ ကြီးမားလှသော နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းဒဏ်ကြောင့် ယင်ဝိညာဉ်ဂိုဏ်း တပည့်အချို့မှာ အပိုင်းအစပင်မကျန် ချက်ချင်း ပျက်စီးခြင်းသို့ ရောက်ကြရလေသည်။
ကျန်ရှိနေသော ယင်ဝိညာဉ်ဂိုဏ်း တပည့်ဦးရေမှာ တစ်ရာကျော်မျှသာ ရှိတော့ရာ ထိုအခိုက်အတန့်၌ပင် ဂိုဏ်းအသီးသီးမှ တပည့်များသည် အရပ်ရှစ်မျက်နှာမှ ပြေးဝင်လာကြပြီး ယင်ဝိညာဉ်ဂိုဏ်းဝင်အားလုံးကို ဝိုင်းရံပိတ်ဆို့ထားလိုက်ကြတော့သည်။
ကျိုးထုံနှင့် အခြားဂိုဏ်းချုပ်တို့သည်လည်း ဤအချိန်တွင် ကွင်းပြင်ကျယ်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
၎င်းတို့သည် ဟိန်းဟောက်နေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ထုတ်လွှတ်နေသည့် အလယ်ဗဟိုမှ အခေါင်းကြီးနှင့် ယင်ဝိညာဉ်ဂိုဏ်း၏ အကြီးအကဲများစွာကို ကြည့်လျက် မျက်ဝန်းများတွင် နာကျည်းမှုရိပ်များ ဖြတ်ပြေးသွားကြချေသည်။
“အကြီးအကဲတို့... မတွေ့ရတာ ကြာပြီနော်” ကျိုးထုံက သွားကြိတ်လျက် ပြောဆိုလိုက်သည်။
အနှစ်သုံးဆယ်... တင်းတင်းပြည့်လှသော အနှစ်သုံးဆယ်ပတ်လုံး ထိုသို့သော အရိုးခိုက်မတတ် နာကျင်မှုကို မခံစားရသည့် နေ့ဟူ၍ တစ်ရက်မျှ မရှိခဲ့ပေ။
ယနေ့တွင်မူ ထိုနာကျင်မှုကို ဤလူများထံ ဆယ်ဆတုံ့ပြန်ပေးရတော့မည်။
“ကျိုးထုံ...” ယင်ဝိညာဉ်ဂိုဏ်း အကြီးအကဲအချို့မှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြရသည်။
လွန်ခဲ့သော အနှစ်သုံးဆယ်က ကျိုးထုံနှင့် မိစ္ဆာအိုဟန်တို့ တိုက်ခိုက်ခဲ့ကြသည့် မြင်ကွင်းသည် ၎င်းတို့၏ စိတ်အာရုံတွင် ထင်ထင်ရှားရှား ရှိနေဆဲပင် ဖြစ်၏။
ယခုအခါ ကျိုးထုံသည် ခွန်အားဗလ ပြည့်စုံကာ သက်စွမ်းအားများဖြင့် တောက်ပနေပေရာ အဆိပ်သင့်ခဲ့သည့် လက္ခဏာဟူ၍ အဘယ်မှာ ရှိတော့အံ့နည်း။
“ယင်ဝိညာဉ်ဂိုဏ်း တပည့်တို့... ငါ့အမိန့်ကို နာခံကြ။ ဂိုဏ်းချုပ်ရဲ့ ဝိညာဉ်အလောင်းကောင်ကို သေသည်အထိ ကာကွယ်ကြစမ်း”
ခေါင်းဆောင်ဖြစ်သူ အကြီးအကဲသည် ဤအခြေအနေတွင် အခြားရွေးချယ်စရာမရှိဘဲ ထိုဂိုဏ်းဝင်များနှင့် သေရဲသေချာ တိုက်ခိုက်ရန် စိတ်ပျက်လက်ပျက် အမိန့်ပေးလိုက်ရတော့သည်။
သို့သော်လည်း ယခင်ပေါက်ကွဲမှုကြောင့် ထိုယင်ဝိညာဉ်ဂိုဏ်း တပည့်များသည် အထိတ်တလန့် ဖြစ်နေကြပြီဖြစ်ရာ ဤနေရာမှ လွတ်မြောက်ရန် အရပ်ရပ်သို့ ဖရိုဖရဲ ထွက်ပြေးနေကြသဖြင့် အကြီးအကဲ၏ အမိန့်ကို လုံးဝ မကြားနိုင်ကြတော့ချေ။
ထိုအကြီးအကဲသည် သက်ပြင်းတစ်ချက် ချလိုက်ရင်း “အားလုံးပဲ... အနှစ်သုံးဆယ်ပတ်လုံး အောင်းနေခဲ့ပြီးမှ ဒီလိုရလဒ်မျိုး ဖြစ်လာလိမ့်မယ်လို့ ငါ တကယ်မထင်ခဲ့ဘူး။ နောက်ဆုံးတိုက်ပွဲတစ်ခုအနေနဲ့ တိုက်ခိုက်ကြစို့” ဟု ဆိုလေသည်။
အကြီးအကဲအချို့သည် ရှေ့သို့ လှမ်းထွက်လာကြပြီး လေးနက်စွာ ခေါင်းညိတ်ပြကြသည်။
ဤအနှစ်သုံးဆယ်အတွင်း ၎င်းတို့သည်လည်း အပျင်းထိုင်မနေခဲ့ကြဘဲ လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာကျင့်စဉ်ပညာရပ်များကို ကျင့်ကြံခဲ့ကြသဖြင့် ၎င်းတို့၏ ကျင့်စဉ်အဆင့်မှာ အတိုင်းအတာတစ်ခုအထိ မြင့်တက်လာခဲ့ပေရာ ထိုဂိုဏ်းအကြီးအကဲများကို လုံးဝ အားအင်ချိနဲ့စွာ ရင်ဆိုင်ရခြင်းမျိုး မဟုတ်တော့ချေ။
စကားပုံတစ်ခု ရှိသည်မဟုတ်လော။ သေဖို့ အသင့်မပြင်ထားတဲ့ မိစ္ဆာကျင့်ကြံသူဟာ မိစ္ဆာကျင့်ကြံသူကောင်းတစ်ယောက် မဟုတ်ဘူးဟူ၍ ဖြစ်၏။
ဆိုလိုသည်မှာ မိစ္ဆာကျင့်ကြံသူ အများစုသည် မိစ္ဆာကျင့်စဉ်ပညာရပ်များကို စတင်ကျင့်ကြံကတည်းက ၎င်းတို့၏ အဆုံးသတ်ကို တွေးဆထားပြီး ဖြစ်ကြပေသည်။
ထို့ကြောင့် ထိုသို့သော မျှော်လင့်ချက်မဲ့သည့် အခြေအနေနှင့် ရင်ဆိုင်ရသည့်တိုင် ၎င်းတို့သည် သေသည်အထိ တိုက်ခိုက်ရန် အသင့်ပြင်ထားပြီး ဖြစ်ကြသည်။
အကြီးအကဲအချို့၏ ကျင့်စဉ်အဆင့်များသည် ဘိုးဘေးနယ်ပယ် ပဉ္စမအဆင့် ဝန်းကျင်တွင် ရှိကြပြီး ကျိုးထုံ၏ ဘက်တွင်လည်း ထိုသို့သော ကျင့်စဉ်အဆင့်ချင်း တူညီကြပေရာ ကျိုးထုံတစ်ဦးတည်းသာလျှင် ဘိုးဘေးနယ်ပယ် ကိုးဆင့်မြောက်သို့ တက်လှမ်းထားနိုင်ခြင်း ဖြစ်သည်။
အကြီးအကဲအချို့သည် ဂိုဏ်းချုပ်အချို့နှင့် ချက်ချင်းပင် စတင်တိုက်ခိုက်ကြတော့ရာ တစ်ခဏအတွင်း ကိုယ်တွင်းစွမ်းအင်များ ပေါက်ကွဲပွတ်တိုက်မိပြီး တိုက်ပွဲ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် သာမန်တပည့်များမှာ အနားသို့ပင် မကပ်နိုင်ကြချေ။
“သတ်ကြစမ်း”
ချင်ယွမ်ဖုန်းသည် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ဓားကိုဆွဲကာ ယင်ဝိညာဉ်ဂိုဏ်း တပည့်များကြားသို့ တိုက်ရိုက် တိုးဝင်လျက် ခုတ်ပိုင်းတော့သည်။
ဤယင်ဝိညာဉ်ဂိုဏ်း တပည့်များ၏ လက်တွင် လူ့အသက်ပေါင်းများစွာ ခံထားရသူများ ဖြစ်ကြသဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး တစ်စုံတစ်ရာ ရှိမနေခဲ့ပေ။
သာ၍ဆိုးသည်က ထိုယင်ဝိညာဉ်ဂိုဏ်း တပည့်များသည် လွန်ခဲ့သော အနှစ်သုံးဆယ်က မဟာတိုက်ပွဲမှ လွတ်မြောက်လာသူများ ဖြစ်ကြသဖြင့် ယခုအခါတွင် ပျိုမြစ်သူများ မဟုတ်ကြတော့ချေ။
ကျူးပိ၊ ထန်ဂျွန်းနှင့် အခြားသူများသည်လည်း ၎င်းတို့၏ လူများကို ဦးဆောင်ကာ ဝင်ရောက်လုံးပန်း သတ်ဖြတ်ကြရာ ဤတိုက်ပွဲသည် ၎င်းတို့အတွက် အံ့ဩစရာကောင်းလောက်အောင်ပင် ရိုးရှင်းနေတော့သည်။
မကြာသေးမီရက်ပိုင်းက စုစည်းမိထားသော ယင်ဝိညာဉ်ဂိုဏ်း တပည့်ဦးရေမှာ ရာကျော်မျှသာ ရှိပြီး ၎င်းတို့အနက် ဒါဇင်ပေါင်းများစွာမှာ ကောင်းကင်ပြိုမိုးကြိုးလုံးကြောင့် ချက်ချင်း သေဆုံးသွားခဲ့ရကာ ကျန်ရှိသော တစ်ရာကျော်မှာလည်း ကြာမြင့်စွာကတည်းက ဖရိုဖရဲ အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းနှင့် အခြားခေါင်းဆောင်များသည် ဤအခိုက်အတန့်တွင် အရှေ့ဆုံးမှ ရောက်နေကြပြီး ထိုယင်ဝိညာဉ်ဂိုဏ်း တပည့်များကို လုံးဝ ဝိုင်းရံပိတ်ဆို့ထားသဖြင့် မည်သူတစ်ဦးမျှ ဤနေရာမှ ထွက်ပြေးနိုင်ခြင်း မရှိကြတော့ချေ။
မကြာမီအချိန်အတွင်းမှာပင် ယင်ဝိညာဉ်ဂိုဏ်း တပည့်အားလုံးသည် မြေပြင်ပေါ်တွင် လဲလျောင်းသွားကြရရှာသည်။
၎င်းတို့သည် မိစ္ဆာအိုဟန်က ၎င်းတို့အား ယင်ဝိညာဉ်ဂိုဏ်း၏ လျှံပတ်သော ဘုန်းတန်ခိုးဆီသို့ ပြန်လည်ဦးဆောင်လိမ့်မည်ဟု မျှော်လင့်နေဆဲဖြစ်သော်လည်း လမ်းခုလတ်မှာတင် အသက်စွန့်သွားကြရသည်မှာ သနားစရာပင် ဖြစ်တော့သည်။
ယင်ဝိညာဉ်ဂိုဏ်းအနေဖြင့် ထိုစဉ်က အတိုင်းအတာကြီးမားသော မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်လာနိုင်ခဲ့ခြင်းမှာ ၎င်းတို့၏ မိစ္ဆာကျင့်စဉ်ပညာရပ်များ လျင်မြန်စွာ တိုးတက်ခြင်းကြောင့် ဖြစ်ပေသည်။
သူတစ်ပါး၏ ကိုယ်တွင်းစွမ်းအင်ကို လုယူရုံမျှဖြင့် မိမိ၏အဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်ခြင်းမှာ ချင်ယွမ်ဖုန်း၏ စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်နှင့် အနည်းငယ် ဆင်တူလှပေသည်။
ဂိုဏ်းအတွင်း စည်းကမ်းချက်များ ကင်းမဲ့ခြင်းနှင့် စည်းစိမ်ခံစားနိုင်ခြင်းတို့ကြောင့် ထိုတပည့်များသည် လွတ်မြောက်သွားပြီးနောက်တွင်လည်း ယင်ဝိညာဉ်ဂိုဏ်းအတွင်းက ဘဝကို အလွန်တရာ တမ်းတခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် အနှစ်သုံးဆယ် ကြာသွားခဲ့သော်လည်း ယင်ဝိညာဉ်ဂိုဏ်း၏ အကြီးအကဲများက ၎င်းတို့အား ဆင့်ခေါ်လိုက်သည့်အခါ အားလုံးက အပြေးအလွှား ပြန်လာခဲ့ကြခြင်း ဖြစ်ပေသည်။
၎င်းတို့သည် လွန်ခဲ့သော အနှစ်သုံးဆယ်က စည်းစိမ်ယစ်မူးသော ဘဝဆိုးကို တမ်းတခဲ့ကြသော်လည်း ထိုနေ့ရက်သည် ဘယ်သောအခါမျှ ရောက်ရှိမလာတော့ချေ။
ကောင်းကင်ထက်တွင် ဂိုဏ်းချုပ်တို့နှင့် ယင်ဝိညာဉ်ဂိုဏ်း အကြီးအကဲများအကြား ဖြစ်ပွားနေသော တိုက်ပွဲသည်လည်း ယခုအခါ အဆုံးသတ်လုနီးပြီ ဖြစ်ပေရာ ယင်ဝိညာဉ်ဂိုဏ်း အကြီးအကဲများသည် မိစ္ဆာလျှို့ဝှက်ပညာရပ်ကို အားကိုး၍ အသည်းအသန် ခုခံနေကြရသည်။
ထိုအခိုက်အတန့်၌ပင် ထိုနေရာ၌ လဲလျောင်းနေသော အခေါင်းကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာတော့သည်။
ကျိုးထုံသည် အရှေ့တွင်ရှိသော ယင်ဝိညာဉ်ဂိုဏ်း အကြီးအကဲကို လက်ဝါးချက်ဖြင့် နောက်သို့ ဆုတ်သွားစေပြီး တည်ကြည်သော မျက်နှာထားဖြင့် ဟစ်အော်လိုက်လေသည်။
“တပည့်အားလုံး... ငါ့အမိန့်ကို နာခံပြီး ဆုတ်ခွာကြ”
ယင်ဝိညာဉ်ဂိုဏ်း တပည့်များကို ရှင်းလင်းပြီးဖြစ်၍ ချင်ယွမ်ဖုန်းသည် သာမန်တပည့်အားလုံးကို မီတာတစ်ထောင်အကွာသို့ လျင်မြန်စွာ ဆုတ်ခွာစေပြီး အမိန့်ကို စောင့်ဆိုင်းစေခဲ့ကာ ၎င်းနှင့် ကျူးပိအပါအဝင် အခြားသူများသည် မလှမ်းမကမ်းမှနေ၍ တိတ်တဆိတ် ချဉ်းကပ်လာခဲ့ကြသည်။
အခေါင်းကြီးသည် သာ၍ သာ၍ ပြင်းထန်စွာ တုန်ခါလာရာ ကျိုးထုံ၏ မျက်နှာမှာ ခက်ထန်နေပြီး ကောင်းကင်ထက်မှနေ၍ အောက်သို့ လက်သီးဖြင့် ထိုးချလိုက်တော့သည်။
ကိုယ်တွင်းစွမ်းအင်များဖြင့် စုစည်းထားသော ကြီးမားလှသည့် လက်သီးကြီးတစ်ချောင်းသည် မိုးကောင်းကင်မှ ကျဆင်းလာပြီး အခေါင်းကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် အခေါင်းကြီး၏ ပတ်ပတ်လည်၌ နက်မှောင်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကျိုးထုံ၏ အစွမ်းကုန် ထိုးနှက်ချက်ကို တားဆီးပိတ်ဆို့လိုက်ချေသည်။
ကျိုးထုံနှင့် လုံးပန်းနေခဲ့သော ယင်ဝိညာဉ်ဂိုဏ်း အကြီးအကဲသည် ချက်ချင်းပင် မျက်နှာထက်တွင် ဝမ်းမြောက်မှုများ ထင်ဟပ်သွားပြီး ကောင်းကင်ထက်မှ တိုက်ရိုက် ပျံသန်းဆင်းလာကာ အခေါင်းကြီး၏ ရှေ့တွင် ရိုသေကျိုးနွံစွာ ဒူးထောက်လိုက်တော့သည်။
“ယင်ဝိညာဉ်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ဝမ်ခိုင်ဖုန်းက ဂိုဏ်းချုပ်ကြီးကို ရိုသေစွာ ကြိုဆိုပါတယ်” ထိုအကြီးအကဲသည် မြေပြင်ပေါ်တွင် ဝပ်စင်းလျက် တစ်ကိုယ်လုံး ညွတ်ပျောင်းကာ ဦးချလေတော့သည်။
ကျိုးထုံ၏ မျက်နှာမှာ တည်တံ့သွားရ၏။
မိစ္ဆာအိုဟန်သည် တကယ်ပင် ပြန်လည်နိုးထလာခဲ့ပြီလော။
ဤအချိန်တွင် အခြားသော ယင်ဝိညာဉ်ဂိုဏ်း အကြီးအကဲများသည်လည်း အခေါင်းကြီး၏ ရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး ဝမ်ခိုင်ဖုန်းကို အတုယူလျက် မြေပြင်ပေါ်တွင် ဝပ်စင်းကာ အလွန်တရာ ကြည်ညိုလေးမြတ်ပုံ ရနေကြချေသည်။
ကျိုးထုံနှင့် အခြားသူများသည် ထိုအခေါင်းကြီးကို စူးစိုက်ကြည့်နေကြပြီး အခေါင်းထဲမှ မည်သည့်အရာ ခုန်ထွက်လာမည်ကိုပင် မသိနိုင်ကြချေ။
ထိုအခိုက်အတန့်၌ပင် ပြင်းထန်စွာ တုန်ခါနေသော အခေါင်းကြီးသည် ရုတ်တရက် ငြိမ်သက်သွားပြီး ခဏအကြာတွင် အခေါင်းအဖုံးသည် ဝုန်းကနဲ မြည်ဟည်းသံနှင့်အတူ ပွင့်ထွက်သွားတော့သည်။
အခေါင်းအဖုံးသည် လေထဲသို့ ပျံတက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားချေသည်။
ဖြူလျော်သော လက်တစ်ဖက်သည် အခေါင်းထဲမှ ထွက်ပေါ်လာပြီးနောက် လူတစ်ယောက်သည် အခေါင်းထဲမှ ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်လေသည်။
ထိုလူသည် တစ်ကိုယ်လုံး ဖြူလျော်နေပြီး ၎င်း၏မျက်ဝန်းများသည် သွေးကဲ့သို့ နီမြန်းနေကာ ခန္ဓာကိုယ်မှ ပြင်းထန်လှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ထွက်ပေါ်နေပေရာ ထိုစိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ဒြပ်သားတစ်ခုကဲ့သို့ပင် ထင်ရှားလျက် ၎င်း၏ပတ်ပတ်လည်တွင် ရစ်ဝိုင်းနေတော့သည်။
၎င်းကို ကြည့်လိုက်ရုံမျှဖြင့်ပင် လူကို တုန်ရင်ချောက်ချားသွားစေနိုင်ပေသည်။
“မိစ္ဆာအိုဟန်...”
ကျိုးထုံသည် ထိုပုံရိပ်ကို စူးစိုက်ကြည့်လျက် မျက်ဝန်းများတွင် အရိုးထဲအထိ နက်ရှိုင်းလှသော နာကျည်းမှုများ ပြည့်နှက်နေရင်း တိုးတိုးလေး ရေရွတ်လိုက်မိတော့သတည်း။
မှတ်ချက်။ ကျင့်စဥ်အဆင့်တွေက မူရင်းမှာကို မှားနေလို့ အတက်နိုင်ဆုံးပြင်ပေးထားပါတယ် အမှားပါရင် နားလည်ပေးကြပါအုံးနော် သူငယ်ချင်းတို့
အခန်း (၂၈၂) - ဝိညာဉ်အလောင်းကောင်
ခေါင်းတလားအတွင်းမှ သေလူတစ်ယောက်ကဲ့သို့ ဖြူဖျော့သော အသားအရေနှင့် ထရပ်လိုက်သူမှာ မိစ္ဆာအိုဟန်၏ ဝိညာဉ်အလောင်းကောင်ပင် ဖြစ်ချေသည်။
ဝိညာဉ်အလောင်းကောင်ဟူသည်မှာလည်း အလောင်းကောင်တစ်မျိုးပင် ဖြစ်သော်ငြား အချို့သော အကြောင်းအရင်းများနှင့် နည်းလမ်းများကြောင့် ခန္ဓာကိုယ်အတွင်းရှိ အနှစ်သာရစွမ်းအင်များ လွင့်စင်မသွားဘဲ ကျန်ရှိနေခြင်းမျိုး ဖြစ်ပေသည်။
ထိုအလောင်းကောင်များသည် လှုပ်ရှားသွားလာနိုင်သော်လည်း မည်သည့်အတွေးအခေါ်မှ မရှိဘဲ ပင်ကိုယ်ဗီဇအတိုင်းသာ ပြုမူတတ်ကြလေသည်။
ယခုအခါတွင် ထိုဝိညာဉ်အလောင်းကောင်သည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ ၎င်း၏ နီရဲနေသော မျက်လုံးအစုံသည် မနီးမဝေးတွင် လေထဲ၌ ပျံဝဲနေသည့် အဘိုးကျိုးထံသို့ စူးစိုက်ကျရောက်သွားပြီးနောက် စူးရှသော အော်ဟစ်သံကြီးတစ်ချက်ကို ထုတ်ဖော်လိုက်တော့သည်။
စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ တလိပ်လိပ် တက်လာပြီးနောက် ဝိညာဉ်အလောင်းကောင်ကို လေထဲသို့ တဖြည်းဖြည်း မြှင့်တင်ပေးလိုက်သည်။ ဤအချိန်၌ ဝိညာဉ်အလောင်းကောင်တွင် မည်သည့်မှတ်ဉာဏ်မှ မရှိတော့သော်လည်း အဘိုးကျိုးအပေါ် ထားရှိသည့် အမုန်းတရားကမူ ၎င်းကို အဘိုးကျိုးအား ရန်သူအဖြစ် ချက်ချင်း သတ်မှတ်စေခဲ့သည်။
"အားလုံး သတိထားကြ၊ ဒီဝိညာဉ်အလောင်းကောင်က အတော်လေး အစွမ်းထက်တယ်"
အဘိုးကျိုးက တည်ငြိမ်စွာပင် သတိပေးလိုက်သည်။ သူပြောစရာပင် မလိုဘဲ ကျန်ရှိသည့် ဂိုဏ်းချုပ်များသည်လည်း အရပ်မျက်နှာအနှံ့သို့ ဖြန့်ခွဲနေရာယူထားကြပြီး ဝိညာဉ်အလောင်းကောင်ကို အသေအချာ စောင့်ကြည့်နေကြပြီ ဖြစ်သည်။
ထိုစဉ်မှာပင် ဝိညာဉ်အလောင်းကောင်ထံမှ ထွက်ပေါ်လာသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ကောင်းကင်သို့ ပျံတက်သွားပြီး လေထုထဲတွင် နက်မှောင်သော တစ္ဆေလက်သည်းကြီးတစ်ခုအဖြစ် စုစည်းသွားကာ အဘိုးကျိုးထံသို့ တိုးဝင်သွားတော့သည်။
ဝိညာဉ်အလောင်းကောင်၏ နောက်ကွယ်တွင်မူ ကြီးမားသော မိစ္ဆာရိပ်ကြီးတစ်ခု ဝေဝါးစွာ ပေါ်ပေါက်လာပြီး အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
တစ္ဆေလက်သည်းကြီးမှာ အလွန်တရာ ကြီးမားလှသဖြင့် အဘိုးကျိုးကို ချက်ချင်းပင် လွှမ်းမိုးထားလိုက်သည်။
အဘိုးကျိုးသည် သူ၏ ရတနာလက်နက်ဖြစ်သော ဓားမကြီးကို ထုတ်ယူလိုက်သည်။ ထိုဓားပေါ်တွင် ဝိညာဉ်အဆောင်ပုံရိပ်များ သိပ်သည်းစွာ ပါရှိနေသည်ကို ကြည့်ခြင်းဖြင့် ဤရတနာလက်နက်မှာ အဆင့်နိမ့် မဟုတ်ကြောင်း သိသာလှပေသည်။
အဘိုးကျိုးသည် သူ၏ ကိုယ်တွင်းစွမ်းအင်အားလုံးကို ဓားမကြီးအတွင်းသို့ အစွမ်းကုန် ထည့်သွင်းလိုက်ရာ ဓားသွားမှာ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
"ရွှေရောင်မီးလျှံ ဖြိုခွဲခြင်း"
အဘိုးကျိုးက ဟိန်းဟောက်လိုက်ပြီး လက်ထဲရှိ ဓားမကြီးကို ခေါင်းပေါ်သို့ မြှောက်ကာ ခုတ်ချလိုက်သည်။
ဓားမကြီးထံမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တစ္ဆေလက်သည်းကြီးကို ချက်ချင်းပင် ဖောက်ထွက်သွားကာ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ထိုရွှေရောင်အလင်းသည် ကောင်းကင်သို့ တက်သွားပြီး နေရောင်ခြည်ကဲ့သို့ ဖြာထွက်ကာ ပတ်ဝန်းကျင်ကို လင်းထိန်သွားစေပြီး ကောင်းကင်ရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါအချို့ကို ဖယ်ရှားပစ်လိုက်သည်။
တစ္ဆေလက်သည်းကြီးတွင် ဖြစ်ပေါ်သွားသော အပေါက်ကြီးမှာ အချိန်အတော်ကြာသည့်တိုင် ပြန်လည်မစေ့ဘဲ ရှိနေသော်လည်း စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကမူ ပတ်ပတ်လည်တွင် ဝဲလှည့်နေဆဲဖြစ်ကာ အောက်သို့ ပြန်လည် ကျဆင်းလာခဲ့သည်။
အဘိုးကျိုးသည် လျင်မြန်စွာပင် ဘေးသို့ ရှောင်တိမ်းလိုက်ရာ တစ္ဆေလက်သည်းကြီးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်သွားစေသည့်အပြင် မြေပြင်တစ်ခုလုံးမှာလည်း မည်းနက်စွာ လောင်ကျွမ်းသွားတော့သည်။
အကယ်၍သာ ထိုတစ္ဆေလက်သည်းကြီး အဘိုးကျိုးအပေါ်သို့ ကျရောက်ခဲ့ပါက သူ၏ အခြေအနေမှာလည်း မြေပြင်ထက် မသာနိုင်ကြောင်း ခန့်မှန်းရမခက်ပေ။
ချင်ယွမ်ဖုန်းနှင့် အခြားသူများမှာလည်း ရင်ထဲ၌ စိမ့်ခနဲ ခံစားလိုက်ရသည်။ မိစ္ဆာအိုဟန်သည် ဝိညာဉ်အလောင်းကောင် ဖြစ်သွားသည့်တိုင် သူ၏ လှုပ်ရှားမှုတိုင်းမှာ ယခင်အတိုင်းပင် ကြောက်မက်ဖွယ် ကောင်းလှဆဲ ဖြစ်သည်။
အဘိုးကျိုးမှာမူ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က တိုက်ပွဲကြီးအပြီးတွင် ကျင့်စဉ်အဆင့်မှာ အလွန်အမင်း ကျဆင်းသွားခဲ့သဖြင့် ဝိညာဉ်အလောင်းကောင်ကို ယှဉ်နိုင်ရန် မလွယ်ကူချေ။
ထိုအချိန်တွင် တစ္ဆေလက်သည်းကြီးသည် မြေပြင်မှ ပြန်လည် မြင့်တက်လာပြီး ပတ်ဝန်းကျင်တွင် ညှော်နံ့များ လှိုင်လာကာ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ အဆုံးအစမရှိ ထွက်ပေါ်လာတော့သည်။
ထိုအရှိန်အဝါများကြောင့် တစ္ဆေလက်သည်းကြီးမှာ ချက်ချင်းပင် သုံးလေးလံခန့်အထိ ကြီးမားလာချေသည်။
တစ္ဆေလက်သည်းကြီးသည် လေထဲတွင် ဝှေ့ယမ်းကာ အဘိုးကျိုးထံသို့ တည့်တည့်မတ်မတ် ဦးတည်လာရာ အဘိုးကျိုးမှာမူ ထိုပြင်းထန်လှသော တိုက်ကွက်ကို ထိပ်တိုက်မရင်ဆိုင်ဘဲ လေထဲ၌သာ အဆက်မပြတ် ရှောင်တိမ်းနေရတော့သည်။
"မင်းတို့က ဘာရပ်ကြည့်နေကြတာလဲ၊ ဝိညာဉ်အလောင်းကောင်ရဲ့ ကိုယ်ထည်ကိုပဲ တိုက်ရိုက်တိုက်ခိုက်ကြစမ်း"
အဘိုးကျိုးက အော်ဟစ်လိုက်သည်။ ထိုအခါမှ ပတ်ဝန်းကျင်ရှိ ဂိုဏ်းချုပ်များသည် သတိဝင်လာကြပြီး ခေါင်းတလားပေါ်တွင် ပျံဝဲနေသည့် မိစ္ဆာအိုဟန်၏ ဝိညာဉ်အလောင်းကောင်ကို စတင်တိုက်ခိုက်ကြတော့သည်။
ခဏချင်းမှာပင် အမျိုးမျိုးသော အရောင်အသွေးရှိသည့် ကိုယ်တွင်းစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ဝိညာဉ်အလောင်းကောင်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်ကုန်သည်။
ထိုဂိုဏ်းချုပ်များ၏ တိုက်ခိုက်မှုမှာ အမှန်တကယ်ပင် ထိရောက်မှုရှိလှပြီး ဝိညာဉ်အလောင်းကောင် ပတ်ပတ်လည်၌ ရစ်ပတ်နေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို ကွဲလွင့်သွားစေခဲ့သည်။
သို့သော်လည်း ခေါင်းတလားကို စောင့်ကြပ်နေသည့် ယင်ဝိညာဉ်ဂိုဏ်းမှ အကြီးအကဲအချို့မှာ ထိုအချိန်၌ ရှေ့သို့ အပြေးအလွှား တိုးဝင်လာကြပြီး ဝိညာဉ်အလောင်းကောင်၏ ပတ်ပတ်လည်တွင် ကာရံထားလိုက်ကြသည်။
ထိုဂိုဏ်းချုပ်များနှင့် ယင်ဝိညာဉ်ဂိုဏ်း၏ အကြီးအကဲများသည် အစကတည်းကပင် အစွမ်းချင်း တူညီနေကြသူများဖြစ်ရာ ယခုအခါတွင် ၎င်းတို့က အစွမ်းကုန် ကာကွယ်ထားသဖြင့် ဝိညာဉ်အလောင်းကောင်ကို ထပ်မံ၍ မထိခိုက်နိုင်တော့ချေ။
ထိုစဉ်မှာပင် လေထဲ၌ ရှိနေသော အဘိုးကျိုးသည် အနည်းငယ် အမှားအယွင်း ဖြစ်သွားပြီး တစ္ဆေလက်သည်းနှင့် ပွတ်တိုက်မိကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။
သို့သော် သူပြုတ်ကျနေစဉ်မှာပင် အဘိုးကျိုးသည် လက်ထဲရှိ ဓားမကြီးကို ရုတ်တရက် လှမ်းပစ်လိုက်သည်။ ဓားမကြီးမှာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထုကို ဖြတ်သန်းသွားသော အသံကျယ်ကြီးနှင့်အတူ ဝိညာဉ်အလောင်းကောင်ထံသို့ ပြင်းထန်စွာ တိုးဝင်သွားခဲ့သည်။
ဤတိုက်ကွက်တွင် အဘိုးကျိုးသည် သူ၏ ခွန်အားအားလုံးကို အသုံးချလိုက်ခြင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကြီးမားလှသော တစ္ဆေလက်သည်းကြီးမှာလည်း အဘိုးကျိုးရှိရာ မြေပြင်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ယင်ဝိညာဉ်ဂိုဏ်း၏ မဟာအကြီးအကဲ ဝမ်ခိုင်ဖုန်းသည် ထိုရွှေရောင်အလင်းတန်း၏ ရှေ့တွင် ရပ်တန့်ကာ ကာကွယ်လိုက်သည်။ သူ၏ ရှေ့တွင် ဒိုင်းငယ်တစ်ခု ပေါ်လာပြီး ၎င်းအပေါ်၌ ကိုယ်တွင်းစွမ်းအင်များစွာကို စုစည်းလိုက်သည်။
သို့သော်လည်း ထိုရွှေရောင်အလင်းမှာ အလွန်ပင် လျင်မြန်ပြီး ပြင်းထန်လွန်းလှသဖြင့် ဝမ်ခိုင်ဖုန်းအနေဖြင့် ဒိုင်းကို ထုတ်ရန်သာ အချိန်ရလိုက်ပြီး ဒိုင်းနှင့်အတူ သူ၏ ရင်ဘတ်ပါ တည့်တည့်မတ်မတ် အဖောက်ခံလိုက်ရတော့သည်။
ထိုသို့ ဖြစ်သွားသည့်တိုင် ရွှေရောင်အလင်းမှာ ရပ်တန့်မသွားဘဲ ဝမ်ခိုင်ဖုန်းကို တစ်ပါတည်း ဆွဲခေါ်သွားကာ ဝိညာဉ်အလောင်းကောင်၏ ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ တိုးဝင်သွားခဲ့သည်။
ရွှေရောင်အလင်းသည် မိစ္ဆာအိုဟန်၏ ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားစေသော်လည်း သွေးတစ်စက်မျှ ထွက်မလာခဲ့ချေ။
ဝမ်ခိုင်ဖုန်း၏ သွေးများမှာမူ အောက်သို့ စီးကျလာပြီး ပြင်းထန်သော နာကျင်မှုကြောင့် မျက်နှာမှာ ရှုံ့မဲ့နေသော်လည်း ဝိညာဉ်အလောင်းကောင်မှာမူ မည်သည့်ဝေဒနာမျှ ခံစားရပုံမပေါ်ဘဲ ခေါင်းငုံ့ကာ ပူနွေးသော သွေးနံ့ကိုသာ ခံစားနေတော့သည်။
မိစ္ဆာအိုဟန်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်က သေဆုံးခဲ့ခြင်း ဖြစ်ပြီး သူ မသေဆုံးမီကပင် သူ၏ တိုက်ရိုက်သင်ကြားခွင့်ရတပည့် မုဟွိုက်အား သူ၏ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေရန် သွေးများကို အခါအားလျော်စွာ စုဆောင်းခိုင်းခဲ့သည့် နည်းလမ်းများကို စီစဉ်ထားခဲ့သည်။
ထို့ကြောင့်ပင် ယခုအချိန်၌ မိစ္ဆာအိုဟန်သည် သွေးနံ့ကို အထူးပင် အာရုံခံနိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။
"သွေး..."
မိစ္ဆာအိုဟန်က ထိုစကားလုံးကို လည်ချောင်းထဲမှ အားယူ၍ ညှစ်ထုတ်လိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် အဘိုးကျိုး၏ ဓားမကြီးကို ဆွဲထုတ်လိုက်ကာ အခြားလက်တစ်ဖက်ဖြင့် ဝမ်ခိုင်ဖုန်း၏ ပုခုံးကို ဆွဲကိုင်၍ သူ၏ အရှေ့သို့ ဆွဲယူလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်တော် ဝမ်ခိုင်ဖုန်းပါ၊ ဂိုဏ်းချုပ်..."
ဝမ်ခိုင်ဖုန်းသည် နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မိစ္ဆာအိုဟန်ကို ထိတ်လန့်တကြား ကြည့်ကာ ရုန်းထွက်ရန် ကြိုးစားသော်လည်း မရုန်းနိုင်ခဲ့ချေ။
မိစ္ဆာအိုဟန်၏ နီရဲသော မျက်လုံးများသည် ဝမ်ခိုင်ဖုန်း၏ ဒဏ်ရာမှ စီးကျလာသော သွေးများကို စူးစိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရာ မျက်နှာတွင် ကြောက်မက်ဖွယ်ကောင်းသော အမူအရာကြီး ပေါ်ပေါက်လာတော့သည်။
နောက်တစ်စက္ကန့်တွင် မိစ္ဆာအိုဟန်သည် ဝမ်ခိုင်ဖုန်း၏ လည်ပင်းကို တိုက်ရိုက်ကိုက်ခဲလိုက်ပြီး ပူနွေးသော သွေးများကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းအဓမ္မ စုပ်ယူလိုက်တော့သည်။
မကြာမီမှာပင် ဝမ်ခိုင်ဖုန်း၏ ခန္ဓာကိုယ်မှာ ဖြူဖျော့သော အလောင်းကောင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများသာမက ဝိညာဉ်ကိုပါ မိစ္ဆာအိုဟန်က စုပ်ယူသွားခြင်းပင် ဖြစ်သည်။
ဤအခြေအနေတွင် ယင်ဝိညာဉ်ဂိုဏ်း၏ အကြီးအကဲများပင် မှင်သက်သွားကြတော့သည်။ သူတို့၏ အမှတ်သညာထဲတွင် ဂိုဏ်းချုပ်မှာ ယုတ်မာသည်မှန်သော်လည်း မိမိလူကို ပြန်လည်ရန်မူသည့် အဆင့်အထိ မရောက်ခဲ့ဖူးချေ။
ယခုအခါတွင်မူ ထိုဝိညာဉ်အလောင်းကောင်မှာ သူတို့၏ ဂိုဏ်းချုပ်မဟုတ်တော့ဘဲ သတ်ဖြတ်ရန်သာ သိသည့် မိစ္ဆာကောင်ကြီးတစ်ကောင် ဖြစ်နေပြီကို သူတို့ နားလည်သွားကြပြီ ဖြစ်သည်။
ဝမ်ခိုင်ဖုန်းကို စုပ်ယူပြီးနောက်တွင်လည်း ဝိညာဉ်အလောင်းကောင်မှာ တင်းတိမ်ခြင်း မရှိသေးဘဲ အခြားသော ယင်ဝိညာဉ်ဂိုဏ်း အကြီးအကဲများထံသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
ထိုစဉ်မှာပင် မနီးမဝေးရှိ မြေပြင်ပေါ်၌ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများဖြင့် စုစည်းထားသော တစ္ဆေလက်သည်းကြီးမှာ ချက်ချင်းပင် တစ်စစီ ကွဲကြေသွားတော့သည်။
အဘိုးကျိုးသည် တစ္ဆေလက်သည်းအောက်မှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းများမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။
သူ၏ ပါးစပ်ထောင့်တွင်လည်း သွေးအချို့ စိမ့်ထွက်နေပြီ ဖြစ်သည်။
"သူ့ကို သွေးနဲ့ ဝိညာဉ်တွေ ထပ်ပြီး စုပ်ယူခွင့် မပေးကြနဲ့၊ မဟုတ်ရင် သူက ပိုပြီးတော့ အစွမ်းထက်လာလိမ့်မယ်"
အဘိုးကျိုးက လေးနက်စွာ ပြောလိုက်သည်။ အကယ်၍သာ ဝိညာဉ်အလောင်းကောင်ကို သွေးနှင့် ဝိညာဉ်များ ဆက်လက်စုပ်ယူခွင့် ပေးလိုက်ပါက ယနေ့တွင် သူတို့ထဲမှ မည်သူမျှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။
ဤစကားကို ကြားသောအခါ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များသာမက ယင်ဝိညာဉ်ဂိုဏ်းမှ အကြီးအကဲများပင်လျှင် ဝေးရာသို့ ခပ်လှမ်းလှမ်းမှ ရှောင်နေကြတော့သည်။
သူတို့သည် ယင်ဝိညာဉ်ဂိုဏ်းကို ယခင်ကဲ့သို့ ပြန်လည် အစွမ်းထက်စေချင်ကြသည်မှာ မှန်သော်လည်း ၎င်းအတွက်နှင့် သူတို့၏ အသက်ကိုမူ အရင်းအနှီး မပြုလိုကြပေ။