← Chapters

အခန်း (၂၈၃-၂၈၄)

Vol. 16 Ch. 283-284

အခန်း (၂၈၃-၂၈၄)

Vol. 16 Ch. 283-284

အခန်း (၂၈၃)- တစ္ဆေတံဆိပ်တော်၏ စွမ်းအား

အကြီးအကဲချုပ် ဝမ်ခိုင်ဖုန်း၏ ကြောက်မက်ဖွယ်ကောင်းလှသော သေဆုံးမှုမှာ လူတိုင်း၏မျက်စိထဲတွင် မြင်ယောင်နေဆဲပင် ဖြစ်ချေသည်။

ဝိညာဉ်အလောင်းကောင်သည် လူများ မိမိထံမှ အလုအယက် ဆုတ်ခွာသွားသည်ကို မြင်သောအခါ ခေါင်းကိုဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် သေဆုံးနေကြသည့် ယင်ဝိညာဉ်ဂိုဏ်းတပည့်များကို တွေ့ရှိသွားလေသည်။

"မဖြစ်ဘူး၊ သူက သေဆုံးသွားတဲ့သူတွေရဲ့ ကျန်ရှိနေတဲ့ ဝိညာဉ်တွေကို ဝါးမျိုဖို့ ကြံစည်နေတာပဲ၊ မြန်မြန်တားကြ"

ကျိုးထုံက ဟိန်းဟောက်ပြောဆိုရင်း ရှေ့သို့ ပြေးထွက်ရန် ကြိုးပမ်းလိုက်သော်လည်း ခြေတစ်လှမ်းအလှမ်းတွင်ပင် လတ်ဆတ်သော သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရလေသည်။

တစ္ဆေလက်သည်းမြေမှ ထွက်ပေါ်လာသော အနန္တတန်ခိုးနှင့် များပြားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့ကြောင့် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့ပြီ ဖြစ်ပေရာသည်။

ဝိညာဉ်အလောင်းကောင်သည် ဦးခေါင်းကို ဖြည်းညှင်းစွာ မော့၍ မျက်လုံးများကို မှိတ်ထားလိုက်လေသည်။

ထိုစဉ် ချင်ယွမ်ဖုန်းနှင့် အခြားသူများသည် ပုံရိပ်ယောင်ကဲ့သို့ အလင်းတန်းများ ဝိညာဉ်အလောင်းကောင်၏ နှာခေါင်းထဲသို့ ဒီရေအလား တိုးဝင်သွားသည်ကို အံ့ဩဖွယ်ရာ မြင်တွေ့လိုက်ကြရသည်။

"ဒါက... သေဆုံးသွားတဲ့သူတွေရဲ့ ဝိညာဉ်တွေလား"

ချင်ယွမ်ဖုန်းမှာ လွန်စွာ တုန်လှုပ်ချောက်ချားသွားရသည်။

သက်ရှိဟူသမျှသည် သေဆုံးပြီးနောက် ဝိညာဉ်များသည် လောကထဲသို့ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားတတ်ကြသော်လည်း အချို့သော မိစ္ဆာကျင့်ကြံသူများသည် ထိုသို့ လွင့်စင်နေသော ဝိညာဉ်များကို စုဆောင်းကာ မိမိတို့၏ စွမ်းအားကို မြှင့်တင်ရန် အသုံးပြုတတ်ကြလေသည်။

ယခု ဝိညာဉ်အလောင်းကောင်သည်လည်း ထိုနည်းအတိုင်း ပြုလုပ်နေခြင်းသာ ဖြစ်ပေသည်။

ထိုစဉ် ဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်တစ်ဦးသည် ယင်ဝိညာဉ်ဂိုဏ်း အကြီးအကဲများကို ကျော်ဖြတ်ကာ ဝိညာဉ်အလောင်းကောင်ကို တိုက်ရိုက် တိုက်ခိုက်လိုက်လေသည်။

သူ၏လက်ထဲရှိ သုံးပေရှည်သော ချင်းဖုန်းဓားသည် တုန်ခါသွားပြီး ကိုယ်တွင်းစွမ်းအင်များ ပေါက်ကွဲထွက်လာကာ ဓားဆွဲခုတ်ချက် ပုံရိပ်များမှာ ဝေဟင်၌ ပိုက်ကွန်သဖွယ် ယှက်နွယ်သွားပြီး ဝိညာဉ်အလောင်းကောင်ကို တစ်ခဏချင်းပင် လွှမ်းခြုံသွားတော့သည်။

သို့ရာတွင် ဝိညာဉ်အလောင်းကောင်၏ ခန္ဓာကိုယ်ပြင်ပရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် အလိုအလျောက် တုံ့ပြန်တိုက်ခိုက်လာခဲ့သည်။

လိပ်ပြာတက်နေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတို့သည် အနက်ရောင် အလုံးစုံများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံရှိ ဓားခုတ်ချက် ပိုက်ကွန်ကို အရှိန်အဟုန်ဖြင့် ပြေးဆောင့်လေတော့သည်။

ပေါက်ကွဲသံကြီး တစ်ချက်နှင့်အတူ ဓားခုတ်ချက် ပုံရိပ်များသည် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားရသည်။

ထိုအရှိန်အဝါထဲရှိ ပြင်းထန်သော တိုက်စားမှု စွမ်းအင်ကြောင့် ဓားချက်များမှာ ပျက်စီးသွားရရုံမက ထိုဂိုဏ်းချုပ်မှာလည်း ရင်ဘတ်ကို အနက်ရောင်အလုံးဖြင့် ထိမှန်ကာ သွေးအန်ပြီး နောက်သို့ လွင့်ထွက်သွားရလေသည်။

"ဝိညာဉ်စွမ်းအားတွေကို စုပ်ယူတာကို ငါတို့ တားရမယ်"

ကျိုးထုံသည် သွားကို တင်းတင်းကြုတ်ထားရင်း အခြေအနေမှာ အဆုံးစွန်သို့ ရောက်ရှိနေပြီဟု ခံစားနေရတော့သည်။

ထိုအချိန်တွင် အနီး၌ ရှိနေသော ချင်ယွမ်ဖုန်းသည် မိမိထံတွင် ရှိနေသည့် တစ္ဆေတံဆိပ်တော် အမည်ရသော ရတနာကို ရုတ်တရက် သတိရသွားလေသည်။

ချင်ယွမ်ဖုန်းသည် ထိုတစ္ဆေတံဆိပ်တော်ကို ရရှိထားသည်မှာ ကြာပြီဖြစ်သော်လည်း တစ်ခါမျှ အသုံးမပြုခဲ့ဖူးပေ။ ထိုတံဆိပ်တော်ပေါ်တွင် ဒုန်ဖန်းရှန့်မင်ပင် မဖျက်ဆီးနိုင်သော ပြင်းထန်သည့် အစီအရင်တစ်ခု ရှိနေခဲ့သောကြောင့် ဖြစ်သည်။

သို့သော် နတ်ဘုရားသောင်းချီနယ်မြေရှိ ဟင်းလင်းပြင်လမ်းကြောင်းမှတစ်ဆင့် အခြားကမ္ဘာသို့ ရောက်ရှိသွားပြီး ကျိရှန့်နှင့် တွေ့ဆုံခဲ့စဉ်က ကျိရှန့်သည် တစ္ဆေတံဆိပ်တော်ပေါ်မှ အစီအရင်ကို ဖြည်ပေးခဲ့သဖြင့် ချင်ယွမ်ဖုန်း အသုံးပြုနိုင်ခဲ့ပြီ ဖြစ်ပေသည်။

တစ္ဆေတံဆိပ်တော်သည် တိုက်ခိုက်ခြင်း သို့မဟုတ် ခုခံခြင်းအတွက် မဟုတ်ဘဲ ဝိညာဉ်စွမ်းအားကို စုပ်ယူရန်အတွက်သာ သီးသန့်ပြုလုပ်ထားသော မှော်လက်နက်တစ်ခု ဖြစ်ချေသည်။

ဤတစ္ဆေတံဆိပ်တော်ကို မိစ္ဆာကျင့်ကြံသူတစ်ဦးက ဖန်တီးခဲ့ခြင်း ဖြစ်နိုင်ပေရာ ချင်ယွမ်ဖုန်းမှာ ဝိညာဉ်များကို စုပ်ယူရန် အခွင့်အရေး မရခဲ့သော်လည်း ယခုအချိန်တွင်မူ ၎င်း၏ စွမ်းပကားကို ထုတ်ဖော်ရန် အချိန်တန်ပြီ ဖြစ်သည်။

"အားလုံးပဲ ကျွန်တော့်ဘေးကနေ ကာကွယ်ပေးထားကြပါ၊ ဒီဝိညာဉ်စွမ်းအားတွေကို ကျွန်တော် စုပ်ယူနိုင်မလား ကြည့်လိုက်မယ်"

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

လင်ယွဲ့နှင့် အခြားသူများသည် ချင်ယွမ်ဖုန်းကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။ ချင်ယွမ်ဖုန်းမှာ ဆေးနတ်ဘုရားဂိုဏ်းဝင် တစ်ဦးဖြစ်သည်ကို အားလုံး သိထားကြသော်လည်း သူ၏ထံတွင် ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သော ကျင့်စဉ် သို့မဟုတ် သိုင်းပညာရပ်များ မည်သို့ ရှိနေသည်ကိုမူ နားမလည်နိုင်အောင် ဖြစ်နေကြရသည်။

အံ့ဩနေကြသော်လည်း သူတို့အားလုံးသည် ချင်ယွမ်ဖုန်းကို ဝိုင်းရံကာ အကာအကွယ် ပေးလိုက်ကြသည်။

ချင်ယွမ်ဖုန်းသည် သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မှိုင်ညှို့နေသော တစ္ဆေတံဆိပ်တော်မှာ ပျံထွက်လာပြီး သူ၏ဦးခေါင်းထက်တွင် ဝဲပျံနေလေသည်။

"ဒါက... မိစ္ဆာကျင့်ကြံသူတွေရဲ့ မှော်လက်နက် မဟုတ်လား၊ မင်းဆီမှာ ဒီလိုအရာမျိုး ဘာလို့ ရှိနေတာလဲ"

ယန်ချိုင်က တုန်လှုပ်ချောက်ချားသော မျက်နှာပေးဖြင့် မေးလိုက်သည်။ ယေဘုယျအားဖြင့် တရားဓမ္မဘက်တော်သားများသည် မိစ္ဆာဂိုဏ်းသားတို့၏ မှော်လက်နက်များကို အသုံးပြုရန် ရွံရှာတတ်ကြသည် မဟုတ်လော။

"သူက မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို သတ်ပြီး သိမ်းယူထားတာ ဖြစ်မှာပေါ့၊ ယုတ်မာတာက မှော်လက်နက်မဟုတ်ဘူး၊ အသုံးပြုတဲ့ လူသာ ဖြစ်တာ"

လင်ယွဲ့က ချင်ယွမ်ဖုန်းဘက်မှ ချက်ချင်း ပြန်လည်ချေပပေးလိုက်သည်။ ထိုအခါမှ လူတိုင်း နှုတ်ဆိတ်သွားကြလေသည်။ လင်ယွဲ့သည် ချင်ယွမ်ဖုန်းအပေါ် အကာအကွယ်ပေးလိုစိတ် ပြင်းပြနေသည်မှာ ထင်ရှားလှပေသည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။ သူသည် တစ္ဆေတံဆိပ်တော်ကို ပိုင်ရှင်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သဖြင့် စိတ်ကြိုက် ထိန်းချုပ်နိုင်လေသည်။

တစ္ဆေတံဆိပ်တော်ပေါ်ရှိ ဦးခေါင်းခွံ၏ ပါးစပ်ပေါက်မှ စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းစွမ်းအင်များ တစ္ဆေတံဆိပ်တော်ထဲသို့ စီးဝင်သွားသည်နှင့်အမျှ ထိုစုပ်ယူအားမှာ ပိုမိုပြင်းထန်လာပြီး နောက်ဆုံးတွင် ဝဲဂယက်အသေးစားလေးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ပုံရိပ်ယောင် ဝိညာဉ်အမြောက်အမြားသည် ထိုဝဲဂယက်ဆီသို့ ပျံသန်းဝင်ရောက်သွားကြသည်။ မိစ္ဆာအိုဟန်၏ ဝိညာဉ်အလောင်းကောင် စုပ်ယူထားသော ဝိညာဉ်စွမ်းအားများပင်လျှင် ပြန်လည် ထွက်ပေါ်လာကာ စုပ်ယူခြင်း ခံလိုက်ရလေသည်။

ကျိုးထုံသည် ဤမြင်ကွင်းကို တွေ့သောအခါ ဝမ်းသာအားရဖြင့် "ကောင်းတယ် ယွမ်ဖုန်း၊ ဆက်လုပ်၊ ဝိညာဉ်အလောင်းကောင်ကို ဝိညာဉ်တစ်စလေးတောင် စုပ်ယူခွင့် မပေးနဲ့" ဟု အားပေးလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ချင်ယွမ်ဖုန်းသည် တစ္ဆေတံဆိပ်တော်ထဲသို့ ကိုယ်တွင်းစွမ်းအင်များကို ပိုမိုလောင်းထည့်လိုက်ရာ ဝဲဂယက်မှာ ပို၍ လျင်မြန်စွာ လည်ပတ်လာတော့သည်။

နောက်ဆုံးတွင် ယင်ဝိညာဉ်ဂိုဏ်း ဗဟိုချက်မရှိ သေဆုံးသွားသော တပည့် နှစ်ရာကျော်၏ ဝိညာဉ်အားလုံးကို ချင်ယွမ်ဖုန်း၏ တစ္ဆေတံဆိပ်တော်က စုပ်ယူသွားခဲ့ပြီ ဖြစ်ပေသည်။

ဝိညာဉ်အလောင်းကောင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ သူ၏မျက်နှာတွင် ဇဝေဇဝါဖြစ်ဟန် ပေါ်ပေါက်လာပြီး အဝေးတွင် ရပ်နေသော ချင်ယွမ်ဖုန်းကို ကြည့်လိုက်လေသည်။

"ဟိန်း"

ဝိညာဉ်အလောင်းကောင်သည် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံကို ထုတ်ဖော်လိုက်ပြီး ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။

ချင်ယွမ်ဖုန်းသည် ဝိညာဉ်အားလုံးကို စုပ်ယူပြီးချိန်တွင် ဝိညာဉ်အလောင်းကောင်မှာ များပြားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို သယ်ဆောင်ကာ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

ထိုအရှိန်အဝါမှာ သူအား အသက်ရှူကျပ်သွားစေလောက်သည့် တံလျှပ်အိပ်မက်ကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေလေသည်။

လင်ယွဲ့နှင့် အခြားသူများသည် ချင်ယွမ်ဖုန်း၏ ရှေ့တွင် ကာကွယ်ရပ်တည်လိုက်ကြပြီး ဝိညာဉ်အလောင်းကောင်ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

"မလုပ်နဲ့၊ မင်းတို့တွေက ဝိညာဉ်အလောင်းကောင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

ကျိုးထုံက အော်ဟစ်တားဆီးလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်အလောင်းကောင်သည် လူတိုင်း၏ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပေရာသည်။ သူသည် ဖြူဖျော့သော လက်မောင်းကို ဝေ့ယမ်းလိုက်ရာ အနက်ရောင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများမှာ တမဟုတ်ချင်း ပေါက်ကွဲထွက်လာပြီး ချင်ယွမ်ဖုန်းကို ကာကွယ်ထားသော ကျင့်ကြံသူများကို နောက်သို့ လွင့်ထွက်သွားစေတော့သည်။

သူတို့သည် ဝိညာဉ်အလောင်းကောင်ကို အနည်းငယ်မျှပင် တုန်လှုပ်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။

"မီးလျှံကောင်းကင် ခုတ်ချက်"

အရေးကြီးသော အချိန်တွင် ချင်ယွမ်ဖုန်းသည် သူ၏လက်ထဲရှိ ဓားရှည်ကို မြှောက်လိုက်ရာ မီးလျှံများမှာ ချက်ချင်းပင် ရစ်ပတ်သွားပြီး အရှိန်အဟုန်ဖြင့် ခုတ်ချလိုက်လေသည်။

ကြီးမားသော မီးလျှံဓားရိပ်ကြီးမှာ ဝိညာဉ်အလောင်းကောင်၏ ဦးခေါင်းကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။

သို့ရာတွင် ဓားရိပ်မှာ တစ်စစီ ပျက်စီးသွားပြီး မီးစများ လွင့်စင်သွားခဲ့သော်လည်း ဝိညာဉ်အလောင်းကောင်ကိုမူ အနည်းငယ်မျှ ထိခိုက်မှု မရှိခဲ့ပေ။

ဝိညာဉ်အလောင်းကောင်တွင် ထိုအချိန်၌ မည်သည့် မှတ်ဉာဏ်မျှ မရှိသော်လည်း သူ၏ ကျင့်စဉ်အဆင့်မှာ ကျန်ရှိနေဆဲ ဖြစ်သည်။

ကိုးဆင့်မြောက် ဘိုးဘေးနယ်ပယ် ကျင့်ကြံသူ ကျိုးထုံပင်လျှင် ဝိညာဉ်အလောင်းကောင်ကို မယှဉ်နိုင်ပါက ချင်ယွမ်ဖုန်းကဲ့သို့ ကျင့်စဉ်အဆင့် နိမ့်ပါးသူတစ်ဦးအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။

ဝိညာဉ်အလောင်းကောင်သည် လက်ကို ဝေ့ယမ်းကာ သူ၏ကိုယ်ပေါ်ရှိ မီးစများကို ခါချလိုက်ပြီးနောက် လက်ကို ဆန့်ထုတ်လိုက်သည်။

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရဘဲ ရှေ့သို့ လွင့်ပါသွားကာ ဝိညာဉ်အလောင်းကောင်၏ လည်ပင်းညှစ်ခြင်းကို ခံလိုက်ရလေသည်။

ထို့ပြင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ကြိုးကဲ့သို့သော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများဖြင့် တင်းကျပ်စွာ ရစ်ပတ်ခြင်း ခံလိုက်ရသဖြင့် လှုပ်ရှား၍ပင် မရတော့ပေ။

ဝိညာဉ်အလောင်းကောင်သည် ချင်ယွမ်ဖုန်းက ဝိညာဉ်များကို မည်သို့ စုပ်ယူသွားသည်ကို သိချင်နေပုံရပြီး ချင်ယွမ်ဖုန်းကို မိမိအနီးသို့ ဆွဲယူကာ အသေအချာ စစ်ဆေးကြည့်ရှုနေလေသည်။

ချင်ယွမ်ဖုန်းမှာ ထိုဝိညာဉ်အလောင်းကောင်က မိမိအား အစားအစာတစ်ခုကဲ့သို့ အကဲဖြတ်နေသည်ဟု ခံစားနေရသည်။

"သူ့ကို လွှတ်လိုက်စမ်း"

ကျိုးထုံသည် အဝေးမှ ပြေးဝင်လာပြီး သူ၏ ရွှေရောင်ဝင်းလက်နေသော ဓားမကြီးသည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဝိညာဉ်အလောင်းကောင်၏ နောက်ကျောသို့ ရောက်သည်နှင့် ကျိုးထုံသည် အမြင့်သို့ ခုန်တက်လိုက်ပြီး ဓားဦးကို အောက်သို့ စိုက်ကာ ပြင်းထန်စွာ ဆင်းသက်တိုက်ခိုက်လိုက်လေသည်။

ချင်ယွမ်ဖုန်းမှာ ဓားမကြီး၏ ထိပ်ဖျားတွင် အလွန်တောက်ပသော ရွှေရောင်အလင်းတန်းများ ဝင်းလက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ထိုအရာမှာ ရွှေရောင် နေမင်းအသေးစားလေး တစ်ခု ထိုနေရာတွင် ရှိနေသကဲ့သို့ပင် ဖြစ်ပေတော့သည်။

အခန်း (၂၈၄) ဝိညာဉ်ကျောက်တုံး တစ်သိန်း

“ဖောက်”

အလောင်းကောင်မိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ ဓားကြီး တိုးဝင်စိုက်ဝင်သွားသည့် အသံကို ချင်ယွမ်ဖုန်း အတိုင်းသား ကြားလိုက်ရလေသည်။

ထင်ထားသည့်အတိုင်းပင် ကျိုးထုံ၏ တစ်ချက်တည်းသော ဓားချက်မှာ အလောင်းကောင်မိစ္ဆာ၏ ကျောပြင်ထဲသို့ တစ်ဆုံး စိုက်ဝင်သွားခဲ့ပြီး ထိုအကောင်ကို နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားစေခဲ့သည်။

သို့သော်လည်း ဝဲလည်နေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများက အလောင်းကောင်မိစ္ဆာ၏ ခန္ဓာကိုယ်ကို မြဲမြံစွာ ထိန်းထားပေးနေပြီး ထိုကြောက်မက်ဖွယ်ရာ ဒဏ်ရာများမှာလည်း မကြာမီ အချိန်အတွင်း ပြန်လည် ကုသသွားပေလိမ့်မည်။

ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် မိမိအပေါ် ရစ်ပတ်ထားသော အလောင်းကောင်မိစ္ဆာ၏ ချုပ်နှောင်မှု အနည်းငယ် လျော့ပါးသွားသည်ကို ခံစားလိုက်ရသဖြင့် အခွင့်ကောင်းကို အရယူကာ အလောင်းကောင်မိစ္ဆာ၏ ရင်ဘတ်ကို ကန်ထုတ်ပြီး နောက်သို့ ဆုတ်ခွာလိုက်သည်။

အလောင်းကောင်မိစ္ဆာသည် နာကျင်မှုကို မခံစားတတ်သော်လည်း မိမိ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားသည်ကို သိရှိသွားပုံရကာ ချက်ချင်းပင် ဒေါသတကြီးဖြင့် လှည့်ကြည့်လာပြီး ဖြူဖျော့နေသော လက်ဝါးကို မြှောက်လိုက်လေသည်။

ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများမှာ ၎င်း၏ လက်ဝါးထက်တွင် စုစည်းလာပြီး နောက်တစ်ခဏ၌ ထိုအလောင်းကောင်မိစ္ဆာသည် ကျိုးထုံ၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

အရှိန်အဝါများ ပေါက်ကွဲထွက်သွားပြီး ကျိုးထုံ၏ ရင်ဘတ်မှာ တစ်စစီ ဖြစ်သွားကာ ခန္ဓာကိုယ်မှာလည်း လေထဲတွင် ဝေ့ဝဲလျက် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းသွားရလေသည်။

ထို့နောက် အလောင်းကောင်မိစ္ဆာသည် ကျောဘက်သို့ လက်လှမ်းကာ ဓားနှောင့်ကို ဆုပ်ကိုင်ပြီး ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ ၎င်းသည် အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

နာကျင်မှုကို မသိသော အလောင်းကောင်မိစ္ဆာကဲ့သို့ သတ္တဝါမျိုးသာ ဤသို့ ပြုလုပ်နိုင်ပေလိမ့်မည်။ သာမန်လူသားတစ်ယောက်သာဆိုလျှင် ထိုသို့ ဓားဖြင့် အထိုးခံရကတည်းက နာကျင်မှုဒဏ်ကို မခံနိုင်ဘဲ အသက်ပျောက်သွားလောက်ပြီ ဖြစ်သည်။

ဓားကြီးပေါ်တွင် ညိုညစ်နေသော အသားစများ ကပ်ပါလာသည်မှာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှ၏။

ချင်ယွမ်ဖုန်းသည် ဓားကြီးကို လုံးဝ ဆွဲထုတ်ပြီးသွားသည်နှင့် ထိုအလောင်းကောင်မိစ္ဆာ၏ နောက်ထပ် ပစ်မှတ်မှာ မိမိပင် ဖြစ်ကြောင်း သိနေသည်။

“အနန္တပုံရိပ်”

ချင်ယွမ်ဖုန်း အော်ဟစ်လိုက်သည်နှင့် သူ၏ သိုလှောင်အိတ်ထဲမှ သတ္တုလုံးတစ်လုံး ပျံထွက်လာပြီး လက်ထဲသို့ ကျရောက်လာသည်။

နောက်တစ်ခဏတွင် စိတ်ကူးလိုက်သည်နှင့် အနန္တပုံရိပ်မှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး ဘဇူကာ ဒုံးပစ်လောင်ချာ တစ်ခုအဖြစ်သို့ ရောက်ရှိသွားတော့သည်။

“ငါ့ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးသောင်း ပေးကြစမ်း”

ချင်ယွမ်ဖုန်းက တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ပြောလိုက်ရင်း တစ်ဖက်မှလည်း နှမြောတသဖြစ်မှုကို အလူးအလဲ ခံစားနေရသည်။

သို့သော် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ဝိညာဉ်ကျောက်တုံးများကို နှမြောနေ၍ မဖြစ်ပေ။ ထိုအဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးသောင်းမှာ ချင်ယွမ်ဖုန်း စုဆောင်းထားသမျှ အရာအားလုံးပင် ဖြစ်သည်။

“မင်းတို့ဆီမှာ ဝိညာဉ်ကျောက်တုံးတွေ ကျန်သေးလား။ အကုန်လုံး ငါ့ကိုပေး”

ချင်ယွမ်ဖုန်းက စူးရှစွာ အော်ဟစ်လိုက်သည်။ လင်ယွဲ့သည် တွေဝေခြင်းမရှိဘဲ သူမ၏ ဝိညာဉ်ကျောက်တုံးများကို ချင်ယွမ်ဖုန်းထံ ပစ်ပေးလိုက်သော်လည်း ထိုအထဲတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့်သာ ပါဝင်သည်။

ယန်ချိုင်နှင့် အခြားသူများမှာမူ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ချင်ယွမ်ဖုန်း ဘာလုပ်မည်ကို မသိကြသော်လည်း သူ့ကို ယုံကြည်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

ဂိုဏ်းချုပ်အချို့လည်း ချင်ယွမ်ဖုန်း၏ အသံကို ကြားရသဖြင့် သူတို့ဆီရှိ ဝိညာဉ်ကျောက်တုံးများကို တစ်ယောက်ပြီးတစ်ယောက် ပစ်ပေးလိုက်ကြသည်။

သို့ရာတွင် သူတို့သည် မိစ္ဆာအိုဟန်၏ အလောင်းကောင်မိစ္ဆာကို နှိမ်နင်းရန်သာ ထွက်လာခဲ့ကြခြင်း ဖြစ်သဖြင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ယူဆောင်လာခြင်း မရှိကြပေ။

ချင်ယွမ်ဖုန်း ကိုယ်ပိုင် ဝိညာဉ်ကျောက်တုံး သုံးသောင်း အပါအဝင် အားလုံး စုစည်းလိုက်သည့်အခါတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းတိတိ ရရှိလေသည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းဟူသည်မှာ မယုံကြည်နိုင်လောက်အောင် များပြားလှသော စည်းစိမ်ဥစ္စာ ဖြစ်ပေသည်။ သာမန် သိုင်းပညာရှင် တစ်ယောက်အတွက် တစ်သက်လုံး သုံးမကုန်နိုင်သော ပမာဏပင် ဖြစ်၏။

သို့သော် ယခုအခါတွင် ဤကြီးမားလှသော စည်းစိမ်များကို ချင်ယွမ်ဖုန်း၏ လမ်းညွှန်မှုဖြင့် စွမ်းအင်အဖြစ် ပြောင်းလဲကာ အနန္တပုံရိပ်ထဲသို့ ထည့်သွင်းလိုက်လေသည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်၏ စွမ်းအားမှာ ပဉ္စမအဆင့် မဟာဆရာနယ်ပယ် သိုင်းပညာရှင်တစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှပေရာ ဝိညာဉ်ကျောက်တုံး တစ်သိန်းဆိုလျှင် အနည်းဆုံး ဘိုးဘေးနယ်ပယ် ကိုးဆင့်မြောက် သိုင်းပညာရှင်တစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုအဆင့်အထိ ရောက်ရှိနိုင်မည်ဟု ချင်ယွမ်ဖုန်း ခန့်မှန်းလိုက်သည်။

ထိုအချိန်တွင် အလောင်းကောင်မိစ္ဆာသည်လည်း ၎င်း၏ကျောပေါ်မှ ဓားကြီးကို ဆွဲထုတ်ပြီးသွားပြီ ဖြစ်ကာ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ချင်ယွမ်ဖုန်းကို တည့်တည့် စိုက်ကြည့်လာသည်။

“ဒါကို ခံစားကြည့်လိုက်စမ်း။ သာမန် သိုင်းပညာရှင် တစ်ယောက် တစ်သက်လုံး သုံးလို့ရတဲ့ စည်းစိမ်တွေ ကုန်ဆုံးသွားတဲ့ ငါ့ရဲ့ တိုက်ခိုက်မှုကို မြည်းစမ်းကြည့်လိုက်”

ရှည်လျားလှသော တိုက်ကွက်အမည်ပေးမှုကြောင့် ဘေးနားရှိလူများမှာ ဆွံ့အသွားရသော်လည်း ချင်ယွမ်ဖုန်း၏ အသံထဲတွင် ခံစားနေရသော ဝမ်းနည်းမှုကိုတော့ သတိပြုမိကြသည်။

အဖိုးတန်သောအရာတစ်ခုကို ဆုံးရှုံးလိုက်ရသည့် ဝမ်းနည်းမှုမျိုးပင် ဖြစ်သည်။

ချင်ယွမ်ဖုန်းက ဟိန်းဟောက်လိုက်ပြီး အနန္တပုံရိပ် ဘဇူကာထဲမှ ထွက်ပေါ်လာသော စွမ်းအင်များကြောင့် ဂိုဏ်းချုပ်အချို့ပင်လျှင် အလွန်အမင်း ထိတ်လန့်သွားကြရသည်။

“ဝုန်း”

ယခင်က ဖြစ်ပွားခဲ့သော မိုးကြိုးပေါက်ကွဲသံထက်ပင် ပိုမိုကျယ်လောင်သော ကမ္ဘာပျက်သံကြီး ထွက်ပေါ်လာတော့သည်။

အနန္တပုံရိပ် ဘဇူကာထဲမှ အလင်းတန်းတစ်ခု ဒေါသတကြီး ပန်းထွက်သွားရာ ၎င်းမှာ နေမင်းဆယ်စင်း၏ အရောင်အဝါကို စုစည်းထားသကဲ့သို့ တောက်ပလှပြီး ကြည့်လိုက်မိသူတိုင်း၏ မျက်လုံးများကို ကွယ်သွားစေနိုင်လောက်ပေသည်။

ထိုအလင်းတန်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေပြီး အလောင်းကောင်မိစ္ဆာထံသို့ တည့်တည့်မတ်မတ် ဦးတည်သွားလေသည်။

အလောင်းကောင်မိစ္ဆာသည်ပင် ထိုခဏ၌ ကြောက်ရွံ့မှုကို ခံစားလိုက်ရဟန်တူပြီး စိတ်အာဃာတမိစ္ဆာ အရှိန်အဝါ အမြောက်အမြားကို စုစည်းကာ ရှေ့တွင် ကာကွယ်လိုက်သည်။

သို့သော်လည်း ထိုအရှိန်အဝါများသည် အလင်းတန်းနှင့် ထိတွေ့လိုက်သည်နှင့် မီးနှင့်တွေ့သော ရေခဲကဲ့သို့ အရည်ပျော်သွားကာ အကာအကွယ်မဲ့ ဖြစ်သွားရတော့သည်။

နောက်တစ်ခဏတွင် အလင်းတန်းသည် အလောင်းကောင်မိစ္ဆာ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားပြီး ပိုမိုတောက်ပသော အလင်းတန်းနှင့်အတူ မြေကမ္ဘာတစ်ခုလုံး တုန်ဟည်းသွားစေသည့် ပေါက်ကွဲမှုကြီး ဖြစ်ပွားလေတော့သည်။

မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး အလောင်းကောင်မိစ္ဆာ၏ ခြေဖဝါးအောက်မှနေ၍ ပေပေါင်းသောင်းချီ ရှည်လျားသော အက်ကြောင်းကြီးများ ဖြာထွက်သွားသည်။

ချင်ယွမ်ဖုန်းနှင့် အခြားသူများမှာ အလုအယက် နောက်သို့ ဆုတ်ခွာပြေးကြရပြီး သူတို့၏ နားထဲတွင်လည်း အဆုံးမရှိသော ဟိန်းဟောက်သံကြီးများသာ ပြည့်နှက်နေတော့သည်။

ကျင့်စဉ်အဆင့်နိမ့်သော တပည့်အချို့မှာမူ နားထဲမှ သွေးများပင် ပန်းထွက်လာကြသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများက ပြေးနေသူအားလုံးကို လွင့်စင်သွားစေရာ ပေထောင်ကျော် ဝေးသော နေရာအထိ ရောက်ရှိသွားပြီးမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကြရလေသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့ ဝေးဝေးသို့ ပြေးနိုင်ခဲ့ကြသောကြောင့် ထိခိုက်ဒဏ်ရာ ရခြင်းတော့ မရှိခဲ့ပေ။

“ချင်ယွမ်ဖုန်း၊ မင်း ငါတို့ကို သတ်ဖို့ ကြိုးစားနေတာလား”

ထန်ဂျွန်းက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ပြီး ထရပ်ကာ အလောင်းကောင်မိစ္ဆာ ရှိခဲ့သော နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုစဉ် ကောင်းကင်ယံသို့ မှိုပွင့်ပုံသဏ္ဌာန် မီးခိုးတိမ်တိုက်ကြီးများ တက်လာပြီး မီးလျှံများ တောက်လောင်နေကာ ပတ်ဝန်းကျင်ရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများလည်း လွင့်စင်ကုန်ကြပြီ ဖြစ်သည်။

ကောင်းကင်ယံရှိ တိမ်တိုက်များပင်လျှင် ပေပေါင်းသောင်းချီ ဝေးရာသို့ လွင့်ထွက်သွားသဖြင့် ကောင်းကင်ပြင်ကြီးမှာ ကြည်လင်နေတော့သည်။

ပေါက်ကွဲမှုကြီးမှာ ၁၅ မိနစ် ခန့် ကြာအောင် တရှိန်ရှိန် ဖြစ်နေပြီးမှ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။

ထိုအခါတွင် ယင်ဝိညာဉ်ဂိုဏ်း ဗဟိုချက်နေရာမှာ မီးလောင်ပြင်ကြီး ဖြစ်နေပြီး မြေပြင်ပေါ်တွင်လည်း လောင်ကျွမ်းနေသော အမှတ်အသားများနှင့် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပြည့်နှက်နေလေသည်။

မှိုပွင့်ပုံသဏ္ဌာန် တိမ်တိုက်ကြီးမှာ ကောင်းကင်တွင် ရစ်ဝဲနေဆဲ ဖြစ်ရာ ဤနေရာတွင် ကမ္ဘာပျက်မတတ် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေသကဲ့သို့ ရှိနေသည်။

ချင်ယွမ်ဖုန်းသည် အလောင်းကောင်မိစ္ဆာ၏ အခြေအနေကို စိုးရိမ်သဖြင့် လျင်မြန်စွာ ပြန်ပြေးကြည့်လေသည်။ အားလုံးကလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ချင်ယွမ်ဖုန်းနောက်သို့ လိုက်လာကြသည်။

ထိုအတောအတွင်း ယင်ဝိညာဉ်ဂိုဏ်းမှ အကြီးအကဲအချို့မှာ ထိုပေါက်ကွဲမှုကြီးကို မြင်သောအခါ ထိတ်လန့်တကြား ထွက်ပြေးရန် ကြိုးစားကြသော်လည်း ဂိုဏ်းချုပ်များ၏ ဖမ်းဆီးခြင်းကို ခံရကာ အလွယ်တကူပင် အသတ်ခံလိုက်ရလေသည်။

ချင်ယွမ်ဖုန်းသည် အလောင်းကောင်မိစ္ဆာ ရှိခဲ့သော နေရာသို့ ပြန်ရောက်သည့်အခါ ထိုအလောင်းကောင်မိစ္ဆာမှာ မတ်တပ်ရပ်လျက်ပင် ရှိနေပြီး လုံးဝ မလှုပ်မယှက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ဒီလောက်ထိ ဖြစ်တာတောင် မသေသေးဘူးလား”

ချင်ယွမ်ဖုန်း အလွန်အမင်း ထိတ်လန့်သွားရသည်။ ဤပေါက်ကွဲမှု၏ စွမ်းအားမှာ ဘိုးဘေးနယ်ပယ် ကိုးဆင့်ထက်ပင် သာလွန်ပြီး ဘုရင်နယ်ပယ် အဆင့်သို့ပင် ရောက်ရှိနိုင်ပေရာ အလောင်းကောင်မိစ္ဆာအနေဖြင့် ဤကဲ့သို့သော ပေါက်ကွဲမှုကြီးထဲတွင် အသက်ရှင်နေနိုင်ရန်မှာ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။

ထိုစဉ် လေပြေအေးလေး တစ်ချက် ဝှေ့ယမ်းလိုက်ရာ မတ်တပ်ရပ်နေသော အလောင်းကောင်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်ပါသွားလေတော့သတည်း။

All Chapters