← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 16 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 16 Ch. 285-286

အခန်း (၂၈၅)မျက်စိတစ်ဖက်လပ် မိစ္ဆာမျက်လုံး

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိပြီးနောက် "သူ သေသွားပြီ၊ ဒီတစ်ကြိမ်တော့ တကယ်ကြီး အသက်ပျောက်သွားပြီပဲ။ ငါတို့တွေ နောက်ဆုံးတော့ စိတ်အေးလက်အေး နားနားနေနေ နေလို့ရပြီပေါ့" ဟု ရေရွတ်လိုက်လေသည်။

လင်ယွဲ့သည် ချင်ယွမ်ဖုန်း၏ အနီးသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့၏။ သူမ၏ ရင်ထဲ၌မူ အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေဆဲပင် ဖြစ်သည်။ "ချင်ယွမ်ဖုန်း၊ ခုနက နင်အသုံးပြုခဲ့တဲ့ 'သာမန်သိုင်းပညာရှင်တစ်ယောက်ရဲ့ တစ်သက်တာစည်းစိမ်လောက် ကုန်ကျနိုင်တဲ့ တိုက်ခိုက်မှု' ဆိုတာက အမှန်တကယ်တော့ ဘာကြီးလဲ"

"အဲဒါက နာမည်အတိုင်းပါပဲ၊ သာမန်သိုင်းပညာရှင်တစ်ယောက်ရဲ့ တစ်သက်တာစည်းစိမ်လောက်ကို တကယ်ပဲ ကုန်ကျစေတဲ့ တိုက်ခိုက်မှုမျိုးပေါ့" ဟု ချင်ယွမ်ဖုန်းက ငိုမဲ့မဲ့မျက်နှာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

သူသည် နတ်ရေစင်များနှင့် ရောနှောထားသော ကမ္ဘာမြေခြင်ဆီအရည်များကို ရောင်းချပြီးမှသာ ထိုမျှလောက်များပြားသော ဝိညာဉ်ကျောက်တုံးများကို စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုမူ မျက်တောင်တစ်ခတ်အတွင်းမှာပင် အားလုံးကို အကုန်အစင် သုံးစွဲလိုက်ရသဖြင့် သူ၏ရင်ထဲ၌ သွေးစိမ်းရှင်ရှင် ထွက်မတတ် နှမြောတသဖြစ်နေရချေပြီ။

ထိုစဉ်မှာပင် ကျိုးထုံသည်လည်း သူတို့ရှိရာသို့ ပျံသန်းရောက်ရှိလာခဲ့သည်။ သူ၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ကျိုးထုံ၏ အသက်အန္တရာယ်ကို စိုးရိမ်ရသည့် အခြေအနေမျိုးတော့ မရှိပေ။

"ယွမ်ဖုန်း၊ မင်း တော်တော်လေး ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တာပဲ။ ဒီတစ်ကြိမ်မှာသာ မင်းမရှိခဲ့ရင် ငါတို့ထဲက တစ်ယောက်မှ လွတ်မြောက်နိုင်ကြမှာ မဟုတ်ဘူး" ဟု ကျိုးထုံက အားအင်ချိနဲ့စွာဖြင့် ဆိုလေသည်။

ချင်ယွမ်ဖုန်းက သူ၏ဦးခေါင်းကို ကုတ်ခြစ်လိုက်ရင်း "စီနီယာကလည်း ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျွန်တော့်ရဲ့ ဆုံးရှုံးမှုက တကယ်ကို ကြီးမားလွန်းလှပါတယ်"

"ဟားဟား၊ မိစ္ဆာအိုဟန်ရဲ့ အလောင်းကောင်ဝိညာဉ်ကို ရှင်းလင်းနိုင်ခဲ့တာနဲ့တင် မင်းရဲ့နာမည်က တစ်ဟုန်ထိုး ကျော်ကြားသွားတော့မှာပါ" ဟု ကျိုးထုံက ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ကာ အားပေးစကား ဆိုလိုက်၏။

"နာမည်ကျော်တာထက် ကျွန်တော့်ရဲ့ ဝိညာဉ်ကျောက်တုံးတွေကိုပဲ ပြန်ရချင်ပါတယ်" ဟု ချင်ယွမ်ဖုန်းက ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် ပြောကြားလိုက်သည်။

ချင်ယွမ်ဖုန်း၏ အမူအရာကို ကြည့်ရှုကာ လူတိုင်းက တဟားဟား ရယ်မောလိုက်ကြလေသည်။

ဤတိုက်ပွဲကြီးအပြီးတွင် သူတို့အားလုံးသည် ချင်ယွမ်ဖုန်းအပေါ် အမြင်သစ်များ ရရှိသွားကြပြီး အတိတ်က ဖြစ်ရပ်များကိုလည်း စိတ်ထဲတွင် ဆက်လက်ထားရှိခြင်း မပြုကြတော့ပေ။

"ကဲ၊ အခုဆိုရင် ယင်ဝိညာဉ်ဂိုဏ်းလည်း အကုန်အစင် ပျက်သုဉ်းသွားပြီ။ ဒီတစ်ကြိမ်တော့ ယင်ဝိညာဉ်ဂိုဏ်း ပြန်လည်ဦးမော့လာမှာကို ငါတို့တွေ စိုးရိမ်စရာ မလိုတော့ဘူး" ဟု ကျိုးထုံက အားရပါးရ ရယ်မောရင်း ဆို၏။

လူတိုင်းသည်လည်း စိတ်အေးသွားကြပြီး ဤတိုက်ပွဲကြီးနှင့်အတူ လူငယ်သိုင်းပညာရှင်များ၏ အမည်နာမများမှာလည်း ပျံ့နှံ့ကျော်ကြားသွားလိမ့်မည်ဟု ယုံကြည်နေကြသည်။

ဤအချက်က သူတို့ကို စိတ်လှုပ်ရှားတက်ကြွစေသည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဂိုဏ်းကြီးများမှ တပည့်များနှင့် မတူညီကြဘဲ အလွန်ထူးခြားသော ဖြစ်ရပ်မျိုး မရှိခဲ့လျှင် သူတို့၏အမည်ကို လူသိသူရှားလှသောကြောင့်ပင် ဖြစ်လေသည်။

မြေပြင်ပေါ်တွင်မူ မီးလောင်ကျွမ်းထားသော အကွက်တစ်ခုမှလွဲ၍ အခြားမည်သည့်အရာမျှ ကျန်ရှိမနေတော့ချေ။

ပေါက်ကွဲမှုအတွင်း၌ အရာခပ်သိမ်းမှာ ပြာကျပျက်စီးသွားခဲ့သဖြင့် တိုက်ပွဲမြေပြင်ကို ရှင်းလင်းရန်ပင် မလိုတော့ပေ။

ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်း၌ အလင်းရောင် အနည်းငယ် ပေါ်ထွက်လာခဲ့ပြီး လူတိုင်းသည်လည်း အိမ်ပြန်ရန် ပြင်ဆင်ကြလေသည်။

တစ်ညလုံး သူတို့၏ စိတ်အာရုံများကို အစွမ်းကုန် တင်းမာစွာ အသုံးပြုခဲ့ရသဖြင့် ယခုကဲ့သို့ စိတ်လျှော့လိုက်သည့်အခါ အားလုံးမှာ ပင်ပန်းနွမ်းနယ်နေသည့် ပုံရိပ်များ ပေါ်လွင်နေကြသည်။

ထျန်းချင်းကမူ လူတိုင်းကို ကောင်းကင်ဘုံမျှော်စင်သို့ လိုက်ပါခဲ့ရန် ဖိတ်ခေါ်လိုက်ပြီး ထိုနေရာတွင် နားနားနေနေ အပန်းဖြေနိုင်ရန်နှင့် ယင်ဝိညာဉ်ဂိုဏ်းအား အောင်မြင်စွာ နှိမ်နင်းနိုင်ခြင်းအတွက် အောင်ပွဲခံစားသောက်ပွဲတစ်ခုကို စီစဉ်ပေးမည်ဖြစ်ကြောင်း အဆိုပြုလေသည်။

ချင်ယွမ်ဖုန်းကိုမူ ဤစစ်ပွဲ၏ သူရဲကောင်းအဖြစ် သတ်မှတ်ထားကြသော်လည်း ယခုအချိန်၌ သူသည် ထိုကဲ့သို့သော အရာများကို ဂရုစိုက်နိုင်သည့် စိတ်အခြေအနေတွင် မရှိဘဲ လူအုပ်ကြီး၏ အနောက်ဆုံးမှသာ တစ်ကိုယ်တည်း လျှောက်လှမ်းနေခဲ့၏။

လင်ယွဲ့သည်လည်း ချင်ယွမ်ဖုန်း၏ အနား၌ပင် တစ်လျှောက်လုံး အတူရှိနေပေးခဲ့သည်။

"နင်ဘာတွေ တွေးနေတာလဲ" ဟု လင်ယွဲ့က ထိုစဉ်တွင် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီးနောက် လှည့်ကြည့်ကာ သူ၏အနောက်ဘက်ရှိ မီးလောင်ကျွမ်းထားသော မြေရိုင်းပြင်ကြီးကို ကြည့်ရင်း စိတ်ထဲ၌ ခံစားချက်တစ်မျိုး ဖြစ်ပေါ်နေမိသည်။

"သိုင်းပညာရှင်တစ်ယောက်ဟာ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ အကယ်၍ မိစ္ဆာလမ်းစဉ်ပေါ်ကို ခြေချလိုက်မယ်ဆိုရင် အခုလိုမျိုးပဲ အဆုံးသတ်ရမှာပဲ။ ဒါဆို သူတို့တွေက ဘာကြောင့် မိစ္ဆာကျင့်စဉ်လမ်းကို ရွေးချယ်ခဲ့ကြတာလဲ" ဟု ချင်ယွမ်ဖုန်းက တိုးညှင်းစွာ မေးခွန်းထုတ်လိုက်သည်။

လင်ယွဲ့က ခေါင်းခါယမ်းလိုက်ပြီး "တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်ချင်း မတူညီကြလို့ ဖြစ်မှာပေါ့။ ဥပမာပြောရရင် ငါလည်း ဂိုဏ်းတူညီအစ်ကိုတွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရစဉ်ကသာ တခြားလမ်းစဉ်တစ်ခုကို ရွေးချယ်ခဲ့မယ်ဆိုရင် ငါလည်း မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်သွားနိုင်တာပဲ"

ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လူတိုင်း၏ ဘဝပေးအခြေအနေမှာ မတူညီကြဘဲ မိစ္ဆာကျင့်ကြံသူ ဖြစ်လာခြင်းသည်လည်း တစ်ခါတစ်ရံတွင် မလွဲမရှောင်သာသော အခြေအနေကြောင့် ရွေးချယ်ခဲ့ရသည့် လမ်းစဉ်တစ်ခု ဖြစ်တန်ရာသည်။

ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့ ထွက်ခွာတော့မည့် ဆဲဆဲတွင် ယခင်က ယင်ဝိညာဉ်ဂိုဏ်း၏ ဗဟိုချက်မဖြစ်ခဲ့သော နေရာသို့ လူရိပ်တစ်ခု လျှောက်လှမ်းသွားသည်ကို ချင်ယွမ်ဖုန်းက ရုတ်တရက် မြင်တွေ့လိုက်ရသည်။

"မုဟွိုက်လား" ဟု ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်ကာ ထိုလူရိပ်ကို အမှတ်တရ မှတ်မိသွားလေသည်။

လင်ယွဲ့မှာ လန့်ဖျန့်သွားပြီး သူမ၏လက်ထဲရှိ ချိတ်ကောက်ရတနာလက်နက်များကို ဆွဲထုတ်ရန် ပြင်ဆင်လိုက်သော်လည်း ချင်ယွမ်ဖုန်းက သူမကို တားဆီးလိုက်၏။ "မစိုးရိမ်ပါနဲ့၊ ကိစ္စမရှိပါဘူး"

မုဟွိုက်သည် ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့ကို ကြည့်ကာ ပြုံးပြလိုက်သည်။

မုဟွိုက်သည် သူမ၏ မျက်နှာပေါ်၌ ရေးဆွဲထားသော ပုံရိပ်များကို အကုန်အစင် ဆေးကြောသန့်စင်ထားသဖြင့် သူမ၏ သဘာဝအတိုင်း စင်ကြယ်သော မျက်နှာလေးမှာ ပေါ်လွင်နေသည်ကို ချင်ယွမ်ဖုန်းက သတိပြုမိလိုက်သည်။

ထိုပုံရိပ်များ မရှိသည့်အခါတွင် မုဟွိုက်သည် အမှန်တကယ်ပင် အေးချမ်းတည်ငြိမ်သော ပုံစံရှိနေပြီး ယခင်က ဆိုးသွမ်းယုတ်မာသော ပုံစံနှင့် အလွန်ပင် ကွာခြားလှပေသည်။

မုဟွိုက်သည် လှည့်ကြည့်ပြီးနောက် အလောင်းကောင်ဝိညာဉ်၏ ခေါင်းတလားရှိခဲ့သော နေရာတွင် ဒူးထောက်လိုက်ကာ 'ဗုန်း' ခနဲ မြည်အောင် ဦးသုံးကြိမ် တိုက်လိုက်လေသည်။

ထို့နောက်တွင်မူ မုဟွိုက်သည် ထိုနေရာကို စတင်တူးဆွတော့၏။

ချင်ယွမ်ဖုန်းမှာ အလွန်ပင် စိတ်ဝင်စားသွားသဖြင့် လင်ယွဲ့နှင့်အတူ မုဟွိုက်၏ အနောက်သို့ လျှောက်လှမ်းသွားခဲ့ကြသည်။

မကြာမီမှာပင် မုဟွိုက်သည် သူမအလိုရှိသော အရာကို တူးဖော်ရရှိသွားသည်။ ၎င်းမှာ မျက်လုံးတစ်လုံးဖြစ်ပြီး ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းကြောက်မက်ဖွယ် ကောင်းလှသော်လည်း ယခုအခါ ထိုမျက်လုံးပေါ်တွင် အက်ကြောင်းသေးသေးလေးများ ထင်ကျန်နေချေပြီ။

"ဒါက ဘာကြီးလဲ" ဟု ချင်ယွမ်ဖုန်းက အသာအယာ မေးလိုက်သည်။

"မိစ္ဆာမျက်လုံးပေါ့" ဟု မုဟွိုက်က ပြုံးရင်း ဆို၏။

"ဒါက ငါရဲ့ ဆရာဖြစ်သူ ဟိုးအရင်ကတည်းက ရရှိခဲ့တာ။ ဒီထဲမှာ အဆုံးမဲ့တဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ ရှိနေပြီး ဆရာက သူ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် အသုံးပြုခဲ့တာလေ"

"ဒါဆို အလောင်းကောင်ဝိညာဉ်ပေါ်မှာရှိတဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေက ဒီမိစ္ဆာမျက်လုံးကနေ စုပ်ယူထားတာပေါ့ ဟုတ်လား" ဟု ချင်ယွန်းဖုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

မုဟွိုက်က ခေါင်းညိတ်ပြပြီး ချင်ယွမ်ဖုန်းကို ပြုံးကာ ကြည့်လိုက်သည်။ "ဘာလဲ၊ နင်ဒါကို ယူချင်လို့လား"

"ငါတို့ ဒါကို မဖြစ်မနေ သိမ်းဆည်းရမယ်" ဟု လင်ယွဲ့က ချက်ချင်းပင် ရှေ့သို့ တိုးထွက်လိုက်သည်။ "

ဒါကိုသာ ဒီအတိုင်း ထားလိုက်ရင် နောက်ထပ် မိစ္ဆာအိုဟန်တစ်ယောက် ထပ်ပေါ်လာဦးမှာပဲ"

"ဟားဟားဟား..."

ထိုစဉ်မှာပင် မုဟွိုက်၏ ခန္ဓာကိုယ်သည် ရုတ်တရက် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားပြီး ခဏချင်းမှာပင် ပေတစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိသွားလေသည်။

"ငါက ဒါကို နင်တို့လက်ထဲ ထည့်ပေးမယ်လို့ ထင်နေတာလား။ ငါက ဒီမိစ္ဆာမျက်လုံးအတွက်ကိုပဲ သီးသန့် ပြန်လာခဲ့တာ"

ချင်ယွမ်ဖုန်းက လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ကျောဘက်ရှိ ဓားရှည်ကို အသာအယာ ဆုပ်ကိုင်လိုက်သလို လင်ယွဲ့သည်လည်း သူမ၏ လက်နက်များကို အသင့်အနေအထားဖြင့် ကိုင်စွဲလိုက်သည်။

"နင်တို့နှစ်ယောက်လုံးက အခုတင်ပဲ တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲထားရတာဆိုတော့ အားအင်တွေ အကုန်အစင် ကုန်ခန်းနေမှာပဲ။ ငါက နင်တို့ကို တိုက်ခိုက်လို့ မနိုင်နိုင်ပေမဲ့ ငါသာ ထွက်ပြေးမယ်ဆိုရင် နင်တို့ ငါ့ကို ဖမ်းနိုင်ပါဦးမလား" ဟု မုဟွိုက်က အေးအေးဆေးဆေးပင် ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် မုဟွိုက်ကို စိုက်ကြည့်နေမိပြီး နောက်ဆုံးတွင်မူ မတတ်သာသည့်အဆုံး သက်ပြင်းတစ်ချက်ကိုသာ ချလိုက်မိတော့သည်။ မုဟွိုက် ပြောသည်မှာ မှန်ကန်လှပေ၏။ ယခုအချိန်တွင် သူတို့သည် မုဟွိုက်ကို အမှန်တကယ်ပင် မဖမ်းဆီးနိုင်တော့ချေ။

"ချင်ယွမ်ဖုန်း၊ ဒါတွေအားလုံးက နင်ကြောင့်ပဲ။ ငါ နင့်ကို မုန်းတယ်၊ ဒါပေမဲ့ နင့်ကို ကျေးဇူးလည်း တင်ပါတယ်။ ဘာလို့လဲဆိုတော့ နင်က မိစ္ဆာအိုဟန်ကို သတ်ပြီး ငါ့ကို လွတ်လပ်ခွင့် ပေးခဲ့လို့ပဲ။ အခုဆိုရင် ငါ ကြိုက်တာကို လုပ်လို့ရပြီ"

ချင်ယွမ်ဖုန်းက မုဟွိုက်ကို ကြည့်ကာ သက်ပြင်းချရင်း "ဘာလို့ အဲဒီလို လုပ်နေမှာလဲ။ ငါတို့နဲ့အတူ ပြန်လိုက်ခဲ့ပါ၊ မင်း ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ"

မုဟွိုက်က ခေါင်းခါယမ်းလိုက်ပြီး "ချင်ယွမ်ဖုန်း၊ ဒါကို မှတ်ထားပါ၊ နင် ဘယ်နေရာမှာပဲ ရှိရှိ ငါ နင့်ဆီကို အရောက်လာခဲ့မှာ"

ထိုသို့ ပြောကြားပြီးနောက် မုဟွိုက်၏ ခန္ဓာကိုယ်သည် အဝေးသို့ ခုန်ပျံထွက်ခွာသွားပြီး ခဏချင်းမှာပင် ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားလေတော့သည်။

"တကယ်တော့ ငါတို့နှစ်ယောက်သာ ဝိုင်းဝန်းလုပ်ဆောင်မယ်ဆိုရင် သူမကို ဖမ်းထားနိုင်ခဲ့မှာပါ" ဟု လင်ယွဲ့က တိုးညှင်းစွာ ဆို၏။

"အဲဒါက ခက်ခဲလိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်သည်။ "ပြီးတော့ မိစ္ဆာအိုဟန်က သူမအတွက်တော့ ဖခင်တစ်ယောက်လိုပဲ။ အခုအချိန်မှာ သူမရဲ့ ရင်ထဲမှာ အာဃာတတွေ ရှိနေမှာ အသေအချာပဲ"

လင်ယွဲ့သည် သက်ပြင်းချလိုက်ပြီးနောက် ဘာမျှ ဆက်လက်မပြောတော့ပေ။

ထို့နောက် သူတို့နှစ်ဦးသည်လည်း ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာလာခဲ့ကြပြီး မည်သူကမျှ မုဟွိုက်အကြောင်းကို ထပ်မံ၍ ထည့်သွင်းပြောဆိုခြင်း မပြုကြတော့ချေ။

မုဟွိုက်သည် ထိုမိစ္ဆာမျက်လုံးကို ယူဆောင်သွားခဲ့လျှင် သူမသည် ဒုတိယမြောက် မိစ္ဆာအိုဟန် ဖြစ်လာလိမ့်မည်ကို လင်ယွဲ့က ကောင်းစွာ သိရှိနေသည်။

မေးခွန်းထုတ်စရာ ရှိသည်မှာ သူမသည် မိစ္ဆာအိုဟန်ကဲ့သို့ပင် ယုတ်မာရက်စက်စွာ ပြုမူမည်လော ဆိုသည်ပင် ဖြစ်သည်။

ထိုနေ့တစ်နေ့ ရောက်ရှိလာသည့်အခါတွင်မူ ယနေ့၌ မုဟွိုက်ကို လွှတ်ပေးလိုက်သည့်အတွက် ချင်ယွမ်ဖုန်းတစ်ယောက် နောင်တရလေဦးမည်လား ဆိုသည်မှာလည်း တွေးတောဖွယ်ရာပင်။

ယင်ဝိညာဉ်ဂိုဏ်းနှင့် ဆင်နွှဲခဲ့ရသော တိုက်ပွဲကြီးသည်လည်း ဖြည်းဖြည်းချင်း အဆုံးသတ်သွားခဲ့ချေပြီ။

အခန်း (၂၈၆) အမျိုးသမီးတို့၏ တိုင်းပြည်

သုံးရက်မျှ ကြာမြင့်ပြီးနောက်တွင် ဂိုဏ်းအသီးသီးမှ လူတို့သည် ကောင်းကင်ဘုံမျှော်စင်မှ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြလေပြီ။

ယင်ဝိညာဉ်ဂိုဏ်းအား အမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်ခဲ့ခြင်းသည် အလွန်အမင်း ကျယ်ဝန်းလှသည်မဟုတ်သော တစ္ဆေလက်သည်းမြေအတွက်မူ ထူးခြားကြီးကျယ်သော ဖြစ်ရပ်ကြီးတစ်ခုပင် ဖြစ်တော့သည်။

ထျန်းချင်း၏ စီစဉ်ညွှန်ကြားမှုအောက်တွင် ကောင်းကင်ဘုံလမ်းစဉ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ချင်ယွမ်ဖုန်း၏ ပိတ်လှောင်ခြင်းကို ခံခဲ့ရသော ယန်ချိုင်နှင့် အခြားသူများသည်လည်း ကောင်းကင်ဘုံလမ်းစဉ်သို့ အသီးသီး တက်လှမ်းခဲ့ကြလေသည်။

သို့ရာတွင် သူတို့၏ နောက်ဆုံးရလဒ်များမှာ ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ချင်ယွမ်ဖုန်း ရရှိခဲ့သော အမြင့်ပေကိုမူ မှီရန် ဝေးနေဆဲပင်။

ဤတိုက်ပွဲနှင့်အတူ ချင်ယွမ်ဖုန်း၊ လင်ယွဲ့နှင့် အခြားသူတို့၏ အမည်နာမများသည်လည်း အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့လေသည်။

ဤစကြာဝဠာတိုက်ကြီးပေါ်တွင် ထူးချွန်ထက်မြက်သော လူငယ်သိုင်းပညာရှင် အများအပြား ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း လူအများက သိရှိသွားကြတော့သည်။

ချင်ယွမ်ဖုန်း စုဆောင်းရရှိထားသော ယုံကြည်မှုတန်ဖိုးများသည်လည်း တိုးပွားလာခဲ့ရာ လောလောဆယ်တွင် ထိုတန်ဖိုးများအတွက် ပူပန်ရန် မလိုတော့ချေ။

ဤကြီးကျယ်သော တိုက်ပွဲကြီးသည် လူတို့အဖို့ ထမင်းစားရေသောက် ပြောမကုန်နိုင်သော ပြောစမှတ်ပြုရာ အသစ်စက်စက် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပေသည်။

သတင်းဟူသည် အမြဲတစေ လျင်မြန်စွာ ပျံ့နှံ့တတ်စမြဲဖြစ်ရာ သုံးရက်အတွင်းမှာပင် ဤသတင်းသည် အနောက်ဘက်ပင်လယ်ပြင်ဒေသသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားတော့သည်။

"ဘာ... မင်းပြောတာ ချင်ယွမ်ဖုန်း ဟုတ်လား" ဒုန်ဖန်းရှန့်မင်သည် အဓိကခန်းမဆောင်ကြီးအတွင်းဝယ် ထိုင်နေရင်း အိုင်ဖေးကို စိတ်လှုပ်ရှားစွာ ကြည့်၍ မေးမြန်းလိုက်၏။

အိုင်ဖေး၏ မျက်နှာတွင်လည်း ဝမ်းမြောက်ကြည်နူးမှုတို့ ထင်ဟပ်နေကာ "ဟုတ်ပါတယ် ဂိုဏ်းချုပ်၊ မိစ္ဆာအိုဟန်ရဲ့ ဝိညာဉ်အလောင်းကောင်ကို အနိုင်ယူပြီး အခြေအနေကို ပြောင်းလဲပစ်ခဲ့တာ စီနီယာအစ်ကိုလို့ ကြားသိရပါတယ်။ ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အဆင့်သတ်မှတ်ချက်တွေလည်း ထွက်လာပါပြီ" ဟု ပြန်လည်ဖြေကြားလေသည်။

ထိုသို့ပြောဆိုရင်း အိုင်ဖေးသည် စာအုပ်ငယ်လေးတစ်အုပ်ကို ဒုန်ဖန်းရှန့်မင်ထံသို့ ကမ်းပေးလိုက်၏။

၎င်းစာအုပ်မှာ ကောင်းကင်ဘုံမျှော်စင်မှ ထုတ်ပြန်လိုက်သော ကောင်းကင်ဘုံလမ်းစဉ် အဆင့်သတ်မှတ်ချက်စာရင်းဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သူတို့၏ အမည်များနှင့် သူတို့တက်လှမ်းနိုင်ခဲ့သော အထစ်အရေအတွက်များကို ဖော်ပြထားခြင်း ဖြစ်သည်။

ဒုတိယအဆင့်နေရာတွင် ဖော်ပြထားသူမှာ ချင်ယွမ်ဖုန်းဖြစ်ပြီး သူသည် စုစုပေါင်း အထစ် ၁၀၇၅ ထစ်အထိ တက်လှမ်းနိုင်ခဲ့ကာ ကိုယ်ခန္ဓာကြံ့ခိုင်မှု သက်သက်ကိုသာ အသုံးပြု၍ အထစ်ပေါင်း ၆၀၀ အထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဤအဆင့်သတ်မှတ်ချက်သည် ကောင်းကင်ဘုံလမ်းစဉ်၏ သမိုင်းတစ်လျှောက်တွင်ပင် အလွန်မြင့်မားသော အဆင့်ဖြစ်ပေသည်။

"ဂိုဏ်းချုပ်... ဒါ သေချာပေါက် စီနီယာအစ်ကိုပဲ ဖြစ်ရမယ်။ စီနီယာအစ်ကိုကလွဲရင် ဘယ်သူက ဒီလောက် စွမ်းဆောင်နိုင်မှာလဲ" ဟု ချင်ယွမ်ဖုန်း၏ အမာခံပရိသတ်ဖြစ်သူ အိုင်ဖေးက ဝမ်းသာအားရ ပြောဆိုရှာသည်။

သို့သော် ဒုန်ဖန်းရှန့်မင်ကမူ ဦးခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရင်း "အတည်ပြုဖို့ စောပါသေးတယ်။ ဒီတိုက်ကြီးပေါ်မှာ နာမည်တူတဲ့သူတွေလည်း ရှိနိုင်တာပဲ။ နောက်ပြီး အဲဒါ တကယ်ပဲ ယွမ်ဖုန်းဆိုရင် သူ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ" ဟု ဆို၏။

"ဖြစ်နိုင်တာကတော့... သူ အချိန်မရသေးလို့ နေမှာပါ..." ဟု အိုင်ဖေးက မတင်မကျ လေသံဖြင့် ပြန်ပြောသည်။

ချင်ယွမ်ဖုန်း၏ ကိစ္စသည် အိုင်ဖေးအပေါ် မည်မျှ သက်ရောက်မှုကြီးမားကြောင်း ဒုန်ဖန်းရှန့်မင် သိနားလည်သဖြင့် ခေါင်းညိတ်ပြလိုက်ပြီး "ဘယ်လိုပဲဖြစ်ဖြစ် ဒီချင်ယွမ်ဖုန်းဟာ ငါတို့ ဆေးနတ်ဘုရားဂိုဏ်းက တပည့် ဟုတ်မဟုတ် သိရအောင် အနောက်ဘက်ဒေသကို လူလွှတ်ပြီး စုံစမ်းခိုင်းပါ့မယ်။ ငါ ယုံကြည်တာကတော့ ချင်ယွမ်ဖုန်းဟာ နတ်ဘုရားသောင်းချီနယ်မြေလောက်မှာတင် ပိတ်မိနေမယ့်သူ မဟုတ်ပါဘူး" ဟု အလေးအနက် ပြောဆိုလိုက်လေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းအတွက်မူ ဤတိုက်ပွဲမှာ အလွန်အမင်း ပြင်းထန်လှသည်ဟု မခံစားရပေ။ အကြောင်းမှာ လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သော ယင်ဝိညာဉ်ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် ဤတိုက်ပွဲမှာ အလွန်သေးငယ်လှသောကြောင့် ဖြစ်သည်။

လင်ယွဲ့သည်လည်း ချင်ယွမ်ဖုန်းကို နှုတ်ဆက်ခွဲခွာသွားခဲ့ပြီဖြစ်သည်။ သူမသည် နှင်းမြူဓားဂိုဏ်းသို့ အရင်ပြန်ကာ ထိုမှတစ်ဆင့် တိုက်ကြီးပေါ်သို့ လှည့်လည်သွားလာဦးမည် ဖြစ်၏။

ချင်ယွမ်ဖုန်းသည်လည်း နောက်ဆုံးတွင် ကျိုးထုံနှင့် အခြားသူများကို နှုတ်ဆက်ကာ လင်ယင်းကျောင်းတော်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

"ညီလေး... ဒီကနေ အရှေ့ဘက်ကို သွားမယ်ဆိုရင် ကျန့်ဂီအင်ပါယာကို ရောက်လိမ့်မယ်။ အဲဒီကို သွားမယ်ဆိုရင်တော့ အထူးသတိထားရလိမ့်မယ်နော်" ဟု ကျိုးထုံက ချင်ယွမ်ဖုန်းအား လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် သတိပေးလိုက်သည်။

ချင်ယွမ်ဖုန်းမှာ မျက်မှောင်ကြုတ်သွားရင်း "ကျန့်ဂီအင်ပါယာ ဟုတ်လား။ အဲဒီမှာ ဘာများ ထူးခြားလို့လဲ " ဟု သံသယဖြင့် မေးမြန်းလိုက်၏။

"ထူးခြားတာပေါ့" ဟု ကျိုးထုံက တဟဟ ရယ်မောရင်း "ကျန့်ဂီအင်ပါယာဆိုတာ အမျိုးသမီးတို့ရဲ့ တိုင်းပြည်ကွ။ အဲဒီမှာရှိတဲ့သူတွေ အားလုံးက မိန်းမတွေချည်းပဲ။ ဒါကြောင့် အဲဒီကို ရောက်ရင် မင်း အသွားအလာ အနေအထိုင် သတိထားရလိမ့်မယ်" ဟု ဆိုလေသည်။

"အမျိုးသမီးတို့ရဲ့ တိုင်းပြည်လား" ချင်ယွမ်ဖုန်းမှာ ချက်ချင်းပင် စိတ်ဝင်စားသွားကာ "အဲဒီလို တိုင်းပြည်မျိုး တကယ်ရှိတာလား" ဟု ပြန်မေး၏။

"ရှိတာပေါ့။ ဒါပေမဲ့ မင်း သတိတော့ ထားရမယ်။ အမျိုးသမီးတိုင်းပြည်ဟာ အမျိုးသားတွေအပေါ် အလွန် အမြင်ကျဉ်းမြောင်းကြတယ်။ အဲဒီရောက်ရင် ပြဿနာတွေ မရှာနဲ့၊ အဲဒီ အမျိုးသမီးတွေနဲ့လည်း ဝေးဝေးနေဖို့ ကြိုးစား။ အဲဒီမိန်းမတွေကလေ... သေချာပေါက် ကျားမကြီးတွေပဲကွ" ဟု ကျိုးထုံက ချင်ယွမ်ဖုန်း၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်လေသည်။

ကျိုးထုံ၏ အမူအရာကို ကြည့်ပြီး ချင်ယွမ်ဖုန်းမှာ မတတ်သာသဖြင့် ဦးခေါင်းကိုသာ ခါယမ်းမိတော့သည်။ ကျိုးထုံကဲ့သို့သောသူပင် ဤမျှအထိ သတိကြီးစွာ ထားနေရသည်ဆိုလျှင် အမျိုးသမီးတိုင်းပြည်မှာ သွားရလာရ လွယ်ကူသော နေရာမဟုတ်သည်မှာ ထင်ရှားပေသည်။

"ဒါပေမဲ့... လင်ယင်းကျောင်းတော်က ကျန့်ဂီအင်ပါယာထဲမှာ ရှိတာလေ။ အဲဒီ လင်ယင်းကျောင်းတော်က လူတွေအားလုံးက သီလရှင်တွေပဲလား" ဟု ချင်ယွမ်ဖုန်းက သိလိုစိတ်ဖြင့် မေးမြန်းပြန်သည်။

"အဲလိုတော့ မဟုတ်ပါဘူး" ဟု ကျိုးထုံက ပြန်ဖြေကာ "သူတို့အားလုံးက ရဟန်းတော်တွေဖြစ်ပြီး လင်ယင်းကျောင်းတော်အနီးမှာပဲ နေကြတာကြောင့် အမျိုးသမီးတိုင်းပြည်က ဒီရဟန်းတွေကိုတော့ ပိုပြီး သည်းခံပေးထားကြတာပါ" ဟု ဆို၏။

"ဩော်... အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ ကျွန်တော်က လင်ယင်းကျောင်းတော်ကို သွားပြီး ကိစ္စဝိစ္စတွေ ပြီးတာနဲ့ ဆေးနတ်ဘုရားဂိုဏ်းကို ပြန်မှာပါ" ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

"ကောင်းပြီလေ။ ငါ့ရဲ့ ချင်ယွင်မျှော်စင်က ကွန်ရှန်းချိုင့်ဝှမ်းမှာ ရှိတယ်။ ဒီတစ်ခါတော့ ငါက ရေလမ်းခရီးကနေ ပြန်မှာဆိုတော့ မင်းရဲ့လမ်းကြောင်းနဲ့ မတူဘူး ဖြစ်နေတယ်။ မဟုတ်ရင် မင်းနဲ့အတူ လိုက်ခဲ့ပေးလို့ ရတာပေါ့" ဟု ကျိုးထုံက ပြောသည်။

"စီနီယာကလည်း အားနာစရာကြီးပါ။ ကျွန်တော်က တစ်ယောက်တည်း သွားရတာ ကျင့်သားရနေပါပြီ" ဟု ချင်ယွမ်ဖုန်းက ပြန်ပြောလိုက်၏။

ကွန်ရှန်းချိုင့်ဝှမ်းသည် အလွန်ပင် ထူးဆန်းလှသော နေရာတစ်ခုဖြစ်ပြီး မြောက်ဘက်တွင် ကျန့်ဂီအင်ပါယာ၊ အရှေ့ဘက်တွင် ဝူချီအင်ပါယာနှင့် တောင်ဘက်တွင် အနောက်ဘက် ရန်အင်ပါယာဟူသော အင်ပါယာသုံးခုကို ဆက်သွယ်ထားကာ အရှေ့ဘက်တွင်မူ ပင်လယ်နှင့် ထိစပ်နေပေသည်။

အင်ပါယာသုံးခု၏ နယ်စပ်များတွင် မြင့်မားသော တောင်တန်းကြီးများ ရှိနေပြီး ကွန်ရှန်းချိုင့်ဝှမ်းကို ဝန်းရံထားခြင်း ဖြစ်သည်။

အခြားနိုင်ငံသုံးနိုင်ငံလုံးက ကွန်ရှန်းချိုင့်ဝှမ်းကို လိုချင်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး အလျှော့မပေးလိုကြချေ။ ထို့ပြင် ဤနေရာသည် သုံးဖက်သုံးတန် တောင်တန်းများ ကာရံထားပြီး တစ်ဖက်မှာ ပင်လယ်နှင့် ဆက်နေသဖြင့် စီမံအုပ်ချုပ်ရန် ခက်ခဲသောကြောင့် ဥပဒေမဲ့ဇုန်တစ်ခု ဖြစ်လာခဲ့ပေသည်။

ဝရမ်းပြေးများ၊ ရာဇဝတ်သားများနှင့် မိစ္ဆာကျင့်ကြံသူ အများအပြားသည် ကွန်ရှန်းချိုင့်ဝှမ်းတွင် ခိုအောင်းနေကြသဖြင့် အားကြီးသူက အနိုင်ယူစတမ်းဟူသော ရှုပ်ထွေးဆိုးသွမ်းသည့် နေရာတစ်ခုလည်း ဖြစ်နေတော့သည်။

ကွန်ရှန်းချိုင့်ဝှမ်းနှင့် ပတ်သက်၍ ဒဏ္ဍာရီများစွာ ရှိသော်လည်း ကောင်းမွန်သော ပုံပြင်ဟူ၍ တစ်ပုဒ်မျှ မရှိချေ။

ထိုသို့သော နေရာတွင် ချင်ယွင်မျှော်စင်ကို တည်ထောင်ထားနိုင်ခြင်းကပင် ကျိုးထုံ၏ ကိုယ်ပိုင်အစွမ်းအစအပေါ် ယုံကြည်မှုကို ပြသနေခြင်းပင် ဖြစ်သည်။

"ကောင်းပြီလေ... အချိန်ရရင် ချင်ယွင်မျှော်စင်ကို လာလည်ဦးပေါ့။ ငါ့မျှော်စင်ထဲက အဘိုးကြီးတချို့ဆိုရင် မင်းကို သေချာပေါက် သဘောကျကြမှာပဲ" ဟု ကျိုးထုံက ပြုံးလျက် ဆိုလေသည်။

ချင်ယွမ်ဖုန်းက ခဏမျှ စဉ်းစားပြီးနောက် စီနီယာ စိတ်ချပါ။ လင်ယင်းကျောင်းတော်က ကိစ္စတွေ ပြီးရင် ကျွန်တော်လည်း ဟိုဟိုဒီဒီ လှည့်လည်သွားလာချင်တာနဲ့ အတော်ပါပဲ။စီနီယာဆီကို လာပြီး ရက်အနည်းငယ်လောက် အနှောင့်အယှက် ပေးပါ့မယ်။ ကျွန်တော့်ကို စိတ်မရှိပါနဲ့" ဟု ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။

ကျိုးထုံက ပြုံးလျက် ချင်ယွမ်ဖုန်း၏ ပခုံးကို ပုတ်ကာ "မင်းက ငါ့အသက်သခင် ကျေးဇူးရှင်ပဲကွာ၊ ဘယ်လိုလုပ် စိတ်ရှိရမှာလဲ" ဟု ဆို၏။

သူတို့နှစ်ဦး နှုတ်ဆက်ခွဲခွာပြီးနောက် ချင်ယွမ်ဖုန်းသည် လင်ယင်းကျောင်းတော်သို့ ဦးတည်၍ ခရီးဆက်ခဲ့သည်။

"ရှောင်လင်... ငါ့ရဲ့ အရည်အချင်းပြကွက်ကို ပြပေးပါဦး" ဟု ချင်ယွမ်ဖုန်းက ရှောင်လင်ကို လှမ်းခေါ်လိုက်သည်။

သခင် - ချင်ယွမ်ဖုန်း

အသက် - ၁၈ နှစ်

ကျင့်စဉ်အဆင့် - သတ္တမအဆင့် မဟာဆရာနယ်ပယ်၊ စတုတ္ထအဆင့် ဆေးဖော်စပ်သူ၊ ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ပညာရှင်

တိုက်ခိုက်ရေးပညာ - ဝိညာဉ်ရှာဖွေခြင်း ပညာရပ်၊ အဆိပ်တစ်သောင်း ပညာရပ်၊ မိုးတိမ်လွင့် ပညာရပ်၊ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်၊ အလောင်းကောင်ရုပ်သေး ပညာရပ်၊ သားရဲမီးလျှံ၊ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်၊ ဝိညာဉ်သားရဲထိန်းကျောင်းရေး ပညာရပ်၊ နဂါးဟိန်းသံပညာရပ်၊ ဓားဆွဲခုတ်ချက်၊ လင်းနို့အသွင်ပြောင်းခြင်း ပညာရပ်၊ သွေးပေါက်ကွဲခြင်း ပညာရပ်၊ မီးလျှံကောင်းကင် ခုတ်ချက်၊ နေဝင်ချိန်တစ်ချက်ခုတ်

ကျင့်စဉ် - စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်

ယုံကြည်မှုတန်ဖိုး - ၁၃၉,၃၀၀,၆၀၉

ချင်ယွမ်ဖုန်းသည် မိမိ၏ ယုံကြည်မှုတန်ဖိုးများကို ကြည့်ကာ ဝမ်းသာအားရ ပြုံးမိသွားသည်။ ယုံကြည်မှုတန်ဖိုးပေါင်း သန်းလေးဆယ်ကျော် ထပ်တိုးလာခြင်း ဖြစ်၏။

ယင်ဝိညာဉ်ဂိုဏ်းကို သုတ်သင်ရှင်းလင်းခဲ့သည့် သတင်းများ ပျံ့နှံ့သွားခဲ့သဖြင့် ဤမျှတိုးပွားလာခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

"သခင်... လင်ယင်းကျောင်းတော်ကို သွားတော့မှာလား" ဟု ထိုအချိန်တွင် ရှောင်လင်က မေးလိုက်သည်။

ချင်ယွမ်ဖုန်းက "အေးလေ... ဘာဖြစ်လို့လဲ" ဟု ခေါင်းညိတ် ပြန်ဖြေ၏။

ရှောင်လင်က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြုံးပြလိုက်ရာ ချင်ယွမ်ဖုန်းမှာ မကောင်းသော နိမိတ်ကို ခံစားလိုက်ရတော့သည်။

"သခင်... ကျွန်မဆီမှာ ဗုဒ္ဓကျမ်းစာ အစုံအလင် ရှိတယ်။ တစ်အုပ်လောက် လဲလှယ်ချင်လားဟင်" ဟု ဆိုကာ ရှောင်လင်၏ လက်ထဲတွင် ထူထဲပြီး တောက်ပနေသော စာအုပ်ကြီးတစ်အုပ် ပေါ်လာလေတော့သတည်း။

All Chapters