← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 16 Ch. 891-892

အခန်း (၂၉၁-၂၉၂)

Vol. 16 Ch. 891-892

အခန်း (၂၉၁)ဆယ်ရက်တာ အချိန်ကာလ

မုန့်ပုဖျင်သည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း "တိုတမ်အရှင်သခင်နဲ့ ပတ်သက်လို့ ကျွန်မဘက်က ဘာနဲ့ပဲဖြစ်ဖြစ် လဲလှယ်ပေးဖို့ အဆင်သင့်ပါပဲ" ဟု ဆိုလာ၏။

ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလျက် "အဲဒါကတော့ ရှောင်ဟေးရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်လိမ့်မယ်၊ ဒါပေမဲ့ မျှော်လင့်ချက် သိပ်ရှိမယ်တော့ မထင်ဘူး၊ အခုဆိုရင် သူက လူစကားကို အတော်အတန် နားလည်နေပြီဆိုတော့ မင်းပြောတာတွေကိုလည်း သူသဘောပေါက်မှာပါ" ဟု ပြန်လည်ပြောကြားလိုက်သည်။

မုန့်ပုဖျင်က ခေါင်းငြိမ့်ပြကာ "တိုတမ်အရှင်သခင်... သင်သာ ကျန့်ဂီအင်ပါယာမှာ ဆက်လက်စံပယ်နေမယ်ဆိုရင် သင်အလိုရှိရာ မှန်သမျှကို ရရှိစေရပါမယ်၊ ဒီမှာပဲ နေထိုင်ဖို့ အလိုရှိလား" ဟု မေးမြန်းလေသည်။

ရှောင်ဟေးသည် မုန့်ပုဖျင်၏ စကားကို စဉ်းစားနေဟန် တည်ရှိနေသော်လည်း အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဖြစ်စဉ်ကို ဖြတ်သန်းပြီးနောက်တွင် သူပထမဆုံး မြင်တွေ့ခဲ့ရသူမှာ ချင်ယွမ်ဖုန်း ဖြစ်နေခဲ့ရာ ယင်းကို မိသားစုဝင် တစ်ဦးကဲ့သို့ မှတ်ယူထားပြီး ဖြစ်လေသည်။

ခေတ္တမျှ ကြာပြီးနောက်တွင် ရှောင်ဟေးသည် ခေါင်းကို လွှဲလိုက်ပြီး ချင်ယွမ်ဖုန်း၏ လက်မောင်းတစ်လျှောက် တွားတက်ကာ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့၏။

မုန့်ပုဖျင်သည် စိတ်ပျက်လက်ပျက် ဖြစ်သွားရကာ ချင်ယွမ်ဖုန်းကို ကြည့်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။

"ဘုရင်မကြီး စိတ်ချပါ၊ ကျွန်တော် ဘယ်လို နည်းပရိယာယ်မျိုးမှ အသုံးမပြုခဲ့ပါဘူး၊ ရှောင်ဟေး နေမလား သွားမလားဆိုတာက သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒအပေါ်မှာပဲ လုံးဝမူတည်တာပါ၊ ကြည့်ရတာ သူက ဒီနေရာကို သိပ်သဘောကျပုံမရဘူး" ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာပင် ပြောလိုက်သည်။

"ဒါဆိုရင် မင်းကော... မင်းဘက်က ဘယ်လို အခြေအနေမျိုး တောင်းဆိုချင်လဲ၊ မင်းသာ ဒီမှာ နေမယ်ဆိုရင် ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပဲ၊ ကျန့်ဂီအင်ပါယာရဲ့ ဘုရင် ဖြစ်ချင်တယ်ဆိုရင်တောင် ရပါတယ်" ဟု မုန့်ပုဖျင်က တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ဆိုလာလေသည်။

ချင်ယွမ်ဖုန်း သက်ပြင်းချမိပြန်သည်။ မုန့်ချီလော့ကြောင့်ပင် သူသည် ကျန့်ဂီအင်ပါယာနှင့် အမုန်းမပွားလိုသလို အထူးသဖြင့် မုန့်ချီလော့၏ အစ်မဖြစ်သူနှင့်လည်း ရန်မဖြစ်လိုပေ။

သို့သော်လည်း သူ၏ အသက်ဘေးကို ကယ်တင်ရန် ကိစ္စရှိနေသေးသဖြင့် ဤနေရာ၌ ကြာရှည်မနေနိုင်ရာ ငြင်းပယ်ရန်သာ ရှိတော့သည်။

"ဘုရင်မကြီး... ကျွန်တော်က အဲဒီလို အရာတွေကို စိတ်မဝင်စားပါဘူး၊ ပြီးတော့ ကျွန်တော့်မှာ အသက်အန္တရာယ်နဲ့ ဆိုင်တဲ့ အရေးကြီးကိစ္စတစ်ခု ရှိနေတာကြောင့် ဒီမှာ ကြာကြာမနေနိုင်တာကို ခွင့်လွှတ်ပေးပါ" ဟု ချင်ယွမ်ဖုန်းက ပြောလိုက်၏။

မုန့်ပုဖျင်သည် မတတ်သာသည့်အဆုံး သက်ပြင်းချရင်း "ရှင်က ကျွန်မရဲ့ ညီမလေးကို သိတယ်လို့ ပြောခဲ့တယ် မဟုတ်လား" ဟု မေးမြန်းသည်။

"ဟုတ်ကဲ့... မုန့်ချီလော့ မိန်းကလေးနဲ့ ကျွန်တော် အကြိမ်အနည်းငယ် ဆုံဖူးပါတယ်၊ ကျွန်တော်တို့ အတော်လေး ရင်းနှီးကြတယ်လို့ ပြောလို့ရပါတယ်" ချင်ယွမ်ဖုန်းက ပြုံးလျက် ပြန်ဖြေမိသော်လည်း ဇနီးလောင်း၏ မိသားစုဝင်များနှင့် တွေ့ဆုံနေရသကဲ့သို့ အနည်းငယ် စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။

"ကျွန်မကော ဘယ်လိုလဲ... ကျွန်မနဲ့ ညီမလေးက တော်တော်လေး ရုပ်ချင်းဆင်ကြတာပဲ၊ ရှင်သာ ဒီမှာ နေမယ်ဆိုရင် လက်ထပ်ဖို့အထိတောင် ကျွန်မဘက်က အဆင်သင့်ပဲ" ဟု မုန့်ပုဖျင်က ဆိုလိုက်ရာ ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးကျယ်သွားကာ နောက်သို့ အလန့်တကြား ဆုတ်ခွာသွားမိတော့သည်။

"ဘုရင်မကြီး... ကျေးဇူးပြုပြီး နောက်ပြောင်ခြင်း မပြုပါနဲ့၊ အရင်ကလည်း ရှောင်ဟေး မရှိဘဲနဲ့ ကျန့်ဂီအင်ပါယာက ကောင်းကောင်း လည်ပတ်နိုင်ခဲ့တာပဲ၊ အခု ကျွန်တော် ရှောင်ဟေးကို ခေါ်သွားလို့လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု သူက ဆိုသည်။

ယင်းမှာ အမှန်ပင် ဖြစ်၏။ ကျန့်ဂီအင်ပါယာတွင် တိုတမ်အရှင်သခင်ဟု ခေါ်ဝေါ်သော သတ္တဝါ မရှိခင်ကတည်းက နိုင်ငံမှာ ပုံမှန်အတိုင်း တည်ရှိခဲ့ခြင်း ဖြစ်ရာ ရှောင်ဟေးကို ခေါ်ဆောင်သွားခြင်းက ကြီးမားသော ထိခိုက်မှု ဖြစ်လာမည် မဟုတ်ချေ။

မုန့်ပုဖျင်က သက်ပြင်းချကာ "ရှင် နားမလည်ပါဘူး၊ အခု ကျန့်ဂီအင်ပါယာက မငြိမ်မသက်ဖြစ်နေတဲ့ ကာလကို ရောက်နေတာ၊ ကျွန်မသာ တိုတမ်အရှင်သခင်ရဲ့ ထောက်ခံမှုကို ရမယ်ဆိုရင် အင်ပါယာကို ဒီထက်ပိုပြီး တည်ငြိမ်အောင် ထိန်းကျောင်းနိုင်မှာ အသေအချာပဲ" ဟု ပြောလာသည်။

"အဲဒါက ဘာကို ဆိုလိုတာလဲ" ဟု ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။

"ကျွန်မ ရုပ်ရည်က ဘယ်လောက်အရွယ်ရှိပြီလို့ ထင်လဲ" ဟု မုန့်ပုဖျင်က ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

ချင်ယွမ်ဖုန်းက စဉ်းစားကြည့်ရာ သူမနှင့် မုန့်ချီလော့တို့မှာ သုံးမွှာပူး ညီအစ်မများ ဖြစ်ကြသဖြင့် အသက်မှာ အတူတူပင် ဖြစ်တန်ရာ၏။

"အသက် နှစ်ဆယ်ကျော်လောက်လို့ ထင်ပါတယ်"

"မှန်တယ်... ဒါပေမဲ့ အသက် နှစ်ဆယ်ကျော်အရွယ်နဲ့ ဧကရာဇ် ဖြစ်နေတဲ့သူမျိုးကို မြင်ဖူးလား" ဟု သူမက ဆက်မေးသည်။

ထိုအခါမှ ချင်ယွမ်ဖုန်း သဘောပေါက်သွားတော့၏။ ငယ်ရွယ်လွန်းသော အုပ်ချုပ်သူတစ်ဦးအပေါ် မကျေနပ်သူများနှင့် အာခံလိုသူများ ရှိနေခြင်းမှာ ဓမ္မတာပင် ဖြစ်သည်။

"ကျွန်မ အသက်က ဒီနှစ်မှ နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးတယ်၊ ထီးနန်းတက်ခဲ့သမျှထဲမှာ အငယ်ဆုံး ဘုရင်မပေါ့၊ ဒါကြောင့် နိုင်ငံအတွင်းက လူတော်တော်များများက ကျွန်မအပေါ် အယုံအကြည် မရှိကြဘူး၊ ကျွန်မက ကျန့်ဂီအင်ပါယာရဲ့ ဘုရင်မ ဖြစ်ဖို့ မထိုက်တန်ဘူးလို့ သူတို့က ယူဆနေကြတယ်၊ နောက်ဆုံး ကျွန်မရဲ့ အခြားညီမတစ်ယောက်ကတောင် ကျွန်မကို ဆန့်ကျင်နေတာ" ဟု မုန့်ပုဖျင်က အေးစက်စွာ ပြောကြားလေသည်။

ချင်ယွမ်ဖုန်း အံ့အားသင့်သွားရသည်။ ယင်းမှာ နန်းတွင်းရေး လျှို့ဝှက်ချက်ပင် ဖြစ်တော့၏။ သူက ဆက်လက်နားထောင်သင့်ခြင်း ရှိမရှိ ဝေခွဲမရဖြစ်နေစဉ်မှာပင် မုန့်ပုဖျင်က ဆက်ပြောပြသည်။

"ချီလော့ကတော့ သန့်ရှင်းသော နယ်မြေကို ဝင်ရောက်ခွင့်ရပြီး မြူနှင်းဂိုဏ်းရဲ့ တပည့်တစ်ဦး ဖြစ်လာခဲ့တယ်၊ ဒါက ကျန့်ဂီအင်ပါယာ တစ်ခုလုံးအတွက် ဂုဏ်ယူစရာပဲ၊ ဒါပေမဲ့ ကျွန်မရဲ့ နောက်ထပ် ညီမတစ်ယောက်ဖြစ်တဲ့ မုန့်ရှန့်နန်ကတော့ ကျန့်ဂီအင်ပါယာရဲ့ စည်းမျဉ်းတွေက အရမ်း တင်းကျပ်လွန်းတယ်လို့ ယူဆပြီး ရှိရင်းစွဲ စနစ်ကို ဖျက်ဆီးကာ အသစ်စက်စက် အင်ပါယာတစ်ခု တည်ထောင်ချင်နေတာ"

ချင်ယွမ်ဖုန်းက "ဘုရင်မတစ်ယောက် ဖြစ်ရတာလည်း မလွယ်ကူပါလား" ဟု ရေရွတ်ရင်း သက်ပြင်းချမိသည်။

"ဟုတ်ပါတယ်... ဒါကြောင့်သာ ကျွန်မက တိုတမ်အရှင်သခင်ကို ရရှိခဲ့ရင် ကျန့်ဂီအင်ပါယာ ပြည်သူတွေရဲ့ ယုံကြည်မှုကို အခြေခံပြီး ကျွန်မရဲ့ အာဏာကို ခိုင်မြဲအောင် လုပ်နိုင်မှာပါ၊ တစ်ဖက်မှာလည်း ကျွန်မက ညီမလေး ပြောသလို တင်းကျပ်တဲ့ စနစ်တွေကို မကြိုက်ပေမဲ့ လက်ရှိ အခြေအနေအရ ကျွန်မ အာဏာရတာ နှစ်အနည်းငယ်ပဲ ရှိသေးတာကြောင့် ဒါတွေကို သွားထိလိုက်ရင် ထီးနန်းက ပိုပြီး မတည်မငြိမ် ဖြစ်သွားလိမ့်မယ်၊ ရှန့်နန်က အရမ်း စိတ်လောနေတာပဲ" မုန့်ပုဖျင်က မတတ်သာသည့်အဆုံး ပြောပြလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်ရင်း "ကျွန်တော်နဲ့ ရှောင်ဟေး ဒီမှာ နေဖို့ကလွဲလို့ တခြား ကျွန်တော် ကူညီပေးနိုင်တာမျိုး ရှိမလား" ဟု မေးလိုက်သည်။

မုန့်ပုဖျင် ခေတ္တမျှ စဉ်းစားပြီးနောက် "ရှင် ဒီမှာ နောက်ထပ် ရက်အနည်းငယ်လောက် နေပေးရင်ကော ဘယ်လိုလဲ၊ တိုတမ်အရှင်သခင်ကို ပြည်သူတွေ မြင်တွေ့ခွင့်ရအောင် လုပ်ပြီး ကျွန်မအတွက် အရှိန်အဝါ တစ်ခု တည်ဆောက်ချင်လို့ပါ၊ ဒါဆိုရင် အခြေအနေတွေ အများကြီး တိုးတက်လာနိုင်တယ်" ဟု ဆိုသည်။

ချင်ယွမ်ဖုန်းက ပြန်လည်စဉ်းစားကြည့်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်ကာ "ကောင်းပါပြီ... ဒီလောက်တော့ ကျွန်တော် ကူညီပေးနိုင်ပါတယ်" ဟု သဘောတူလိုက်၏။

မုန့်ချီလော့အတွက်ကြောင့်ပင် ချင်ယွမ်ဖုန်းသည် သူမ၏ အစ်မဖြစ်သူအား မျက်နှာသာပေးရန် ဝန်မလေးတော့ချေ။ မိမိကိုယ်မိမိလည်း အမြော်အမြင် ရှိလှသည်ဟု ချီးကျူးမိနေသေးသည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့၊ အခုတော့ ရှင်သွားပြီး အနားယူလိုက်ပါဦး၊ ကျွန်မတို့ ထျန်းတူး ပြည်နယ်မြို့တော်ကို ပြန်ကြမယ်" မုန့်ပုဖျင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။

"ကျွန်တော် ဘယ်လောက်ကြာကြာ နေပေးရမလဲဆိုတာ သိပါရစေ" ဟု ချင်ယွမ်ဖုန်းက မေးမြန်းသည်။

"ဆယ်ရက်... ဆယ်ရက်ဆိုရင် လုံလောက်ပါပြီ" ဟု မုန့်ပုဖျင်က ဆို၏။

"ကောင်းပါပြီ... ဒါဆိုရင် ဆယ်ရက်ပြည့်ရင်တော့ ကျွန်တော့်ကို သွားခွင့်ပြုမယ်လို့ ဘုရင်မကြီး ကတိပေးပါ"

"စိတ်ချပါ... ကျွန်မ ကတိအတိုင်း တည်စေရပါမယ်" ဟု သူမက ပြုံးလျက် ဆိုလေသည်။

ချင်ယွမ်ဖုန်း စိတ်ထဲမှ သက်ပြင်းချမိပြန်သည်။ အင်ပါယာတစ်ခု၏ အရှုပ်အထွေးထဲသို့ ယခုကဲ့သို့ ပါဝင်ပတ်သက်မိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

အကယ်၍ ဤနေရာသည် မုန့်ချီလော့၏ ဇာတိမြေ မဟုတ်ပါက ချင်ယွမ်ဖုန်းသည် အင်ပါယာတွင်း အားပြိုင်မှုများတွင် ပါဝင်ပတ်သက်လိုစိတ် မရှိသဖြင့် ချက်ချင်းပင် ထွက်ခွာသွားလိမ့်မည် ဖြစ်သည်။

ကံကောင်းသည်မှာ ဆယ်ရက်မျှသာ ဖြစ်ပြီး ထိုကာလ ကုန်ဆုံးပါက သူ ဤနေရာမှ ထွက်ခွာတော့မည် ဖြစ်သည်။

ထိုညတွင်ပင် ချင်ယွမ်ဖုန်းနှင့် မုန့်ပုဖျင်တို့သည် သန့်ရှင်းသော ကျောင်းတော်မှ တိတ်တဆိတ် ထွက်ခွာခဲ့ကြပြီး ထျန်းတူး ပြည်နယ်မြို့တော်သို့ တစ်ညလုံး အပြင်းနှင်ခဲ့ကြသည်။

ထျန်းတူး ပြည်နယ်မြို့တော်သည် ဇီမုမြို့၏ အရှေ့ဘက်တွင် တည်ရှိပြီး တောင်တန်းတစ်ခုက ခြားနားထားသော ကျန့်ဂီအင်ပါယာ၏ မြို့တော် ဖြစ်လေသည်။

ချင်ယွမ်ဖုန်းသည် ရထားလုံးအတွင်း၌ ထိုင်လိုက်ပါလာရာ မည်သည့် အဖုအထစ်မျှ မရှိဘဲ အလွန်ချောမွေ့နေသလို ရထားလုံးကို ဆွဲလာသော သားရဲမှာလည်း အလွန်ပင် မြန်ဆန်လှသဖြင့် တစ်ညအတွင်းမှာပင် မြို့တော်သို့ ရောက်ရှိသွားတော့သည်။

နန်းတော်ကြီးသည် ထျန်းတူး ပြည်နယ်မြို့တော်၏ အလယ်ဗဟိုတွင် တည်ရှိ၏။ အခြား အင်ပါယာများရှိ မြို့များနှင့် မတူသည်မှာ မြို့တော်၏ ပုံသဏ္ဌာန်မှာ လေးထောင့်ပုံ မဟုတ်ဘဲ အလွန်ကျယ်ဝန်းသော စက်ဝိုင်းပုံစံ တည်ဆောက်ထားခြင်းပင် ဖြစ်သည်။

ဇီမုမြို့သည် ကျန့်ဂီအင်ပါယာ၏ အသက်သွေးကြော ဖြစ်သဖြင့် အစောင့်အကြပ် ထူထပ်ကာ တင်းကျပ်စွာ စီမံခန့်ခွဲထားသော်လည်း ပြည်သူအများစုမှာ ထိုမြို့၌ နေထိုင်ခြင်း မရှိကြချေ။

ထျန်းတူး ပြည်နယ်မြို့တော်မှာမူ ကျန့်ဂီအင်ပါယာတွင် အစည်ကားဆုံးသော မြို့ကြီး ဖြစ်လေသည်။

အရုဏ်တက်ချိန်သို့ ရောက်ရှိလာသည့်အခါ မြို့တော်ကြီးမှာ စည်ကားစပြုလာပြီ ဖြစ်သည်။ ညဘက်တွင်ပင် အခြားနိုင်ငံများကဲ့သို့ မီးရောင်စုံများဖြင့် လင်းထိန်နေတတ်သော်လည်း ထူးခြားချက်မှာ ဤနေရာရှိ လူအားလုံးမှာ အမျိုးသမီးများသာ ဖြစ်နေခြင်းပင်။

ရထားလုံးအတွင်း၌ အိပ်စက်လာနိုင်သော်လည်း မုန့်ပုဖျင်က ချင်ယွမ်ဖုန်း ကောင်းကောင်း အနားယူနိုင်ရန်အတွက် အခန်းတစ်ခန်း စီစဉ်ပေးခဲ့သည်။

နန်းတော်ကြီးမှာ ခန့်ညားထည်ဝါလှသလို ဧည့်သည်နားနေဆောင်မှာလည်း အလွန်ပင် ကျယ်ဝန်းလှပေသည်။

ချင်ယွမ်ဖုန်းသည် ထိုအရာများကို ဂရုမစိုက်ဘဲ အခန်းအတွင်း၌ အခြေချလိုက်သည်။ လုပ်စရာ အခြားမရှိသဖြင့် သူသည် ဆေးဖော်စပ်ခြင်း ပညာကို စတင်လေ့ကျင့်တော့၏။

ယခုအချိန်တွင် သူသည် ပဉ္စမအဆင့် ဆေးဖော်စပ်သူ ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့ရာ ဆေးဖော်စပ်သူများ မဟာမိတ်အဖွဲ့၏ ညီလာခံ မတိုင်မီ ပဉ္စမအဆင့်သို့ ရောက်ရှိနိုင်မည်ဟု သူက ယုံကြည်မှု အပြည့် ရှိနေပေတော့သည်။

အခန်း (၂၉၂) အဓိကလက်အောက်ခံအရာရှိများ

ဤနေရာသို့ ရောက်ရှိလာပြီးနောက် ရှောင်ဟေးသည်လည်း ပို၍တက်ကြွလန်းဆန်းလာဟန်ရှိပြီး ချင်ယွမ်ဖုန်း ဆေးလုံးဖော်စပ်နေသည်ကို ဘေးမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေလေရာ ထိုမြင်ကွင်းသည် အလွန်ပင် ကြည်နူးဖွယ်ကောင်းလှပေသည်။

သို့သော် မကြာမီမှာပင် အစေခံမလေးတစ်ဦးသည် ချင်ယွမ်ဖုန်း၏ အခန်းတံခါးဝသို့ ရုတ်တရက် လျှောက်လှမ်းလာခဲ့၏။

“သခင်လေးချင်... နိုးပြီလားရှင့်” ဟု အစေခံမလေးက တံခါးဝမှနေ၍ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် ဝေခွဲမရဖြစ်သွားရ၏။

မုန့်ပုဖျင်က သူ့ကို တစ်ရက်ခန့် အနားယူရန် ပြောထားခဲ့သည်မဟုတ်လော။ ယခု မည်သို့ဖြစ်၍ ဤသို့ရောက်လာရသနည်း။

“နိုးပါပြီ” ဟု ချင်ယွမ်ဖုန်းက ပြန်လည်ဖြေကြားရင်း တံခါးကို ဖွင့်ပေးလိုက်သည်။

အစေခံမလေးသည် ချင်ယွမ်ဖုန်း၏ ရှေ့တွင်၊ ပို၍တိကျစွာဆိုရသော် ရှောင်ဟေး၏ ရှေ့တွင် ဒူးထောက်ဝင်ခွင်းလိုက်၏။ ယင်းမှာ သူတို့၏ ယုံကြည်ကိုးကွယ်မှုတစ်ခုဖြစ်ကြောင်း ချင်ယွမ်ဖုန်း သိရှိထားသဖြင့် သူ စိတ်ထဲမထားမိပေ။

“သခင်လေးချင်... ဘုရင်မကြီးက သခင်လေးကို ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ” ဟု အစေခံမလေးက တိုးတိုးလေး ပြောကြားလာသည်။

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြလိုက်ပြီး “ကောင်းပါပြီ၊ လမ်းပြပေးပါဦး” ဟု ဆိုကာ လိုက်ပါသွားတော့သည်။

အစေခံမလေးသည် ချင်ယွမ်ဖုန်းကို အတွင်းနန်းဆောင်ဝင်းထဲမှ ခေါ်ဆောင်သွားရာ မကြာမီမှာပင် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ညီလာခံကျင်းပရာ နန်းတော်အလယ်ရှိ ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီးသို့ ရောက်ရှိသွားကြ၏။

ချင်ယွမ်ဖုန်းသည် နောက်ဖေးတံခါးမှတစ်ဆင့် ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင် မုန့်ပုဖျင်သည် ရွှေပလ္လင်ပေါ်၌ စံပယ်နေပြီး ပလ္လင်အောက်၌မူ အဘွားအိုအချို့ ရပ်နေကြသည်ကို တွေ့ရသည်။

ထိုအဘွားအိုများသည် အသက်အရွယ်ကြီးရင့်နေကြပြီဖြစ်သော်လည်း အားအင်အပြည့်ရှိနေကြဆဲပင်။ သူတို့၏ မျက်လုံးများကို ကြည့်ခြင်းအားဖြင့် ထိုအဘွားအိုများသည် အလွန်ပင် ပါးနပ်လိမ္မာသော ပုဂ္ဂိုလ်များဖြစ်ကြောင်း ချင်ယွမ်ဖုန်း သိမြင်နိုင်ပေသည်။

“ဒါက သခင်လေးချင်ပါ၊ တိုတမ်အရှင်သခင်က သူ့ရဲ့ အဖော်မွန်ဖြစ်ပါတယ်” ဟု အစေခံမလေးက ရှေ့သို့တက်ကာ ချင်ယွမ်ဖုန်းကို ညွှန်ပြ၍ မိတ်ဆက်ပေးလိုက်သည်။

ထို့နောက် အဘွားအိုများကို ညွှန်ပြလျက် “ဒီသုံးယောက်ကတော့ ကျွန်မတို့ ကျန့်ဂီအင်ပါယာရဲ့ မဏ္ဍိုင်ကြီးတွေပါ” ဟု ဆိုသည်။

“ဒါကတော့ ဆရာကြီး ကျင်းကျီပါ၊ ဒါကတော့ ဝန်ကြီး လျိုယဲ့ပါ၊ ပြီးတော့ ဒါကတော့ ဝန်ကြီး စုန့်ယဲ့ပါ” ဟု အစေခံမလေးက ချင်ယွမ်ဖုန်းအား တစ်ဦးချင်းစီ မိတ်ဆက်ပေးလေသည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားရ၏။

သူသည် အရာရှိအဆင့်အတန်း စနစ်များကို ကောင်းစွာနားမလည်သော်လည်း ဤသုံးဦးစလုံးသည် ပထမအဆင့် အရာရှိကြီးများဖြစ်ကြပြီး ကျန့်ဂီအင်ပါယာ တစ်ခုလုံးတွင် အလွန်အရေးပါသော ရာထူးနေရာများကို ဆုပ်ကိုင်ထားကြသူများဖြစ်ပေသည်။

“သခင်လေး... ကျွန်မတို့ တိုတမ်အရှင်သခင်ကို ဖူးမြော်ခွင့်ရနိုင်မလား” ဟု အဘွားအိုတစ်ဦးက ရှေ့သို့တက်ကာ မေးမြန်းလာသည်။

“သူက ဒီမှာ မဟုတ်ဘူးလား” ဟု ဆိုကာ ချင်ယွမ်ဖုန်းက ရှောင်ဟေး တိတ်တဆိတ် မှေးစက်နေသည့် သူ၏ ပခုံးကို ညွှန်ပြလိုက်သည်။

ထိုအခါမှသာ အဘွားအိုသုံးဦးသည် ချင်ယွမ်ဖုန်း၏ ပခုံးပေါ်ရှိ ရှောင်ဟေးကို မြင်တွေ့သွားကြပြီး ကိုယ်စီလန့်ဖျပ်သွားကာ ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်ကြလေသည်။

“ကျွန်မတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ သက်ရှိထင်ရှားရှိနေတဲ့ တိုတမ်အရှင်သခင်ကို တကယ်ပဲ ဖူးမြော်ခွင့်ရတာဟာ အမှန်တကယ်ပဲ အနှိုင်းမဲ့တဲ့ ကောင်းချီးမင်္ဂလာပါပဲ” ဟု ထိုအဘွားအိုသုံးဦးက စိတ်လှုပ်ရှားစွာ ပြောဆိုကြသည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် ဗျာများသွားရ၏။ ယုံကြည်ကိုးကွယ်မှုဆိုသည်မှာ အမှန်တကယ်ပင် အလွန်လေးနက်လှသော ကိစ္စရပ်တစ်ခုပင်။

“အားလုံးပဲ ထကြပါဦး” ဟု မုန့်ပုဖျင်က ထိုအချိန်တွင် အေးဆေးစွာ ပြောကြားလိုက်ရာ ဘုရင်မတစ်ပါး၏ ခန့်ညားထည်ဝါသော အရှိန်အဝါသည် သူ၏ထံမှ တစ်ဖန်ပြန်၍ ထွက်ပေါ်လာပြန်သည်။

ယခုအချိန်တွင် ပလ္လင်ပေါ်၌ စံပယ်နေသူမှာ ကျန့်ဂီအင်ပါယာ၏ ဘုရင်မဖြစ်ပြီး ချင်ယွမ်ဖုန်းနှင့် နူးညံ့စွာ စကားပြောဆိုနေသော အမျိုးသမီး မဟုတ်တော့ပေ။

အရေးပါသော ဝန်ကြီးကြီး သုံးဦးတို့သည် ထိုအခါမှ ဖြည်းညှင်းစွာ ထရပ်လိုက်ကြပြီး ရှောင်ဟေးကို အလွန်အမင်း စိတ်လှုပ်ရှားစွာ ကြည့်နေကြကာ သူတို့၏ မျက်ဝန်းများထဲတွင်လည်း လုံးဝ သက်ဝင်ယုံကြည်နေကြသည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။

“အရှင်မ... တိုတမ်အရှင်သခင်က အခုကစပြီး ကျွန်မတို့ တိုင်းပြည်မှာပဲ စံမြန်းမှာလားရှင့်” ဟု ဆရာကြီး ကျင်းကျီက မေးမြန်းလိုက်သည်။

မုန့်ပုဖျင်သည် ချင်ယွမ်ဖုန်းကို ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။

“ကဲ... အားလုံးလည်း တိုတမ်အရှင်သခင်ကို ဖူးမြော်ပြီးကြပြီဆိုတော့ အခု စိတ်အေးသွားကြပြီမလား” ဟု မုန့်ပုဖျင်က အေးစက်စွာ ဆိုလိုက်သည်။

သုံးဦးစလုံးက ခေါင်းငြိမ့်ပြကြပြီး “အရှင်မ... ဒါက အလွန်ကြီးကျယ်တဲ့ ကိစ္စပါ။ တစ်နိုင်ငံလုံးက ပြည်သူတွေလည်း တိုတမ်အရှင်သခင်ရဲ့ တန်ခိုးအာဏာကို ဖူးမြော်ခွင့်ရအောင် လှည့်လည်အပူဇော်ခံပွဲ ကျင်းပဖို့ ကျွန်မ အကြံပြုလိုပါတယ်” ဟု လျှောက်တင်ကြသည်

ချင်ယွမ်ဖုန်းသည် ရှောင်ဟေးကို ငုံ့ကြည့်လိုက်မိ၏။ သူ၏ ထုံပေပေ ပုံစံလေးနှင့် မည်သို့လျှင် တန်ခိုးအာဏာ ရှိနိုင်မည်နည်း။

သို့သော် သူသည် ယင်းကို ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲပေ။

အဘယ်ကြောင့်ဆိုသော် ရှောင်ဟေးသည် ယခုအခါ သူတို့၏ တိုတမ်အရှင်သခင် ဖြစ်နေသောကြောင့်ပင်။

မုန့်ပုဖျင်က ခေါင်းငြိမ့်ပြလိုက်ပြီး “ကောင်းပြီလေ၊ မင်းတို့ အကြံပြုတဲ့အတိုင်းပဲ လုပ်ကြတာပေါ့” ဟု ဆိုသည်။

“မှန်လှပါ အရှင်မ။ ကျွန်မ အခုပဲ သွားရောက်စီစဉ်လိုက်ပါ့မယ်။ အချိန်ကိုတော့ နောက်သုံးရက်အကြာလို့ သတ်မှတ်လိုက်ရင် အရှင်မ သဘောကျပါ့မလားရှင့်” ဟု ဝန်ကြီးလျိုက လျှောက်တင်လေသည်။

“ရပါတယ်” ဟု မုန့်ပုဖျင်က ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် အဘွားအိုသုံးဦးသည် စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားကြတော့သည်။

မုန့်ပုဖျင်သည် အစေခံမလေးများကို အနားယူရန် လွှတ်လိုက်ပြီးနောက် သူ၏ မျက်နှာတွင် နုံးချိနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“တွေ့တယ်မလား... သူတို့သုံးယောက်က ကြည့်ရတာ အလွန်စိတ်လှုပ်ရှားနေပုံရပေမဲ့ တကယ်တမ်းမှာတော့ ဘယ်လိုယုတ်မာတဲ့ အကြံအစည်တွေ ကြံစည်နေကြမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ” ဟု မုန့်ပုဖျင်က အားကိုးရာမဲ့စွာ ပြောရှာသည်။

“ကျန့်ဂီအင်ပါယာမှာ မငြိမ်မသက်ဖြစ်နေရတာက ဒီသုံးယောက်ကြောင့်လား” ဟု ချင်ယွမ်ဖုန်းက ဝေခွဲမရစွာ မေးလိုက်သည်။

မုန့်ပုဖျင်က ခေါင်းငြိမ့်ပြကာ “ဒီသုံးယောက်တင် မကဘူး၊ ဒါပေမဲ့ သူတို့က အဓိကပဲ။ ကျန့်ဂီအင်ပါယာက အင်အားတောင့်တင်းပါတယ်၊ စစ်သူကြီးတွေအားလုံးကလည်း ကျွန်မရဲ့ မယ်တော်လက်ထက်ကတည်းက လေ့ကျင့်ပေးခဲ့တာဆိုတော့ အလွန်ပဲ သစ္စာရှိကြတယ်။ ဒါပေမဲ့ ဒီအရပ်ဘက်အရာရှိတွေကတော့ သူတို့ရဲ့ အရည်အချင်းနဲ့ တက်လာကြတာဆိုတော့ ကျွန်မအပေါ် လုံးဝ သစ္စာရှိကြတာမျိုး မဟုတ်ဘူး” ဟု ရှင်းပြသည်။

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လိုက်သည်။ ထိုအဘွားအို သုံးဦးသည် အင်အားအလွန်အမင်း မကြီးမားကြသည်ကို သူ စောစောကပင် သတိပြုမိခဲ့သည်။

အချို့မှာ မဟာဆရာနယ်ပယ်သို့ပင် မရောက်ရှိကြသေးပေ။ ယင်းမှာ အရပ်ဘက်အရာရှိများအတွက် ပုံမှန်ပင် ဖြစ်တန်ရာသည်။

အချို့သော အရပ်ဘက်အရာရှိများသည် သိုင်းပညာရှင်များပင် မဟုတ်ကြဘဲ သူတို့၏ ဉာဏ်ပညာကိုသာ အားကိုးကြသူများဖြစ်သဖြင့် အရပ်ဘက်အရာရှိ အပြောင်းအလဲမှာ အတော်ပင် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လှပေသည်။

စစ်ဘက်ဆိုင်ရာ စစ်သူကြီးများအတွက်မူ တစ်မျိုးတစ်ဖုံ ကွဲပြားခြားနားပေသည်။ အင်အားကြီးမားသူများသာ ထိုသို့သော ရာထူးနေရာများကို ဆုပ်ကိုင်နိုင်ကြသဖြင့် သူတို့၏ ကျင့်စဉ်အဆင့်မှာ မြင့်မားပြီး သက်တမ်းလည်း ရှည်ကြာကာ ရာထူးနေရာများမှာလည်း အလွယ်တကူ ပြောင်းလဲလေ့မရှိပေ။

“ကဲ... ချင်ယွမ်ဖုန်း၊ နောက်ရက်အနည်းငယ်မှာ မင်း သတိထားဖို့ လိုလိမ့်မယ်။ ရှောင်ဟေးကို တစ်နိုင်ငံလုံးရှေ့မှာ ပေါ်ထွက်မလာနိုင်အောင် သူတို့ သေချာပေါက် တားဆီးကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒါက သူတို့အတွက် အလွန်ပဲ အားနည်းချက်ဖြစ်စေမှာမို့လို့ပဲ” ဟု မုန့်ပုဖျင်က သတိပေးလိုက်သည်။

“နန်းတော်ထဲမှာတောင် သူတို့က အဲဒီလိုလုပ်ဝံ့ကြတာလား” ဟု ချင်ယွမ်ဖုန်းက အလွန်ပင် ဝေခွဲမရဖြစ်သွားရသည်။

နန်းတော်ဆိုသည်မှာ ဧကရာဇ် စံမြန်းရာနေရာဖြစ်ပြီး လုံခြုံရေးမှာလည်း အလွန်ပင် တင်းကျပ်လှသည်မဟုတ်လော။

“ဒါကြောင့်လည်း ကျွန်မက မတည်ငြိမ်ဘူးလို့ ပြောတာပေါ့။ နန်းတော်ထဲမှာတောင် သူတို့ရဲ့ လူတွေကို ထည့်သွင်းထားပြီးသားပဲ” ဟု မုန့်ပုဖျင်က ချင်ယွမ်ဖုန်းကို ကြည့်ကာ အေးစက်စွာ ပြောကြားလိုက်သည်။

ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားရ၏။ ကျန့်ဂီအင်ပါယာ၏ ပြည်တွင်းရေး ပြဿနာများသည် အတော်ပင် ပြင်းထန်နေဟန်ရှိပေသည်။

ခေတ္တမျှ စကားပြောဆိုပြီးနောက် မုန့်ပုဖျင်က ချင်ယွမ်ဖုန်းကို အနားယူရန် ပြောလိုက်သော်လည်း ချင်ယွမ်ဖုန်းမှာမူ စိတ်ထဲတွင် တစ်ခုခုကို စိုးရိမ်နေဟန် ပေါ်နေသည်။

သူသည် မူလက ဤနေရာ၌ ရှောင်ဟေးနှင့်အတူ ဆယ်ရက်ခန့်သာ နေထိုင်ရန် စဉ်းစားထားခဲ့သော်လည်း ယခုအခါ ထိုဆယ်ရက်ကို ကျော်ဖြတ်ရန်မှာ လွယ်ကူလှမည်မဟုတ်ကြောင်း သိမြင်လာရသည်။

ချင်ယွမ်ဖုန်းသည် သူ၏ အခန်းသို့ ပြန်လာခဲ့ပြီး ဆေးဖော်စပ်ရန် စိတ်မပါတော့ပေ။ ထို့ကြောင့် ကမ္ဘာမြေခြင်ဆီအရည် အချို့ကို ထုတ်ယူကာ မျိုချလိုက်ပြီး စွမ်းအင်များကို ဖြည်းဖြည်းချင်း သန့်စင်နေတော့သည်။

နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိလာသောအခါ ချင်ယွမ်ဖုန်းသည် အခန်းထဲ၌ တစ်ရက်လုံး ထိုင်နေခဲ့မိပြီဖြစ်သည်။ ထိုစဉ် အစေခံမလေးတစ်ဦး တံခါးဝသို့ ရောက်ရှိလာပြီး တံခါးကို အသာအယာ ခေါက်လိုက်၏။

ချင်ယွမ်ဖုန်းသည် ပြန်လည်ထူးရန် ပြင်လိုက်စဉ်မှာပင် တံခါးအပြင်ဘက်၌ လူတစ်ယောက်ထက်မက ရှိနေကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ ထို့ကြောင့် သူသည် ဘာမှမပြောဘဲ ငြိမ်၍သာ ထိုင်နေလိုက်၏။

ထင်ထားသည့်အတိုင်းပင်၊ တံခါးခေါက်သံကို တုံ့ပြန်မှုမရှိသည့်အခါ တံခါးကြားမှတစ်ဆင့် ပိုက်အသေးလေးတစ်ခုကို ရုတ်တရက် ထိုးသွင်းလာခဲ့သည်။

“တကယ်ကို မဆန်းသစ်တော့ပါလား၊ အမြဲတမ်း ဒီလို ဟောင်းနွမ်းနေတဲ့ နည်းလမ်းအဟောင်းတွေကိုပဲ သုံးနေကြတာ” ဟု ချင်ယွမ်ဖုန်းက ထိုပိုက်လေးကို ကြည့်ကာ အားကိုးရာမဲ့စွာ ခေါင်းယမ်းလျက် ဆိုလိုက်သည်။

သူသည် ရှေ့သို့ လျှောက်သွားလိုက်ရာ ပိုက်လေးထဲမှ မီးခိုးများ စတင်ထွက်ပေါ်လာသည်ကို တွေ့ရသည်။ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူသည် ထိုပိုက်လေးကို ကိုက်ကာ ပြင်းထန်စွာ ပြန်မှုတ်ထုတ်လိုက်တော့သည်။

အပြင်ဘက်ရှိ လူများသည် ဤသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားကြပုံရပေ။

မီးခိုးများအားလုံးသည် ချင်ယွမ်ဖုန်း ပြန်မှုတ်လိုက်မှုကြောင့် သူမ၏ ပါးစပ်ထဲသို့ အကုန်ဝင်သွားတော့သည်။

အခန်းတံခါးသည် ရုတ်တရက် ဝုန်းကနဲ ပွင့်သွား၏။

တံခါးဝရှိ အစေခံမလေးနှင့် ဝတ်စုံနက်ဝတ်ထားသော လူတစ်ဦးတို့မှာ ကြောင်အသွားကြသည်။ ဝတ်စုံနက်နှင့်လူမှာ သူမ၏ ပါးစပ်ထဲ၌ ပိုက်လေးကို ကိုက်လျက်သားဖြင့် ကျောက်ရုပ်ကဲ့သို့ အေးခဲနေပြီး အစေခံမလေးမှာမူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေတော့သည်။

“ကြည့်ပါဦး... ငါ့အပေါ်မှာ ဒီလိုလုပ်ဝံ့တာ ဘယ်သူများလဲလို့” ဟု ချင်ယွမ်ဖုန်းက လှောင်ပြုံးနှစ်ချက် ပြုံးရင်း ဆိုလိုက်သည်။

ထိုအခါ ဝတ်စုံနက်နှင့်လူသည် အပေါ်ထပ် အမိုးပေါ်သို့ ချက်ချင်းပင် ခုန်တက်သွားပြီးနောက် အဝေးသို့ အလျင်အမြန် ထွက်ပြေးလွတ်မြောက်သွားလေတော့သတည်း။

All Chapters