အခန်း (၂၉၇-၂၉၈)
Vol. 16 Ch. 297-298
အခန်း (၂၉၇) သန့်စင်ခြင်း
“အစီရင်ခံပါတယ်... သခင်လေးချင် ရောက်ရှိလာပါပြီ” ဟု ကိုယ်ရံတော်တစ်ဦးက အော်ဟစ်အကြောင်းကြားရင်း မုန့်ပုဖျင်ရှိရာသို့ ပြေးဝင်လာလေသည်။
မုန့်ပုဖျင်က ခေါင်းညိတ်ပြလိုက်ပြီး “သူ့ကို ဒီဘက် ဖိတ်ခေါ်ခဲ့လိုက်ပါ” ဟု မိန့်ကြားလိုက်၏။
အမျိုးသမီးကိုယ်ရံတော် ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ချင်ယွမ်ဖုန်းကို မုန့်ပုဖျင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့လေသည်။
ဤအချိန်တွင် မုန့်ပုဖျင်သည် ဘုရင်မတစ်ပါး၌ ရှိသင့်ရှိထိုက်သော တည်ငြိမ်ရင့်ကျက်မှုကို ပြန်လည်ရရှိနေပြီဖြစ်ရာ အရှက်ရဖွယ် လိုက်လံလုပ်ကြံခံရမှုများ သူမ၌ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသကဲ့သို့ပင် ရှိနေတော့သည်။
“ဘုရင်မ... အဲဒီလုပ်ကြံသတ်ဖြတ်သူတွေ အားလုံး သေကုန်ကြပါပြီ၊ သူတို့အားလုံးက ပါးစပ်ထဲမှာ အဆိပ်တွေ ဝှက်ထားကြတာပါ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ဆိုလိုက်သည်။
ဘုရင်မက ခေါင်းညိတ်ကာ “သူတို့က သေသင့်သေထိုက်တာပါ၊ သူတို့တင်မကဘူး... သူတို့နောက်ကွယ်က ကြိုးကိုင်နေတဲ့လူတွေလည်း သေရမှာပဲ” ဟု မိန့်တော်မူ၏။
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချမိလေသည်။ သူသည် အင်ပါယာနန်းတွင်းရေးရာများထဲသို့ မပါဝင်လိုသော်ငြား မုန့်ပုဖျင်နှင့် မုန့်ချီလော့တို့၏ ဆက်နွှယ်မှုကို ထောက်ထားကာ မသိစိတ်ထဲမှ မုန့်ပုဖျင်ကို ကူညီလိုစိတ်များ ဖြစ်ပေါ်နေမိခြင်း ဖြစ်၏။
“.. တကယ်တော့လေ...” ချင်ယွမ်ဖုန်းသည် အင်ပါယာနန်းတော်အတွင်း၌ မကောင်းသော ရည်ရွယ်ချက်ရှိသူများ ကျန်ရှိနေသေးကြောင်း သတိပေးရန် ပြင်လိုက်သော်လည်း မုန့်ပုဖျင်က ခေါင်းယမ်းကာ တားမြစ်လိုက်လေသည်။
“ချင်ယွမ်ဖုန်း... ရှင်တာဝန်ကျေပါတယ်။ ကျွန်မအသက်ကို ကယ်တင်ပေးခဲ့တယ်၊ ဒါပေမဲ့ အခုတော့ သွားရောက်အနားယူနိုင်ပါပြီ” ဟု မုန့်ပုဖျင်က အေးဆေးစွာပင် မိန့်ကြားလိုက်၏။
“ဒီလောက်နဲ့ပဲ ပြီးသွားပြီလား” ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။
“ပြီးသွားပြီ ဟုတ်လား... ကျွန်မထီးနန်းတက်တာ ဆယ်နှစ်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ ဒီအင်ပါယာနန်းတော်ကြီး တစ်ခုလုံးက ကျွန်မနေရာ မဟုတ်သလိုပဲ ခံစားနေရတယ်၊ နေရာတိုင်းမှာ သူလျှိုတွေ ပြည့်နေတာက ကျွန်မကို အနေရခက်စေတယ်၊ အခုလို ကိစ္စမျိုး ဖြစ်ပျက်သွားပြီးမှတော့ ဒါက ဒီအတိုင်း ဘယ်လိုလုပ် ပြီးသွားနိုင်မှာလဲ” ဟု မုန့်ပုဖျင်က အေးစက်စက် လေသံဖြင့် ဆိုလေသည်။
“ဒါဆိုရင် ဘုရင်မက ဘယ်လိုလုပ်ဖို့ ရည်ရွယ်ထားလို့လဲ” ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ထိတ်လန့်ဖွယ်ရာ ဖြစ်နိုင်ခြေတစ်ခုကို တွေးတောမိသွားသည်။
“ နန်းတော်တစ်ခုလုံးကို သန့်စင်ပစ်မယ်” ဟု မုန့်ပုဖျင်က ပြတ်သားစွာပင် မိန့်တော်မူလိုက်လေသည်။
ဤညသည်ကား သတ်ဖြတ်မှုများဖြင့် ပြည့်နှက်မည့် ညတစ်ည ဖြစ်လာတော့မည်ဖြစ်ရာ အင်ပါယာနန်းတော်အတွင်း၌ သွေးများမှာ မြစ်ရေပမာ စီးဆင်းတော့မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ချင်ယွမ်ဖုန်း ထွက်ခွာသွားသည့်အချိန်၌ အရိပ်နှစ်ခုသည် အင်ပါယာညီလာခံခန်းမသို့ ရောက်ရှိလာကြသည်။ ယင်းတို့ထံမှ သမုဒ္ဒရာပမာ ကျယ်ပြောလှသော စွမ်းအားကြီးမားမှုကို ချင်ယွမ်ဖုန်း ခံစားလိုက်ရ၏။
သံသယဖြစ်ဖွယ်မရှိသည်မှာ ထိုသူနှစ်ဦးသည် အင်ပါယာနန်းတော်၏ လျှို့ဝှက်ဆရာသခင်များပင် ဖြစ်ပေလိမ့်မည်၊ ယခုကဲ့သို့ သူတို့ ပေါ်ထွက်လာခြင်းမှာ ကြီးမားသော လုပ်ဆောင်ချက်တစ်ခု စတင်တော့မည် ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။
ကိုယ်ရံတော်အချို့က ချင်ယွမ်ဖုန်းကို သူ၏ အခန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။ မုန့်ပုဖျင်သည် ချင်ယွမ်ဖုန်းကို ယုံကြည်၍လော သို့မဟုတ် သူ၏ အသက်ရှင်ခြင်း သေခြင်းကို ဂရုမစိုက်တော့၍လော ဆိုသည်မှာ မသဲကွဲတော့ပေ၊ အကယ်၍ လုပ်ကြံသတ်ဖြတ်သူများ ထပ်မံရောက်ရှိလာပါက မည်သို့ဖြစ်မည်နည်း။
အခန်းသို့ ပြန်ရောက်သည့်အခါ ချင်ယွမ်ဖုန်း၏ နားထဲတွင် မသဲမကွဲ အော်ဟစ်သံများကို ကြားနေရလေသည်။ သူသည် ထိုအသံများကို မကြားချင်ယောင်ဆောင်ကာ အိပ်စက်ရန် ကြိုးစားသော်လည်း မရနိုင်ခဲ့ပေ။
သူ၏ ဝိညာဉ်စွမ်းအားကို အပြင်ဘက်သို့ ဖြန့်ကြက်လိုက်မိသည်။ အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို ချင်ယွမ်ဖုန်း မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ချင်ယွမ်ဖုန်း ပထမဆုံး ခံစားလိုက်ရသည်မှာ ပြင်းထန်လှသော သွေးညှီနံ့ပင် ဖြစ်၏။ ထိုသွေးများကို မထိတွေ့ရဘဲနှင့်ပင် ယင်းသွေးများထဲ၌ ပါဝင်နေသော အာဃာတတန်ဖိုးများကို ချင်ယွမ်ဖုန်း ခံစားသိရှိနိုင်လေသည်။
သူ၏ ဝိညာဉ်စွမ်းအားကို အစွမ်းကုန် ဖြန့်ကြက်လိုက်ရာ သူ၏ စိတ်ထဲတွင် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ ငရဲခန်းတစ်ခုကဲ့သို့ပင် ရှိနေတော့သည်။
နန်းတွင်းအစေခံများနှင့် ကိုယ်ရံတော် အများအပြားမှာ အပြင်သို့ ဆွဲထုတ်ခြင်းခံရကာ နေရာတင်ပင် ခေါင်းဖြတ်သတ်ခြင်း ခံနေကြရသည်။
မြေပြင်ပေါ်သို့ သွေးများ ပန်းထွက်ကုန်ကာ အင်ပါယာနန်းတော်၏ မြေပြင်တစ်ခုလုံးကို အနီရောင် ဆိုးသွားစေတော့သည်။
ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် မိန်းကလေးငယ်တစ်ဦးကို မြင်တွေ့လိုက်ရ၏။ သူမသည် ကြောက်လန့်တုန်ရီကာ ဘာလုပ်ရမှန်းမသိဘဲ အားကိုးရာမဲ့စွာ ရပ်နေရှာသည်။
ဓားရှည်တစ်လက်ကို ကိုင်စွဲထားသော ကိုယ်ရံတော်တစ်ဦးမှာ ထိုမိန်းကလေးငယ်ရှိရာသို့ တရွေ့ရွေ့ လျှောက်လှမ်းလာနေလေသည်။
ထိုသနားစရာကောင်းသော မိန်းကလေးငယ်မှာ ဘာတွေဖြစ်ပျက်နေမှန်းပင် မသိရှာပေ။ သူမသည် နန်းတော်ထဲသို့ ခိုးဝင်ရန် စေလွှတ်လိုက်သော လုပ်ကြံသတ်ဖြတ်သူ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယနေ့ညတွင်မူ မုန့်ပုဖျင်သည် အလွန်အမင်း ဒေါသထွက်နေရုံသာမက သွေးရူးသံရူးပင် ဖြစ်နေချေပြီ။
ဧကရာဇ်တစ်ပါး ဒေါသထွက်လျှင် သွေးသည် လီတစ်ထောင်တိုင်အောင် စီးဆင်းတတ်သည် မဟုတ်လော။ ယနေ့ညတွင် သံသယဖြစ်ခံရသူ မည်သူမဆို အင်ပါယာနန်းတော်အတွင်း၌ အသက်ရှင်ခွင့် ရတော့မည်မဟုတ်ပေ။
ချင်ယွမ်ဖုန်းသည် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အစောပိုင်းက အင်ပါယာညီလာခံခန်းမတွင် မြင်တွေ့ခဲ့ရသော အင်ပါယာနန်းတော်၏ လျှို့ဝှက်ကျွမ်းကျင်သူ နှစ်ဦးကိုလည်း မြင်တွေ့နေရသည်။
ထိုကျွမ်းကျင်သူများအနက် တစ်ဦးမှာ ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားကို သတိပြုမိသွားပုံရသည်။ သူမက ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ရာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အစစ်အမှန် ရှိနေသော နေရာကို တည့်တည့်မတ်မတ် ကြည့်လိုက်သကဲ့သို့ ရှိနေတော့သည်။
ချင်ယွမ်ဖုန်း ထိတ်လန့်သွားကာ သူ၏ ဝိညာဉ်စွမ်းအားကို အမြန်ပြန်လည်ရုပ်သိမ်းလိုက်ပြီး မြေပြင်ပေါ်သို့ လဲကျကာ အမောတကော အသက်ရှူနေမိတော့သည်။
သူသည် လူသတ်ဖူးသော်လည်း ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းမျိုးကို မြင်တွေ့ရသည်မှာ ပထမဆုံးပင် ဖြစ်၏။ ဤအခြင်းအရာက သူ့ကို အလွန်နေရခက်စေသကဲ့သို့ မုန့်ပုဖျင်၏ ရက်စက်တတ်သော တစ်ဖက်ခြမ်းကိုလည်း မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
“ငါ ဘာလုပ်သင့်သလဲ... မုန့်ပုဖျင်က ဘုရင်မ ဖြစ်နေတာက ကောင်းလား ဆိုးလား” ဟု ချင်ယွမ်ဖုန်း တစ်ယောက်တည်း ရေရွတ်နေမိသည်။
ဤအချိန်တွင် ချင်ယွမ်ဖုန်း အစောပိုင်းက စူးစမ်းခဲ့သော နေရာ၌ ကျွမ်းကျင်သူ အမျိုးသမီးမှာ သူမ၏ အကြည့်ကို အသာအယာ ပြန်လည်ရုပ်သိမ်းလိုက်သည်။
အစောပိုင်းက ထိုဘက်အရပ်မှ တစ်စုံတစ်ဦးက သူမကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် သူမ အလွန်နေရခက်သွားခြင်း ဖြစ်၏။
သို့သော်လည်း သေချာစွာ ထပ်မံစစ်ဆေးကြည့်သည့်အခါ မည်သူမျှ ရှိမနေတော့ပေ။
“ဆက်ပြီး ရှာကြ” ဟု ထိုကျွမ်းကျင်သူက အေးဆေးစွာ ပြောရင်း အခြားနေရာတစ်ခုသို့ လျှောက်လှမ်းသွားလေသည်။ ဤနေရာရှိ လူများမှာ ရှင်းလင်းခြင်း ခံလိုက်ရပြီဖြစ်ရာ နောက်ပိုင်းတွင် ကျွမ်းကျင်သူများက လာရောက်သန့်ရှင်းရေး လုပ်ကြပေလိမ့်မည်။
ချင်ယွမ်ဖုန်း အစောပိုင်းက မြင်တွေ့ခဲ့သော မိန်းကလေးငယ်မှာမူ ယခုအခါ သူမ၏ ကံကြမ္မာကို ကြောင်စီစီဖြင့် စောင့်ဆိုင်းနေရရှာသည်။
ကိုယ်ရံတော်သည် သူ၏ လက်ထဲမှ ဓားကြီးကို မြှောက်လိုက်ချေပြီ။ အေးစက်သော ဓားရောင်တစ်ချက် ဝင်းခနဲ လက်သွားပြီးနောက် မိန်းကလေးငယ်မှာ ဤနေရာ၌ပင် အသက်ပျောက်ရတော့မည့်ဆဲဆဲ ဖြစ်နေသည်။
ထိုစဉ်မှာပင် ကိုယ်ရံတော်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် မေ့လဲကျသွားတော့သည်။
မိန်းကလေးငယ်က မော့ကြည့်လိုက်ရာ အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရ၏။
အင်ပါယာနန်းတော်အတွင်း၌ အမျိုးသားများကို မြင်တွေ့ရခဲလှသည်။
သူမသည် ဤအမျိုးသားကို မြင်လိုက်ရသည့်အခါ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားလေသည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ချင်ယွမ်ဖုန်းပင် ဖြစ်ပေသည်။
သူ၏ အခန်းထဲ၌ ခဏတာ တွေးတောပြီးနောက်တွင် ထိုမိန်းကလေးငယ်ကို ပစ်မထားနိုင်သဖြင့် အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
“တော်သေးတာပေါ့... ငါ နောက်မကျသေးလို့” ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။
သူသည် အဘယ်ကြောင့် ယခုကဲ့သို့ ပြုလုပ်မိသလဲ သို့မဟုတ် အဘယ်ကြောင့် ဤမိန်းကလေးငယ်ကို အထူးတလည် ကယ်တင်မိသလဲ ဆိုသည်ကို သူကိုယ်တိုင်ပင် မသိပေ။
ဖြစ်နိုင်သည်မှာ မိန်းကလေးငယ်တစ်ဦးသည် ဤကဲ့သို့သော နိုင်ငံရေး အားပြိုင်မှုများကြားတွင် အနစ်နာခံရသူ မဖြစ်သင့်ဟု သူယုံကြည်နေခြင်းကြောင့်လည်း ဖြစ်တန်ရာ၏။
ထိုမိန်းကလေးငယ်မှာ ရှစ်နှစ်ခန့်သာ ရှိဦးမည်ဖြစ်သည်။ ဤကဲ့သို့သော မိန်းကလေးငယ် အများအပြားမှာ ငယ်စဉ်ကတည်းက နန်းတွင်းသို့ ဝင်ရောက်လာကြကာ နှစ်အနည်းငယ် ပညာသင်ကြားပြီးနောက် နန်းတွင်းအစေခံများ ဖြစ်လာကြရစမြဲဖြစ်၏။
အသက်သုံးဆယ် ပြည့်သည့်အခါမှသာ အင်ပါယာနန်းတော်မှ ထွက်ခွာခွင့် ရကြခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မိန်းကလေးငယ်ကို ပွေ့ချီလိုက်ပြီး ညမှောင်ရိပ်ကို အကာအကွယ်ယူကာ သူ၏ အခန်းသို့ ပြန်လာခဲ့လေသည်။
တံခါးဝရှိ ကိုယ်ရံတော်များသည် အခန်းထဲမှ မည်သည့်လှုပ်ရှားသံကိုမျှ မကြားကြရပေ၊ အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်းသည် အခန်းတစ်ခုလုံးကို ဝိညာဉ်အဆောင်ပုံရိပ် ခြံစည်းရိုးဖြင့် ကာရံထားကာ အသံလုံစနစ်ကို အသုံးပြုထားခြင်းကြောင့်ပင် ဖြစ်သည်။
မိန်းကလေးငယ်ကို ချင်ယွမ်ဖုန်းက ပြန်ပေးခေါ်ဆောင်လာပြီးနောက် သူမ၏ မျက်လုံးကြီးနှစ်လုံးမှာ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေကာ မျက်ရည်များ စီးကျလာသော်လည်း မျက်နှာတွင်မူ မည်သည့်အမူအရာမျှ ရှိမနေပေ။
သူမမှာ ကြောက်လန့်လွန်းသဖြင့် ရူးကြောင်ကြောင် ဖြစ်သွားသည့်အလား ရှိနေတော့သည်။
“အခု အားလုံး အဆင်ပြေသွားပါပြီ၊ ငါ ဒီမှာ ရှိနေသရွေ့ ဘယ်သူမှ မင်းကို ရန်မမူနိုင်တော့ပါဘူး” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ချော့မြှူလိုက်၏။
အတန်ကြာ ချော့မြှူလိုက်ပြီးနောက်တွင်မှ မိန်းကလေးငယ်မှာ သတိပြန်ဝင်လာကာ အသံကုန်ဟစ်၍ ငိုကြွေးတော့သည်။
သူမမှာ ဘာတွေဖြစ်ပျက်သွားသည်ကိုပင် မသိရှာပေ၊ တစ်ညတာအတွင်းမှာပင် သူမ၏ ကမ္ဘာကြီးမှာ ပြိုလဲသွားခဲ့ရချေပြီ။ သူမ၏ ကစားဖော်ကစားဖက်အားလုံး ယနေ့ညမှာပင် သေဆုံးကုန်ကြပြီ မဟုတ်လော။
အချိန်အတော်ကြာ ငိုကြွေးပြီးနောက်တွင် မိန်းကလေးငယ်မှာ အိပ်မောကျသွားတော့သည်။
ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်မိ၏။ သူသည် အခြားသူများကို ကယ်တင်ရန် အစွမ်းမရှိတော့သဖြင့် မိမိ၏ အခန်းထဲ၌သာ အောင်းနေရတော့သည်။
အပြင်ဘက်ရှိ သတ်ဖြတ်မှုများမှာကား ဆက်လက်ဖြစ်ပွားနေဆဲပင် ဖြစ်၏။ အင်ပါယာနန်းတော်အတွင်း၌ လူပေါင်း သုံးထောင်ကျော် ရှိနေသော်လည်း ယခုအခါတွင်မူ အနည်းငယ်မျှသာ ကျန်ရှိတော့ပေလိမ့်မည်။
ဤညသည် ထူးထူးခြားခြား ရှည်လျားနေသကဲ့သို့ပင် ရှိနေတော့သည်။ ချင်ယွမ်ဖုန်းသည် အပြင်ဘက်ရှိ မှောင်မိုက်မှုကြီးကို စိုက်ကြည့်ရင်း သူ၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေမိသည်။
“နှမြောစရာကောင်းလိုက်တာ... ဒါဟာ အင်ပါယာမိသားစုရဲ့ သဘာဝပဲလား” ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း သူ၏ စိတ်ပျံ့လွင့်မှုကို လွှဲဖယ်ရန် တစ်ခုခုကို လုပ်ဆောင်ချင်လာမိသည်။
မကြာမီမှာပင် ချင်ယွမ်ဖုန်းသည် သူ၏ သိုလှောင်အိတ်အတွင်းရှိ တစ္ဆေတံဆိပ်တော်ကို သတိရသွားလေတော့သည်။
အခန်း (၂၉၈) ဝိညာဉ်စွမ်းအားကို မြှင့်တင်ခြင်း
ယခင်က တစ္ဆေတံဆိပ်တော်သည် ၎င်း၏ နတ်ဘုရားတန်ခိုးတော်ကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ရာ မိစ္ဆာအိုဟန်၏ အလောင်းကောင်ဝိညာဉ်မှ ဝိညာဉ်များကို စုပ်ယူခြင်းကို တားဆီးနိုင်ခဲ့ရုံမျှမက ထိုဝိညာဉ်အားလုံးကို မိမိအတွင်းသို့သာ စုပ်ယူသိမ်းဆည်းခဲ့လေသည်။
ချင်ယွမ်ဖုန်းသည် ထိုမှော်လက်နက်ဖြစ်သော တစ္ဆေတံဆိပ်တော်အား မိမိကို သခင်အဖြစ် အသိအမှတ်ပြုစေခဲ့စဉ်ကပင် ယင်း၏ လုပ်ဆောင်ချက်မှာ ဝိညာဉ်များကို စုပ်ယူနိုင်ခြင်းဖြစ်သည်ဟု သိရှိထားပြီးသား ဖြစ်သည်။
သို့သော် ကွဲပြားချက်တစ်ခုမှာ ထိုတစ္ဆေတံဆိပ်တော်သည် စုပ်ယူထားသော ဝိညာဉ်များကို သန့်စင်သော ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲပေးနိုင်ပြီး ၎င်း၏သခင်မှ ပြန်လည်စုပ်ယူနိုင်ခြင်းပင် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ယခုအချိန်အထိ ထိုအကြောင်းအရာကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
"ဒါဆိုရင် ငါ့ရဲ့ ဝိညာဉ်စွမ်းအားက တစ္ဆေတံဆိပ်တော်ကို သုံးပြီး ဝိညာဉ်တွေကို စုပ်ယူခိုင်းရုံနဲ့ တဖြည်းဖြည်း ကြီးထွားလာနိုင်တာပေါ့" ဟု ချင်ယွမ်ဖုန်းက ဝမ်းသာအားရ တွေးတောမိသည်။
ဝိညာဉ်စွမ်းအား ကြီးထွားလာရန်အတွက် နှစ်ပေါင်းများစွာ စုဆောင်းရန်နှင့် ကျင့်စဉ်နယ်ပယ် တိုးတက်လာရန် လိုအပ်လှရာ အလွန်ပင် ခက်ခဲလှသော အလုပ်တစ်ခု ဖြစ်သည်။ အချို့သော မိစ္ဆာကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်စွမ်းအားကို တိုးတက်စေရန်အတွက် လူသတ်မှုများ ကျူးလွန်ကာ ယုတ်မာသော နည်းလမ်းများဖြင့် ဝိညာဉ်များကို ထုတ်ယူကြရသည်အထိပင်။
သို့သော် ယခုမူ မှော်လက်နက် တစ္ဆေတံဆိပ်တော် ရှိနေသဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် မိမိ၏ ဝိညာဉ်စွမ်းအားကို အစဉ်တစိုက် မြှင့်တင်နိုင်တော့မည် ဖြစ်သည်။ ဤသည်မှာ တကယ်တမ်းဆိုလျှင် ဖြတ်လမ်းနည်း သုံးနေသကဲ့သို့ပင် ဖြစ်တော့သည်။
ချင်ယွမ်ဖုန်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် တစ္ဆေတံဆိပ်တော်ကို လက်ထဲတွင် ကိုင်ကာ ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်လိုက်သည်။
ချင်ယွမ်ဖုန်းက ကိုယ်တွင်းစွမ်းအား အချို့ကို တစ္ဆေတံဆိပ်တော်အတွင်းသို့ ပို့လွှတ်လိုက်ရာ တစ္ဆေတံဆိပ်တော်ပေါ်ရှိ ဦးခေါင်းခွံရုပ်မှာ ပါးစပ်ကို ဖြည်းညင်းစွာ ဟလာခဲ့သည်။
သန့်စင်သော ဝိညာဉ်စွမ်းအား အလင်းတန်းတစ်ခုမှာ ဦးခေါင်းခွံ၏ ပါးစပ်မှ စီးထွက်လာပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သို့ ရောက်ရှိလာကာ သူ့တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း လွှမ်းခြုံသွားလေသည်။
ထိုဝိညာဉ်စွမ်းအားမှာ မြူတိမ်တိုက်တစ်ခုကဲ့သို့ ထင်ရသော်လည်း ချင်ယွမ်ဖုန်းက လျင်မြန်စွာပင် စုပ်ယူလိုက်သည်။
ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ မိမိ၏ ဝိညာဉ်စွမ်းအားများမှာ အမှန်တကယ်ပင် ပိုမိုအားကောင်းလာသည်ဟု ခံစားလိုက်ရသည်။
သို့သော်လည်း ယင်ဝိညာဉ်ဂိုဏ်းမှ တပည့်ပေါင်း နှစ်ရာကျော်၏ ဝိညာဉ်များကို စုပ်ယူခဲ့ခြင်းမှာ ဝိညာဉ်စွမ်းအား အနည်းငယ်မျှသာ ထွက်ရှိလာခဲ့လေသည်။
ထိုမိစ္ဆာကျင့်ကြံသူများသည် အဘယ်ကြောင့် သက်ရှိပေါင်းများစွာကို သတ်ဖြတ်နေရသနည်းဆိုသည်မှာ မထူးဆန်းတော့ပေ။
နည်းပါးလှသော ပမာဏမှာ မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိမည်မဟုတ်ပေ။
မကြာမီ အရုဏ်ဦးအချိန်သို့ နီးကပ်လာပြီး အော်ဟစ်သံများမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့ရာ အပြင်ဘက်တွင် အခြေအနေများ ငြိမ်သက်သွားပြီး အကြီးအကျယ် ရှင်းလင်းမှုမှာလည်း ပြီးဆုံးသွားပြီဟု ယူဆရသည်။
ချင်ယွမ်ဖုန်းသည် အိပ်ပျော်နေသော မိန်းကလေးငယ်ကို ကြည့်လိုက်ပြီးနောက် သူမကို ဝိညာဉ်အဆောင်ပိတ်လှောင်ကွင်းအတွင်းသို့ ထည့်ကာ အသံလုံစနစ်ကို ဖွင့်ပေးလိုက်ပြီး အခန်းထောင့်တွင် ထားလိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက် အခန်းထဲသို့ ဝင်လာပြီး တွေ့မြင်သွားလျှင်ပင် ချင်ယွမ်ဖုန်း၏ ဝိညာဉ်အဆောင်ပိတ်လှောင်ကွင်းကို မည်သူမျှ ဖွင့်နိုင်မည် မဟုတ်ပေ။
ချင်ယွမ်ဖုန်းသည် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ အပေါက်ဝရှိ အစောင့်များမှာ သခင်လေးချင်အား လျင်မြန်စွာ အလေးပြုကြသည်။
"သခင်လေးချင် အပြင်မှာ အန္တရာယ်ရှိပါတယ်၊ အခန်းထဲမှာပဲ နေပါဦး" ဟု အမျိုးသမီး အစောင့်တစ်ဦးက ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ကာ "ငါ နည်းနည်း လမ်းလျှောက်ချင်လို့ပါ၊ မင်းတို့ စိတ်ပူရင် ငါ့နောက်က လိုက်ခဲ့ကြပေါ့" ဟု ဆိုသည်။
အစောင့်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့သည် ချင်ယွမ်ဖုန်းကို တားဆီး၍ မရသဖြင့် သခင်လေးချင်၏ နောက်မှသာ လိုက်ပါသွားကြရတော့သည်။
ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ ရွေ့လျားသွားသော်လည်း နေရာတစ်ခုစီတွင် ခေတ္တရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးမှ ဆက်လက် လျှောက်လှမ်းသည်။
အကြီးအကျယ် ရှင်းလင်းမှုမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း မြေပြင်နှင့် နံရံများပေါ်တွင် သွေးများမှာ နေရာအနှံ့ ရှိနေဆဲ ဖြစ်သည်။
အလုပ်အကျွေးပြုသူ မိန်းကလေးများစွာမှာ ဒူးထောက်ကာ သွေးကွက်များကို ရေဖြင့် ဆေးကြောနေကြရသည်။
သူတို့သည် နေမထွက်မီ သွေးကွက်အားလုံးကို ဆေးကြောပစ်ရမည် ဖြစ်သည်။ နန်းတော်သည် နန်းတော်သာ ဖြစ်ရမည်ဖြစ်ပြီး သွေးစွန်းသော ငရဲခန်းတစ်ခု မဖြစ်စေရပေ။
အစောင့်များသည် ချင်ယွမ်ဖုန်း ဘာလုပ်ရန် ရည်ရွယ်နေသနည်းဆိုသည်ကို အလွန်သိချင်နေကြသော်လည်း မမေးရဲကြဘဲ သခင်လေးချင်၏ နောက်ကွယ်မှသာ ငြိမ်သက်စွာ လိုက်ပါနေကြသည်။
ကောင်းကင် လုံးဝလင်းသွားသည့် အခါတွင်မူ ချင်ယွမ်ဖုန်းသည် နန်းတော်တစ်ခုလုံးကို ပတ်ပြီးသွားပြီ ဖြစ်သည်။ သူ့နောက်မှ လိုက်လာသော အစောင့်များမှာလည်း ယခုအခါ အတော်ပင် မောပန်းနေကြပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းမှာ အလွန်မြန်မြန် လျှောက်လှမ်းနေခဲ့ပြီး အရှိန်အပြည့်ဖြင့် ပြေးနေသကဲ့သို့ပင် ဖြစ်နေရာ သူတို့မှာ မမှီမကမ်း လိုက်နေရသဖြင့် အလွန်ပင် နွမ်းနယ်နေကြခြင်း ဖြစ်သည်။
အမှန်စင်စစ် ချင်ယွမ်ဖုန်းမှာ နန်းတော်အတွင်း သေဆုံးသွားသူများ၏ ဝိညာဉ်များကို လိုက်လံစုပ်ယူနေခြင်းသာ ဖြစ်သည်။ အကယ်၍ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေပါက ထိုဝိညာဉ်များမှာ လွင့်ပြယ်သွားမည်ကို သူ စိုးရိမ်နေခဲ့သည်။
သေဆုံးသွားသူတို့သည် သေဆုံးသွားကြပြီ ဖြစ်သဖြင့် ဤလောကတွင် ရှိနေတော့မည် မဟုတ်သလို ဤနေရာတွင် ဝိညာဉ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းလည်း မရှိပေ။
အကယ်၍ ချင်ယွမ်ဖုန်းက ထိုဝိညာဉ်များကို မစုပ်ယူခဲ့ပါက ထိုဝိညာဉ်များမှာ ကောင်းကင်နှင့် မြေကမ္ဘာကြားတွင် လွင့်ပြယ်ပျောက်ကွယ်သွားကြမည်သာ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် အခန်းသို့ ပြန်ရောက်လာသည်။ ယခုအကြိမ် စုပ်ယူရရှိသော ဝိညာဉ်စွမ်းအားမှာ ယင်ဝိညာဉ်ဂိုဏ်းထံမှ ရရှိခဲ့သည်ထက် ဆယ်ဆခန့် ပိုမိုများပြားပြီး ၎င်းအတွင်းရှိ ဝိညာဉ်စွမ်းအားမှာလည်း ယခင်ကထက် ဆယ်ဆခန့် ပိုမိုအားကောင်းလှသည်။
သူသည် ကုတင်ပေါ်တွင် တိုက်ရိုက်ထိုင်ကာ ထိုဝိညာဉ်စွမ်းအားအားလုံးကို စုပ်ယူလိုက်သည်။
ဤအချိန်တွင် ချင်ယွမ်ဖုန်းမှာ သတ္တမအဆင့် မဟာဆရာနယ်ပယ်တွင်သာ ရှိသေးသည်။
သူ၏ ဝိညာဉ်စွမ်းအားမှာ သာမန်လူများထက် အားကောင်းနေလျှင်ပင် ၎င်းမှာ သတ္တမအဆင့် မဟာဆရာနယ်ပယ်၏ ဝိညာဉ်စွမ်းအားသာ ဖြစ်သည်။
သို့သော် ယခု ဝိညာဉ်စွမ်းအားကို စုပ်ယူပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် မိမိ၏ ဝိညာဉ်စွမ်းအားများမှာ သိသိသာသာ တိုးတက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
၎င်းမှာ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကဲ့သို့ပင် သူ၏ လက်ရှိ ကျင့်စဉ်နယ်ပယ်ထက် သိသိသာသာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်း ပြုံးလိုက်မိသည်။
သူ၏ ကျင့်စဉ်နယ်ပယ်မှာ မဟာဆရာ သတ္တမအဆင့်တွင်သာ ရှိနေဆဲ ဖြစ်သော်လည်း သူ၏ ဝိညာဉ်စွမ်းအားမှာမူ နောက်ဆုံးတွင် ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် တန်းတူဖြစ်အောင် လိုက်မီသွားခဲ့ပြီ ဖြစ်သည်။
ဤအမှုကို ဆောင်ရွက်ပြီးနောက် ကောင်းကင်မှာ လုံးဝ လင်းပွင့်သွားခဲ့ပြီ ဖြစ်သည်။ အလုပ်အကျွေးပြုသူ မိန်းကလေးများမှာ ထုံးစံအတိုင်း ချင်းယွမ်ဖုန်းအတွက် နံနက်စာ ယူဆောင်လာပေးကြရာ သူတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို ချင်ယွမ်ဖုန်းက ချီးကျူးမိသည်။
သတ်ဖြတ်မှုကြီး တစ်ခုကို ကြုံတွေ့ခဲ့ရသော်လည်း သူတို့သည် ပုံမှန်အတိုင်းပင် အလုပ်လုပ်နေကြဆဲ ဖြစ်သည်။
မိန်းကလေးငယ် ပြန်ထွက်သွားပြီးနောက် ချင်းယွမ်ဖုန်းက ဝိညာဉ်အဆောင်ပိတ်လှောင်ကွင်းကို ဖွင့်ကာ မိန်းကလေးငယ်ကို နှိုးလိုက်သည်။
"မနေ့ညက..."
"အိပ်မက် မဟုတ်ဘူး၊ အားလုံးက တကယ်ဖြစ်ခဲ့တာ" ဟု ချင်းယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းကို နန်းတော်အပြင် ရောက်အောင် ပို့ပေးမယ့် နည်းလမ်း ငါ ရှာပေးမယ်၊ ဒါပေမဲ့ မင်းက လိမ္မာရမယ်နော်"
မိန်းကလေးငယ်က ချင်းယွမ်ဖုန်းကို ကြည့်ကာ ခေါင်းညိတ်ပြသည်။
သူတို့နှစ်ဦးသည် စားပွဲတွင် ထိုင်ကာ စားသောက်ကြသည်။
တစ်ယောက်စာသာ ဖြစ်သော်လည်း သူတို့နှစ်ဦးလုံးအတွက် လုံလောက်မှု ရှိလေသည်။
မကြာမီ စားသောက်ပြီးသောအခါ အလုပ်အကျွေးပြုသူ မိန်းကလေး တဖန်ပြန်ရောက်လာပြီး ချင်ယွမ်ဖုန်း၏ တံခါးကို ခေါက်သည်။
"သခင်လေးချင်၊ ဘုရင်မက သခင်လေးကို ညီလာခံ တက်ရောက်စေချင်ပါတယ်" ဟု ထိုမိန်းကလေးက ခေါ်လိုက်သည်။
ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်သွားသည်။ သူသည် ကျန့်ဂီအင်ပါယာ၏ လူတစ်ဦး မဟုတ်ပါဘဲ အဘယ်ကြောင့် ညီလာခံ တက်ရောက်ရမည်နည်း။
သို့သော်လည်း ချင်းယွမ်ဖုန်းက မငြင်းပယ်ခဲ့ပေ။
မုန့်ပုဖျင် အနေဖြင့် နောက်ထပ် ဘာများ ဆက်လုပ်မည်ကိုလည်း သူ သိချင်နေမိသည်။
"မင်း နာမည် ဘယ်သူလဲ" ဟု ချင်းယွမ်ဖုန်းက မိန်းကလေးငယ်ကို မေးလိုက်သည်။
"သမီးနာမည် ရှောင်မီပါ" ဟု မိန်းကလေးငယ်က ကြောက်ရွံ့စွာ ပြောသည်။
ချင်းယွမ်ဖုန်းက ပြုံးလိုက်ကာ "ကောင်းပြီ ရှောင်မီ၊ ဒါဆိုရင် မင်း ဒီအခန်းထဲမှာပဲ လိမ္မာလိမ္မာ နေခဲ့နော်၊ ဘယ်သူမှ မတွေ့အောင်လည်း နေဦး၊ ငါ အလုပ်သွားလုပ်လိုက်ဦးမယ်" ဟု ဆိုသည်။
ရှောင်မီက လိမ္မာစွာ ခေါင်းညိတ်ပြရင်း ချင်းယွမ်ဖုန်း အခန်းထဲမှ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။
ချင်ယွမ်ဖုန်းမှာ ညီလာခံသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ အခြား ကိစ္စရပ်များ မရှိလျှင် လစဉ်ကျင်းပမြဲဖြစ်သော ညီလာခံကို တက်ရောက်ကြရစမြဲ ဖြစ်သည်။
သို့သော် ယနေ့ ညီလာခံသို့ ရောက်ရှိလာကြသော ဝန်ကြီးအားလုံးမှာ နန်းတော်အတွင်း၌ သွေးညှီနံ့ သင်းသင်းကို ခံစားနေကြရသည်။ သွေးများကို ဆေးကြောသုတ်သင်ပြီး နံ့သာများဖြင့် ဖုံးကွယ်ထားသော်လည်း သူတို့မှာ ရနေဆဲပင် ဖြစ်သည်။
ဆရာကြီး ကျင်းကျီမှာ မည်သည့် ခံစားချက်မျှ မပြဘဲ ထိုနေရာတွင် ရပ်နေသည်။ အရာရှိကြီးများ၏ အကြီးအကဲ ဖြစ်သည့်အတွက် အရာရှိများစွာမှာ သူမအား လာရောက် ဖားယားနေကြသည်။
စစ်ဘက်ဆိုင်ရာ အရာရှိများမှာမူ အခြားတစ်ဖက်တွင် ရပ်နေကြသည်။ သူတို့အားလုံးမှာ အတော်ပင် အသက်ကြီးနေကြပြီ ဖြစ်သော်လည်း တစ်ဦးချင်းစီမှာ ဇွဲလုံ့လနှင့် ပြည့်စုံနေကြသည်။
သူတို့မှာ ပျင်းရိနေပုံ ရသော်လည်း အလေးအနက် ထားလာသည့် အခါတွင်မူ သူတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ထွက်ပေါ်လာတော့မည် ဖြစ်သည်။
စစ်ဘက်အရာရှိ အတော်များများမှာ မနေ့ညက ဘာဖြစ်ခဲ့သည်ကို သိရှိထားပြီး ဖြစ်သည်။ နန်းတော်တွင်း ဖြစ်ရပ် ဖြစ်ပွားပြီးနောက် စစ်ဘက်အရာရှိ အချို့ကပင် တပ်ဖွဲ့များကို ဦးဆောင်ကာ နန်းတော်ကို ဝန်းရံထားပြီး မည်သူမျှ ထွက်ပြေး၍ မရအောင် တားဆီးခဲ့ကြခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မုန့်ပုဖျင်၏ နောက်ကွယ်သို့ ဖြည်းညင်းစွာ လိုက်ပါလာပြီး စကားတစ်လုံးမျှ မပြောပေ။
မကြာမီ ညီလာခံ စတင်ခဲ့သည်။ ယခုအကြိမ်တွင် မုန့်ပုဖျင်သည် ဝန်ကြီးများအား အစီရင်ခံစာ တင်ပြခိုင်းခြင်း မပြုဘဲ မနေ့ညက ဖြစ်ရပ်များကို သူမကိုယ်တိုင်ပင် စတင်ပြောကြားလိုက်လေတော့သည်။